မနက် ၉ နာရီ ဟော်စတယ်ကနေ ထွက်မယ်မှန်းထားတာ ၉ နာရီခွဲမှ ထွက်ဖြစ်တယ်။ အရေးထဲ ရထားက နှေးနေသေးတယ်။ တနေရာရောက်တော့ ရထားက ခပ်ကြာကြာလေးရပ်တယ်။ လက်ကေ့အိတ်ဆွဲ ပလက်ဖောင်းပေါ်တက် လေဆိပ်သွားမဲ့ရထားကိုရှာတော့ အပေါ်ထပ်ကို လှေကားနဲ့တက်ရမလား ကြည့်နေတုန်း လေဆိပ်သွားမဲ့ရထား ဆိုက်လာပါရော။ အဲ့ဒီဘူတာမှာ အတော်ကြာကြာရပ် တာမင်နယ်တခုနဲ့တခုကြားမှာ စင်ကနယ်စောင့်ရလို့ ခပ်ကြာကြာလေးရပ်တော့ ချက်ကင်ဝင်ဖို့ မှီပါ့မလားလို့ စိတ်ပူနေပြီ။ မကြီးက တက္ကစီစီးရင် ကောင်းမလားတဲ့ တက္ကစီနဲ့ဆို ပိုကြာလိမ့်မယ်။ ရောက်တာနဲ့ အပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်၊ ပြီးတော့ စက်လှေကားနဲ့တက်။ ကိုယ်နဲ့မကြီးက အပြေးအလွှား ထိုင်းအဲဝေးကောင်တာကိုရှာ အဖေနဲ့အမေက ကိုယ်တို့နောက်ကိုပြေးလိုက်။ self check in ဝင်တော့ ချက်ကင်ဝင်လို့ မရဘူး အဖေနဲ့အမေကို လိုင်းမှာတန်းစီခိုင်း ထပ်ပြီး self check in ဝင်ကြည့်တော့လည်း မရပြန်ဘူး။ ဘာလို့ self check in မရတာလဲလို့ ဝန်ထမ်းကိုမေးနေတုန်း ထိုင်းအဲဝေးမှာ ချက်ကင်ဝင်မဲ့လူရှိသေးလားလို့ အော်မေးတော့ ဒီမှာ ဒီမှာ။ လိုင်းကနေထွက်ပြီး သူခေါ်တဲ့နောက်လိုက် ၁၁ ခွဲပြီမို့လို့ ကောင်တာပိတ်တော့မယ်တဲ့။ ဘုရား ... ဘုရား ကံသီပေလို့။ အဲ့ဒီတုန်းက အပြေးအလွှားဆိုတော့ မကြောက်မိဘူး ခရီးကပြန်ရောက်ပြီး ပြောကြတော့မှ ကြောက်မိတာမျိုး။ အဖေက လန်ဒန်မှာ လမ်းလျှောက်ရတာများလို့ ဒူးနာနေတယ် ဒီတော့ ဝှီးချဲဆားဗစ်ယူတယ်။ အမေတို့က အဖေ့ဘေးနားမှာ ရပ်စောင့်နေလို့ ဝှီးချဲသမားက အမေတို့ကို ခင်ဗျားတို့ security check ဝင်ရမှာ ကြာမှာ သွားနှင့်လို့နှင်တယ်။ အဖေ ဝှီးချဲပေါ်မှာ ပါသွားပြီး သမီးရေ ဘိုင့်ဘိုင်လို့ နှုတ်ဆက်တော့မှပဲ ကိုယ်လည်း လက်ကေ့အိတ်ဘယ်မှာ ချိန်ရမလဲလို့ ရှာရတယ်။ ဝန်ထမ်းကို မေးကြည့်တော့ repack ဆိုတဲ့ နေရာမှာ ချိန်လို့ရတယ်။ မနေ့က လက်ကေ့ချက်ကင်ကို ၃၅ ကျပ်နဲ့ ချက်ကင်ထားတော့ လက်ကေ့အိတ်က ပေါင် ၂၀ ရတယ်။ ကျောပိုးအိတ်ထဲက လေးတဲ့ဟာတွေ လက်ကေ့အိတ်ထဲပြန်ထည့်။ oyster card ရထားကဒ်တွေကို refund လုပ်ဖို့ စက်မှာရှာမတွေ့လို့ လုံခြုံရေးဝန်ထမ်းကို