တရုတ်တိုးဂိုက်အများစုက အင်္ဂလိပ်လို နည်းနည်းပဲပြောပြီး တရုတ်လို များများပြောတယ်။ ဒီတိုးဂိုက်ကတော့ အင်္ဂလိပ်လို၊ တရုတ်လို အတူတူပြောတယ်။ ခရီးသည်တွေကို ဂရုစိုက်တယ် စိတ်ရင်းနဲ့ကူညီဆောင်ရွက်ပေးတယ်လို့ ခံစားမိတယ်။ အမျိုးသားဥယျာဉ်ဝန်ထမ်းကို တစ်ဖ် ၁ ကျပ် ၂ ကျပ် ပေးပါလို့ မှာကြားတယ်။ မြန်မာကောင်မလေးတွေက အစ်မ အဖေနဲ့အမေ ခရီးသွားရင် အိမ်သာအဆင်ပြေလား။ တိုးဘတ်စ်ကားတွေက ၂ နာရီခွဲ၊ ၃ နာရီတခါ rest area တွေမှာ အိမ်သာအတွက် ရပ်ပေးတော့ အဆင်ပြေပါတယ်။ ရေနည်းနည်းလျှော့သောက်၊ အောင့်ထားရတာတို့တော့ ရှိတာပေါ့။ သူတို့မိဘတွေကို ခရီးသွားဖို့ခေါ်ချင်တာ အိမ်သာကိစ္စ အဆင်မပြေလို့ မခေါ်ဘူးတဲ့။ ခရီးသွားဖို့ဆိုတာ အစားအသောက် အခက်အခဲအပြင် အိမ်သာအခက်အခဲကလည်း ရှိသေးတယ်။ ဆူနမ်ဆို ရောက်တဲ့နေရာ ရှုးပေါက်တယ် သူ့အတွက် အိမ်သာအမြဲ ရှာပေးရတယ်။ ၂၀၁၄ ဘွဲ့ယူဖို့ ဆူနမ့်မိဘတွေလာတော့ Grand Canyon ဖက်ကို တရုတ်တိုးကားနဲ့ လိုက်ပို့တယ်။ rest area ရောက်ဖို့ ၃ နာရီလောက် ကြာသွားတော့ ဆူနမ်ခမျာ ရှုးပေါက်ချင်တာကို အတင်းအောင့်အင်း rest area ရောက်တော့ သူကနောက်ဆုံးခုံမှာ။ ရှေ့ကခုံတွေ အရင်ထွက်ပြီးမှ ထွက်ရတာမို့ နောက်ဆုံးခုံဆိုတော့ နောက်ဆုံးမှထွက်ရမယ်။ အဲဒီအချိန်လောက်ထိ မစောင့်နိုင်ဘူး မဖြစ်ချေဘူး Excuse me ဆိုပြီး အတင်းကျော်ခွထွက်ကာ အိမ်သာပြေးရတယ်လို့ပြောတော့ ရယ်လိုက်ရတာ။ ကိုယ်သာ သူ့နေရာမှာဆိုရင် ရယ်နိုင်မယ်မထင်။ တရုတ်တိုးဂိုက် ပြောနေတာတွေ နားမလည်ဘူး အတော့်ကိုကြိုးစား နားထောင်ရတယ်။ အင်္ဂလိပ်လိုပြောတာနည်းနည်း တရုတ်လိုပြောတာများများ နောက်နောင်တရုတ်တိုးကား မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်တဲ့။ ကိုယ်က ကားမမောင်းချင်တဲ့သူ ဝိုင်းက ကားမမောင်းတတ်တဲ့သူဆိုတော့ တရုတ်တိုးကားနဲ့မှ ခရီးမထွက်ရင် ခရီးထွက်ဖို့ဆိုတာ မလွယ်ကူတော့ တရုတ်တိုးကားတွေနဲ့ပဲ ခရီးထွက်ဖြစ်တယ်။
နောက်သွားရောက်တဲ့နေရာကတော့ တန်နက်ဆီပြည်နယ်နဲ့ ဂျော်ဂျာပြည်နယ်ကြားက lookout တောင်။ ဂျော်ဂျာပြည်နယ် အတက်လန်တာမြို့ဆိုတာနဲ့ လေရူးသုန်သုန်ဝထ္ထုထဲက စကားလက်အိုဟာရာရဲ့ မြိုင်သာယာစံအိမ်ရှိတဲ့နေရာကို ပြေးမြင်မိတယ်။ သူများတွေက စကားလက်ကို မကောင်းတဲ့မိန်းမလို့ မြင်ပေမဲ့ ကိုယ်ကတော့ ထက်မြက်တဲ့၊ တကိုယ်ကောင်းဆန်တဲ့၊ မိသားစုကိုချစ်တဲ့၊ အားမာန်ရှိတဲ့ မိန်းမလို့မြင်တယ်။ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်တုန်းက ဘရဲ့အင်္ဂလိပ်နာမည်က ဂျူလီယာ။ တရုတ်နာမည် ခေါ်ရခက်လို့ တရုတ်တွေလည်း အင်္ဂလိပ်နာမည် မှည့်ကြတယ်။ ကိုယ်လည်း အားကျမခံ ခပ်တည်တည်နဲ့ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်နာမည်ပေးထားတယ် စကားလက်။ အစ်ကိုကြီးတယောက်က ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟက်ဆန်လားတဲ့ ဟင့်အင်း စကားလက်အိုဟာရာလို့ဖြေတော့ ဘေးမှာရပ်နေတဲ့ ညီမလေးက အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ လေရူးသုန်သုန်ထဲက စကားလက်အိုဟာရာလားတဲ့။ နောက်တော့ စကားလည်း မလက်ရလိုက်ပါဘူး အသံထွက်ရလွယ် မှတ်မိလွယ်တဲ့ စန်းစန်းလို့ပဲ ခေါ်ကြတော့တာပဲ။ lookout တောင်က အမေရိကန်ပြည်တွင်းစစ်တုန်းက ထင်ရှားတဲ့နေရာတခု။ ကျောက်ဆောင်အမြင့်ကြီးတွေကြား ကြိုးတံတားလေးတွေပေါ်မှာ လမ်းလျှောက်ရတာ အသည်းယားစရာ။ ဘေးနားကသစ်ပင်တွေပေါ်မှာ၊ ကျောက်သားလမ်းတွေမှာ ခြယ်ထားတဲ့ အဝါရောင် trail လမ်း အမှတ်အသားအတိုင်း လျှောက်ရတယ်။ အမေရိကန်တွေက အမျိုးသားဥယျာဉ်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်တော်တယ်။ ကျောက်ဆောင်ဘေးကနေ ရေတံခွန်ဖြာကျနေတာ အင်မတန်လှတာပဲ။ တောင်ပေါ်ကနေကြည့်ရင် တိမ်တွေအပေါ် ရောက်နေသလို ခံစားရတယ်။ စိမ်းညှို့နေတဲ့ သစ်ပင်စိမ်းစိမ်းတွေပေါ်ကနေ တိမ်ဖြူဖြူလွလွလေးတွေ ပြေးလွှားနေကြတာ လှလိုက်တာ။ ကျိုက်ထီးရိုးတောင်ပေါ် ရောက်နေသလို။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒီလိုမြင်ကွင်းမျိုး မြင်ခဲ့ဖူးပါတယ်။
၂၀၀၂ ကျောင်းလေ့လာရေးခရီးစဉ် ပုဂံ၊ ပုပ္ဗားဖက်ကို ခရီးထွက်တော့ ပုပ္ဗားတောင်မကြီး တက်မလား၊ တောင်ကလပ်တက်မလား။ တောင်ကလပ်က နောင်တခါလာရင် တက်လို့ရတယ် တောင်မကြီးက တက်ဖို့ခက်တယ်ဆိုပြီး တောင်မကြီးတက်ဖို့ ရွေးလိုက်တယ်။ မနက်အစောကြီးကတည်းက တက်လိုက်တာ ညနေစောင်းမှ ပြန်ရောက်တယ်။ အတက်ကို ၄ နာရီကြာပြီး အဆင်း ၁ နာရီကြာတယ်။ တောင်တက်နေတုန်း တဝက်လောက်ရောက်တော့ တိမ်တွေက ကိုယ်တို့ကို ပွတ်တိုက်သွားတယ်။ တောင်ထိပ်ကို လေးဖက်ထောက်တက်ရပြီး တောင်ထိပ်ရောက်တော့ တိမ်တွေက ကိုယ်တို့အောက်မှာ။ စိမ်းညှို့နေတဲ့ သစ်ပင်တွေပေါ်မှာ ခြုံသိုင်းနေတဲ့ တိမ်ဖြူဖြူလွလွလေးတွေ လှလိုက်တာ။ တိမ်တွေ ရွေ့လျားနေတာကိုကြည့်ပြီး ကိုယ်ပါယိမ်းနွဲ့လိုက်ပါသွားချင်သလို။ အမြင့်ဆုံးတောင်ထိပ်ကနေ မြင်လိုက်ရတဲ့ရှုခင်းကြောင့် ပင်ပန်းနွမ်းနယ်တာတွေ ပျောက်သွားသလို ခံစားရတယ်။ ကိုယ်၊ ဝေ၊ အိကေ ကိုယ်တို့သုံးယောက် တောင်မကြီးကို ပထမဆုံးရောက်တဲ့ မိန်းကလေးအဖွဲ့။ ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီတောင် တက်မယ်လို့ မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အသင်းက ကြေငြာတော့ စိတ်ဝင်စားလို့ စုံစမ်းကြည့်လိုက်တော့ ကိုယ့်အထုပ်ကိုယ်ထမ်းရမယ်ဆိုတာနဲ့ လက်လျှော့လိုက်တော့တယ်။ lookout တောင်ကနေ ပြည်နယ် ၇ ခုကို မြင်ရတယ်တဲ့။ အပင်မျိုးစုံ သေသေချာချာ စိုက်ပျိုးထားတယ်။ တနေရာမှာ လူတွေရပ်နေတော့ ဘာလဲလို့မေးကြည့်တော့ မြွေသေးသေးလေးတဲ့။ လှိုက်ဂူထဲမှာ ကလေးတွေအတွက် အရုပ်တွေကို မီးထွန်းပေးထားတယ်။ Lookout Mountain Incline Railway နဲ့က သိပ်မဝေးဘူး။ တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီး ပထမတစီးမှာ လူ ၅ ယောက်ဝင်စီးလို့ရပေမဲ့ တိုးဂိုက်က ခရီးသည်အကုန်လုံးပါအောင် နောက်တစီးစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် မိနစ် ၃၀ စောင့်ရတယ်။ ၁၈၉၅ ကတည်းက ပြေးဆွဲခဲ့တဲ့ရထား ၁၉၁၁ မှာ အင်ဂျင်နည်းနည်းပြင်တာကလွဲရင် ဘာဆိုဘာမှ မပြောင်းလဲတဲ့ရထား။ ၇၂.၇ ရာခိုင်နှုန်းလောက် မတ်စောက်ပြီး ၁ မိုင်ရှည်တယ်။ ကမ္ဘာမှာအမတ်စောက်ဆုံးထရမ်ဆိုလို့ အမေ့ကို ပြတင်းပေါက်နားထိုင်ခိုင်း ကိုယ်က လူသွားလမ်းဖက်ထိုင်တယ်။
တအားကြီး မတ်စောက်တယ်လို့ မထင်ရဘူး ရင်တောင်သိမ့်ခနဲ မတုန်သွားဘူး အဆင်းမို့လို့နဲ့ တူပါရဲ့။ ၂၀၁၀ မတ်လ ဟောင်ကောင်မှာ ဗစ်တိုးရီးယားတောင်ထိပ်ကို Peak ထရမ်စီးတုန်းကမှ တော်တော်မတ်မတ်ကြီးလို့ ခံစားရပြီး ရင်တွေတောင် သိမ့်ခနဲတုန်တယ်။ ဗစ်တိုးရီးယားတောင်ထိပ်ကို ကားနဲ့လည်းတက်လို့ရတယ် ထရမ်နဲ့တာ အတွေ့အကြုံတမျိုး။ ဗစ်တိုးရီးယားတောင်ထိပ်ကနေ ဟောင်ကောင်ကျွှန်းမကြီး၊ ကုန်လုန်ကျွှန်းတွေ မြင်ရတဲ့ရှုခင်း အင်မတန်လှတယ်။ နောက်ဆုံးသွားရောက်လည်မယ်လို့ မှန်းထားတဲ့ တိရစ္ဆာန်ရုံက ငါးနာရီဆိုပိတ်ပြီ ခု လေးနာရီ။ သွားလည်း အကျိုးမရှိဘူး နောက်နေ့မှသွားမယ်လို့ တိုးဂိုက်က ဆုံးဖြတ်လိုက်တယ်။ တိုးခရီးစဉ်နောက်ဆုံးနေ့ ဘယ်ကိုသွားလည်ကြသလဲဆိုတာ နောက်ဆုံးအပိုင်းမှ ဆက်ပါဦးမယ်။
စန်းထွန်း
ဇန်နဝါရီ ၂၁၊ ၂၀၁၈။
No comments:
Post a Comment