အင်္ဂလန်သွား တောလား - ၆

၂၀၁၈ အောက်တိုဘာ ၅ သောကြာနေ့ ဝင်ဆာရဲတိုက်၊ စတုန်းဟန့်ချ်၊ ဘတ်၊ လကွတ်တို့ကို တိုးကားနဲ့ သွားလည်မှာ။ Viator မှာထက် Klock App နဲ့ဆိုရင် ဈေးနည်းနည်း သက်သာတယ်တဲ့။ 4 Fountain Square  ဗစ်တိုးရီးယားမှာ မနက် ၇ နာရီခွဲ ချက်ကင်ဝင်ရမှာဆိုတော့ မနက်စာစားဖို့ အချိန်မရှိဘူး။ ဗစ်တိုးရီးယားဘူတာရောက်တော့ မြေပုံထဲမှာ ၇ မိနစ်လို့ ပြပေမဲ့ လမ်းတွေမှားနေတာနဲ့ ၁၅ မိနစ်လောက်ကြာတယ်။ လူမပြည့်လို့ ကိုယ်တို့တိုးကို ဖျက်လိုက်တယ် မနေ့က ဖုန်းဆက်အကြောင်းကြားသေးတယ်တဲ့။ ဖုန်းခေါ်လို့ဘယ်ရပါ့မလဲ မကြီးရဲ့စလုံးဖုန်းနံပါတ် ပေးထားတာကိုး။ နောက်နေ့တိုးကို ယူမလားမေးတော့ ဒီနေ့ဘယ်တိုးနဲ့ပဲဖြစ်ဖြစ် လိုက်မယ်။ ဖျက်လိုက်တဲ့တိုးမှာ နေ့လည်စာပါတယ် ခုတိုးမှာ နေ့လည်စာမပါဘူး။ အိုး ... ဒီလိုလုပ်လို့ဘယ်ဖြစ်ပါ့မလဲ...နေ့လည်စာပါအောင် ကြိုးစားပေးပါလားလို့ ကွန်ပလိမ်းတက်တော့ ရအောင်လုပ်ပေးလိုက်တယ်။ မနက် ၈ နာရီမှ တိုးကားထွက်မှာဆိုတော့ အချိန်ရှိသေးတယ် ဗိုက်ဆာနေကြတော့ အဖေနဲ့မကြီးက မုန့်သွားဝယ်တယ်။ အမေနဲ့ကိုယ်က တိုးကားစောင့် တိုးကားကရောက်နေပြီ မကြီးတို့က မရောက်လာသေးတော့ ဖုန်းဆက်တာ ဖုန်းကခေါ်မရ။ အမေ ဒီနားမှာပဲစောင့်နေနော် ဘယ်မှမသွားနဲ့လို့ အသေအချာမှာပြီး မုန့်ဆိုင်တွေနားမှာ မကြီးတို့ကို သွားရှာတော့မတွေ့။ အမေ့ကို စိတ်မချလို့ တိုးကားနားကိုပြန်လာ မကြီးတို့ကို ဖုန်းဆက်ခေါ်တာမရ ဖုန်းဆက်လိုက်၊ မုန့်ဆိုင်တွေဖက် မျက်စိပြူးပြီးရှာ။ ကားပေါ်တက်မယ်ဆိုတော့ တိုးဂိုက်က လူစုံမှတက်ပါတဲ့။ နောက်တော့ မကြီးတို့ ရောက်လာတယ် ရှေ့ကဆိုင်မှာ စောင့်နေတာ အကြာကြီးစောင့်ရတယ်တဲ့။ ကိုယ်လည်း ရှေ့ကဆိုင်နားမှာ သွားရှာတာပဲ။ အီဗန်တိုးကား တိုးဂိုက်က အသက် ၇၀ ကျော်အဘိုးကြီး ဗြိတိသျှလေသံ အတော်ဝဲတယ်။ တိုးကားမှာ အာရှသားဆိုလို့ အိန္ဒိယစုံတွဲနဲ့ ကိုယ်တို့မိသားစုပဲပါတယ်။ ပထမဆုံးသွားလည်တဲ့နေရာက ဝင်ဆာရဲတိုက်...ဝင်ဆာရဲတိုက်ကို ရထားနဲ့လည်း လာလို့ရတယ်။ တောင်ကုန်းအောက်ခြေက ကားပါကင်မှာ တိုးကားတွေရပ်ထားပြီး အပေါ်ကို လှေကားတွေ ကွေ့ဝိုက်ပြီးတက်ရတယ်။ ကိုသက်ထွေး အဖေက ကားပါကင်နားက အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ဆိုင်နားမှာ အိမ်သာတွေ့တော့ အိမ်သာဝင်တယ်။ ဝင်ဆာရဲတိုက်ထဲဝင်ဖို့ စောင့်နေတဲ့လူတန်းကြီးက အရှည်ကြီး။ တိုးနဲ့ဆိုရင် သိပ်မစောင့်ရဘူး။ နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ အဖေတို့က ညောင်းလို့ထိုင်နေတယ် မလိုက်တော့ဘူးတဲ့။

