ဆောင်းဦးရာသီဆိုရင် ဂရိတ်စမုတ်ကီတတောတတောင်လုံး သစ်ရွက်တွေ အရောင်ပြောင်းပြီး အင်မတန်လှမှာ။ ဆောင်းဦးရွက်ကြွေချိန် ဂရိတ်စမုတ်ကီတောင်ဖက် သွားလည်ချင်သေးတယ်။ Gatlinburg မြို့က ထရမ်စီးဖို့ အချိန် ၂ နာရီပေးတယ်။ မိနစ် ၂၀ မှ တစီးရှိတော့ တိုးဂိုက်က တောင်ပေါ်ကိုအရင်တက် တောင်ပေါ်ကဆိုင်တွေမှာ ပေါ့ပါ့ပါးပါး နေ့လည်စာစား ညနေ Dixie Stampede ပွဲမှာ တောင်ပိုင်းစတိုင် အဝတီးရမှာ တိုးကားဆီအချိန်မှီလာရောက်ဖို့ မှာကြားတယ်။ ထရမ်စီးဖို့ တန်းစီနေတဲ့ လူတန်းကအရှည်ကြီး အသွားတစီး အပြန်တစီးဆိုပေမဲ့လည်း စောင့်ရတာပါပဲ။ ထရမ်တစီး လူအယောက် ၅၀ လောက်ဆန့်တယ်။ တောင်ပေါ်ကို မတ်မတ်ကြီးတပ်သွားတာ အင်မတန်အသည်းယားစရာကောင်းတယ်။ ထရမ်စီးရင်း မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ် အဲ့ဒီတောင်က အမြင့်ဆုံးတဲ့။ တောမီးလောင်ထားတာတွေ မြင်ရတယ် တောင်စောင်းလေးမှာ ဆောက်ထားတဲ့ အိမ်လှလှလေးတွေ မြင်ရတော့ အငြိမ်းစားယူရင် အဲ့ဒီလိုနေရာမျိုးမှာ နေချင်တယ်လို့ပြောရင် ဝိုင်းကပြောမှာ တောင်ပေါ်မှာ ဘာမှလုပ်စရာမရှိဘူး ပျင်းစရာကြီး အသက်ကြီးရင် မြို့ထဲမှာနေရမှာလို့။ စီးဖူးသမျှ ထရမ်၊ ကေဘယ်ကားထဲမှာ (၄ ခုလောက်ပဲ စီးဖူးတာပါ) ၂၀၁၀ မတ်လ ဟောင်ကောင်လေဆိပ်နားကနေ giant buddha ရှိတဲ့ lantau လန်ထောင်ကျွှန်းဆီ ကောင်းကင်ကေဘယ်စီးရတာကို အမှတ်တရအဖြစ်ဆုံးပဲ။ ပင်လယ်ပြာပြာ၊ စိမ်းညှို့ညှို့တောင်တွေကို ဖြတ်ကျော်လို့ အောက်ခြေက တောလမ်းလေးမှာ လူတွေသွားလာနေတာကို မြင်ရပြီး ကျွှန်းတွေကို ဖြတ်ကျော်သွားတာ အင်မတန်လှတာပဲ။ ဟောင်ကောင်ရောက်ရင် လန်ထောင်အိုင်လန် ကောင်းကင်ကေဘယ်ကား စီးဖြစ်အောင်စီးကြည့်ပါ။
အဲဒီကေဘယ်ကားလေး စီးချင်တာ တနာရီအချိန်ပေးရမယ်ဆိုလို့ မစီးခဲ့ရဘူး ... |
တောင်ထိပ်ရောက်တော့ စားသောက်ဆိုင်၊ စကိတ်ကွင်း၊ ကေဘယ်ကားလေးတွေ တွေ့တယ်။ နေ့လည်စာစားဖို့ တပတ်ပတ်ကြည့်တော့ မက်ဆီကန်ဆိုင်နဲ့ ပီဇာဆိုင်တွေ့တယ် ပီဇာစားဖို့ရွေးလိုက်တယ်။အဖေနဲ့အမေက ပီဇာမကြိုက်ဘူး တောင်ပေါ်ကို တပတ်ပတ်ကြည့် ကေဘယ်ကားစီးဖို့ မေးကြည့်တော့ တနာရီလောက် အချိန်ပေးရမှာဆိုတော့ မစီးဖြစ်တော့ဘူး။ တောင်အောက်ကိုဆင်းဖို့ တန်းစီကြတော့ ရှေ့ကမိသားစုက ယောကျာ်းက အမေရိကန်၊ မိန်းမက မီးသွေးခဲလို နက်မှောင်နေတဲ့ အသားအရည်ကိုကြည့်ပြီး ခပ်ချောချော