25 May 2016

ရထားအတူတူ စီးကြသူများ ...

ကိုယ့်အိမ်ကနေ မနက် ၇ နာရီခွဲထွက် နှစ်ဘူတာအဝေးမှာ အမြန်ရထားပြောင်းစီး။ ၂၅ မိနစ်လောက် စီးပြီးရင် 34th Herald Station မှာ နယူးဂျာစီပြည်နယ် Journal Square ကိုသွားမဲ့ PATH ရထားပြောင်းစီး။ မနက် ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ်ဆို ဂျာနယ်စကွဲကိုသွားမဲ့ PATH  ရထားရဲ့ နောက်ဆုံးကနေရေရင် သုံးတွဲမြောက် ပထမဆုံး တံခါးပေါက်မှာ ကိုယ်ရပ်စောင့်နေလေ့ရှိတယ်။ Newport ဘူတာရောက်တဲ့အခါ ဆင်းပြီး Newark ကနေ World Trade Center ကိုသွားမဲ့ ရထားကိုပြောင်းစီး။ Newport ကနေ တဘူတာအဝေး ဝေါထရိတ်စင်တာ တဖက်ကမ်း Exchange Place ဘူတာက ကိုယ့်ကလိုင်းရင့်ရုံး ရှိတဲ့နေရာ။ တခြားအမြန်ရထားစီး ဝေါထရိတ်စင်တာမှာဆင်း ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဝေါထရိတ်စင်တာ WTC ကနေ နယူးဂျာဆီ Newark ကိုသွားတဲ့ ရထားစီးရင် တဘူတာပဲ စီးရတယ်။ ဝေါထရိတ်စင်တာဆိုတာကလည်း တိုးရစ်တွေ၊ လစ်ဘာတီ အစိမ်းရောင်ကြီး သရဖူကြီးဆောင်း၊ အစိမ်းရောင် အင်္ကီျဝတ်ပြီး လစ်ဘာတီခရူလက်မှတ် ရောင်းတဲ့သူတွေ၊ ရုံးတက်ရုံးဆင်းသူတွေနဲ့ အမြဲတင်းကြမ်းပြည့်နေတဲ့ နေရာဆိုတော့ တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ ဘာလို့ ရထားရဲ့ သုံးတွဲမြောက် ပထမဆုံးတံခါးပေါက်ကို ရွေးရတာလဲဆိုတော့ အဲဒီနေရာက ဓာတ်လှေကားကို သွားမဲ့လမ်းကို တည့်တည့်ကြီး ရောက်နေလို့ပါပဲ။

စက်လှေကားက အမြင့်ကြီးစီးရပြီး ရုံးနဲ့လည်း နည်းနည်းလေး ပိုဝေးသွားလို့ ဓာတ်လှေကားပဲ စီးလေ့ရှိတယ်။ အဲဒီရုံးမှာ အလုပ်ဆင်းတာ ၆ လလောက်ရှိပြီဆိုတော့ ကိုယ်နဲ့ရထား အတူတူစီးတဲ့သူတွေကို မျက်မှန်းတန်းမိနေပြီ။ ပခုံးကျော်တဲ့အထိရှည်တဲ့ ဆံပင်ဖွာလန်ကျဲကို နောက်မှာစုစည်းထားပြီး ငှက်လိုမျက်နှာ စုတ်ချွှန်းချွှန်း၊ မျက်မှန်တပ်ပြီး သားရေဘေးလွယ်အိတ် ကြီးကြီးလွယ်ထားတဲ့ လူလတ်ပိုင်းအရွယ် ဥရောပသားလို့ ထင်ရတဲ့လူတစ်ယောက်။ မနှစ်က ဟန့်ရဲ့ meet up အဖွဲ့နဲ့ စတေတန်အိုင်လန်မှာရှိတဲ့ ပထမဆုံး အမျိုးသမီး ဖိုတိုဂရပ်ဖာရဲ့အိမ်ပြတိုက်၊ ခံတပ်ကို သွားလည်တုန်းက လမ်းလျှောက်အဖွဲ့သားတွေ နာမည်၊ အလုပ်အကိုင်ပြောပြီး မိတ်ဆက်ကြတော့ အလုပ်အကိုင်က သိပ္ဗံပညာရှင်ဆိုလို့ မှတ်မိနေတာ နာမည်တော့ မမှတ်မိဘူး။ တွေ့တွေ့ချင်း အံ့သြသွားတယ် ပြီးတော့ မေးကြည့်ချင်တာ ဟန့်အဖွဲ့နဲ့စတေတန်အိုင်လန်ကို သွားဖူးလား၊ သိပ္ဗွံပညာရှင်လားလို့။ မှန်တယ်ဆိုရင် မှတ်ညဏ်ကောင်းတဲ့ ငါကွဆိုပြီး လက်ခမောင်းခတ်ဦးမယ်။ ဟိုင်း ဟောင်းအာယူလို့ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ ဒီတိုင်းပြည်ကိုရောက်တာ ငါးနှစ်လောက်ရှိနေပေမဲ့ ရောမရောက်ရင် ရောမလို မကျင့်နိုင်သေးတဲ့ကိုယ်က သိတဲ့သူဆို နှုတ်ဆက်ဖို့ ဝန်မလေးသလောက် မသိတဲ့သူကို ကိုယ်ကစပြီး နှုတ်ဆက်ရမှာ ဝန်လေးနေဆဲ။ အဲဒီသိပ္ဗံရှင်လို့ ကိုယ်ထင်နေတဲ့သူနဲ့ တခါတလေ ဘေးချင်ထိုင်ဖြစ်ပေမဲ့ သူကလည်း ကိုယ့်ကိုမကြည့် ကိုယ်ကလည်း သူ့ကိုမကြည့်။ သူကလည်း သူ့ဖုန်းနဲ့ အလုပ်များသလို ကိုယ်ကလည်း ကင်ဒယ်ထဲ ခေါင်းစိုက်နေလေရဲ့။