ဟိုနေရာကို ဝင်ရမယ် အထဲမှာဓာတ်ပုံရိုက်ခွင့်မရှိဘူးဆိုတော့ ခမ်းနားလှပလိမ့်မယ်။ လာ ... မကြာဘူး နာရီဝက်လောက်ပဲ ကားပေါ်ကျမှနားတော့။ ကိုယ်အတင်းခေါ်တော့ လိုက်လာကြတယ် .... လိုက်တာမှန်သွားမယ်။ ဘုရင်တွေ ဘယ်လိုခမ်းနားကြီးကျယ်စွာ နေထိုင်ကြသလဲဆိုတာ မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။ အတော်ခမ်းနားတာပဲနော် ... တွေ့ဖူးသမျှထဲမှာ အခမ်းနားဆုံးပဲ။ အချိန် ၂ နာရီ ပြည့်တော့မယ်ဆိုတော့ ခပ်သွက်သွက်လေးလမ်းလျှောက်။ တိုးကားပေါ်ကလူတွေကို အိမ်သာမှာတွေ့ရတော့ ကိုယ်တို့နောက်မကျဘူး။ အင်္ဂလိပ်စကားမပြောတဲ့ စပိန်အဖွားကြီးနှစ်ယောက် နည်းနည်းနောက်ကျပြီးမှ ရောက်လာတယ် နေရာရှာမတွေ့လို့တဲ့။ ဒုတိယသွားမဲ့နေရာကတော့ စတုန်းဟန့်ချ် ရှေးခေတ်ကလူတွေ ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့သယ်ယူထားခဲ့ကြသလဲဆိုတာ ခုထိမသိသေးဘူး။ စတုန်းဟန့်ချ်ဆီသွားဖို့ ရှယ်တယ်ဘတ်စ် စောင့်စီးရတယ်။ မိနစ် ၂၀ လောက်စောင့်ရတယ် အဲ့ဒီနေ့က နေရောင်လင်းလက်ပြီး ရာသီဥတုသာယာတယ်။ စတုန်းဟန့်ချ်မှာ လူတွေများတော့ ဓာတ်ပုံအသည်းအသန် ရိုက်ရတယ်။ စတုန်းဟန့်ချ်ကို တပတ်ပတ်ဖို့ အချိန်မရှိဘူး ဓာတ်ပုံရိုက်ပြီးတာနဲ့ ရှယ်တယ်ဘတ်စ်ကိုစောင့်။ စင်တာရောက်တော့ အိမ်သာပြေး ပြီးရင်တိုးကားဆီပြေး။ တိုးဂိုက်က လူတွေကိုစောင့်ပြီး တိုးကားဆီ ညွှန်ပြပေးတယ်။ တိုးဂိုက်ရှင်းပြနေတုန်း အိန္ဒိယအမျိုးသမီးက ဖုန်းပြောနေတယ် တိုးဂိုက်က ရှူးလုပ်တော့ ခဏရပ်သွားတယ် နောက်ထပ်ရှူးလုပ်တော့ ခဏရပ်သွားပြန်တယ် ပြီးရင်ဖုန်းဆက်ပြောတယ် တိုးဂိုက်က အင်မတန်ရိုင်းတယ်လို့ပြောတယ်။ တိုးကပေးတဲ့ နေ့လည်စာက ဘိုစာတွေ သိပ်လည်းမကောင်းတော့ ဘာမဆိုအကုန်စားနိုင် အကုန်စားကောင်းတယ်တဲ့ကိုယ်တောင် မစားနိုင်ဘူး။ နောက်ဆုံးသွားလည်မဲ့ မြို့လေးကတော့ ဘတ် Bath ရောမရေချိုးကန် ကျောက်တုံးအိမ်ကလေးတွေရှိတဲ့ မြို့ကလေး အင်မတန်လှတယ်။ ရေချိုးကန်မှာ ဓာတ်ပုံရိုက် ရေပူလေးတွေ ထွက်နေတဲ့နေရာရှိတယ်။ ရေပူစမ်းမြို့ဆိုတော့ အဲ့ဒီမြို့ကထွက်တဲ့ Spa ပစ္စည်းတော်တော်များများရှိတယ်။ ဗိုက်ဆာလို့ ခရိုဆွန်ဝယ်စားကြတယ် ကောင်းလို့ထပ်ဝယ်တယ်။ သူများတွေ ရေခဲမုန့်စားတော့ စားချင်တယ်။ ပုံမှန်ကို ရေခဲမုန့်စားလေ့ရှိတာမဟုတ်ဘူး အေးကလဲအေးပါဘိနဲ့။