အိန္ဒိယတောင်ပိုင်းသူလို့ ခန့်မှန်းတယ်။ တန်းစီတဲ့နေရာကို ဘားတန်းလေးတွေချထားပြီး ကွေ့ကွေ့ကောက်ကောက် လုပ်ထားတာကို ကုလားမရဲ့မိဘတွေက အတန်းအလိုက်မလိုက်ဘဲ တန်းအောက်ကနေ ဝင်ပြီးကျော်ဖြတ်နေတာကို အမေရိကန်ယောကျာ်းရဲ့အဖေက နောက်မှာတန်းစီနေတဲ့ ကိုယ်တို့ကို ကလေးတွေ လုပ်သမျိုးနော်ဆိုပြီး အရှက်ပြေပြောနေလို့ ကိုယ့်တို့မှာ ပြုံးနေရသေးတယ်။ သူ့ခမည်းခမက်တွေ ကျော်ခွနေလို့ သူက ရှက်နေတာလို့ အဖေတို့ကို ရှင်းပြတော့ အဖေက ဒီအမေရိကန်ကောင် ကုလားမကိုယူတာ ညံ့တာပေါ့။ ကုလားမက အဖြူကောင်ကို ယူနိုင်တာ တော်တာပေါ့ အဖေရဲ့ဆိုပြီးပြန်ပြောတော့ ရယ်နေလေရဲ့။ အဲဒီကုလားမရဲ့ မောင်လား၊ ယောက်ဖလားမသိ ထိုင်ခုံနေရာရတဲ့ ကုလားလေးက အမေဒူးနာနေတာကို ရိပ်မိတော့ ထိုင်မလားလို့မေးလို့ အမေက ဘာသာပြန်ပေးတော့ ခေါင်းခါပြီးငြင်းတယ်။ ရတယ်တဲ့ ကျေးဇူးတင်ပါတယ် အမေက ကုလားတွေနဲ့မထိုင်ချင်ပါဘူးတဲ့။ တောင်အောင်မှာ ဘတ်စ်ကားစောင့်နေတုန်း မြန်မာအုပ်စုနဲ့ဆုံတော့ တိုးဂိုက်က မြန်မာမှန်း ဘယ်လိုသိတာလဲမသိဘူးလို့ပြောတော့ သူ့အချစ်ဆုံးသူငယ်ချင်းက မြန်မာတဲ့။
ကုလား ၃ ယောက် ထိုင်ခုံလတ်မှတ်ကို taketour ဆိုဒ်မှာဝယ်တာ ဘယ်လိုဖြစ်သွားလဲမသိဘူး ခုံနံပါတ်ထပ်နေလို့ တိုးဂိုက်က သူ့နေရာရှေ့ဆုံးခုံကို ပေးလိုက်ပြီး နောက်ဆုံးမှာ လာထိုင်ရတယ်။ အဲဒီကုလား ၃ ယောက် ဘယ်သွားသွား ပဲလှော်ထုပ်လေးကိုင်လို့။ သူတို့ပြောမှပဲ သတိထားကြည့်မိတယ် ဟုတ်ပါ့ ဘယ်သွားသွား ပဲလှော်ထုပ်ထည့်ထားတဲ့ ကျွပ်ကျွပ်အိပ်လေး တကိုင်ကိုင်နဲ့။ ကိုယ် ဓာတ်ပုံလျှောက်ရိုက်ပြီး ပြန်လာတော့ အဖေက မြန်မာအုပ်စုကို အသက်မေး၊ စတိတ်ရောက်တာ ကြာပြီလား၊ ဘာလုပ်နေလဲမေးနေလို့ အဖေ စတိတ်မှာ အသက်၊ အိမ်ထောင်ရှိမရှိ၊ လစာ မမေးရဘူး ရိုင်းတယ်လို့ ပြောထားတယ်လေ စပ်စုနေပြန်ပြီ။ အိုး ကိုယ့်မြန်မာအချင်းချင်းတွေပဲ ကိစ္စမရှိပါဘူး မြန်မာအချင်းချင်းလည်း မမေးရဘူး။ Gatlinburg ကနေ Pigeon Forge မြို့က သိပ်မဝေးဘူး နာရီဝက်လောက်တောင် မမောင်းရဘူး။ အဲ့ဒီမြို့လေးလည်း amusement park တွေနဲ့ အတော်စည်တယ်။ ဂေါ်ဇီလာဝက်ဝံပုံ ဓာတ်ပုံအကြီးကြီး ချိတ်ထားတဲ ဟိုတယ်တွေ့တော့ တကားလုံး ဓာတ်ပုံတွေရိုက်လိုက်ကြတာ။ နာမည်ကြီးကျေးလက်အဆိုတော် Dolly Parton ရဲ့ Dixie Stampede ပွဲမစခင် ကျေးလက်တေးဂီတနဲ့ ဖျော်ဖြေတယ်။ အမေရိကန်ဘင်ဂျိုပြိုင်ပွဲမှာ ပထမဆုရထားတဲ့သူ၊ တယော၊ ဆယ်လိုတီးပြီး တင်ဆက်တာ အင်မတန်နားထောင်ကောင်းတယ်။ Dolly Parton ကို ကိုယ်သိသွားတာ ၂၀၀၉၊ ၂၀၁၀ အမေရိကန်အိုင်ဒေါကြည့်တော့ ပြိ ုင်တဲ့သူတချို့ ဒေါ်လီပတ်တန်ရဲ့ Jolene သီချင်းဆိုလို့ ဂန္တဝင်ကျေးလက်အဆိုတော် ဒေါ်လီပတ်တန်ကို သိသွားတာ။ ဝိတ်တာမလေးတွေက ဟိုးရှေးခေတ်တုန်းက ဂါဝန်လေးတွေဝတ်ထားတယ်။ အဖေ ဘီယာသောက်မလားမေးတော့ ဟင့်အင်းတဲ့။ ပွဲစတော့ လတ်မှတ်ပြ သူတို့ညွှန်တဲ့နေရာကိုသွား Arena ခန်းမကြီးက အကျယ်ကြီး။ ကိုသက်ထွေးအဖေက ရှူးပေါက်ချင်လို့ အိမ်သာဘယ်မှာလဲတဲ့။
မီးကခပ်မှိန်မှိန်ဆိုတော့ အိမ်သာဘယ်မှာမှန်းမသိ လတ်မှတ်ပေါ်မှာ restroom လို့ ရေးပေးလိုက်ပြီး ဝိတ်တာကောင်လေးကို အဲဒီစာရွက်ပြလိုက် ညွန်ပေးလိမ့်မယ်။ ခုံနံပါတ်ဘယ်လောက်နော် အဖေ ခေါင်းညိတ်ပြီး ထွက်သွားတယ် ဝိတ်တာလေးကို မေးနေတာတွေ့တယ်။ အဖေက ခုံနံပါတ်မှတ်မိပါတယ် မသိရင် ဝိတ်တာကောင်လေးတွေကို မေးလိမ့်မယ်။ မတွေ့ရင် ဖုန်းဆက်လိမ့်မယ် စိတ်မပူပါဘူး။ ခဏနေတော့ သူ့အမှတ်အသားနဲ့အတူ အဖေ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတယ်။ အဖေက မှတ်သားထားတတ်တော့ လမ်းပျောက်သွားမှာတို့ နေရာမတွေ့မှာတို့ စိတ်ပူစရာမလိုဘူး။ အာလူးဖုတ်၊ ပြောင်းဖူး၊ ကြက်ကြော် တခုပြီးတခုလာချတယ်။ ခန်းမကြီးက အကြီးကြီး လူတထောင်လောက်ဆန့်တယ် နာမည်ကြီးပွဲမို့လို့ လတ်မှတ်တွေက sold out တဲ့။ မြင်း ၂ ကောင်ကို တပြိုင်တည်း စီးပြတယ်၊ မီးကွင်းတွေ ကျော်ပြတယ်၊ မြင်းကို အောက်ကနေ ဖက်တွယ်ပြီး စီးပြတယ်။ ပရိတ်သတ်ထဲက ကလေး ၂ ယောက်ကိုခေါ်ပြီး ကြက်တွေကို မောင်းခိုင်းတယ်။ ဝက်ဖြူလေးတွေ အပြေးပြိ င်တာ တကယ့်အပြေးသမားတွေ ပြေးကြသလိုပဲ အောင်မလေး ရယ်လိုက်ရတာ။ ရှေးတုန်းက မြင်းတွေနဲ့ ခရီးသွားကြတဲ့ပုံတွေ၊ တောင်ဖက်အသင်းနဲ့မြောက်ဖက်အသင်း ယှဉ်ပြိုင်ကြတာတွေ အင်မတန်ကြည့်လို့ကောင်းတယ်။ ကိုယ်တို့အခြမ်းကတောင်၊ ဟိုဖက်ခြမ်းကမြောက်ဆိုပြီး မြင်းစီးပြိုင်၊ ကြမ်းပြင်ကို ခြေထောက်တွေနဲ့ခပ်ပြင်းပြင်းနင်း၊ အလံကို ဘယ်ဖက်အစွန်ဆုံးကနေ ညာဖက်အစွန်ဆုံးအထိ ဘယ်ဖက်က မြန်မြန်လွှဲနိုင်သလဲ ပြိုင်ကြတယ်။