အသက်ငါးဆယ်နီးပါးလို့ ခန့်မှန်းထားတဲ့  ပွယောင်းယောင်း ဆံနွယ်ခွေခွေက ပခုံးအောက်နားကျကျ စာကြည့်မျက်မှန်တပ်ပြီး ဘေးလွယ်အိတ်လွယ်၊ အားကစားဖိနပ်စီး၊ ရုံးဝတ်စုံဝတ်ပြီး ကင်ဒယ်ဖတ်နေတတ်တဲ့ တရုတ်လူမျိုးလို့ ထင်ရတဲ့အန်တီကြီး။ မျက်နှာကို ဘာမှလိမ်းခြယ်ထားပုံ မရပေမဲ့ အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီကိုတော့ ခပ်ပါးပါးလေး ဆိုးလေ့ရှိတယ်။ တခါတလေ စကပ်အတိုဝတ်ထားရင် ခြေသလုံးတုတ်တုတ်ခဲခဲတွေကို မြင်ရလေ့ရှိတယ်။ ဆံပင်တိုကပ်ကပ်၊ နေလောင်ထားတဲ့ အသားအရေ၊ suit အပြည့်ဝတ်၊ ကျောပိုးအိတ်ကြီးလွယ်၊ တခါတလေမှာ GIANTS ဆိုတဲ့ အပြာရောင်တောက်တောက် မိုးကာအင်္ကီျဝတ်တဲ့ တင်းမာသုန်မှုန်တဲ့ မျက်နှာထားရှိတဲ့ အသက်ငါးဆယ်ကျော်လာက် ရှိပုံရတဲ့ အန်ကယ်ကြီး။ သူ့ရဲ့ကိုယ်အမူအယာ၊ လေသံကိုကြည့်ပြီး ဂျပန်လူမျိုးဖြစ်မယ်လို့ ခန့်မှန်းရတယ်။ အဲဒီအန်ကယ်ကြီးက လှေကားနှစ်ထပ်ကို ကျော်ပြီးတက်လေ့ရှိတယ်။ ခေါင်းမှာ အမည်းရောင် သံပုရာခွံဆောင်း၊ ဒူးလောက်အထိရှည်တဲ့ ကုတ်အင်္ကီျအနက်ကြီးဝတ်၊ ကျောပိုးအိတ်ကြီးလွယ်၊ တကိုယ်လုံး လှုပ်ယမ်းနေတတ်တဲ့ အသက်ငါးဆယ်နဲ့ ခြောက်ဆယ်ကြားလောက်ရှိမဲ့ ဆံပင်ဖြူတွေကြားထဲ အနက်ရောင်တွေ ရောစွက်နေတဲ့ ဂျူးအဘိုးကြီး။ ဒေါင်းဂျက်ကပ်ပါးပါး နက်ပြာရောင်ဂျက်ကပ် အမြဲလိုလိုဝတ်တတ်တဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် နေလောင်ထားတဲ့ အသားအရေ၊ ပိန်သွယ်တဲ့မျက်နှာ၊ နှာခေါင်းဘေးကနေ မေးစေ့အထိ သိသိထင်ရှားလွန်းတဲ့ ပါးပြင်အရေးအကြောင်းနဲ့ ဂျပန်လူမျိုးလို့ ယူဆရတဲ့ အသက်လေးဆယ်ကျော် အစ်ကိုကြီးတစ်ယောက်။ အရပ်ငါးပေးဆယ်လက်မအထက် ပိန်ပိန်ပါးပါး မျက်နှာတပ်ထားတဲ့ ကင်းဗတ်ဖိနပ်စီးပြီး ထိုင်ခုံနေရာရှိပေမဲ့ ဘယ်တော့မှမထိုင် အမြဲမတ်တပ်ရပ်ပြီး စာအုပ်အမြဲဖတ်လေ့ရှိတဲ့ အသက်သုံးဆယ်ကျော်လား လေးဆယ်ကျော်လား မှန်းဆလို့မရတဲ့ အိန္ဒိယလူမျိုးလို့ ယူဆရတဲ့သူတစ်ယောက်။

