အင်္ဂလန်သွား တောလား - ၅

၂၀၁၈ အောက်တိုဘာ ၄ ကြသပတေးနေ့မန်ချက်စတာရထားက မနက် ၁၀ နာရီမှဆိုတော့ အေးဆေးပေါ့။ ဟိုစတယ်က အကြီးကြီး ရေချိုးခန်း၊ အိမ်သာက အလယ်မှာ။ မနက်စာအဖြစ် ထမင်း၊ ငံပြာရည်ကြော်၊ ငါးကျီးကြော်စား။ အောက်ထပ်က ထမင်းစားခန်းမှာ ရေနွေး၂ခွက်တောင်းပြီး တခွက်ကို ကိုယ်ယူလာတဲ့ အဖေကြိုက်တဲ့ Old Town Milk Tea လက်ဖက်ရည်ဖျော်၊ တခွက်က ရေနွေးကြမ်း။ လန်ဒန်ရာသီဥတုက အေးစိမ့်နေပြီး နေရောင်ခြည်နွေးနွေးနဲ့ သာသာယာယာပဲ။ မနက် ၉  နာရီ ဟိုစတယ်ကထွက် ၁၀ မိနစ်လောက် လမ်းလျှောက် King Cross ဘူတာမှာ ရထားလက်မှတ်ထုတ်။ ကိုယ်ဝယ်ထားတဲ့ ခရက်ဒစ်ကဒ်နဲ့ ထုတ်ရတယ်။ King Cross ကနေ Euston ထိ underground မြေအောက်ရထားလက်မှတ်၊ Euston ကနေ Manchester Piccadily အထိ National Rail နယ်ဝေးရထား လက်မှတ်တွေရတယ်။ လန်ဒန်ကနေ မန်ချက်စတာကို ရထားနဲ့ ၂ နာရီဝေးတယ်။ ဘောလုံးပွဲရှိတဲ့နေ့ဆို အိုးထရန့်ဖို့ကွင်းနားအထိ ရထားရောက်တယ်။ မန်ချက်စတာ ဘောလုံးကွင်းပြတိုက် လက်မှတ်က တယောက် ၂၅ ပေါင် register လုပ်ပြီးမှဝယ်ရင် ၂ ကျပ်ခွဲသက်သာတယ်။ အဖေက မန်ယူဘောလုံးပွဲကြည့်ချင်တာ လက်မှတ်က ရောင်းကုန်နေတဲ့အပြင် ဈေးအင်မတန်ကြီးတယ်။ ဘောလုံးပွဲမကြည့်ရလဲနေပါစေ ဘောလုံးကွင်းထဲ ဝင်ရရင်ကို ကျေနပ်ပါပြီတဲ့။ Euston ရောက်တော့ လူအုပ်ကြီးက မနည်းမနော။ စောနေသေးလို့ ဘုတ်မှာဂိတ်နံပါတ် မပေါ်သေးဘူး။ ဂိတ်နံပါတ်ပေါ်လာတော့ ဂိတ်ဆီပြေး ဒီတခါတော့ ထိုင်ချင်တဲ့ထိုင်ခုံ ထိုင်လို့မရဘူး။ လက်မှတ်မှာပါတဲ့ တွဲနံပါတ်၊ ထိုင်ခုံနံပါတ်အတိုင်း ထိုင်ရတယ်။ လန်ဒန်အထွက်မှာ အီးမရိတ်ကွင်းကြီးတွေ့တော့ အဖေက အာစင်နယ်ကွင်းတဲ့ သွားလည်ချင်တဲ့ပုံပဲ။ အောက်တိုဘာ ၇ ရက် တနင်္ဂနွေနေ့ ပြန်မဲ့နေ့လေယာဉ်က နေ့လည်မှဆိုတော့ မနက်ပိုင်းလာလည်လို့ရတယ်အဖေ။လမ်းတလျှောက် အင်မတန်သာယာပါတယ် သစ်ပင်တွေက အဝါရောင်၊ အနီရောင်ပြောင်းလို့ ၊ ကျောက်တုံးနဲ့ဆောက်ထားတဲ့ လယ်တောအိမ်လေးတွေ၊ အေးအေးလူလူ အစားစားနေကြတဲ့ သိုးတွေ၊ မျက်စိတဆုံး ကျယ်ပြောလှတဲ့ စိုက်ခင်းတွေ။

