ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၄

တတိယနေ့က မသွားလိုက်ရတဲ့ တန်နက်ဆီပြည်နယ် Knoxville တိရစ္ဆာန်ရုံကို ခရီးစဉ်နောက်ဆုံးနေ့မှပဲ သွားဖြစ်ပါတယ်။ တိရစ္ဆာန်ရုံကို တကူးတက ဘယ်တော့မှ မသွားဖြစ်ဘဲ တိုးခရီးစဉ်တွေနဲ့မှပဲ ရောက်ဖြစ်တော့မယ်။ ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပေးတာ မှတ်မိတယ်။ စင်္ကာပူမှာ ၃ နှစ်လောက်နေခဲ့တာ စင်္ကာပူတိရစ္ဆာန်ဥယျာဉ်ကို မရောက်ခဲ့ဘူး။ တိရစ္ဆာန်ရုံမှာ ဆင်၊ ကျား၊ သစ်ကုလားအုတ်၊ ငှက်၊ မျောက် တိရစ္ဆာန်မျိုးစုံပြထားတော့ မိဘတွေက ကလေးတွန်းလှည်းတွေတွန်းလို့၊ ကလေးတွေက တိရစ္ဆာန်တွေငေး၊ ကလေးတွေကို ပုခုံးပေါ်မှာချီပိုး၊ မိဘတွေက ကလေးတွေကိုရှင်းပြနဲ့ အတော်လေး စည်ကားတယ်။ အဖေနဲ့အမေက သူ့မြေး မောင်မောင့်သား ဖုန်းသန့်ခေါင်ကို သတိရနေကြတယ်။ ဖုန်းသန့်ခေါင်ဆိုရင် ဘယ်လောက်ပျော်လိုက်မလဲ မြေးဖြစ်သူကလည်း အဘိုးဖြစ်သူက တိရစ္ဆာန်ရုံကို လိုက်ပို့ပေးလို့ အဘိုးမှအဘိုး သည်းသည်းလှုပ်ကြတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ပန်ဒါအနီရောင် ထိန်းသိမ်းထားတဲ့ နေရာပါတဲ့။ ပန်ဒါအနီရောင်ဆိုလို့ ပန်ဒေါင်အဖြူရောင်လို အကြီးကြီး မှတ်နေတာ။ သေးသေးလေးပဲ။ ဂျပန်အိမ်ကကြောင် မိုချီနှစ်ဆ ရှီဘာအီနူးခွေး နတ်ဆုတဝက်လောက်ပဲ ရှိမယ်။ ကြောင်၊ ခွေးတွေမြင်တိုင်း မိုချီနဲ့နတ်ဆုကို သတိရတယ်။ အိမ်ပြန်လာတိုင်း အပြေးလေး ကြိုတတ်တဲ့၊ မနာလိုတတ်တဲ့၊ လူတိုင်းကိုချစ်တဲ့၊ မီးရှုးမီးပန်းဖောက်သံကို အရမ်းကြောက်တဲ့ နတ်ဆု။ တံခါးကို ကုတ်ခြစ်ပြီး တံခါးဖွင့်ခိုင်းတဲ့၊ ခါးပေါ်တက်အိပ်တတ်တဲ့၊ သူ့ဘာသာ တံခါးဖွင့်တတ်ပေးမဲ့ ချွှဲနွှဲ့ပြီး တံခါးဖွင့်ခိုင်းတတ်တဲ့၊ ခေါင်းပုတ်လိုက်ရင် ဘုကြည့်ကြည့်တတ်တဲ့ မိုချီ။ တခါတုန်းက ပန်ဒါအနီတကောင် တိရစ္ဆာန်ရုံကနေ ပျောက်သွားလို့ တွေ့ရင်အကြောင်းကြားပါလို့ မြို့သူမြို့သားတွေကို အသိပေးတယ်။