နောက်ဆုံးမှာတော့ မြောက်၊ တောင်ဆိုတာမရှိပါဘူး၊ အားလုံးက အမေရိကန်တွေပါဆိုပြီး အမေရိကန်အလံတွေကိုင်ပြီး ဒေါ်လီပတ်တန်ရဲ့ သီချင်းကို ပိတ်သားပြင်မှာ တင်ဆက်ပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ် ဂျိုးငှက်ကလေးက ပျံဝဲသွားတာ အင်မတန်ကောင်းတာပဲ။ ပွဲချိန် ၁ နာရီခွဲ တချက်ကလေးမှ ပျင်းစရာမကောင်းဘူး။ ဈေးကြီးပေမဲ့ ညစာ၊ တင်ဆက်တာ ကောင်းမွန်တော့ တန်ပါပေတယ်၊ ဒါကြောင့်လည်း နာမည်ကြီးပါပေတယ်။ အစားအသောက်တွေ မကုန်ရင်ထည့်ဖို့အိတ်ကလေးတွေ လိုက်ပေးတော့ ပြန်သယ်တယ်။ ကိုယ့်ဘေးက အမေရိကန်ဆယ်ကျော်သက်လေး ကြက်ကင်တကောင်လုံးကုန်လို့ အဖေတို့မှာ အံ့သြလို့။ အဖေနဲ့အမေ ဘိုစာတွေကို မကြိုက်ပေမဲ့ ဗိုက်ပြည့်အောင်တော့ ကြိုးစားပြီးစားကြတယ်။ ခရီးသွားရင် အဖေက လက်ကေ့အိတ်၊ ပစ္စည်းတွေ သိမ်းဆည်းတဲ့တာဝန်ယူတယ်။ ပစ္စည်းတွေ ကျန်ခဲ့တာ ဘယ်တော့မှမရှိဘူး အဖေက စည်းစနစ်ရှိတယ် အချိန်တိကျတယ်။ ဗာမွန်ပြည်နယ်မှာနေတဲ့ မိုင်းဖန် ဗီယက်နမ်ကလွဲပြီး ဘယ်မှခရီးမသွားဘူး။ သူ့ယောကျ်ား မိသားစု၊ အမျိုးတွေက အပြင်စာမစားနိုင် အိမ်မှာပဲချက်ပြုတ်စားတဲ့သူတွေ။ မိုင်းဖန်က သူ့သမီးမွေးနေ့ကိုတောင် မကျင်းပဘူး။ ကျင်းပရင် သူ့ယောကျ်ားဖက်က မိသားစု၊ အမျိုးတွေ စားကြသောက်ကြ၊ ချက်ကြပြ ုတ်ကြ၊ ဆေးကြကြောကြ ပင်ပန်းလို့တဲ့။ ဒါဆို ဗီယက်နမ်ဆိုင်က ဝယ်ကျွှေးလိုက်ပေါ့လို့ အကြံပေးတော့ သူတို့တွေက ဆိုင်ကဟာကို မစားနိုင်ဘူး အိမ်ထမင်းအိမ်ဟင်းမှတဲ့။ အပြင်စာမစားနိုင်လို့ ခရီးဘယ်တော့မှ မထွက်ဘူး ဗီယက်နမ်ဆိုရင်တော့ အမြဲတမ်း yes တဲ့။ ကိုယ် ခရီးသွားတဲ့ဓာတ်ပုံတွေတွေ့ရင် အားကျတယ်၊ ခရီးသွားဖို့ကြိုးစားပေမဲ့ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။ ဘိုစာတွေ မကြိုက်ပေမဲ့ ဖြစ်ညှစ်ပြီးစား ကိုယ်လိုက်ပို့တဲ့ခရီးတွေကို ဘယ်တော့မှမငြင်း ခရီးသွားဖို့အမြဲတက်ကြွနေတဲ့ ခရီးတွေသွားချင်တဲ့ စိတ်တူကိုယ်တူ မိဘတွေရထားတာ ကိုယ် တကယ်ကံကောင်းတယ်။ တတိယနေ့မှာတော့ Ruby Falls ၊ တန်နက်စီ ၊ ဂျော်ဂျီယာပြည်နယ် အစပ်နားမှာရှိတဲ့ Lookout တောင်ကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှ ဆက်ပါဦးမယ်။
စန်းထွန်း
ဇန်နဝါရီ ၁၇၊ ၂၀၁၈။
2 comments:
ဆုမြတ်
Anonymous said...
မိုင်းတောင်ယောက်ျားရပြီးကလေးမွေးသွားပြီနော်..။မစန်းထွန်းရဲ့ ချစ်သူငယ်ချင်းတွေ...။ ပိုစ့်အသစ်မျှော်နေတယ်နော်။ အစစအရာရာအဆင်ပြေပါစေ အမရယ်..
ဆုမြတ်
January 17, 2018 at 8:08 PM
Post a Comment