မေးကြည့်ရတယ်။ နာရီဝက်လောက်ကြာတော့ မကြီးတို့ ဖုန်းဆက်လာတယ် ချက်ကင်ဝင်ပြီးပြီ ဟီးသရိုးလေဆိပ်က အကြီးကြီးပဲ အတော်ဝေးဝေး လျှောက်ရတယ်တဲ့။ ဗိုက်ဆာနေကြလားမေးတော့ ဝယ်လာတဲ့ ခရိုဆွန်မုန့်တွေ စားနေကြတယ် လေယာဉ်ပေါ်ရောက်တာတဲ့ ကျွှေးတော့မှာတဲ့။ ဗစ်တိုးရီးယားဘူတာရောက်တော့ ကိုယ့် oyster card ရထားကဒ်ပြန်လဲ refund ပြန်တောင်း Gatwick လေဆိပ်ဆီ ရထားလတ်မှတ်ဝယ်။ ကိုယ့်မှာရှိသမျှ အကြွေတွေကို ပေးလိုက်တော့ ဝန်ထမ်းက တပေါင်တန်လေးပုံ အသေအချာစီနေလို့ ဒီလူကြီး ဘာလုပ်နေတာပါလိမ့်။ ယူစရာယူပြီး ရထားလတ်မှတ် ပေးလိုက်တာမဟုတ်ဘူးလို့တွေးနေတုန်း သူက အကြွေတွေများတဲ့ အပုံကိုယူလိုက်တယ်။ ဒီတော့မှ သဘောပေါက်တယ် သြော် ... သူက အသေအချာ စိတ်ရှည်လက်ရှည် အကြွေပုံတွေစီပြီး အကြွေများတဲ့ဟာတွေကို ယူလိုက်တာကိုး။
ကိုယ့်အတွက် စဉ်းစားပြီး အချိန်ယူလုပ်ပေးနေတာကို ကိုယ်က စိတ်မရှည် မြန်မြန်မလုပ်ဘူးလို့ အပြစ်တင်နေတာကိုး။ သူ့စေတနာကို သဘောပေါက်တော့မှ ကျေးဇူးတင်မိတယ်။ အေးရှန်းအစားအစာရှာတာ ဘူတာတခွင် ပြဲပြဲစင် နောက်ဆုံးမှ အပေါ်ထပ်က ဂျပန်ဆိုင်လေးမှာ ဆူရှီတဘူး ဝယ်လိုက်တယ်။ မန်ချက်စတာကအပြန် ဘူတာရုံမှာ ညနေစာစားခဲ့တဲ့ ဂျပန်ဆိုင်အခွဲ။ နော်ဝေဂျီယမ်လေကြောင်းလိုင်းက ဘက်ဂျက်လေကြောင်းလိုင်းမို့ ဘာမှမကွျှေးဘူး။ ဝယ်စားလို့ရတယ် ၄၅ ကျပ်၊ ဟမ်းကယ်ရီကယ်နဲ့ ကျောပိုးအိတ်က ၁၀ ပေါင်ပဲ ရတယ်၊ အွန်လိုင်းကနေ ချက်ကင်ဝင်ရင် ၃၅ ကျပ် ပေါင် ၂၀ ရတယ်။ ကောင်တာရောက်မှ ချက်ကင်ဝင်ရင် ၁၀၀ ပေးရတယ်။ သေချာမကြည့်လိုက်လို့ အလာတုန်းက ၁၀၀ ပေးလိုက်ရတယ်။ ၂၀၁၀ မတ်လ စင်္ကာပူကနေ မကာအိုသွားတုန်းက တိုက်ဂါးလေကြောင်းလိုင်း ဘတ်ဂျက်အဲလိုင်းဆိုတော့ ရေတောင်မတိုက်ဘူး။ Gatwick လေဆိပ်ဆီကို အမြန်နဲ့အနှေးရထားတွေ ရှိတာမှာ အနှေးရထားလတ်မှတ် ဝယ်လိုက်တယ်။ တနာရီလောက်ကြာတဲ့အထိ မရောက်သေးလို့ မေးမြန်းကြည့်တော့ ဒီရထားက လေဆိပ်မှာ ဂိတ်ဆုံးမှာမဟုတ်ဘူး။ လေဆိပ်ကို ဖြတ်သွားတယ် နောက်ဆယ်မိနစ်လောက်ဆို ရောက်တော့မယ်တဲ့။ ရောက်တာနဲ့ အသည်းအသန်ပြေးလွှား ချက်ကင်ဝင်တော့ လုံခြုံရေးကမေးတယ် အလည်လား ဘယ်ကိုသွားလည်သေးလဲတဲ့။ ကိုယ့်နောက်က အမျိုးသမီးက အဲ့ဒီလုံခြုံရေးကို ကွန်ပလိမ်းတယ် သူ့ကိုမေးတဲ့ အမျိုးသမီးက vicious ရိုင်းစိုင်းလိုက်တာတဲ့။ ဒီနေ့ လူတွေတအားများလို့ သူလည်းပင်ပန်းစိတ်တိုနေလို့ နေပါလိမ့်မယ် ခွှင့်လွှတ်ပါလို့ ကိုယ်စားတောင်းပန်တယ်။ boarding လုပ်တော့ ကိုယ့်ပတ်စပို့ကိုကြည့်ပြီး ဘေးကိုခေါ် ကိုယ့်လက်ဝါး၊ ကျောပိုးအိတ်အပြင်ဖက်ကို စက္ကူစလေးနဲ့သုတ် စကန်ဖတ်တယ်။ randomly security check တယ်ဆိုပါတော့။ အဲ့ဒီလိုအစစ်ခံရတဲ့သူတွေကို သတိထားကြည့်လိုက်တော့ တတိယနိုင်ငံကလူတွေချည်းပဲ။ နယူးယောက်ကို ည ၈ နာရီရောက်တယ်။ ပင်ပန်းပေမဲ့ မိသားစုခရီးဆိုတော့ အတော်ပျော်ဖို့ကောင်းပါတယ်။ နယူးယောက်မြေအောက်ရထား ရှုပ်လှပြီထင်တာ အမလေး .... လန်ဒန်မြေအောက်ရထားကို ဘယ်မှီပါ့မလဲ။ လန်ဒန်မတ်ထရို apps ကို ဖုန်းမှာဒေါင်းလုပ်ချထားတော့ လန်ဒန်မှာမြေအောက်ရထား စီးရတာ အတော်အဆင်ပြေတယ်။ ဂျူလှိုင် အလာစကာခရီးပြီးတော့ လုပက်စ်က ပြန်ဖြစ်နေတယ်။ စစခြင်းဆို ခြေထောက်က တန်းနေလို့ အဖေက သမီးခြေထောက်နာနေလားလို့ မေးတယ်။ နေသိပ်မကောင်းရတဲ့အထဲ ကင်မရာအလေးကြီး လွယ်နေတဲ့ကိုယ့်ကို သနားလို့ မကြီးက ကိုယ့်ကင်မရာ သယ်ပေးတယ်။ ဓာတ်ပုံရိုက်ရင် ပြုံးမနေဘူး ခြေထောက်နာ ပင်ပန်းလို့ မှုန်ကုပ်ကုပ် မျက်နှာပေးနဲ့။
အင်္ဂလန်ဟာ စတိတ်နဲ့ အတော်ခြားနားတယ်။ လန်ဒန်ဟာ ရှေးဟောင်းမြို့လေးနဲ့ တူတယ်။ ဗြိတိသျှတွေ ကိန်းကြီးခန်းကြီးနိုင်တယ် အမေရိကန်တွေလို မဖော်ရွေဘူး။ ဒါပေမဲ့ အခက်အခဲကြုံနေရင်တော့ ကူညီတတ်ကြပါတယ်။ ဝတ်တာစားတာလည်း အင်မတန် စမတ်ကျတယ်။ ပိန်ပိန်ပါးပါးလေးတွေ လူဝဝကြီးတွေ မတွေ့ခဲ့ဘူး။ လန်ဒန်သူလေးတွေ မိတ်ကပ်လိမ်းထားတာ သဘာဝကျကျ လှတယ်။ ရှေးဟောင်းအဆောက်အဦး၊ တောတောင်ရေမြေကို ထိန်းသိမ်းထားတယ်။ အခြေအနေပေးရင်တော့ လန်ဒန်ကို နောက်ထပ်သွားလည်ချင်သေးတယ် ပြတိုက်တွေ သွားကြည့်ချင်လို့။ ၂၀၁၉ ဖေဖေါ်ဝါရီ ၄ ကနေ ၁၉ ရက်နေ့အထိ ရန်ကုန်ကို သွားလည်ဖြစ်တယ်။ ရန်ကုန်မှာ ဘယ်တွေကို သွားလည်သလဲဆိုတာကတော့ ရန်ကုန်သွားတောလား ပို့စ်တွေအနေနဲ့ တင်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
No comments:
Post a Comment