ရထားအတူတူ စီးကြသူများ ...

ကိုယ့်အိမ်ကနေ မနက် ၇ နာရီခွဲထွက် နှစ်ဘူတာအဝေးမှာ အမြန်ရထားပြောင်းစီး။ ၂၅ မိနစ်လောက် စီးပြီးရင် 34th Herald Station မှာ နယူးဂျာစီပြည်နယ် Journal Square ကိုသွားမဲ့ PATH ရထားပြောင်းစီး။ မနက် ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ်ဆို ဂျာနယ်စကွဲကိုသွားမဲ့ PATH  ရထားရဲ့ နောက်ဆုံးကနေရေရင် သုံးတွဲမြောက် ပထမဆုံး တံခါးပေါက်မှာ ကိုယ်ရပ်စောင့်နေလေ့ရှိတယ်။ Newport ဘူတာရောက်တဲ့အခါ ဆင်းပြီး Newark ကနေ World Trade Center ကိုသွားမဲ့ ရထားကိုပြောင်းစီး။ Newport ကနေ တဘူတာအဝေး ဝေါထရိတ်စင်တာ တဖက်ကမ်း Exchange Place ဘူတာက ကိုယ့်ကလိုင်းရင့်ရုံး ရှိတဲ့နေရာ။ တခြားအမြန်ရထားစီး ဝေါထရိတ်စင်တာမှာဆင်း ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဝေါထရိတ်စင်တာ WTC ကနေ နယူးဂျာဆီ Newark ကိုသွားတဲ့ ရထားစီးရင် တဘူတာပဲ စီးရတယ်။ ဝေါထရိတ်စင်တာဆိုတာကလည်း တိုးရစ်တွေ၊ လစ်ဘာတီ အစိမ်းရောင်ကြီး သရဖူကြီးဆောင်း၊ အစိမ်းရောင် အင်္ကီျဝတ်ပြီး လစ်ဘာတီခရူလက်မှတ် ရောင်းတဲ့သူတွေ၊ ရုံးတက်ရုံးဆင်းသူတွေနဲ့ အမြဲတင်းကြမ်းပြည့်နေတဲ့ နေရာဆိုတော့ တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ ဘာလို့ ရထားရဲ့ သုံးတွဲမြောက် ပထမဆုံးတံခါးပေါက်ကို ရွေးရတာလဲဆိုတော့ အဲဒီနေရာက ဓာတ်လှေကားကို သွားမဲ့လမ်းကို တည့်တည့်ကြီး ရောက်နေလို့ပါပဲ။

စက်လှေကားက အမြင့်ကြီးစီးရပြီး ရုံးနဲ့လည်း နည်းနည်းလေး ပိုဝေးသွားလို့ ဓာတ်လှေကားပဲ စီးလေ့ရှိတယ်။ အဲဒီရုံးမှာ အလုပ်ဆင်းတာ ၆ လလောက်ရှိပြီဆိုတော့ ကိုယ်နဲ့ရထား အတူတူစီးတဲ့သူတွေကို မျက်မှန်းတန်းမိနေပြီ။ ပခုံးကျော်တဲ့အထိရှည်တဲ့ ဆံပင်ဖွာလန်ကျဲကို နောက်မှာစုစည်းထားပြီး ငှက်လိုမျက်နှာ စုတ်ချွှန်းချွှန်း၊ မျက်မှန်တပ်ပြီး သားရေဘေးလွယ်အိတ် ကြီးကြီးလွယ်ထားတဲ့ လူလတ်ပိုင်းအရွယ် ဥရောပသားလို့ ထင်ရတဲ့လူတစ်ယောက်။ မနှစ်က ဟန့်ရဲ့ meet up အဖွဲ့နဲ့ စတေတန်အိုင်လန်မှာရှိတဲ့ ပထမဆုံး အမျိုးသမီး ဖိုတိုဂရပ်ဖာရဲ့အိမ်ပြတိုက်၊ ခံတပ်ကို သွားလည်တုန်းက လမ်းလျှောက်အဖွဲ့သားတွေ နာမည်၊ အလုပ်အကိုင်ပြောပြီး မိတ်ဆက်ကြတော့ အလုပ်အကိုင်က သိပ္ဗံပညာရှင်ဆိုလို့ မှတ်မိနေတာ နာမည်တော့ မမှတ်မိဘူး။ တွေ့တွေ့ချင်း အံ့သြသွားတယ် ပြီးတော့ မေးကြည့်ချင်တာ ဟန့်အဖွဲ့နဲ့စတေတန်အိုင်လန်ကို သွားဖူးလား၊ သိပ္ဗွံပညာရှင်လားလို့။ မှန်တယ်ဆိုရင် မှတ်ညဏ်ကောင်းတဲ့ ငါကွဆိုပြီး လက်ခမောင်းခတ်ဦးမယ်။ ဟိုင်း ဟောင်းအာယူလို့ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ ဒီတိုင်းပြည်ကိုရောက်တာ ငါးနှစ်လောက်ရှိနေပေမဲ့ ရောမရောက်ရင် ရောမလို မကျင့်နိုင်သေးတဲ့ကိုယ်က သိတဲ့သူဆို နှုတ်ဆက်ဖို့ ဝန်မလေးသလောက် မသိတဲ့သူကို ကိုယ်ကစပြီး နှုတ်ဆက်ရမှာ ဝန်လေးနေဆဲ။ အဲဒီသိပ္ဗံရှင်လို့ ကိုယ်ထင်နေတဲ့သူနဲ့ တခါတလေ ဘေးချင်ထိုင်ဖြစ်ပေမဲ့ သူကလည်း ကိုယ့်ကိုမကြည့် ကိုယ်ကလည်း သူ့ကိုမကြည့်။ သူကလည်း သူ့ဖုန်းနဲ့ အလုပ်များသလို ကိုယ်ကလည်း ကင်ဒယ်ထဲ ခေါင်းစိုက်နေလေရဲ့။

အသက်ငါးဆယ်နီးပါးလို့ ခန့်မှန်းထားတဲ့  ပွယောင်းယောင်း ဆံနွယ်ခွေခွေက ပခုံးအောက်နားကျကျ စာကြည့်မျက်မှန်တပ်ပြီး ဘေးလွယ်အိတ်လွယ်၊ အားကစားဖိနပ်စီး၊ ရုံးဝတ်စုံဝတ်ပြီး ကင်ဒယ်ဖတ်နေတတ်တဲ့ တရုတ်လူမျိုးလို့ ထင်ရတဲ့အန်တီကြီး။ မျက်နှာကို ဘာမှလိမ်းခြယ်ထားပုံ မရပေမဲ့ အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီကိုတော့ ခပ်ပါးပါးလေး ဆိုးလေ့ရှိတယ်။ တခါတလေ စကပ်အတိုဝတ်ထားရင် ခြေသလုံးတုတ်တုတ်ခဲခဲတွေကို မြင်ရလေ့ရှိတယ်။ ဆံပင်တိုကပ်ကပ်၊ နေလောင်ထားတဲ့ အသားအရေ၊ suit အပြည့်ဝတ်၊ ကျောပိုးအိတ်ကြီးလွယ်၊ တခါတလေမှာ GIANTS ဆိုတဲ့ အပြာရောင်တောက်တောက် မိုးကာအင်္ကီျဝတ်တဲ့ တင်းမာသုန်မှုန်တဲ့ မျက်နှာထားရှိတဲ့ အသက်ငါးဆယ်ကျော်လာက် ရှိပုံရတဲ့ အန်ကယ်ကြီး။ သူ့ရဲ့ကိုယ်အမူအယာ၊ လေသံကိုကြည့်ပြီး ဂျပန်လူမျိုးဖြစ်မယ်လို့ ခန့်မှန်းရတယ်။ အဲဒီအန်ကယ်ကြီးက လှေကားနှစ်ထပ်ကို ကျော်ပြီးတက်လေ့ရှိတယ်။ ခေါင်းမှာ အမည်းရောင် သံပုရာခွံဆောင်း၊ ဒူးလောက်အထိရှည်တဲ့ ကုတ်အင်္ကီျအနက်ကြီးဝတ်၊ ကျောပိုးအိတ်ကြီးလွယ်၊ တကိုယ်လုံး လှုပ်ယမ်းနေတတ်တဲ့ အသက်ငါးဆယ်နဲ့ ခြောက်ဆယ်ကြားလောက်ရှိမဲ့ ဆံပင်ဖြူတွေကြားထဲ အနက်ရောင်တွေ ရောစွက်နေတဲ့ ဂျူးအဘိုးကြီး။ ဒေါင်းဂျက်ကပ်ပါးပါး နက်ပြာရောင်ဂျက်ကပ် အမြဲလိုလိုဝတ်တတ်တဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် နေလောင်ထားတဲ့ အသားအရေ၊ ပိန်သွယ်တဲ့မျက်နှာ၊ နှာခေါင်းဘေးကနေ မေးစေ့အထိ သိသိထင်ရှားလွန်းတဲ့ ပါးပြင်အရေးအကြောင်းနဲ့ ဂျပန်လူမျိုးလို့ ယူဆရတဲ့ အသက်လေးဆယ်ကျော် အစ်ကိုကြီးတစ်ယောက်။ အရပ်ငါးပေးဆယ်လက်မအထက် ပိန်ပိန်ပါးပါး မျက်နှာတပ်ထားတဲ့ ကင်းဗတ်ဖိနပ်စီးပြီး ထိုင်ခုံနေရာရှိပေမဲ့ ဘယ်တော့မှမထိုင် အမြဲမတ်တပ်ရပ်ပြီး စာအုပ်အမြဲဖတ်လေ့ရှိတဲ့ အသက်သုံးဆယ်ကျော်လား လေးဆယ်ကျော်လား မှန်းဆလို့မရတဲ့ အိန္ဒိယလူမျိုးလို့ ယူဆရတဲ့သူတစ်ယောက်။