သူတို့ကို တစုတစည်းတည်း တွေ့ရတယ်ဆိုတာမျိုးက အင်မတန်ရှားတယ်။ တခါတလေ ကိုယ်ကစောရောက်လိုက်၊ နောက်ကျလိုက်ဆိုတော့ ရထားအတူတူ စီးကြသူ တစ်ယောက်မဟုတ် တစ်ယောက်ကိုတော့ တွေ့မိတယ်။ ဒါပေမဲ့ ကိုယ်တို့တွေ ဘယ်တော့မှ နှုတ်မဆက်ကြသလို မျက်မှန်းလည်း မတန်းမိကြဘူး။ ကိုယ့်ဘာသာ သိနေကြတယ် ဆိုပါတော့။ ခုတလော သူတို့အားလုံးကို မတွေ့ရတော့ ခွင့်ယူပြီး ခရီးတွေ သွားနေကြတာလား၊ အလုပ်ပြောင်းသွားတာလား၊ အငြိမ်းစားယူသွားပြီလားလို့ တွေးနေမိတယ်။ သူတို့နဲ့ကိုယ်ဟာ ဘယ်တော့မှ ပြုံးပြမနှုတ်ဆက်၊ နှုတ်ဆက်စကားလည်းမဆို၊ မျက်ဝန်းကြည့်လည်း မဆုံ၊ စိတ်ထဲကနေ သိနေကြတဲ့ ရထားအတူတူ စီးကြသူများသာ ဖြစ်သည်။

စန်းထွန်း
မေ ၂၅၊ ၂၀၁၆။

21 May 2016

ငြိမ်းအေးခြင်း ...