မန်ချက်စတာရောက်တော့ အိုးထရန်ဖို့ကွင်းနားအထိရောက်တဲ့ ထရမ်ရထား ထပ်စီးရတယ်။ စက်ကနေ အသွားအပြန်လက်မှတ်ဝယ်တဲ့အခါ လက်မှတ်၂ခု ကျမလာလို့ မကြီးက အပေါ်ထပ်က booth မှာ သွားပြောတာ သူတို့လည်း ဘာမှမတတ်နိုင်ဘူး ဆောရီးပါတဲ့။ ဘာမှလုပ်လို့မရတော့ လက်မှတ်ထပ်ဝယ်ရတယ် သြော် ... ဒီလိုလည်း ဖြစ်တတ်ပေသကိုး။ မန်ချက်စတာပီကာဒီလီကနေ အိုးထရန်ဖို့ဆီကို ၁၅ မိနစ်လောက် စီးရတယ်။ ဘူတာနားကဆိုင်တဆိုင်မှာ အိုးထရန်ဖို့ကွင်း ဘယ်နားမှာလဲလို့မေးကြည့်တယ်။ အိုးထရန်ဖို့ကွင်းဆီကို ၁၅ မိနစ်လောက် လျှောက်ရတယ်။ ဘောလုံးပွဲရှိတဲ့နေ့မှာပဲ ဘတ်စ်ကားရှိတယ်။ မန်ချက်စတာမြို့လေးက ခပ်သေးသေး။ အေးလာလို့ အဖေနဲ့အမေ အအေးမိမှာစိုးလို့ ဒေါင်းဂျက်ကက်ကုတ်အင်္ကီျဇစ်ကို လည်ပင်းနားအထိ ဆွဲတင်ပါလို့ပြောတာနဲ့ ချက်ချင်းမသွေမတိမ်း လိုက်လုပ်ကြတယ်။ ကိုယ်က ဂူဂယ်မတ်ကြည့်ပြီး နေရာရှာဖွေတဲ့သူ။ အိုးထရန်ဖို့ကွင်းနားမှာ စားသောက်ဆိုင်လေးတွေ အများကြီးပဲ ဒါပေမဲ့ အေးရှန်းအစားအစာ မရှိဘူး။ ရာသီဥတုက မိုးအုံ့ပြီး အုံ့မှိုင်းနေတယ်။ Museum Tour က နေ့လည် ၂ နာရီမှဆိုတော့ စောနေသေးလို့ ကွင်းရှေ့မှာ ဓာတ်ပုံရိုက်။ နောက်နေ့ကျင်းပမဲ့ မန်ချက်စတာ၊ နယူးကာဆယ်ပွဲအတွက် မာဖလာတွေ ကွင်းရှေ့မှာရောင်းနေတယ်။ မန်ယူမာဖလာ ၁၀ ပေါင် လိုချင်ရင်ယူ အဖေ အထဲကဆိုင်မှာဆို ဈေးပိုကြီးတယ်။ ဈေးရောင်းသူက သူ့ဟာက အစစ်ပါဆိုပြီး အော်ရယ်ဂျင်နယ် အမှတ်အသားကိုပြတယ်။ အဖေက မာဖလာဝယ်ပြီး ချက်ခြင်းပတ်တယ်။ ချက်ကင်ဝင်တော့ လတ်မှတ်ဆွဲကြိ ုး၊ မန်ဘာဝင်ထားတဲ့အတွက် ပြတိုက်ကို တနှစ်တာအတွင်း အခမဲ့ဝင်လည်ခွင့်ကဒ်တွေ ပေးတယ်။ တိုးမစခင် ပြတိုက်ထဲဝင်ပြီး လေ့လာကြတယ်။ အဖေက ဓာတ်ပုံရိုက်လို့ မဆုံးတော့ဘူး။ မန်ယူရထားတဲ့ ဖလားတွေက အများကြီး။ ဓာတ်ပုံရိုက်တဲ့အခါ ဦးထုပ်၊ မာဖလာလေးတွေ ကင်မရာမှာ ပေါ်လာတယ်။ အဖေ့မှာ မပေါ်လို့ရှေ့ကိုနည်းနည်းတိုးခိုင်းတော့မှ ပေါ်လာတယ်။ ထရိုဖီတွေနဲ့ ဓာတ်ပုံရိုက်တော့ ဆယ်ပေါင်ပေးရတယ်။ တိုးဂိုက်က ဘောလုံးသမားတွေ အင်္ကီျလဲခန်း၊ တခြားအသင်းက ဘောလုံးသမားတွေအတွက် အခန်း၊ ရေချိုးခန်းတွေအကြောင်း ရှင်းပြတယ်။