သူတို့ကို တစုတစည်းတည်း တွေ့ရတယ်ဆိုတာမျိုးက အင်မတန်ရှားတယ်။ တခါတလေ ကိုယ်ကစောရောက်လိုက်၊ နောက်ကျလိုက်ဆိုတော့ ရထားအတူတူ စီးကြသူ တစ်ယောက်မဟုတ် တစ်ယောက်ကိုတော့ တွေ့မိတယ်။ ဒါပေမဲ့ ကိုယ်တို့တွေ ဘယ်တော့မှ နှုတ်မဆက်ကြသလို မျက်မှန်းလည်း မတန်းမိကြဘူး။ ကိုယ့်ဘာသာ သိနေကြတယ် ဆိုပါတော့။ ခုတလော သူတို့အားလုံးကို မတွေ့ရတော့ ခွင့်ယူပြီး ခရီးတွေ သွားနေကြတာလား၊ အလုပ်ပြောင်းသွားတာလား၊ အငြိမ်းစားယူသွားပြီလားလို့ တွေးနေမိတယ်။ သူတို့နဲ့ကိုယ်ဟာ ဘယ်တော့မှ ပြုံးပြမနှုတ်ဆက်၊ နှုတ်ဆက်စကားလည်းမဆို၊ မျက်ဝန်းကြည့်လည်း မဆုံ၊ စိတ်ထဲကနေ သိနေကြတဲ့ ရထားအတူတူ စီးကြသူများသာ ဖြစ်သည်။

စန်းထွန်း
မေ ၂၅၊ ၂၀၁၆။

2 comments:

Aunty Tint said...


San San Htun said...

Aunty Tint said...
ကိုယ့်ရုံးခမ်းကိုအမြန်ဆုံးနည်းနဲ့ရောက်စေဘို့ စက်လှေခါးမစီးဓာတ်လှေခါးစီးတဲ့ စန်းစန်း တော်ပါ့။
စန်းရဲ့ပတ်ဝန်းကျင်လေ့လာမှုအားကောင်းတာကို သဘောကျတယ်၊ တီတင့်ရဲ့အားနည်းချက်ကတော့ ကားမောင်းနေရင်ဖြစ်စေ လမ်းလျှောက်နေရင်ဖြစ်စေ ကိုယ့်မိသားစု ဆွေမျိုး မိတ်သင်္ဂဟတို့က ကိုယ့်ကိုလက်လာဆွဲမှသာမြင်တတ်သူမို့ လေ့လာမှုအားနည်းတယ်လို့ အမြဲကောက်ချက်ချခံရ။ အဒေါ်ငယ်ကအမြဲပြောတယ်။ ကားချင်းဘေးချင်းယှဉ်ပြီး ဟွန်းတီးတာတောင်မမြင်ဘူးတဲ့ :P
May 25, 2016 at 11:09 PM