အိမ်တအိမ်ရဲ့နောက်မှာတွေ့တယ်လို့ သတင်းပို့လို့ တိရစ္ဆာန်ထိန်းသိမ်းရေးက လာဖမ်းပြီး တိရစ္ဆာန်ရုံ ပို့လိုက်တယ်။ ကလေးကသိတာ ပန်ဒါအနီမှန်း တိရစ္ဆာန်ရုံကို သွားတုန်းက သိခဲ့တာတဲ့။ တိရစ္ဆာန်ရုံအဝင်ဝက အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ကြည့်နေတုန်း ကလေးတွန်းလှည်းလေးနဲ့ ကရင်တရုတ်ပုံစံပေါက်တဲ့ အစ်မကြီးက မြန်မာလားတဲ့ လာမေးတယ်။ ဟမ် ... မြန်မာမှန်း ဘယ်လိုသိတာလဲလို့ အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းကိုမေးတော့ မြန်မာစကားပြောနေလို့တဲ့။ နယူးယောက်ကလာတာ ဂရိတ်စမုတ်ကီတောင်ဖက် တိုးကားနဲ့လည်တာ ဒီနေ့ နယူးယောက် ပြန်တော့မယ်။ ဒီမှာ မြန်မာတွေရှိလား ရှိတယ် အများကြီးပဲ နယူးယောက်ကို လာလည်လေအစ်မ။ မြန်မာမှန်းသိလို့ ဝမ်းသာအားရ နှုတ်ဆက်တာ နယ်ဖက်ကမို့လို့ နယူးယောက်၊ နယူးဂျာဆီဖက်က မြန်မာတွေက ဟိတ်ဟန်ကြီးတယ်။ နယူးယောက်ကို ၃၃၆ မိုင်ဝေးပြီး အပြန်လမ်းမှာ ဗာဂျီးနီးယားပြည်နယ်က Natural Bridge အမျိုးသားဥယျာဉ်ကို ဝင်လည်တယ်။ သမိုင်းဝင်နေရာတခုဖြစ်ပြီး Ceder စမ်းချောင်းလေးပေါ်မှာ ပေ ၉၀ ရှည်တဲ့ ကျောက်သားတံတားလေး ပေ ၂၀၀ အမြင့်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတယ်။ သစ်ပင်တွေ နေပြောက်မထိုးနေအောင် စိမ်းညှို့နေပြီး ကျေးငှက်အော်သံတွေလည်း ကြားရပြီး စမ်းရေစီးသံ တသွင်သွင်နဲ့ စီဒါစမ်းချောင်းဘေးမှာ လမ်းလျှောက်ရတာ အင်မတန် စိတ်အေးချမ်းစရာပဲ။ ကိုယ်သာ မေရီလန်းမှာနေခဲ့ရင် အပတ်တိုင်း ဒီကိုလာပြီး လမ်းလျှောက်မှာ (ပြောတာပဲ) ။ တိုးဂိုက်က ဟိုဘက်ကျောက်တောင်ကို လက်ညှိုးထိုးပြပြီး စတုရန်းပုံထွင်းထားတာ မြင်လား။ အဲဒါ အမေရိကန်နိုင်ငံရဲ့ဖခင်ကြီး ဂျော့ဝါရှင်တန် သူ့နာမည်အတိုကောက်ကို ထွင်းထားတဲ့နေရာ။ အဲဒီ့မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။