ဆေးခန်းပြဖို့ ချိန်းထားသည့်အချိန်က မနက် ၉  နာရီ။ အိမ်ကနေ ၄၅ မိနစ်သာသာ ဝေးသောခရီးမို့ မနက် ၈ နာရီလောက်မှထွက်လျှင် ရသော်လည်း ဘာမှလုပ်စရာ မရှိတော့သည်နှင့် ပုံမှန်အိမ်မှထွက်ချိန် မနက် ၇ နာရီခွဲလောက်တွင် မြို့ထဲသို့ ထွက်လာခဲ့သည်။ ခန့်မှန်းသည့်အတိုင်း ဆေးခန်းသို့ရောက်သောအခါ ဆေးခန်းက မဖွင့်သေး။ လက်မှနာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီခွဲတိတိ စောင့်ဆိုင်းရမည့် နာရီဝက်ကို ဘာလိုကုန်ဆုံးရမလဲလို့ စဉ်းစားကြည့်လိုက်သောအခါ လမ်းထိပ်က စတားဘာ့ခ်ကော်ဖီဆိုင်ကို ပြေးမြင်သည်။ အမြဲစည်ကား ဆူညံနေတတ်သော စတားဘာ့ခ်ကော်ဖီဆိုင်တွင် အေးအေးလူလူ စာထိုင်ဖတ်ဖို့၊ ကံကောင်းထောက်မ၍ လမ်းဘေးနားက ထိုင်ခုံ ရခဲ့လျှင် ဖြတ်သွားဖြတ်လာများကို ငေးကြည့်ရင်း အချိန်ဖြုန်းလို့ ရသော်လည်း ထိုင်ခုံရဖို့ဆိုသည်မှာ မသေချာပါ။ လမ်းတဖက်ခြမ်းကို ကြည့်လိုက်တော့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း တံခါးပိတ်ထားမလား ဖွင့်ထားမလား။ ဘုရားကျောင်းကန်ဆိုသည်မှာ အမြဲတံခါးဖွင့်ထားပေလိမ့်မည်ဟု ထင်ပါသည်။ လူတစ်ယောက်ဝင်သွားသည်ကို တွေ့လိုက်သည် ဒါဆို တံခါးဖွင့်ထားသည်နှင့်တူသည်။ တံခါးမဖွင့်ထားလျှင် လမ်းတပတ်လျှောက်မည် တံခါးဖွင့်ထားလျှင် ဘုရားကျောင်းကို ပတ်ကြည့်နေမည်။ တံခါးဖွင့်လိုက်သောအခါ ရောင်စုံမှန်ချပ်များဖြင့် ပုံဖော်ထားသောဘုရားရှိခိုးကျောင်း ပြတင်းပေါက်မှ ဖြာကျနေသော အလင်းတန်းကြောင့် ခန်းမတခုလုံး လင်းထိန်နေသည်။ မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးဆိုင်းများက တင့်တယ်လှသည်။ အဝင်တံခါးမဘေး လက်ဝဲဘက်ခြမ်းတွင် အမှတ်တရပစ္စည်း အရောင်းဆိုင်ရှိသည်။ လက်ယာဖက်ခြမ်းတွင် ဆီမီးပူဇော်ဖို့ ဖရောင်းတိုင်ခွက်များရှိသည်။ ဝတ်ပြုသူများက ဆီမီးပူဇော်ထားသည်မို့ ဆီမီးခွက်တော်တော်များများ ထိန်လင်းနေသည်။

အလယ်ခေါင်တွင် ရေထည့်ထားသည့် မုခ်ခွက်ကြီးရှိပြီး ရေတံလျောက်မှတဆင့် အောက်ဖက်သို့ တသွင်သွင် စီးဆင်းနေသည်။ ဝတ်ပြုသူများထိုင်သည့် သစ်သားထိုင်ခုံတန်းလျား ဘေးတဖက်တချက်ရှိ ပန်းချီကားများ၊ ရုပ်တုများ၊ သူတော်စင်များရှေ့တွင် ဒူးထောက်ဝတ်ပြုဖို့ နေရာရှိသည်။ ရှေ့ဆုံးထိုင်ခုံတွင် ဝတ်ပြုသူများ ရှိသလို အလယ်အစွန်ဖက် အကျဆုံးထိုင်ခုံတွင် ဆံပင်ရှည်များ မျက်နှာကိုဖုံးကာ ထိုင်လျက်ဝတ်ပြုနေသည်လား၊ အိပ်ပျော်နေသည်လား ခွဲခြားမသိနိုင်သော မိန်းကလေးနှစ်ယောက်တွေ့သည်။ နောက်ဖက်အကျဆုံး ထိုင်ခုံတွင်ထိုင်ပြီး လက်နှစ်ဖက်ကိုယှက်ကာ မျက်စိမှိတ်လိုက်သည်။ ထိုအခါ စမ်းရေစီးသံကို ကြားရသည် စောစောက တွေ့ခဲ့သော ရေမုခ်ခွက်မှ ဖြစ်ပါလိမ့်မည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားရသည်။ နှာသီးဝမှတဆင့် တိုးဝင်လာသောလေ၊ ထွက်ခွာသွားသောလေကို ခံစားမိသည်။ ခရစ်တော်ရှေ့ ဝိပသနာမှတ်နေသည့် ကိုယ့်အဖြစ်ကို ရယ်ချင်မိသွားသည်။ အိုး ဘယ်သူသိတာမှတ်လို့။ ဆိတ်ငြိမ်အေးခြမ်းခြင်းကြောင့် စိတ်ရောကိုယ်ပါ အနားရသောအခါ အိပ်ချင်လာသည်။ အိပ်ပျော်သွားလို့ မဖြစ်ပါဘူးလေ။ မျက်စိဖွင့်လိုက်ပြီး ဘေးဘီကိုကြည့်လိုက်သောအခါ ကိုယ့်လိုငြိမ်ငြိမ်သက်သက် ထိုင်နေသူ၊ လမ်းလျှောက်ကြည့်နေသူ အချို့ကို တွေ့ရသည်။ ကိုယ့်လို အချိန်ဖြုန်းချင်လို့ လာတာလား၊ ဆုတောင်းစရာရှိလို့ လာတာလား၊ ဘုရားကျောင်းကန် သွားဦးမှဟု တမင်သက်သက် အချိန်ပေးပြီး လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား၊ လမ်းမကြုံကြုံအောင် ဝင်လာတာလား။ ဘုရားကျောင်းကန်ဆိုသည်မှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ လာရောက်လာသူမှန်သမျှကို ဆိတ်ငြိမ်အေးချမ်းခြင်း ခံစားရစေသည်။ နာရီကြည့်လိုက်တော့ ၉  နာရီတီးရန် ငါးမိနစ်အလို ဆေးခန်းသွားသင့်ပြီ။ ဘုရားကျောင်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ၆၀ ဒီဂရီ ဖာရင်အိုက်အပူချိန်ကြောင့် အိုက်စပ်စပ်၊ တဝီဝီ မြည်နေသော ကားသံ၊ ပျားပန်းခပ်မျှ များပြားလှသော လူအုပ်ကြီးကို တွေ့လိုက်ရသောအခါ ပူလောင်ခြင်းကို ခံစားရသည်။ သြော် အပူတောထဲ ဝင်ရပြန်ဦးမည်။

စန်းထွန်း
မေ ၂၁၊ ၂၀၁၆။

13 May 2016

ဝိုင်တခွက် ...

Photo credit Google

ဘီယာကို ခါးသည်ဟုဆိုကာ မကြိုက်သော်ငြား ဝိုင်ကိုတော့ နှစ်သက်လေသည်။ ဒါဆို ဝိုင်က မခါးဘူးလားဟု မေးလျှင် ခါးသည် သို့သော် ဘီယာလောက်မခါး ဝိုင်၏ အခါးအရသာကို နှစ်သက်သည်ဟုဆိုလျှင် ဘီယာချစ်သူများက မျက်စောင်းထိုးကြလိမ့်မည်။ အဆင့်အတန်းမြင့်မြင့် စားသောက်ဆိုင်တွင် စားသောက်နေသည့် ဝတ်ကောင်းစားလှ ဝတ်ထားသည့် ချောမောလှပသည့် အမျိုးသမီးကို ရိုသေလေးစားသည့် အမူအယာဖြင့် ဝိတ်တာမှ ဝိုင်ဖြည့်ပေးလိုက်သောအခါ သွယ်လျပျော့ပျောင်းသည့် လက်ချောင်းကလေးများဖြင့် ဝိုင်ခွက်ကို ညင်သာစွာ မွေ့ယမ်းကာ  မော့သောက်လိုက်သည့်  ရုပ်ရှင်ထဲမှ ဇာတ်လိုက်မင်းသမီး၏ ဟန်ပန်ကို သဘောကျဖူးသည်။ ကိုယ်တို့ တကယ့်လက်တွေ့ ဝိုက်သောက်ပုံကတော့ ရုပ်ရှင်ထဲကနှင့် လားလားမျှမတူ။ ဝိုင်ကြိုက်သော သူငယ်ချင်း၊ ဘီယာကြိုက်သော သူငယ်ချင်း ချီးယားလိုက်ကြပြီး တကြိုက်တည်း မော့ကြခြင်းဖြစ်သည်။

ဝိုင်တခွက်လောက် သောက်ပြီးသည်နှင့် တရှိန်းရှိန်း ပူတက်လာကာ ရီဝေဝေ ဖြစ်လာသည်။ တခါတုန်းက အစာမရှိဘဲ ဝိုင်သောက်ပြီးသည်နှင့် ထိုးအန်သောကြောင့် ဝိုင်းပြုစုလိုက်ရသည်မှာ ရီဝေဝေ ဖြစ်တာလေးတွေတောင် ဘယ်နားရောက်ကုန်မှန်းမသိဟု သူငယ်ချင်းများက ဆိုသည်။ ထိုအဖြစ်အပျက် ဖြစ်ပြီးကတည်းက ကိုယ် ဝိုင်သောက်တော့မည်ဆိုလျှင် တခုခု အရင်စားခိုင်းတော့သည်။ နှစ်ခွက်လောက် သောက်ပြီးသည်နှင့် အိပ်ပျော်သွားတတ်သောကြောင့်  သူငယ်ချင်းများနှင့် မဟုတ်လျှင် ဝိုင်မသောက်ပါ။ ကုမ္ဗဏီနှစ်ပတ်လည် ညစာစားပွဲတွင် သောက်တတ်သော်လည်း ရထားပေါ်တွင် အိပ်ပျော်သွားမည်ကို စိုးရိမ်သောကြောင့် ဆက်သောက်ချင်သော်ငြား တခွက်လောက်နှင့် ကျေနပ်ရသည်။ နှစ်သစ်ကူးလို့၊ သူငယ်ချင်းတွေ ပြန်ဆုံကြလို့၊ မွေးနေ့ပွဲမို့လို့၊ အလုပ်ရလို့ စသည်ဖြင့် ရှာကြံဂုဏ်ပြု ကျင်းပကြသောပွဲများတွင်  ဘီယာဘူးချင်း၊ ဝိုင်ဖန်ခွက်ချင်းတိုက်ပြီး ချီးယားလုပ်ကြသော အချိန်များကို သတိရမိသည်။ ကိုယ် ဝိုင်မသောက်ဖြစ်သည်မှာ နှစ်အတော်ကြာပြီ။ တနေ့နေ့ တချိန်ချိန်မှာတော့ ဝိုင်တခွက် သောက်ခွင့်ကြုံမယ် ထင်ပါရဲ့။

စန်းထွန်း
မေ ၁၃၊ ၂၀၁၆။

10 May 2016

မိုးတွေ တဖွဲဖွဲ ရွာသောနေ့ ...

Photo credit Google

ရုံးဖွင့်ရက်ဆို မနက် ၆ နာရီခွဲ နှိုးနေကျမို့ ကျင့်သားရနေပြီဖြစ်တဲ့ မျက်စိတစ်စုံက ဖျပ်ခနဲ နိုးလာခဲ့သည်။ နာရီကို ကြည့်လိုက်တော့ မနက် ၆ နာရီ စောသေးတယ်ဆိုပြီး ထပ်အိပ်ဖို့ ကြိုးစားပေမဲ့ ည ၁၀ နာရီခွဲကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်မို့ အိပ်ရေးဝနေသည်။ အိပ်မပျော်တာကို အတင်းကြိတ်မှိတ်ပြီး မအိပ်ချင်တော့သည်နှင့် ပြတင်းပေါက်လိုက်ကာကို ဖွင့်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သောအခါ တိမ်ဖုံးကာ နေရောင်မပွင့် ဖြစ်နေခဲ့သည်။ ရာသီဥတုခန့်မှန်းချက်ကို ကြည့်လိုက်တော့ ဒီနေ့ တနေကုန် မိုးရွာမည်။ မြို့သူမြို့သားတို့ နိုးထချိန် မဟုတ်သောကြောင့် အရာရာ တိတ်ဆိတ်အေးချမ်းနေသည်။ ခိုညည်းသံကို ကြားရသည်၊ ငှက်ကလေးများ၏ ကျလစ်ကျလစ် တေးဆိုသံကို ကြားရသည်။ ဒီလို မိုးတွေ တဖွဲဖွဲရွာသောနေ့မျိုးဆို အပြင်မထွက်ချင်။ အိပ်ယာပေါ်တွင် လဲလျောင်းကာ စောင်ပုံအောက်တွင်  နစ်ဝင်ပြီး ရုပ်ရှင်ကြည့်လိုက်၊ စာဖတ်လိုက်၊ အိပ်လိုက်၊ ရေနွေးကြမ်း သောက်လိုက်နှင့် ပျင်းရိငြီးငွေ့ချင်သည်။ အေးစိမ့်လာသောကြောင့် ကော်ဖီတခွက်လောက် သောက်ချင်လာသည်။ ကော်ဖီခွက်ကို လက်နှစ်ဖက်ကြားထဲ ထည့်လိုက်သောအခါ လက်ဖဝါးမှတဆင့် ဝင်ရောက်လာသော အနွေးဓာတ်ကြောင့် နှလုံးသားထဲအထိ နွေးထွေးသွားသည်။ အငွေ့တထောင်းထောင်း ထနေသော ကော်ဖီခွက်ဆီမှ သင်းပျံ့လာသော ကော်ဖီရနံ့ကြောင့် လန်းဆန်းသွားသလို ခံစားရသည်။ ကော်ဖီခွက်ကိုင်ပြီး တဖွဲဖွဲရွာနေသောမိုးကို ငေးကြည့်ရင်း ဘာကိုလွမ်းလို့ လွမ်းချင်မှန်းမသိဘဲ လွမ်းမိလေသည်။

စန်းထွန်း
မေ ၁၀၊၂၀၁၆။

06 May 2016

နီးနေရက်နှင့် ဝေးနေခြင်း ...


နွေဦးပေါက်ရောက်သည်နှင့် သစ်ပင်များက ရွက်နုသစ်တွေဝေ၊ ပန်းပွင့်များက ဝေဆာဖူးပွင့်ကာ သြကာသတစ်ခုလုံး သာယာလှပနေသောကြောင့် နှစ်သက်ခြင်း၊ ကြည်နူးခြင်းကို ခံစားရသည်။ နေရောင်ခြည်များ ဖြာကျလင်းလက်နေပြီး လေနုအေးက ပွတ်တိုက်ကျီစယ်သွားတတ်သည်။ ကောင်းကင်သည် ပြာလဲ့နေပြီး တိမ်ဆိုင်တိမ်လိပ်များက မျောလွင့်နေတတ်သည်။ လမ်းဘေးဝဲယာတလျှောက် ပန်းရောင်စုံများ ဖူးပွင့်နေသည်။ ရုံးကွန်ပျူတာ နောက်ခံဘက်ဂရောင်းပုံအဖြစ် တင်ထားသော သစ်တောအုပ်ဟု အမည်ပေးထားသည့် နေပြောက်မထိုးနိုင်အောင် စိမ်းညှို့နေသော သစ်တောအုပ်ကြား ကြည်လင်နေသော ရေကန်ဘေးမှ တောလမ်းလေးတွင် လမ်းလျှောက်ချင်မိသည်။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါ မျှော်လင့်ချက်၊ စိတ်ကူးယဉ်အိမ်မက်၊ ဘဝအတွေးအမြင်များ ဖလှယ်ရင်း သူနှင့်အတူ လမ်းလျှောက်ချင်မိသည်။ တက္ကသိုလ်ကျောင်းတော်ကြီးတွင် ပညာဆည်းပူးသည့်အချိန် အတူတူနီးပါးလောက် ဖြစ်သလို၊ နိုင်ငံရပ်ခြားသို့ ရောက်ရှိချိန်သည်လည်း အတူတူနီးပါး ဖြစ်ခဲ့ကြပေမဲ့ သူနဲ့ကိုယ် မသိခဲ့ကြ။ သူသည် ကိုယ့်မိတ်ဆွေ၏ သူငယ်ချင်း (သို့မဟုတ်) ဆွေမျိုးသားချင်း  ဖြစ်သောကြောင့် ဘာသာရေးပွဲ၊ ရန်ပုံငွေပွဲများတွင် စကားအနည်းငယ်ပြောပြီး မိတ်ဆက်ဖူးရုံ သာမန်အသိတယောက်သာဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် လင်းလက်နေသော မျက်ဝန်းအကြည့်များကို မြင်တွေ့ရလိုက်ချိန်မှစ၍ သူ့ကိုစတင် သတိထားမိသွားသည်။ ကိုယ့်မိတ်ဆွေတင်သော ဓာတ်ပုံများတွင် သူ့ကို တွေ့ရတတ်လေသည်။ သူ့အကြောင်း ကိုယ်မသိသော်လည်း သူသည် ရိုးသားကြိုးစားသူ၊ လေးစားယုံကြည်ရမည့် သူတစ်ယောက်ဟု အကြွင်းမဲ့ ယုံကြည်နေမိသည်မှာ ဆန်းလှသည်။ ဆုံစည်းဖို့ရေစက် မပါဟန်တူသော သူနှင့်ကိုယ် နီးနေရက်နှင့် ဝေးရလေသည်။

စန်းထွန်း
မေ ၆၊ ၂၀၁၆။