မန်ယူကို သွားလည်ရလို့ ပျော်နေတဲ့ အဖေ
အအေးမိမှာစိုးလို့ ဒေါင်းကုတ်အင်္က ျီဇစ်ကို လည်ပင်းအထိ ဆွဲတင်ပါလို့ပြောတာကို မသွေမတိမ်း လိုက်လုပ်ကြတယ်


မန်နေဂျာ သတင်းစာရှင်းခန်း၊ ဒီနေရာကို နာမည်ကြီးဘယ်သူဘယ်ဝါ လာဖူးတယ်။ ကွင်းထဲမဝင်ခင် နှစ်သင်းတန်းစီ တိုးဂိုက်က ကိုယ်တို့ကို သွေးပူလေ့ကျင့်ခန်း လက်လှုပ်ခြေလှုပ် လုပ်ခိုင်းတယ်။ ရယ်ဒီဖြစ်တဲ့အခါ သီချင်းဖွင့်ပြီး ကွင်းထဲဝင်ခိုင်းတယ် ဘောလုံးနှစ်သင်း ကွင်းထဲဝင်လာတဲ့ စတိုင်အတိုင်းပဲ။ ဒီထိုင်ခုံကတော့ မန်ယူတည်ထောင်သူ ဘော့အတွက် ဂုဏ်ပြုထားတာ ခုံမှာနာမည်ရေးထားပြီး အဲ့ဒီထိုင်ခုံမှာ ဘယ်သူမှမထိုင်ပါဘူးတဲ့။ တနေရာကနေ တနေရာကိုပြောင်းတိုင်း ဝန်ထမ်းတယောက်က လူရေတွက်တယ်။ ကျန်နေခဲ့ရင် ဘယ်ကနေ ဘယ်လိုထွက်ရမှန်းမသိ လမ်းပျောက်မျက်စိလည်နေတော့မှာ။ ၄၅ မိနစ်အကြာမှာ တိုးပြီးဆုံးပြီး အမှတ်တရပစ္စည်း အရောင်းဆိုင်မှာ အဆုံးသတ်ပါတယ်။ ဈေးကြီးလို့ ဈေးအသက်အသာဆုံးဖြစ်တဲ့ ဦးထုပ် ၂ လုံး (မောင်မောင့်အတွက်နဲ့ ကိုယ့်အတွက်)၊ ကျောပိုးအိတ်တအိတ် ဝယ်လိုက်တယ်။  ဦးထုပ်အကြီးကြီးတွေ မဖြစ်မနေဆောင်းရတဲ့ကိုယ့်အတွက် လျှာထိုးဦးထုပ်ကို ဆောင်းဖြစ်မှာမဟုတ်လို့ မဝယ်ဖို့မကြီးက ပြောသေးတယ်။ ချယ်ဆီးရောက်တုန်းက မဝယ်ဘဲနေနိုင်ပေမဲ့ မန်ယူရောက်တော့ မဝယ်ဘဲမနေနိုင်ဘူး souvenir အနေနဲ့ပေါ့။ မော်ရင်ဟို လက်မှတ်ထိုးထားတဲ့ certificate တယောက်တစောင်စီရတယ်။ ကွင်းရှေ့မှာထိုင်ပြီး ပါလာတဲ့မုန့်တွေ စားကြတယ် အဖေ ရေဆာလို့ မကြီးက ရေဗူးသွားဝယ်တယ်။ ပြီးတော့ လာလမ်းအတိုင်း လမ်းလျှောက်ပြန်ကြတယ်။ အဖေ သမီးလေးယောက် မွေးဖို့ကောင်းတယ် အာရှမှာတယောက်၊ ဥရောပမှာတယောက်၊ မြောက်အမေရိကမှာတယောက်၊ တောင်အမေရိကမှာတယောက်။ သမီးတွေဆီ သွားလည်ရင်း ကမ္ဘာလည်း ပတ်ပြီးရော။ ကိုယ်တို့အိမ်မှာ သားယောကျာ်းလေးက မထက်မြက်လို့ သားတွေဆီ သွားလည်မယ်လို့ မပြောဘူး။ အမေက နင့်အဖေက အဲ့ဒီလိုကြံစည်ထားတာ သားသမီးတွေ အများကြီးလိုချင်တယ် သားသမီးတွေဆီ လိုက်လည်မယ်။ ကိုယ့်ကိုလည်း မာစတာအရမ်းတက်စေချင်တာ မာစတာတက်ပြီး ဆရာမလုပ် နယ်တွေတာဝန်ကျရင် အမေကလိုက်နေ သူကအလည်လာ။ သမီးဖြစ်သူ ကိုယ်ကလည်း ဆရာမလုပ်ခိုင်းရင် မာစတာမတက်ဘူး ဒီတော့ ဆရာမ မလုပ်ခိုင်းပါဘူး မာစတာတက်ပါတဲ့။