ရှားပါးတဲ့ ပန်ဒါအနီရောင်

ဟင် .. ဟုတ်လား အဲ့ဒါဆို ကိုယ်ဆုတောင်းရင် ပြည့်မှာလား။ ဆုတောင်းပြည့်မှာ အသေအချာပဲ ဆုတောင်းလေ။ အဲဒီအချိန်တုန်းက ကိုယ်အလိုချင်ဆုံး ဆုတစ်ခုကို သေသေချာချာ လေးလေးနက်နက် ဆုတောင်းခဲ့တယ်။ ကိုယ် ဘာဆုတောင်းခဲ့တယ်လို့ ထင်လဲ ...  ခန့်မှန်းကြည့်ပါလား မှန်ရင် တစ်ဆင့်ကြီးများတောင် ဆုချမယ် :P ။ လမ်းလျှောက်လို့ကောင်းကောင်းနဲ့ လျှောက်နေတာ အဆုံးထိလျှောက်လို့ မဖြစ်သေးဘူး။ ပေးထားတဲ့အချိန်နဲ့ လမ်းပြန်လျှောက်ရမဲ့အချိန်နဲ့ တွက်ချက်ပြီး ပြန်ခဲ့ရတယ်။ တကယ်လို့သာ အချိန်ရှိမယ်ဆိုရင် အေးအေးလူလူ လမ်းလျှောက်လိုက် နားလိုက် ဓာတ်ပုံတွေရိုက်လိုက်နဲ့တနေကုန် အေးအေးဆေးဆေး အနားယူအပန်းဖြေချင်တာ။ တောင်ကုန်းကို ပြန်တက်တော့ အယ်မလေး ဟိုက်နေအောင် တက်ရတယ်။ တောင်ကုန်းမတက်နိုင်တဲ့သူတွေအတွက် ဂေါက်ကွင်းတွေမှာတွေ့ရတဲ့ ကားလေးနဲ့ သယ်ပေးတယ်။ ကားနဲ့သယ်ပေးမှာကို မစောင့်နိုင့်တော့ဘူး လမ်းလျှောက်တက်တော့မယ်။ အဖေနဲ့အမေလည်း နားလိုက်တက်လိုက် လူငယ်တွေတောင် ဟိုက်နေအောင် တက်ရတယ်။ မြန်မာအုပ်စုထဲက ကောင်လေးက ပေးထားတဲ့အချိန်စေ့နေပြီမို့လို့ အပြေးတက်လာတယ် ဟောဟဲနဲ့။ အချိန်စေ့နေပေမဲ့ လူမည်းအန်တီ ၃ ယောက် မရောက်သေးလို့ စောင့်နေရသေးတယ်။ တောင်ကုန်းထိပ်ကို မတက်နိုင်လို့ ဖယ်ရီကားစောင့်နေတာတဲ့။ ကိုယ်သွားဖူးသမျှ တိုးဂိုက်တွေထဲမှာ ဒီတိုးဂိုက်က စိတ်အရှည်ဆုံး၊ အင်္ဂလိပ်လို၊ တရုတ်လို အတူတူ ရှင်းပြနိုင်ဆုံး။ တိုးဂိုက်ခ၊ ကားဒရိုင်ဘာခ တနေ့ ၈ ကျပ်၊ ၄ ရက်ဆိုတော့ တယောက် ၃၂ ကျပ် မဖြစ်မနေ ပေးရတယ်။ တိုးဂိုက်တွေရဲ့  ဝန်ဆောင်မူကို သိပ်မကြိုက်လို့ သတ်မှတ်ထားတာထက် ဘယ်တော့မှပိုမပေး တစ်ဖ်မပေးတဲ့ကိုယ် ဒီတခါတော့ တိုးဂိုက်ကို သဘောကျလို့ တစ်ဖ်ပေးလိုက်တယ်။

ဒီလိုနဲ့ မရည်ရွယ်ဘဲ သွားဖြစ်တဲ့ ဂျူလှိုင် ၄ လေးရက်ခရီး ပြီးပါပြီ။ ကိုယ်ရဲ့ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ဓာတ်ပုံတွေကို မြင်ဖူးလို့ အဖေက ချယ်ရီပွဲတော်ချိန် စတိတ်ကို လာလည်ချင်တယ်။ ချယ်ရီပွဲတော် ကျင်းပတဲ့ ဧပြီလက အဖေ အလုပ်များတဲ့အချိန်ဆိုတော့ စတိတ်ကို ဇွှန်၊ ဂျူလှိုင်မှာပဲ လာဖြစ်တယ်။ အဖေနဲ့အမေ ဝါရှင်တန်ဒီစီက ကယ်ပီတယ်အဆောက်အဦးကို အဝေးကနေပဲ မြင်ဖူးပြီး အထဲကိုမရောက်ဖူးလို့ ရောက်ဖူးအောင် တကူးတက လိုက်ပို့ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီခရီးကတော့ တိုးကားနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာစီစဉ်ပြီး သွားတာပါ။ အဲ့ဒီအကြောင့်း နောက်ပို့စ်မှပဲ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၂၄၊ ၂၀၁၈။

ဂျော့ဝါရှင်တန် သူ့နာမည်အတိုကောက်ကို ထွင်းထားတဲ့နေရာ စတုရန်းပုံလေးနဲ့ ပြထားတယ်

3 comments:

AH said...


San San Htun said...


San San Htun said...

AH said...
မိသားစု စုံစုံညီညီ ပျော်စရာကြီးပါလား ဝေ့.... အွမ်း.. ဘာဆုတောင်းတယ်ထင်သလဲဆိုတော့ကာ.... "ထီပေါက်ရင်၊ ငွေရရင်၊ ရုတ်တရက်ချမ်းသာသွားခဲ့ရင်... အိမ်ကြီးကြီးမှာနေမယ်... ဇိမ်ခံကားတွေဝယ်မယ်..." ဆိုတဲ့ Rap ၃ ခေါက်လောက် ရွတ်လိုက်တယ် ထင်ပ... ဟီး ဟီး...
January 24, 2018 at 12:37 PM
San San Htun said...
ဂရင်းကဒ် အမြန်ဆုံး ရပါစေလို့ ဆုတောင်းခဲ့တာ...:P
February 4, 2018 at 8:52 PM