Windsor Castle ဝင်ဆာရဲတိုက်

အေးတဲ့အချိန်မှာ ရေခဲမုန့်စားရတာလဲ အရသာတမျိုး။ ဈေးနားမှာ တယောတီးနေတဲ့သူရဲ့လက်သံ အတော်ကောင်းတာပဲ။ အဖေတို့ကို တိုးကားစုရပ်မှာ စောင့်ခိုင်းပြီး လမ်းကူး မြစ်ချောင်းလေးကို ဖြတ်ကျော်ဆောက်လုပ်ထားတဲ့ တံတားလေးကနေ ကြည့်လိုက်ရင် ရှုခင်းအင်မတန်လှတယ်။ ဓာတ်ပုံအပြေးအလွှားသွားရိုက် စုရပ်မှာစောင့်နေတုန်း မီးပုံပျံနှစ်စီး ကိုယ့်ခေါင်းထက်ကနေ ပျံသွားလို့ လက်တွေပြဓာတ်ပုံရိုက်။ လန်ဒန်ကို ည ၇ နာရီကျော်လောက်မှ ပြန်ရောက်တယ်။ ကင်းခရော့ခ်ဘူတာရောက်တော့ မကြီးရဲ့ ရထားလက်မှတ် ရှာမတွေ့တော့ဘူး။ ကိုယ်က ရထားလက်မှတ်အသစ် ဝယ်နေတုန်း မကြီးရောက်လာတယ်။ ဘယ်လိုထွက်လာတာလဲမေးတော့ ရထားဝန်ထမ်းကို လက်မှတ်ပျောက်သွားတယ်လို့ပြောပြီး ထွက်လာတာတဲ့။ အဖေတို့က ရထားလက်မှတ်မပျောက်ဘူး ကိုယ်တို့လူငယ်နှစ်ယောက်က ပျောက်တယ်။ ထုံးစံအတိုင်း ယိုးဒယားဆိုင်မှာ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားတယ်။ ဟိုစတယ်ကို ည ၉ နာရီကျော်မှ ပြန်ရောက်တယ်။ အဖေတို့ကို လမ်းလျှောက်နိုင်ပါ့မလားလို့ စိတ်ပူနေတာ လျှောက်နိုင်ကြတယ်။ လန်ဒန်မှာ နေ့တိုင်း မနက် ၇ နာရီလောက်ကနေ ထွက်လိုက်တာ ည ၁၀ နာရီမှ ပြန်ရောက်တယ်။ ကိုယ်တို့လူငယ်တွေတောင် အတော်ပင်ပန်းတာ အဖေတို့ဆို အတော်ပင်ပန်းမှာပဲ။ ဒါပေမဲ့ ပင်ပန်းလိုက်တာ နောက်နေ့မလည်တော့ဘူး ဟိုတယ်မှာနားကျန်ခဲ့မယ်လို့ မပြောဘူး။ ပိုက်ဆံတွေကုန်ထားတော့ အကုန်လိုက်လည်မယ်လို့ ဆုံးဖြတ်ထားပုံရတယ်။ နောက်နေ့ အောက်စ်ဖို့ဒ်၊ ကော့ဝု၊ စတန်းဖို့ အပွန် အေဗွန်၊ ဝါဝတ်ရဲတိုက်ဆီ သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၁၇၊ ၂၀၁၉ ။

Stonehenge စတုန်းဟန့်ချ်
Bath မြို့လေးမှာ
Roman Bath
အေးတဲ့အချိန် ရေခဲမုန့်စားရတာ အရသာတမျိုး
Windsor Castle
Stonehenge
Roman Bath

No comments: