31 January 2018

နှမတစ်နေ့ မေ့ရစ်မည် ...

Fall foliage hiking, Bear Mountain State Park, New York. Oct 21,2017.


လောကမှာ ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးထက်၊ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကိုရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးက ပို၍ စိတ်မောပင်ပန်းရလိမ့်မည်ကို တင်တင်ဇော် ရိပ်မိပါသည်။ သို့သော် ကိုယ့်ဘာသာကိုယ် ဘာကိုလိုချင်မှန်း တိကျစွာ မသိသော တင်တင်ဇော်လို လူစားမျိုးကိုတော့ မည်သူမျှ ကိုယ်ချင်းစာလိမ့်မည် မဟုတ်ပါ။

ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ တက္ကသိုလ်မှာ တွဲခဲ့သော သူငယ်ချင်းအုပ်စုထဲက သူငယ်ချင်းတစ်ယောက်သည် နန္ဒလိုလူစားမျိုးဖြစ်သည်။ ရည်းစားရှိသော အစ်ကိုကြီးကို သူ့ရည်းစားဖြစ်လာအောင် စွမ်းဆောင်နိုင်သည်။ ကျောင်းတုန်းက တတွဲတွဲ သူလိုချင်တာတွေကို အစ်ကိုကြီးက အစွမ်းကုန် ဖြည့်ဆည်းပေးတာကို သိနေသူမို့ သူတို့ကွဲသွားရင် အစ်ကိုကြီး အနစ်နာခံပေးဆပ်ထားတာတွေ နှမြောစရာကြီးနော်လို့ သူငယ်ချင်းတယောက်ပြောတုန်းက ကိုယ်က သူတို့နှစ်ယောက် ကွဲသွားလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့။ အခက်အခဲအများကြီးကို ကျော်ဖြတ်ကာ အရူးအမူး ချစ်ခဲ့ကြသော၊ တကျောင်းလုံးသိကြသော သူတို့နှစ်ယောက် ပျော်ရွှင်စွာပေါင်းဖက်ကြလိမ့်မည်ဟုသာ တွေးခဲ့ဖူးသည်။ နိုင်ငံခြားသို့ ကျောင်းတက်ဖို့ ထွက်ခွှာသွားသောအခါ  အစ်ကိုကြီးက သူ့နောက်သို့ လိုက်မှဖြစ်မယ် မလိုက်ရင် ထားခဲ့လိမ့်မယ်ဆိုပြီး အတင်းကြိုးစားကာ လိုက်သော်ငြား  ထိုသူငယ်ချင်းက သူ့လိုနိုင်ငံခြားမှာ ကျောင်းလာတက်ပြီး မိဘအသိုင်းအဝိုင်း တောင့်သောသူကို လက်ထပ်သွားခဲ့သည်။ ထိုသူငယ်ချင်းနှင့် နှစ်ခေါက်ဆုံတွေ့ခဲ့သော်လည်း အလိုက်တသိ အစ်ကိုကြီးအကြောင်း မမေးမြန်းခဲ့။ မြန်မာများဆုံလေ့ရှိသောနေရာတွင် အစ်ကိုကြီးနှင့် အမှတ်မထင် ဆုံသောအခါ ရထားမှာ ဖျပ်ခနဲတွေ့လိုက်တော့ ကျောင်းများလာတက်သလားလို့ တွေးမိသေးတယ် နေကောင်းလား အဆင်ပြေလားဟု အရင်အတိုင်း ရယ်ရယ်မောမော ဖော်ရွေပျူငှာစွာ နှုတ်ဆက်တော့ အဆင်ပြေပါတယ်ဆိုသည့် အလွန်ရိုးစင်းသည့် စကားကိုတောင် အဆင်မပြေ ထစ်ငေါ့စွာဖြေဆိုရင်း မဆီမဆိုင် အားတွေနာ မျက်နှာတွေပူနေခဲ့ဖူးသည်။

ကိုယ်ကတော့ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးဖြစ်သောကြောင့် စိတ်မောပင်ပန်းရလေသည်။ လွန်ခဲ့သော နှစ်နှစ်တုန်းက အမှတ်မထင် မြင်ခဲ့ရသော မျက်ဝန်းလက်လက်များကြောင့် ယောကျ်ားတစ်ယောက်၏  ဖြစ်တည်မှုကို သတိထားမိသွားသည်။ တခြားယောကျ်ားလေးများနှင့် ဆုံတွေ့တုန်းက  ရင်မခုန်ခဲ့သော်လည်း သူနှင့်အလုပ်အကြောင်း ပြောဆိုကြသောအခါ ရင်ခုန်နေခဲ့သည်။ ထိုမျက်ဝန်းလက်လက်များကို ရက်ပေါင်းများစွာ ကြာသည်အထိ သတိရနေခဲ့သည်။ နှစ်ဦးနှစ်ဖက်မိတ်ဆွေတွေကြောင့် ဖေ့ဘွှတ်တွင် တွေ့သော်ငြား တယောက်ကိုတယောက် မအပ်ဘဲ မိတ်ဆွေတွေ တင်တဲ့ပို့စ်တွေကတဆင့် သူဘာလုပ်သလဲဆိုတာ စောင့်ကြည့်နေခဲ့သည်။ မင်းအကြောင်းတွေ ပြောလိုက်တာများ ရွှန်းရွှန်းကိုဝေလို့ မင်းကိုသဘောကျနေသလားမသိဘူးဆိုသော အသိမိတ်ဆွေ စကားကြောင့် ကိုယ့်ခန့်မှန်းထားတာ မှန်ကန်သည်ဟု ယုံကြည်ခဲ့သည်။ ဖေ့ဘွှတ်မှာများ အပ်လာမလား၊ မတ်ဆေ့၊ အီးမေးလ်များ ရမလားလို့ စောင့်ဆိုင်းခဲ့သော်ငြား ဘာတခုမှမရခဲ့။ မင်း ဖေ့ဘွှတ်ကနေ စောင့်ကြည့်မနေနဲ့ အပ်ချင်လည်းအပ်လိုက် ကွဲကွဲပြားပြား သိရတာပေါ့၊ အသိမိတ်ဆွေတယောက် တိုးတာပေါ့။ မြှောက်ပေးသူတွေကလည်း မြှောက်ပေးကြသည့်အပြင် ကိုယ်ကလည်း ဖေ့ဘွှတ်မိတ်ဆွေ ဖြစ်ချင်သောကြောင့် ကိုယ်ကစပြီး အပ်လိုက်သောအခါ မိတ်ဆွေဖြစ်လာခဲ့သည်။ နှစ်ယောက်စလုံးက ဖေ့ဘွှတ်သိပ်မသုံး ဖော်ရွေပျူငှာသည့်သူတွေ မဟုတ်သောကြောင့် ရင်းနှီးကျွှမ်းဝင်မလာခဲ့။ ကိုယ်က စမေးသည့်အခါမှသာ စကားပြောလေ့ရှိပြီး ပြောလိုက်ရင်လည်း အလုပ်အကြောင်း။

ကိုယ်တို့နှစ်ယောက်ကြား အလုပ်အကြောင်းမှလွှဲ၍ တခြားပြောစရာမရှိဘူး ထင်ပါရဲ့။ ကိုယ်ကိုတိုင် ပြောပြဖူးသောကြောင့် ကိုယ့်ရုံးလိပ်စာကို သူသိသည်မှာ သေချာပါသည်။ ကြုံကြိုက်တဲ့သဘောနဲ့ ကိုယ့်ရုံးရှေ့ သူလာမှာလားလို့ မျှော်လင့်ခဲ့သော်ငြား မျှော်လင့်ချက်များ ဘယ်သောအခါမှ ပြည့်ဝမလာခဲ့။ ဖေ့ဘွှတ်မှ ဒေါင်းလုပ်ချထားသော သူ့ဓာတ်ပုံတွေထဲမှ အလှဆုံးပုံဟု ကိုယ်ထင်သည့် သူ့ဓာတ်ပုံကို အလွမ်းဖြေကြည့်ရင်း သူ ကိုယ့်ကိုသတိရနေမလား၊ ဘာတွေလုပ်နေသလဲဟု မေးသောအခါ RL တံဆိပ် ကာကီဖျော့ရောင် ပိုလိုအင်္ကီျ၊ လက်ပတ်နာရီအကြီးကြီး ဝတ်ဆင်ထားသောသူက ခပ်တည်တည် မျက်နှာပေးနဲ့ မပြုံးမရယ် ကြည့်နေခဲ့သည်။ သူ မင်းကို မချစ်ပါဘူး ရင်ခုန်တာပါ သူ မင်းကို တကယ်ချစ်ရင် မင်းအနား မရောက်ရောက်အောင် လာမှာပေါ့ဟု  ပြောခဲ့ဖူးသော သူငယ်ချင်း၏စကား အချိန်ကြာလာသည်နှင့်အမျှ မှန်ကန်လာခဲ့သည်။ ရင်ခုန်တာကို အချစ်ဟု ထင်မိသောကိုယ် သူကိုယ့်ကိုမချစ်ဘူးဆိုတာ ရင်နာနာနှင့် လက်ခံလိုက်ရတော့သည်။ ဘဝဆိုတာ ဒီလိုပါပဲ ကိုယ်မျှော်လင့်ထားသလို ကိုယ်ဖြစ်ချင်သလို ဖြစ်ချင်မှဖြစ်လာမှာ။ သူ မင်းကို မချစ်လို့ မင်းဘာမှဖြစ်မသွားဘူး မင်းဟာ ထက်မြက်တဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတယောက် မင်းကိုမချစ်တဲ့သူတယောက်အတွက် မင်းတန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ဝမ်းဂိုး တူးကမ်း တယောက်သွားရင် နှစ်ယောက်လာမှာပေါ့။ ရွေးချယ်ခွင့် သိပ်နည်းတဲ့ မိန်းမသားတွေရဲ့ ဘဝမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ခဲ့သော်ငြား ဆုံစည်းဖို့ကံကြမ္မာ၊ ရေစက်မှ မရှိတာဟု ကံကိုသာ ပုံချလေရမလား။ တနေ့နေ့ တချိန်ချိန်မှာ ကိုယ်ရင်ခုန်ဖူးတဲ့ကောင်လေးဆိုပြီး ရယ်ရယ်မောမော ပြောဆိုနေမလား။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာဝထ္ထုထဲက ကဗျာလေးအတိုင်း နှမတစ်နေ့ မေ့ရစ်မည်မှာ အသေအချာ။

နေရှိန်ဝင်းဝင်း၊ နေ့ကြည်လင်းမူ
ဖန်ဆင်းလိုက်သော၊ နှင်းဆီတော၌
မက်မောရိပ်သာ
မောင်လာချင်လဲ၊ လာခက်ခဲ၏။
လက်တွဲသိမ်းပွေ့၊ ကြင်မွေ့ခေါ်ငင်
မက်မောခင်မည်၊ မထင်ဝံ့စား
စကားမသွက်၊ ဖွင့်ဟခက်ခဲ့
မြေအက်ကြားမှ၊ မြက်ပွင့်မျှသာ
နှမတစ်နေ့၊ မေ့ရစ်မည်။

စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၁၈။

(ကိုးကား - ဂျူး - ကြာတော့သည်လည်း မောင့်စကား၊ မြစ်တို့၏ မာယာ)
ဘာမီးကလပ်စစ် ဒီနေရာ ကနေ ကြာတော့သည်လည်း မောင့်စကား၊ ဒီနေရာ ကနေ မြစ်တို့၏မာယာ တို့ကို ဒေါင်းဖတ်လို့ရပါတယ်။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာ ဝထ္ထုဖတ်ချင်လို့ အွန်လိုင်းကနေ ဖတ်လို့ရမယ့်နေရာရှိရင် လမ်းညွှန်ပေးကြပါဦး။

28 January 2018

ထူးဆန်းသော တံခါးခေါက်သံ - ၂

ဟယ် ... မနက် ၃ နာရီခွဲ အရူးမကြီး နောက်ဖေးတံခါးကို လာထုပြန်ပြီလား။ ဟင့်အင်း ... အဲ့ဒါရဲ့ နောက်ဆက်တွဲ ဆူနမ်က ၂၀၁၇ ဒီဇင်ဘာလ အစောပိုင်းကနေ ၂၀၁၈ ဇန်နဝါရီလလယ်အထိ တစ်လခွဲလောက် လန်ဒန်ကသူ့အစ်မအရင်းဆီ သွားလည်နေတော့ စကားမပြောဖြစ်ကြဘူး။ အိမ်ပြောင်းတော့မယ်လို့ပြောရော ဘယ်ကိုပြောင်းမှာလဲ နယူးဂျာဆီကနေ နယူးယောက်ကို။ ဟိုတလောတုန်းက ငါလာလည်တုန်းကတောင် နင် ဒီအိမ်မှာနေရတာ အဆင်ပြေတယ်ဆို ဘာလို့ပြောင်းတာလဲ။ ဒီဇင်ဘာ ၁၃ ရက် ပထမဆုံးနှင်းတွေကျတဲ့နေ့ မနက် ၃ နာရီခွဲ နောက်ဖေးတံခါးကို လာထုပြီး I ammmm sooooo hungryyyyy sooooo colddddd pleaseeeee giveeeee meeeee foodddddd လို့ ခြောက်ခြားစရာ အသံကျယ်ကျယ်လောင်လောင် ဆွဲဆွဲငင်ငင်နဲ့ အော်တော့ ကြောင်တွေ ရန်ဖြစ်ကြတယ် ထင်နေတာ။ နောက်တော့မှ လူသံမှန်းသိလို့ နောက်ဖေးတံခါးဝနောက်မှာ သွားရပ်ပြီး တံခါးလက်ကိုင်ဖုနား လက်ပြင်ထားတယ် တံခါးကို တွန်းဖွင့်ခဲ့ရင် အထဲကနေ တွန်းခံထားမလို့။ နောက်ထပ် ၃ မိနစ်လောက်ဆို ၉၁၁ ကို ဖုန်းခေါ်တော့မလို့။ တမိနစ်လောက်ကြာတော့ ထွက်သွားတယ် အဲဒီတုန်းက မကြောက်ဘဲ ပြီးမှကြောက်ပြီး အိပ်လို့မရတော့ဘူး။ လုံခြုံမှုမရှိဘူးလို့ ခံစားရလို့ ပြောင်းတော့မယ်။ ဆူနမ်တို့ မေရီလန်းအိမ်နားတဝိုက်မှာလည်း မက်ဆီကန်တွေ များလာတယ်။ ညဉ့်နက်သန်းခေါင် အရက်တွေမူး သူ့ရည်းစားတိုက်ခန်းနဲ့မှားပြီး တံခါးလာထုတယ်။ ရာမားက ကြောက်လို့ အသံတောင်မထွက်ရဲဘူး။ ဆူနမ်က တံခါးဖွင့်ပြီး အိမ်မှားနေတယ်လို့ ပြောလိုက်တော့မှ ဆောရီးဆိုပြီး ထွက်သွားတယ်။ အောင်မလေး... ဆူနမ် တံခါးဖွင့်ပေးတယ် ဟုတ်လား ... သူ့မှာ ဓား၊ သေနတ်တွေပါရင် ဘယ်လိုလုပ်မလဲ တံခါးကို ဘယ်တော့မှ မဖွင့်ပေးရဘူး။ တံခါးမဖွင့်ပေးရင် မဖွင့်ပေးမချင်း ထုနေမှာ ဖွင့်ပြီးပြောလိုက်တော့မှ ပြီးတော့တယ်။

ဟယ် ... သတ္တိကောင်းလိုက်တာ ဆူနမ်ရယ် (အေးလေ ... သူ့ပေါင် ၂၀၀ ခန္ဓာကိုယ်ကို လန့်တာလည်း ပါမှာပေါ့) ကိုယ်သာဆို ဘယ်တော့မှ တံခါးဖွင့်ပေးမှာမဟုတ်ဘူး ၉၁၁ ကို ခေါ်လိုက်မှာ။ ၉၁၁ ဆိုလို့ ၂၀၁၃ ဗာဂျီးနီးယား outlet မောလ်ကို ရုံးကတရုတ်မကလဲယားကွမ်းနဲ့ သွားတုန်းက I95 လမ်းမှာ ကားတွေပိတ်လို့ စောင့်နေတုန်း နောက်ကားက ဝင်တိုက်လို့ ၉၁၁ ခေါ်ဖူးတယ်။ I95 ဆိုတာ ဟိုးမြောက်ပိုင်းမိန်းပြည်နယ်ကနေ တောင်ပိုင်းဖလော်ရီဒါပြည်နယ်အထိ အရှေ့ဖက်ကမ်းခြေက ပြည်နယ်တွေကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ ဟိုင်းဝေးလမ်းမ။ ၉၁၁ ခေါ်ချင်ပေမဲ့ မခေါ်သင့်လို့ မခေါ်ခဲ့တဲ့ အချိန်ရှိခဲ့ဖူးတယ်။ ကျောင်းနောက်အတန်းဖွင့်မှာကို စောင့်နေတုန်း ခဏသွားနေတဲ့အိမ်က အစ်မယောကျာ်း အရက်မူးပြီး အော်ကြီးဟစ်ကျယ် ရမ်းကားနေတာ။ ဧည့်သည်မို့လို့ မကောင်းတတ်လို့ ရဲမခေါ်တာ အိမ်နီးနားချင်းဆိုရင်  ရဲခေါ်မိမလားမသိ။ ညဉ့်နက်သန်းခေါင် အသံအကျယ်ကြီးနဲ့ အော်ဟစ်နေတာ အိမ်နီးနားချင်း ပတ်ဝန်းကျင်က ကြားမှာပဲ။ ရဲခေါ်ပြီး တိုင်ရကောင်းမှန်း မသိတာလား၊ သဘောကောင်းတဲ့ ပတ်ဝန်းကျင်မို့လား။ ကိုယ်တို့အိမ်မှာ မောင်မောင်က ဆိုးတယ် (အရက်မသောက်၊ ဆေးလိပ်မသောက်၊ ရန်မဖြစ်၊ မကြိုးစားလို့ သိုးမည်းဖြစ်နေရှာတဲ့) ဆိုပေမဲ့ တခါမှရုံးရောက်ဂတ်ရောက် ရဲကားလာရတယ်ဆိုတာ မရှိဘူး။ အိမ်မှာ အဖေ၊ အမေ၊ မောင်မောင်မရှိတုန်း အမျိုးတော်တဲ့အစ်ကိုတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အရက်သောက်၊ လမ်းထဲက ခပ်ဆိုးဆိုးကောင်လေးနဲ့ ရန်ဖြစ်ကြလို့ အိမ်နီးနားချင်းတွေက ရဲတိုင်လိုက်လို့လား ရဲကားကင်းလှည့်တာနဲ့ တိုးလို့လားမသိ ရဲကားရောက်လာတယ်။
ဆိုဖာခုံဘေးနားမှာ ထောင်ထားတဲ့ ဖုန်သုတ်တံ

ရက်ကွက်လူကြီးက နယ်မှာရောက်နေတဲ့ အဖေတို့ကို ဖုန်းဆက်အကြောင်းကြားတော့မှ သိရတယ်။ အဲဒီအစ်ကိုနဲ့ ရန်ဖြစ်တာမဟုတ်ဘူး သူ့သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာဆိုပေမဲ့ ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေတွေက ကိုယ်ဘယ်လိုလူစားဆိုတာ ပြနေတယ်။ စကားပုံတောင်ရှိတယ် သင့်မိတ်ဆွေတွေက ဘယ်လိုလူစားလဲဆိုတာ ပြောပြပါ သင်ဘယ်လိုလူစားဆိုတာ ပြောပြပါမယ်တဲ့။ ကြီးသူကို ရိုသေလေးစားဆိုပေမဲ့ အဲဒီလို မူးရစ်ရမ်းကားတဲ့ လူကြီးတွေကို ဘယ်လိုလုပ် လေးစားနိုင်မလဲနော်။ ရိုသေလေးစားစေချင်ရင် ရိုသေလေးစားခံရအောင် နေထိုင်ပြုမူကြပါလို့။ ဆူနမ့်တိုက်ခန်းတံခါးကို အခန်းမှားပြီး တံခါးလာခေါက်တာ ကိုယ့်အိမ်နားဖေးတံခါးကို ဘာလို့လာခေါက်သလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ အစ်မတွေက အကြံပေးလို့ နောက်ဖေးတံခါးကို ဆိုဖာခုံနဲ့ အဲဒီလိုပိတ်ထားတယ်။ ဝင်လာခဲ့ရင် ဖုန်သုတ်တံနဲ့ ရိုက်မလို့ ဆိုဖာခုံဘေးမှာ ထောင်ထားတယ်သိလားလို့ ဆူနမ့်ကို ဓာတ်ပုံပြတော့ ဟား .... ဟား .... ဟား ....။ ဟင် ... ဘာရယ်တာလဲ ထူးဆန်းတဲ့ တံခါးခေါက်သံအကြောင်း ပြောပြလိုက်ရင် အားလုံးက ဟမ် ... ဟင် ... အယ်မလေး .... လန့်စရာကြီး ... ကြောက်စရာကြီးလို့ ပြောကြတာ နင့်ကျမှ ဘယ့်နှယ့်ရယ်ရတာလဲ။ ဆောရီး ... ဆောရီး ဖုန်သုတ်တံကိုင်ပြီး ယီး..ယား...ကွိ...ကွ ဆိုပြီး ဟန်ရေးပြနေမဲ့ နင့်ပုံစံကို မြင်ယောင်ပြီး ရယ်ချင်လို့။ သူပြောတာနဲ့ စိတ်တိုဘုတောမလို့ လုပ်နေတဲ့ ကိုယ်ပါ ရောယောင်ပြီး တဟားဟား ရယ်တော့တာပဲ။ ကြောက်လန့်စရာထဲမှာတောင် ရယ်စရာရှာကြံတတ်တဲ့ သူ့ဇဝနညဏ်ကြောင့် ကိုယ်ပါ တဟားဟား ရယ်မောလို့။ ဆူနမ် နင်သာဆိုရင် ဖုန်သုတ်တံကို ဟိုဖက်ဒီဖက် ဝှေ့ယမ်းပြီး ဟောဒီလို ... ဟောဒီလို ဟန်ရေးပြနေမှာ သိလား။ အံမယ် ခုနေများ တဟားဟားနဲ့ တကယ်အရေးကြုံလာခဲ့ရင် ဖုန်သုတ်တံကို ဝှေ့ယမ်းဖို့ နေနေသာသာ ကြောက်လို့ လှုပ်တောင်လှုပ်ပါ့မလားမသိ။

စန်းထွန်း
ဇန်နဝါရီ ၂၈၊ ၂၀၁၈။

24 January 2018

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၄

တတိယနေ့က မသွားလိုက်ရတဲ့ တန်နက်ဆီပြည်နယ် Knoxville တိရစ္ဆာန်ရုံကို ခရီးစဉ်နောက်ဆုံးနေ့မှပဲ သွားဖြစ်ပါတယ်။ တိရစ္ဆာန်ရုံကို တကူးတက ဘယ်တော့မှ မသွားဖြစ်ဘဲ တိုးခရီးစဉ်တွေနဲ့မှပဲ ရောက်ဖြစ်တော့မယ်။ ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပေးတာ မှတ်မိတယ်။ စင်္ကာပူမှာ ၃ နှစ်လောက်နေခဲ့တာ စင်္ကာပူတိရစ္ဆာန်ဥယျာဉ်ကို မရောက်ခဲ့ဘူး။ တိရစ္ဆာန်ရုံမှာ ဆင်၊ ကျား၊ သစ်ကုလားအုတ်၊ ငှက်၊ မျောက် တိရစ္ဆာန်မျိုးစုံပြထားတော့ မိဘတွေက ကလေးတွန်းလှည်းတွေတွန်းလို့၊ ကလေးတွေက တိရစ္ဆာန်တွေငေး၊ ကလေးတွေကို ပုခုံးပေါ်မှာချီပိုး၊ မိဘတွေက ကလေးတွေကိုရှင်းပြနဲ့ အတော်လေး စည်ကားတယ်။ အဖေနဲ့အမေက သူ့မြေး မောင်မောင့်သား ဖုန်းသန့်ခေါင်ကို သတိရနေကြတယ်။ ဖုန်းသန့်ခေါင်ဆိုရင် ဘယ်လောက်ပျော်လိုက်မလဲ မြေးဖြစ်သူကလည်း အဘိုးဖြစ်သူက တိရစ္ဆာန်ရုံကို လိုက်ပို့ပေးလို့ အဘိုးမှအဘိုး သည်းသည်းလှုပ်ကြတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ပန်ဒါအနီရောင် ထိန်းသိမ်းထားတဲ့ နေရာပါတဲ့။ ပန်ဒါအနီရောင်ဆိုလို့ ပန်ဒေါင်အဖြူရောင်လို အကြီးကြီး မှတ်နေတာ။ သေးသေးလေးပဲ။ ဂျပန်အိမ်ကကြောင် မိုချီနှစ်ဆ ရှီဘာအီနူးခွေး နတ်ဆုတဝက်လောက်ပဲ ရှိမယ်။ ကြောင်၊ ခွေးတွေမြင်တိုင်း မိုချီနဲ့နတ်ဆုကို သတိရတယ်။ အိမ်ပြန်လာတိုင်း အပြေးလေး ကြိုတတ်တဲ့၊ မနာလိုတတ်တဲ့၊ လူတိုင်းကိုချစ်တဲ့၊ မီးရှုးမီးပန်းဖောက်သံကို အရမ်းကြောက်တဲ့ နတ်ဆု။ တံခါးကို ကုတ်ခြစ်ပြီး တံခါးဖွင့်ခိုင်းတဲ့၊ ခါးပေါ်တက်အိပ်တတ်တဲ့၊ သူ့ဘာသာ တံခါးဖွင့်တတ်ပေးမဲ့ ချွှဲနွှဲ့ပြီး တံခါးဖွင့်ခိုင်းတတ်တဲ့၊ ခေါင်းပုတ်လိုက်ရင် ဘုကြည့်ကြည့်တတ်တဲ့ မိုချီ။ တခါတုန်းက ပန်ဒါအနီတကောင် တိရစ္ဆာန်ရုံကနေ ပျောက်သွားလို့ တွေ့ရင်အကြောင်းကြားပါလို့ မြို့သူမြို့သားတွေကို အသိပေးတယ်။

အိမ်တအိမ်ရဲ့နောက်မှာတွေ့တယ်လို့ သတင်းပို့လို့ တိရစ္ဆာန်ထိန်းသိမ်းရေးက လာဖမ်းပြီး တိရစ္ဆာန်ရုံ ပို့လိုက်တယ်။ ကလေးကသိတာ ပန်ဒါအနီမှန်း တိရစ္ဆာန်ရုံကို သွားတုန်းက သိခဲ့တာတဲ့။ တိရစ္ဆာန်ရုံအဝင်ဝက အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ကြည့်နေတုန်း ကလေးတွန်းလှည်းလေးနဲ့ ကရင်တရုတ်ပုံစံပေါက်တဲ့ အစ်မကြီးက မြန်မာလားတဲ့ လာမေးတယ်။ ဟမ် ... မြန်မာမှန်း ဘယ်လိုသိတာလဲလို့ အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းကိုမေးတော့ မြန်မာစကားပြောနေလို့တဲ့။ နယူးယောက်ကလာတာ ဂရိတ်စမုတ်ကီတောင်ဖက် တိုးကားနဲ့လည်တာ ဒီနေ့ နယူးယောက် ပြန်တော့မယ်။ ဒီမှာ မြန်မာတွေရှိလား ရှိတယ် အများကြီးပဲ နယူးယောက်ကို လာလည်လေအစ်မ။ မြန်မာမှန်းသိလို့ ဝမ်းသာအားရ နှုတ်ဆက်တာ နယ်ဖက်ကမို့လို့ နယူးယောက်၊ နယူးဂျာဆီဖက်က မြန်မာတွေက ဟိတ်ဟန်ကြီးတယ်။ နယူးယောက်ကို ၃၃၆ မိုင်ဝေးပြီး အပြန်လမ်းမှာ ဗာဂျီးနီးယားပြည်နယ်က Natural Bridge အမျိုးသားဥယျာဉ်ကို ဝင်လည်တယ်။ သမိုင်းဝင်နေရာတခုဖြစ်ပြီး Ceder စမ်းချောင်းလေးပေါ်မှာ ပေ ၉၀ ရှည်တဲ့ ကျောက်သားတံတားလေး ပေ ၂၀၀ အမြင့်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတယ်။ သစ်ပင်တွေ နေပြောက်မထိုးနေအောင် စိမ်းညှို့နေပြီး ကျေးငှက်အော်သံတွေလည်း ကြားရပြီး စမ်းရေစီးသံ တသွင်သွင်နဲ့ စီဒါစမ်းချောင်းဘေးမှာ လမ်းလျှောက်ရတာ အင်မတန် စိတ်အေးချမ်းစရာပဲ။ ကိုယ်သာ မေရီလန်းမှာနေခဲ့ရင် အပတ်တိုင်း ဒီကိုလာပြီး လမ်းလျှောက်မှာ (ပြောတာပဲ) ။ တိုးဂိုက်က ဟိုဘက်ကျောက်တောင်ကို လက်ညှိုးထိုးပြပြီး စတုရန်းပုံထွင်းထားတာ မြင်လား။ အဲဒါ အမေရိကန်နိုင်ငံရဲ့ဖခင်ကြီး ဂျော့ဝါရှင်တန် သူ့နာမည်အတိုကောက်ကို ထွင်းထားတဲ့နေရာ။ အဲဒီ့မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။

ရှားပါးတဲ့ ပန်ဒါအနီရောင်

ဟင် .. ဟုတ်လား အဲ့ဒါဆို ကိုယ်ဆုတောင်းရင် ပြည့်မှာလား။ ဆုတောင်းပြည့်မှာ အသေအချာပဲ ဆုတောင်းလေ။ အဲဒီအချိန်တုန်းက ကိုယ်အလိုချင်ဆုံး ဆုတစ်ခုကို သေသေချာချာ လေးလေးနက်နက် ဆုတောင်းခဲ့တယ်။ ကိုယ် ဘာဆုတောင်းခဲ့တယ်လို့ ထင်လဲ ...  ခန့်မှန်းကြည့်ပါလား မှန်ရင် တစ်ဆင့်ကြီးများတောင် ဆုချမယ် :P ။ လမ်းလျှောက်လို့ကောင်းကောင်းနဲ့ လျှောက်နေတာ အဆုံးထိလျှောက်လို့ မဖြစ်သေးဘူး။ ပေးထားတဲ့အချိန်နဲ့ လမ်းပြန်လျှောက်ရမဲ့အချိန်နဲ့ တွက်ချက်ပြီး ပြန်ခဲ့ရတယ်။ တကယ်လို့သာ အချိန်ရှိမယ်ဆိုရင် အေးအေးလူလူ လမ်းလျှောက်လိုက် နားလိုက် ဓာတ်ပုံတွေရိုက်လိုက်နဲ့တနေကုန် အေးအေးဆေးဆေး အနားယူအပန်းဖြေချင်တာ။ တောင်ကုန်းကို ပြန်တက်တော့ အယ်မလေး ဟိုက်နေအောင် တက်ရတယ်။ တောင်ကုန်းမတက်နိုင်တဲ့သူတွေအတွက် ဂေါက်ကွင်းတွေမှာတွေ့ရတဲ့ ကားလေးနဲ့ သယ်ပေးတယ်။ ကားနဲ့သယ်ပေးမှာကို မစောင့်နိုင့်တော့ဘူး လမ်းလျှောက်တက်တော့မယ်။ အဖေနဲ့အမေလည်း နားလိုက်တက်လိုက် လူငယ်တွေတောင် ဟိုက်နေအောင် တက်ရတယ်။ မြန်မာအုပ်စုထဲက ကောင်လေးက ပေးထားတဲ့အချိန်စေ့နေပြီမို့လို့ အပြေးတက်လာတယ် ဟောဟဲနဲ့။ အချိန်စေ့နေပေမဲ့ လူမည်းအန်တီ ၃ ယောက် မရောက်သေးလို့ စောင့်နေရသေးတယ်။ တောင်ကုန်းထိပ်ကို မတက်နိုင်လို့ ဖယ်ရီကားစောင့်နေတာတဲ့။ ကိုယ်သွားဖူးသမျှ တိုးဂိုက်တွေထဲမှာ ဒီတိုးဂိုက်က စိတ်အရှည်ဆုံး၊ အင်္ဂလိပ်လို၊ တရုတ်လို အတူတူ ရှင်းပြနိုင်ဆုံး။ တိုးဂိုက်ခ၊ ကားဒရိုင်ဘာခ တနေ့ ၈ ကျပ်၊ ၄ ရက်ဆိုတော့ တယောက် ၃၂ ကျပ် မဖြစ်မနေ ပေးရတယ်။ တိုးဂိုက်တွေရဲ့  ဝန်ဆောင်မူကို သိပ်မကြိုက်လို့ သတ်မှတ်ထားတာထက် ဘယ်တော့မှပိုမပေး တစ်ဖ်မပေးတဲ့ကိုယ် ဒီတခါတော့ တိုးဂိုက်ကို သဘောကျလို့ တစ်ဖ်ပေးလိုက်တယ်။

ဒီလိုနဲ့ မရည်ရွယ်ဘဲ သွားဖြစ်တဲ့ ဂျူလှိုင် ၄ လေးရက်ခရီး ပြီးပါပြီ။ ကိုယ်ရဲ့ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ဓာတ်ပုံတွေကို မြင်ဖူးလို့ အဖေက ချယ်ရီပွဲတော်ချိန် စတိတ်ကို လာလည်ချင်တယ်။ ချယ်ရီပွဲတော် ကျင်းပတဲ့ ဧပြီလက အဖေ အလုပ်များတဲ့အချိန်ဆိုတော့ စတိတ်ကို ဇွှန်၊ ဂျူလှိုင်မှာပဲ လာဖြစ်တယ်။ အဖေနဲ့အမေ ဝါရှင်တန်ဒီစီက ကယ်ပီတယ်အဆောက်အဦးကို အဝေးကနေပဲ မြင်ဖူးပြီး အထဲကိုမရောက်ဖူးလို့ ရောက်ဖူးအောင် တကူးတက လိုက်ပို့ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီခရီးကတော့ တိုးကားနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာစီစဉ်ပြီး သွားတာပါ။ အဲ့ဒီအကြောင့်း နောက်ပို့စ်မှပဲ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၂၄၊ ၂၀၁၈။

ဂျော့ဝါရှင်တန် သူ့နာမည်အတိုကောက်ကို ထွင်းထားတဲ့နေရာ စတုရန်းပုံလေးနဲ့ ပြထားတယ်

21 January 2018

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၃

တတိယနေ့ သွားရောက်လည်ပတ်မဲ့ နေရာကတော့ တန်နက်ဆီပြည်နယ် ချန်တန်နူကာ Chattanooga မြို့နားမှာရှိတဲ့ Rully Falls ၊ Lookout Mountain ၊ Lookout Mountain Incline Railway ၊ Knoxville တိရစ္ဆာန်ရုံ။ ရူဘီရေတံခွန်က မနက် ၇ နာရီလောက်မှ ဖွင့်ပေမဲ့ တန်းစီတာကို မစောင့်ရလေအောင် တိုးဂိုက်က အမျိုးသားဥယျာဉ်ဝန်ထမ်းကို အကူအညီတောင်းပြီး မနက် ၆ နာရီခွဲ ဖွင့်ခိုင်းတယ်။ မြေအောက်ကို အတော်နက်နက်ကြီးအထိ ဓာတ်လှေကားနဲ့ဆင်းပြီး မြေအောက်လှိုဏ်ခေါင်းကနေ ၁၅၊ ၂၀ မိနစ်လောက် လျှောက်ရတယ်။ မြေကြီးထဲဆိုတော့ အေးစိမ့်နေတာပဲ မီးတွေထွန်းထားလို့ လင်းထိန်နေတယ်။ လှိုဏ်ခေါင်းထဲမှာ အမိုးလွတ်ပေမဲ့ စိတ်ထဲမလွတ်ဘူးထင်ပြီး ခေါင်းကိုထိမိမှာ စိုးရိမ်လို့ ခေါင်းကိုငုံ့ပြီး လမ်းလျှောက်တယ်။ ၁၉၂၀ ရထားလမ်းအတွက် ရှာဖွေရာကနေ ဒီမြေအောက်ရေတံခွန်ကို ရှာဖွေတွေ့ရှိသွားတယ်။ ပတ္တမြားတွေတွေ့လို့ ရူဘီရေတံခွန်လို့ နာမည်ပေးတာမဟုတ်ပါဘူး။ ရှာဖွေတွေ့ရှိသူက သူ့မိန်းမကို ခေါ်ပြပြီး ဒီရေတံခွန်ကို သူ့မိန်းမနာမည်ပေးမယ်လို့ ပြောရာကနေ ရူဘီရေတံခွန် အမည်တွင်ခဲ့ပါတယ်။ ၁၄၅ ပေအမြင့်ရှိတဲ့ ရေတံခွန်ကရေတွေဟာ ဘယ်မှာမြစ်ဖျားခံပြီး ဘယ်ကိုစီးဆင်းသွားမှန်း ဘယ်သူမှမသိဘူး။ Are you ready လားလို့ အမျိုးသားဥယျာဉ်ဝန်ထမ်းကမေးတော့ အားလုံးက ရယ်ဒီလို့ ပြန်ဖြေကြတယ်။ အမျိုးသားဥယျာဉ်ဝန်ထမ်းက မီးခလုတ်ကို နှိပ်လိုက်တဲ့အခါ မီးရောင်စုံစလိုက်တွေ လင်းထိန်လာပြီး အင်မတန်လှတဲ့ ရူဘီရေတံခွန်ကြီးကို တွေ့လိုက်ရတော့တာပဲ။ ၁၅ မိနစ်လောက် ဓာတ်ပုံတွေ ရိုက်ပြီးတော့ ပြန်ကြတဲ့အခါ နောက်မှရောက်လာတဲ့ တိုးကားကလူတွေက လှိုဏ်ခေါင်းကျဉ်းကျဉ်းလမ်းလေးမှာ ဘေးကိုကပ်ပြီး ကိုယ်တို့ကို လမ်းဖယ်ပေးကာ စောင့်ရတယ်။ တိုးဂိုက်က တွေ့လား တခြားတိုးကားကလူတွေ စောင့်ရတယ် အဲဒီလိုမစောင့်ရအောင်လို့ မနက်အစောကြီး ပထမဆုံးရောက်အောင် လာတာ။

တရုတ်တိုးဂိုက်အများစုက အင်္ဂလိပ်လို နည်းနည်းပဲပြောပြီး တရုတ်လို များများပြောတယ်။ ဒီတိုးဂိုက်ကတော့ အင်္ဂလိပ်လို၊ တရုတ်လို အတူတူပြောတယ်။ ခရီးသည်တွေကို ဂရုစိုက်တယ် စိတ်ရင်းနဲ့ကူညီဆောင်ရွက်ပေးတယ်လို့ ခံစားမိတယ်။ အမျိုးသားဥယျာဉ်ဝန်ထမ်းကို တစ်ဖ် ၁ ကျပ် ၂ ကျပ် ပေးပါလို့ မှာကြားတယ်။ မြန်မာကောင်မလေးတွေက အစ်မ အဖေနဲ့အမေ ခရီးသွားရင် အိမ်သာအဆင်ပြေလား။ တိုးဘတ်စ်ကားတွေက ၂ နာရီခွဲ၊  ၃ နာရီတခါ rest area တွေမှာ အိမ်သာအတွက် ရပ်ပေးတော့ အဆင်ပြေပါတယ်။ ရေနည်းနည်းလျှော့သောက်၊ အောင့်ထားရတာတို့တော့ ရှိတာပေါ့။ သူတို့မိဘတွေကို ခရီးသွားဖို့ခေါ်ချင်တာ အိမ်သာကိစ္စ အဆင်မပြေလို့ မခေါ်ဘူးတဲ့။ ခရီးသွားဖို့ဆိုတာ အစားအသောက် အခက်အခဲအပြင် အိမ်သာအခက်အခဲကလည်း ရှိသေးတယ်။ ဆူနမ်ဆို ရောက်တဲ့နေရာ ရှုးပေါက်တယ် သူ့အတွက် အိမ်သာအမြဲ ရှာပေးရတယ်။ ၂၀၁၄ ဘွဲ့ယူဖို့ ဆူနမ့်မိဘတွေလာတော့ Grand Canyon ဖက်ကို တရုတ်တိုးကားနဲ့ လိုက်ပို့တယ်။ rest area ရောက်ဖို့ ၃ နာရီလောက် ကြာသွားတော့ ဆူနမ်ခမျာ ရှုးပေါက်ချင်တာကို အတင်းအောင့်အင်း rest area ရောက်တော့ သူကနောက်ဆုံးခုံမှာ။ ရှေ့ကခုံတွေ အရင်ထွက်ပြီးမှ ထွက်ရတာမို့ နောက်ဆုံးခုံဆိုတော့ နောက်ဆုံးမှထွက်ရမယ်။ အဲဒီအချိန်လောက်ထိ မစောင့်နိုင်ဘူး မဖြစ်ချေဘူး Excuse me ဆိုပြီး အတင်းကျော်ခွထွက်ကာ အိမ်သာပြေးရတယ်လို့ပြောတော့ ရယ်လိုက်ရတာ။ ကိုယ်သာ သူ့နေရာမှာဆိုရင် ရယ်နိုင်မယ်မထင်။ တရုတ်တိုးဂိုက် ပြောနေတာတွေ နားမလည်ဘူး အတော့်ကိုကြိုးစား နားထောင်ရတယ်။ အင်္ဂလိပ်လိုပြောတာနည်းနည်း တရုတ်လိုပြောတာများများ နောက်နောင်တရုတ်တိုးကား မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်တဲ့။ ကိုယ်က ကားမမောင်းချင်တဲ့သူ ဝိုင်းက ကားမမောင်းတတ်တဲ့သူဆိုတော့ တရုတ်တိုးကားနဲ့မှ ခရီးမထွက်ရင် ခရီးထွက်ဖို့ဆိုတာ မလွယ်ကူတော့ တရုတ်တိုးကားတွေနဲ့ပဲ ခရီးထွက်ဖြစ်တယ်။



နောက်သွားရောက်တဲ့နေရာကတော့ တန်နက်ဆီပြည်နယ်နဲ့ ဂျော်ဂျာပြည်နယ်ကြားက lookout တောင်။ ဂျော်ဂျာပြည်နယ် အတက်လန်တာမြို့ဆိုတာနဲ့ လေရူးသုန်သုန်ဝထ္ထုထဲက စကားလက်အိုဟာရာရဲ့ မြိုင်သာယာစံအိမ်ရှိတဲ့နေရာကို ပြေးမြင်မိတယ်။ သူများတွေက စကားလက်ကို မကောင်းတဲ့မိန်းမလို့ မြင်ပေမဲ့ ကိုယ်ကတော့ ထက်မြက်တဲ့၊ တကိုယ်ကောင်းဆန်တဲ့၊ မိသားစုကိုချစ်တဲ့၊ အားမာန်ရှိတဲ့ မိန်းမလို့မြင်တယ်။ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်တုန်းက ဘရဲ့အင်္ဂလိပ်နာမည်က ဂျူလီယာ။ တရုတ်နာမည် ခေါ်ရခက်လို့ တရုတ်တွေလည်း အင်္ဂလိပ်နာမည် မှည့်ကြတယ်။ ကိုယ်လည်း အားကျမခံ ခပ်တည်တည်နဲ့ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်နာမည်ပေးထားတယ် စကားလက်။ အစ်ကိုကြီးတယောက်က ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟက်ဆန်လားတဲ့ ဟင့်အင်း စကားလက်အိုဟာရာလို့ဖြေတော့ ဘေးမှာရပ်နေတဲ့ ညီမလေးက အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ လေရူးသုန်သုန်ထဲက စကားလက်အိုဟာရာလားတဲ့။ နောက်တော့ စကားလည်း မလက်ရလိုက်ပါဘူး အသံထွက်ရလွယ် မှတ်မိလွယ်တဲ့ စန်းစန်းလို့ပဲ ခေါ်ကြတော့တာပဲ။ lookout တောင်က အမေရိကန်ပြည်တွင်းစစ်တုန်းက ထင်ရှားတဲ့နေရာတခု။ ကျောက်ဆောင်အမြင့်ကြီးတွေကြား ကြိုးတံတားလေးတွေပေါ်မှာ လမ်းလျှောက်ရတာ အသည်းယားစရာ။ ဘေးနားကသစ်ပင်တွေပေါ်မှာ၊ ကျောက်သားလမ်းတွေမှာ ခြယ်ထားတဲ့ အဝါရောင် trail လမ်း အမှတ်အသားအတိုင်း လျှောက်ရတယ်။ အမေရိကန်တွေက အမျိုးသားဥယျာဉ်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်တော်တယ်။ ကျောက်ဆောင်ဘေးကနေ ရေတံခွန်ဖြာကျနေတာ အင်မတန်လှတာပဲ။ တောင်ပေါ်ကနေကြည့်ရင် တိမ်တွေအပေါ် ရောက်နေသလို ခံစားရတယ်။ စိမ်းညှို့နေတဲ့ သစ်ပင်စိမ်းစိမ်းတွေပေါ်ကနေ တိမ်ဖြူဖြူလွလွလေးတွေ ပြေးလွှားနေကြတာ လှလိုက်တာ။ ကျိုက်ထီးရိုးတောင်ပေါ် ရောက်နေသလို။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒီလိုမြင်ကွင်းမျိုး မြင်ခဲ့ဖူးပါတယ်။

၂၀၀၂ ကျောင်းလေ့လာရေးခရီးစဉ် ပုဂံ၊ ပုပ္ဗားဖက်ကို ခရီးထွက်တော့ ပုပ္ဗားတောင်မကြီး တက်မလား၊ တောင်ကလပ်တက်မလား။ တောင်ကလပ်က နောင်တခါလာရင် တက်လို့ရတယ် တောင်မကြီးက တက်ဖို့ခက်တယ်ဆိုပြီး တောင်မကြီးတက်ဖို့ ရွေးလိုက်တယ်။ မနက်အစောကြီးကတည်းက တက်လိုက်တာ ညနေစောင်းမှ ပြန်ရောက်တယ်။ အတက်ကို ၄ နာရီကြာပြီး အဆင်း ၁ နာရီကြာတယ်။ တောင်တက်နေတုန်း တဝက်လောက်ရောက်တော့ တိမ်တွေက ကိုယ်တို့ကို ပွတ်တိုက်သွားတယ်။ တောင်ထိပ်ကို လေးဖက်ထောက်တက်ရပြီး တောင်ထိပ်ရောက်တော့ တိမ်တွေက ကိုယ်တို့အောက်မှာ။ စိမ်းညှို့နေတဲ့ သစ်ပင်တွေပေါ်မှာ ခြုံသိုင်းနေတဲ့ တိမ်ဖြူဖြူလွလွလေးတွေ လှလိုက်တာ။ တိမ်တွေ ရွေ့လျားနေတာကိုကြည့်ပြီး ကိုယ်ပါယိမ်းနွဲ့လိုက်ပါသွားချင်သလို။ အမြင့်ဆုံးတောင်ထိပ်ကနေ မြင်လိုက်ရတဲ့ရှုခင်းကြောင့် ပင်ပန်းနွမ်းနယ်တာတွေ ပျောက်သွားသလို ခံစားရတယ်။ ကိုယ်၊ ဝေ၊ အိကေ ကိုယ်တို့သုံးယောက် တောင်မကြီးကို ပထမဆုံးရောက်တဲ့ မိန်းကလေးအဖွဲ့။ ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီတောင် တက်မယ်လို့ မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အသင်းက ကြေငြာတော့ စိတ်ဝင်စားလို့ စုံစမ်းကြည့်လိုက်တော့  ကိုယ့်အထုပ်ကိုယ်ထမ်းရမယ်ဆိုတာနဲ့ လက်လျှော့လိုက်တော့တယ်။ lookout တောင်ကနေ ပြည်နယ် ၇ ခုကို မြင်ရတယ်တဲ့။ အပင်မျိုးစုံ သေသေချာချာ စိုက်ပျိုးထားတယ်။ တနေရာမှာ လူတွေရပ်နေတော့ ဘာလဲလို့မေးကြည့်တော့ မြွေသေးသေးလေးတဲ့။ လှိုက်ဂူထဲမှာ ကလေးတွေအတွက် အရုပ်တွေကို မီးထွန်းပေးထားတယ်။ Lookout Mountain Incline Railway နဲ့က သိပ်မဝေးဘူး။ တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီး ပထမတစီးမှာ လူ ၅ ယောက်ဝင်စီးလို့ရပေမဲ့ တိုးဂိုက်က ခရီးသည်အကုန်လုံးပါအောင် နောက်တစီးစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် မိနစ် ၃၀ စောင့်ရတယ်။ ၁၈၉၅ ကတည်းက ပြေးဆွဲခဲ့တဲ့ရထား ၁၉၁၁ မှာ အင်ဂျင်နည်းနည်းပြင်တာကလွဲရင် ဘာဆိုဘာမှ မပြောင်းလဲတဲ့ရထား။ ၇၂.၇ ရာခိုင်နှုန်းလောက် မတ်စောက်ပြီး ၁ မိုင်ရှည်တယ်။ ကမ္ဘာမှာအမတ်စောက်ဆုံးထရမ်ဆိုလို့ အမေ့ကို ပြတင်းပေါက်နားထိုင်ခိုင်း ကိုယ်က လူသွားလမ်းဖက်ထိုင်တယ်။


တအားကြီး မတ်စောက်တယ်လို့ မထင်ရဘူး ရင်တောင်သိမ့်ခနဲ  မတုန်သွားဘူး အဆင်းမို့လို့နဲ့ တူပါရဲ့။ ၂၀၁၀ မတ်လ ဟောင်ကောင်မှာ ဗစ်တိုးရီးယားတောင်ထိပ်ကို Peak ထရမ်စီးတုန်းကမှ တော်တော်မတ်မတ်ကြီးလို့ ခံစားရပြီး ရင်တွေတောင် သိမ့်ခနဲတုန်တယ်။ ဗစ်တိုးရီးယားတောင်ထိပ်ကို ကားနဲ့လည်းတက်လို့ရတယ် ထရမ်နဲ့တာ အတွေ့အကြုံတမျိုး။ ဗစ်တိုးရီးယားတောင်ထိပ်ကနေ ဟောင်ကောင်ကျွှန်းမကြီး၊ ကုန်လုန်ကျွှန်းတွေ မြင်ရတဲ့ရှုခင်း အင်မတန်လှတယ်။ နောက်ဆုံးသွားရောက်လည်မယ်လို့ မှန်းထားတဲ့ တိရစ္ဆာန်ရုံက ငါးနာရီဆိုပိတ်ပြီ ခု လေးနာရီ။ သွားလည်း အကျိုးမရှိဘူး နောက်နေ့မှသွားမယ်လို့ တိုးဂိုက်က ဆုံးဖြတ်လိုက်တယ်။ တိုးခရီးစဉ်နောက်ဆုံးနေ့ ဘယ်ကိုသွားလည်ကြသလဲဆိုတာ နောက်ဆုံးအပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇန်နဝါရီ ၂၁၊ ၂၀၁၈။

17 January 2018

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၂

ပထမနေ့ ဗာဂျီးနီးယားပြည်နယ်ကနေ တန်နက်ဆီပြည်နယ်ကိုရောက်လို့ rest area မှာ အိမ်သာအတွက် ကားရပ်နားလို့ ကားပေါ်ကဆင်းလိုက်တာနဲ့ ကြီးမားတဲ့ဂီတာကြီးကို တွေ့လိုက်ရတယ်။ သြော် ... တန်နက်ဆီပြည်နယ်ဆိုတာ ကျေးလက်ဂီတ ထွန်းကားတဲ့ပြည်နယ်ပဲ။ တန်နက်ဆီပြည်နယ် Nashville  မြို့လေးက ကျေးလက်အဆိုတော်တွေ မွေးထုတ်ပေးတဲ့မြို့လေး။ ဒုတိယနေ့ သွားရောက်တဲ့နေရာကတော့ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီအမျိုးသားဥယျာဉ်။ ဧကငါးသိန်းကျော် ကျယ်ဝန်းပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် သတ်မှတ်ထားတဲ့နေရာ၊ အမေရိကန်မှာ လာရောက်လည်ပတ်သူ အများဆုံးရှိတဲ့ အမျိုးသားဥယျာဉ်။ ၂၀၁၃ မေ ၂၇ မန်မိုရီယမ်ဒေးပိတ်ရက် ဆူနမ်တို့နဲ့ ဂရိတ်စမုတ်ကီတောင်ဖက် ကမ့်ပင်းထွက်ပြီး မြင်းစီးဖူးတယ်။ ပထမဆုံးကမ့်ပင်းထွက်တာ မိုးရွာနေလို့ မီးဖိုလို့မရတော့ စာရွက်နဲ့ယပ်တောင်လုပ် ပါးစပ်နဲ့ဖူးဖူးမှုတ်ပြီး မီးဖိုကာ ကြက်တောင်ပံကိုကင်။ စားဖူးသမျှထဲမှာ အရသာအရှိဆုံး smoky မီးခိုးနံ့အသင်းဆုံးကြက်ကင် ရေနွေးတွေကပါ မီးခိုးနံ့စွဲလို့ ကော်ဖီမှာတာင် မီးခိုးနံ့ရတယ်။ အင်္ကီျတွေမှာလည်း မီးခိုးနံ့စွဲလို့ စမုတ်ကီတောင်မှာ စမုတ်ကီကြက်ကင်စာပြီး စမုတ်ကီကော်ဖီသောက် လူတွေလည်း စမုတ်ကီကိုဖြစ်လို့ဆိုပြီး ရယ်လိုက်ရတာ။ တသက်နဲ့တကိုယ် ပထမဆုံးအကြိမ်အဖြစ် စမုတ်ကီတောင်မှာ မြင်းစီးဖူးတယ် အင်မတန် ပျော်စရာကောင်းတာပဲ။ ပြီးတော့ ကိုယ်လက်တွေ နာလိုက်တာ။ စမုတ်ကီအမျိုးသားဥယျာဉ်မှာ သစ်တောသစ်အုပ်တွေ စိမ်းညှို့နေပြီး ကမ့်ပင်းထွက်တဲ့သူ၊ တောင်တက်တဲ့သူ၊ ဆိုင်ကယ်အကြီးကြီးတွေ စီးလည်တဲ့သူနဲ့ အင်မတန်စည်ကားတယ်။ Gatlinburg မြို့လေးဆို ဂရိတ်စမုတ်ကီတောင်တွေ ကြားထဲမှာရှိနေတဲ့ မြို့သေးသေးလေး။ ဒါပေမဲ့ ဆိုင်ခန်းမျိုးစုံ တိုးရစ်တွေနဲ့ အင်မတန်စည်ကားတယ်။

ဆောင်းဦးရာသီဆိုရင် ဂရိတ်စမုတ်ကီတတောတတောင်လုံး သစ်ရွက်တွေ အရောင်ပြောင်းပြီး အင်မတန်လှမှာ။ ဆောင်းဦးရွက်ကြွေချိန် ဂရိတ်စမုတ်ကီတောင်ဖက် သွားလည်ချင်သေးတယ်။ Gatlinburg မြို့က ထရမ်စီးဖို့ အချိန် ၂ နာရီပေးတယ်။ မိနစ် ၂၀ မှ တစီးရှိတော့ တိုးဂိုက်က တောင်ပေါ်ကိုအရင်တက် တောင်ပေါ်ကဆိုင်တွေမှာ ပေါ့ပါ့ပါးပါး နေ့လည်စာစား ညနေ Dixie Stampede ပွဲမှာ တောင်ပိုင်းစတိုင် အဝတီးရမှာ တိုးကားဆီအချိန်မှီလာရောက်ဖို့ မှာကြားတယ်။ ထရမ်စီးဖို့ တန်းစီနေတဲ့ လူတန်းကအရှည်ကြီး အသွားတစီး အပြန်တစီးဆိုပေမဲ့လည်း စောင့်ရတာပါပဲ။ ထရမ်တစီး လူအယောက် ၅၀ လောက်ဆန့်တယ်။ တောင်ပေါ်ကို မတ်မတ်ကြီးတပ်သွားတာ အင်မတန်အသည်းယားစရာကောင်းတယ်။ ထရမ်စီးရင်း မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ် အဲ့ဒီတောင်က အမြင့်ဆုံးတဲ့။ တောမီးလောင်ထားတာတွေ မြင်ရတယ် တောင်စောင်းလေးမှာ ဆောက်ထားတဲ့ အိမ်လှလှလေးတွေ မြင်ရတော့ အငြိမ်းစားယူရင် အဲ့ဒီလိုနေရာမျိုးမှာ နေချင်တယ်လို့ပြောရင် ဝိုင်းကပြောမှာ တောင်ပေါ်မှာ ဘာမှလုပ်စရာမရှိဘူး ပျင်းစရာကြီး အသက်ကြီးရင် မြို့ထဲမှာနေရမှာလို့။ စီးဖူးသမျှ ထရမ်၊ ကေဘယ်ကားထဲမှာ (၄ ခုလောက်ပဲ စီးဖူးတာပါ) ၂၀၁၀ မတ်လ ဟောင်ကောင်လေဆိပ်နားကနေ giant buddha ရှိတဲ့ lantau လန်ထောင်ကျွှန်းဆီ ကောင်းကင်ကေဘယ်စီးရတာကို အမှတ်တရအဖြစ်ဆုံးပဲ။ ပင်လယ်ပြာပြာ၊ စိမ်းညှို့ညှို့တောင်တွေကို ဖြတ်ကျော်လို့ အောက်ခြေက  တောလမ်းလေးမှာ လူတွေသွားလာနေတာကို မြင်ရပြီး ကျွှန်းတွေကို ဖြတ်ကျော်သွားတာ အင်မတန်လှတာပဲ။ ဟောင်ကောင်ရောက်ရင် လန်ထောင်အိုင်လန် ကောင်းကင်ကေဘယ်ကား စီးဖြစ်အောင်စီးကြည့်ပါ။

အဲဒီကေဘယ်ကားလေး စီးချင်တာ တနာရီအချိန်ပေးရမယ်ဆိုလို့ မစီးခဲ့ရဘူး ...

တောင်ထိပ်ရောက်တော့ စားသောက်ဆိုင်၊ စကိတ်ကွင်း၊ ကေဘယ်ကားလေးတွေ တွေ့တယ်။ နေ့လည်စာစားဖို့ တပတ်ပတ်ကြည့်တော့ မက်ဆီကန်ဆိုင်နဲ့ ပီဇာဆိုင်တွေ့တယ် ပီဇာစားဖို့ရွေးလိုက်တယ်။အဖေနဲ့အမေက ပီဇာမကြိုက်ဘူး တောင်ပေါ်ကို တပတ်ပတ်ကြည့် ကေဘယ်ကားစီးဖို့ မေးကြည့်တော့ တနာရီလောက် အချိန်ပေးရမှာဆိုတော့ မစီးဖြစ်တော့ဘူး။ တောင်အောက်ကိုဆင်းဖို့ တန်းစီကြတော့ ရှေ့ကမိသားစုက ယောကျာ်းက အမေရိကန်၊ မိန်းမက မီးသွေးခဲလို နက်မှောင်နေတဲ့ အသားအရည်ကိုကြည့်ပြီး ခပ်ချောချော အိန္ဒိယတောင်ပိုင်းသူလို့ ခန့်မှန်းတယ်။ တန်းစီတဲ့နေရာကို ဘားတန်းလေးတွေချထားပြီး ကွေ့ကွေ့ကောက်ကောက် လုပ်ထားတာကို ကုလားမရဲ့မိဘတွေက အတန်းအလိုက်မလိုက်ဘဲ တန်းအောက်ကနေ ဝင်ပြီးကျော်ဖြတ်နေတာကို အမေရိကန်ယောကျာ်းရဲ့အဖေက နောက်မှာတန်းစီနေတဲ့ ကိုယ်တို့ကို ကလေးတွေ လုပ်သမျိုးနော်ဆိုပြီး အရှက်ပြေပြောနေလို့ ကိုယ့်တို့မှာ ပြုံးနေရသေးတယ်။ သူ့ခမည်းခမက်တွေ ကျော်ခွနေလို့ သူက ရှက်နေတာလို့ အဖေတို့ကို ရှင်းပြတော့ အဖေက ဒီအမေရိကန်ကောင် ကုလားမကိုယူတာ ညံ့တာပေါ့။ ကုလားမက အဖြူကောင်ကို ယူနိုင်တာ တော်တာပေါ့ အဖေရဲ့ဆိုပြီးပြန်ပြောတော့ ရယ်နေလေရဲ့။ အဲဒီကုလားမရဲ့ မောင်လား၊ ယောက်ဖလားမသိ ထိုင်ခုံနေရာရတဲ့ ကုလားလေးက အမေဒူးနာနေတာကို ရိပ်မိတော့ ထိုင်မလားလို့မေးလို့ အမေက ဘာသာပြန်ပေးတော့ ခေါင်းခါပြီးငြင်းတယ်။ ရတယ်တဲ့ ကျေးဇူးတင်ပါတယ် အမေက ကုလားတွေနဲ့မထိုင်ချင်ပါဘူးတဲ့။ တောင်အောင်မှာ ဘတ်စ်ကားစောင့်နေတုန်း မြန်မာအုပ်စုနဲ့ဆုံတော့ တိုးဂိုက်က မြန်မာမှန်း ဘယ်လိုသိတာလဲမသိဘူးလို့ပြောတော့ သူ့အချစ်ဆုံးသူငယ်ချင်းက မြန်မာတဲ့။

ကုလား ၃ ယောက် ထိုင်ခုံလတ်မှတ်ကို taketour ဆိုဒ်မှာဝယ်တာ ဘယ်လိုဖြစ်သွားလဲမသိဘူး ခုံနံပါတ်ထပ်နေလို့ တိုးဂိုက်က သူ့နေရာရှေ့ဆုံးခုံကို ပေးလိုက်ပြီး နောက်ဆုံးမှာ လာထိုင်ရတယ်။ အဲဒီကုလား ၃ ယောက် ဘယ်သွားသွား ပဲလှော်ထုပ်လေးကိုင်လို့။ သူတို့ပြောမှပဲ သတိထားကြည့်မိတယ် ဟုတ်ပါ့ ဘယ်သွားသွား ပဲလှော်ထုပ်ထည့်ထားတဲ့ ကျွပ်ကျွပ်အိပ်လေး တကိုင်ကိုင်နဲ့။ ကိုယ် ဓာတ်ပုံလျှောက်ရိုက်ပြီး ပြန်လာတော့ အဖေက မြန်မာအုပ်စုကို အသက်မေး၊ စတိတ်ရောက်တာ ကြာပြီလား၊ ဘာလုပ်နေလဲမေးနေလို့ အဖေ စတိတ်မှာ အသက်၊ အိမ်ထောင်ရှိမရှိ၊ လစာ မမေးရဘူး ရိုင်းတယ်လို့ ပြောထားတယ်လေ စပ်စုနေပြန်ပြီ။ အိုး ကိုယ့်မြန်မာအချင်းချင်းတွေပဲ ကိစ္စမရှိပါဘူး မြန်မာအချင်းချင်းလည်း မမေးရဘူး။ Gatlinburg ကနေ Pigeon Forge မြို့က သိပ်မဝေးဘူး နာရီဝက်လောက်တောင် မမောင်းရဘူး။ အဲ့ဒီမြို့လေးလည်း amusement park တွေနဲ့ အတော်စည်တယ်။ ဂေါ်ဇီလာဝက်ဝံပုံ ဓာတ်ပုံအကြီးကြီး ချိတ်ထားတဲ ဟိုတယ်တွေ့တော့ တကားလုံး ဓာတ်ပုံတွေရိုက်လိုက်ကြတာ။ နာမည်ကြီးကျေးလက်အဆိုတော် Dolly Parton ရဲ့ Dixie Stampede ပွဲမစခင် ကျေးလက်တေးဂီတနဲ့ ဖျော်ဖြေတယ်။ အမေရိကန်ဘင်ဂျိုပြိုင်ပွဲမှာ ပထမဆုရထားတဲ့သူ၊ တယော၊ ဆယ်လိုတီးပြီး တင်ဆက်တာ အင်မတန်နားထောင်ကောင်းတယ်။ Dolly Parton ကို ကိုယ်သိသွားတာ ၂၀၀၉၊ ၂၀၁၀ အမေရိကန်အိုင်ဒေါကြည့်တော့ ပြိ ုင်တဲ့သူတချို့ ဒေါ်လီပတ်တန်ရဲ့ Jolene သီချင်းဆိုလို့ ဂန္တဝင်ကျေးလက်အဆိုတော် ဒေါ်လီပတ်တန်ကို သိသွားတာ။ ဝိတ်တာမလေးတွေက ဟိုးရှေးခေတ်တုန်းက ဂါဝန်လေးတွေဝတ်ထားတယ်။ အဖေ ဘီယာသောက်မလားမေးတော့ ဟင့်အင်းတဲ့။ ပွဲစတော့ လတ်မှတ်ပြ သူတို့ညွှန်တဲ့နေရာကိုသွား Arena ခန်းမကြီးက အကျယ်ကြီး။ ကိုသက်ထွေးအဖေက ရှူးပေါက်ချင်လို့ အိမ်သာဘယ်မှာလဲတဲ့။


                                                


မီးကခပ်မှိန်မှိန်ဆိုတော့ အိမ်သာဘယ်မှာမှန်းမသိ လတ်မှတ်ပေါ်မှာ restroom လို့ ရေးပေးလိုက်ပြီး ဝိတ်တာကောင်လေးကို အဲဒီစာရွက်ပြလိုက် ညွန်ပေးလိမ့်မယ်။ ခုံနံပါတ်ဘယ်လောက်နော် အဖေ ခေါင်းညိတ်ပြီး ထွက်သွားတယ် ဝိတ်တာလေးကို မေးနေတာတွေ့တယ်။ အဖေက ခုံနံပါတ်မှတ်မိပါတယ် မသိရင် ဝိတ်တာကောင်လေးတွေကို မေးလိမ့်မယ်။ မတွေ့ရင် ဖုန်းဆက်လိမ့်မယ် စိတ်မပူပါဘူး။ ခဏနေတော့  သူ့အမှတ်အသားနဲ့အတူ အဖေ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတယ်။ အဖေက မှတ်သားထားတတ်တော့ လမ်းပျောက်သွားမှာတို့ နေရာမတွေ့မှာတို့ စိတ်ပူစရာမလိုဘူး။ အာလူးဖုတ်၊ ပြောင်းဖူး၊ ကြက်ကြော် တခုပြီးတခုလာချတယ်။ ခန်းမကြီးက အကြီးကြီး လူတထောင်လောက်ဆန့်တယ် နာမည်ကြီးပွဲမို့လို့ လတ်မှတ်တွေက sold out တဲ့။ မြင်း ၂ ကောင်ကို တပြိုင်တည်း စီးပြတယ်၊ မီးကွင်းတွေ ကျော်ပြတယ်၊ မြင်းကို အောက်ကနေ ဖက်တွယ်ပြီး စီးပြတယ်။ ပရိတ်သတ်ထဲက ကလေး ၂ ယောက်ကိုခေါ်ပြီး ကြက်တွေကို မောင်းခိုင်းတယ်။ ဝက်ဖြူလေးတွေ အပြေးပြိ င်တာ တကယ့်အပြေးသမားတွေ ပြေးကြသလိုပဲ အောင်မလေး ရယ်လိုက်ရတာ။ ရှေးတုန်းက မြင်းတွေနဲ့ ခရီးသွားကြတဲ့ပုံတွေ၊ တောင်ဖက်အသင်းနဲ့မြောက်ဖက်အသင်း ယှဉ်ပြိုင်ကြတာတွေ အင်မတန်ကြည့်လို့ကောင်းတယ်။ ကိုယ်တို့အခြမ်းကတောင်၊ ဟိုဖက်ခြမ်းကမြောက်ဆိုပြီး မြင်းစီးပြိုင်၊ ကြမ်းပြင်ကို ခြေထောက်တွေနဲ့ခပ်ပြင်းပြင်းနင်း၊ အလံကို ဘယ်ဖက်အစွန်ဆုံးကနေ ညာဖက်အစွန်ဆုံးအထိ ဘယ်ဖက်က မြန်မြန်လွှဲနိုင်သလဲ ပြိုင်ကြတယ်။

 နောက်ဆုံးမှာတော့ မြောက်၊ တောင်ဆိုတာမရှိပါဘူး၊ အားလုံးက အမေရိကန်တွေပါဆိုပြီး အမေရိကန်အလံတွေကိုင်ပြီး ဒေါ်လီပတ်တန်ရဲ့ သီချင်းကို ပိတ်သားပြင်မှာ တင်ဆက်ပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ် ဂျိုးငှက်ကလေးက ပျံဝဲသွားတာ အင်မတန်ကောင်းတာပဲ။ ပွဲချိန် ၁ နာရီခွဲ တချက်ကလေးမှ ပျင်းစရာမကောင်းဘူး။ ဈေးကြီးပေမဲ့ ညစာ၊ တင်ဆက်တာ ကောင်းမွန်တော့ တန်ပါပေတယ်၊ ဒါကြောင့်လည်း နာမည်ကြီးပါပေတယ်။ အစားအသောက်တွေ မကုန်ရင်ထည့်ဖို့အိတ်ကလေးတွေ လိုက်ပေးတော့ ပြန်သယ်တယ်။ ကိုယ့်ဘေးက အမေရိကန်ဆယ်ကျော်သက်လေး ကြက်ကင်တကောင်လုံးကုန်လို့ အဖေတို့မှာ အံ့သြလို့။ အဖေနဲ့အမေ ဘိုစာတွေကို မကြိုက်ပေမဲ့ ဗိုက်ပြည့်အောင်တော့ ကြိုးစားပြီးစားကြတယ်။ ခရီးသွားရင် အဖေက လက်ကေ့အိတ်၊ ပစ္စည်းတွေ သိမ်းဆည်းတဲ့တာဝန်ယူတယ်။ ပစ္စည်းတွေ ကျန်ခဲ့တာ ဘယ်တော့မှမရှိဘူး အဖေက စည်းစနစ်ရှိတယ် အချိန်တိကျတယ်။ ဗာမွန်ပြည်နယ်မှာနေတဲ့ မိုင်းဖန် ဗီယက်နမ်ကလွဲပြီး ဘယ်မှခရီးမသွားဘူး။ သူ့ယောကျ်ား မိသားစု၊ အမျိုးတွေက အပြင်စာမစားနိုင် အိမ်မှာပဲချက်ပြုတ်စားတဲ့သူတွေ။ မိုင်းဖန်က သူ့သမီးမွေးနေ့ကိုတောင် မကျင်းပဘူး။ ကျင်းပရင် သူ့ယောကျ်ားဖက်က မိသားစု၊ အမျိုးတွေ စားကြသောက်ကြ၊ ချက်ကြပြ ုတ်ကြ၊ ဆေးကြကြောကြ ပင်ပန်းလို့တဲ့။ ဒါဆို ဗီယက်နမ်ဆိုင်က ဝယ်‌ကျွှေးလိုက်ပေါ့လို့ အကြံပေးတော့ သူတို့တွေက ဆိုင်ကဟာကို မစားနိုင်ဘူး အိမ်ထမင်းအိမ်ဟင်းမှတဲ့။  အပြင်စာမစားနိုင်လို့ ခရီးဘယ်တော့မှ မထွက်ဘူး ဗီယက်နမ်ဆိုရင်တော့ အမြဲတမ်း yes တဲ့။ ကိုယ် ခရီးသွားတဲ့ဓာတ်ပုံတွေတွေ့ရင် အားကျတယ်၊ ခရီးသွားဖို့ကြိုးစားပေမဲ့ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။ ဘိုစာတွေ မကြိုက်ပေမဲ့ ဖြစ်ညှစ်ပြီးစား ကိုယ်လိုက်ပို့တဲ့ခရီးတွေကို ဘယ်တော့မှမငြင်း ခရီးသွားဖို့အမြဲတက်ကြွနေတဲ့ ခရီးတွေသွားချင်တဲ့ စိတ်တူကိုယ်တူ မိဘတွေရထားတာ ကိုယ် တကယ်ကံကောင်းတယ်။ တတိယနေ့မှာတော့ Ruby Falls ၊ တန်နက်စီ ၊ ဂျော်ဂျီယာပြည်နယ် အစပ်နားမှာရှိတဲ့ Lookout တောင်ကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇန်နဝါရီ ၁၇၊ ၂၀၁၈။