ဘူတာကိုရောက်တော့ ညငါးနာရီ ရထားက ည၇နာရီမှ။ ခုထွက်တဲ့ရထားကို စီးချင်ရင် ပိုက်ဆံထပ်ပေးရမယ်တဲ့ ဒီတော့ ည ၇ နာရီရထားကိုပဲ စောင့်တော့မယ်။ ခဏကြာတော့ မကြီးက ပစ္စည်းတွေနဲ့ ရောက်လာတယ်။ မက်မွန်သီးတွေ တန်လိုက်တာ ၅ လုံးကိုမှတပေါင်၊ ခရမ်းချည်သီးဆော့စ်ကလည်း တန်လိုက်တာ။ အမေနဲ့မကြီးက အဲ့ဒီလိုဈေးဝယ်တာ အရမ်းတော်တယ် ဈေးတန်ပြီး ပစ္စည်းကောင်းတာတွေ ရှာဝယ်တတ်တယ်။ ည၁၀နာရီမှ King Cross ကို ပြန်ရောက်မှာဆိုတော့ ညစာအတွက် နောက်ကျနေမယ်။ အေးရှန်းစာ ရှာခိုင်းလိုက်တော့ ဂျပန်ဆိုင်လေးတွေ့တယ်။ ပန်းကန်သေးသေးလေးနဲ့ အစားအသောက် နည်းပေမဲ့ အရသာကောင်းတယ်။ ကိုယ်ကဆူရှီဂျင်းကြိ ုက်တော့ အလကားရတဲ့ဂျင်းကို နှစ်ခေါက်ထပ်မှာတယ်။ ဟိုစတယ်ကို ည၁၀နာရီခွဲမှာရောက်တယ် ရောက်တာနဲ့တန်းအိပ်တော့တာပဲ။ နောက်နေ့ ဝင်ဆာနန်းတော်၊ စတုန်းဟန့်ချ် သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၃၊ ၂၀၁၉ ။

၁၀ပေါင်တန် ထရိုဖီဓာတ်ပုံ 
Photo Booth မှာ ပေါ်နေတာ
မန်ယူမာဖလာ ဝယ်ပြီး ချက်ခြင်းပတ် 
အမေက သမီးတွေ ဘာလုပ်လုပ် ပါချင်တယ်... သမီးတွေနောက် လိုက်ချင်တယ်...သမီးတွေနဲ့ နေချင်တာတဲ့...
သမီးတွေ ပြောစကား မသွေမတိမ်း လိုက်နာတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အမေ 
ချယ်ဆီးရောက်တုန်းက မဝယ်ဘဲနေနိုင်ပေမဲ့ မန်ယူရောက်တော့ မဝယ်ဘဲမနေနိုင်ဘူး...
ကိုယ်က ဦးထုပ်အကြီးကြီးတွေ ဆောင်းရသူဆိုတော့ လျှာထိုးဦးထုပ်ကို ဆောင်းဖြစ်မှာမဟုတ်ဘူး...
ဒါပေမဲ့ souvenir အဖြစ် ဝယ်ခဲ့တယ် 

No comments: