၂၀၂၃ ဒီဇင်ဘာ ၁၀ တနင်္ဂနွေနေ့ တိုးဂိုက်က ၈ နာရီမှ လာခေါ်မှာဆိုတော့ မနက် ၆ နာရီခွဲ ကမ်းခြေသွားပြီး ၆း၅၇ နေထွက်တာ စောင့်ကြည့်တယ်။ တိမ်နည်းနည်းရှိနေလို့ ပင်လယ်ကြီးကနေ နေထွက်လာတာ မမြင်ရပေမဲ့ ကောင်းကင်တခုလုံး ရောင်စဥ်လင်းလက်တောက်ပပြီး နေထွက်လာတာ အတော်လှတယ်။ သဲတွေမပေအောင် ပိုက်ကြမ်းလေး ခင်းပေးထားတယ်။ ခြေထောက်ဆေး၊ ရေချိုးဖို့ ရေပန်းတွေ လုပ်ပေးထားတယ်။ ကမ်းခြေတလျှောက် စက်ဘီးစီးလို့ရတယ်။ တိုက်ခန်းက ကမ်းခြေနဲ့ တလမ်းခြား။ ဒီဇင်ဘာ ၁၅ ကျော်ရင် ဟိုတယ်ခက စျေးနှစ်ဆတက်ပြီ။ အဲ့ဒီအချိန် ကျောင်းပိတ်ချိန်၊ ခရစ်စမတ်၊ နှစ်သစ်ကူး မိသားစုနဲ့ခရီးထွက်ကြချိန်။ အဲ့ဒါကြောင့် ဒီဇင်ဘာ ၁၅ မတိုင်ခင် ခရီးထွက်တာ။ ကိုယ်တို့ရုံးက ရှေ့နှစ်ကို ခွင့် ၁၀ ရက်ပဲ ယူလို့ရတယ်။ Everglades ကို တနာရီလောက်ပဲ မောင်းရတယ်။ တိုးဂိုက်က အန်ထွာတဲ့ ပြစ်သစ်သား။ Alligator vs Crocodile ... Alligator အကောင်သေးတယ် ရေငန်မှာနေတယ် ..Crocodile အကောင်ပိုကြီးတယ် ရေချိုရေငန်မှာနေတယ်။ Crocodile ပိုကြောက်ဖို့ကောင်းတယ်။ Alligator က ဖလော်ရီဒါနဲ့ တရုတ်မှာပဲရှိတယ်။ Crocodile က တကမ္ဘာလုံးမှာရှိတယ်။ နိုင်းမြစ်မှာဆို Crocodile ကိုက်လို့ တနှစ် လူ ၉၀၀ လောက်သေတယ်။ Alligator ကြောင့်သေတာထက် vending machine ပိလို့သေတဲ့လူက ပိုများတယ်တဲ့။ ဖလော်ရီဒါမှာ Alligator ကို အစာကြွေးခွင့်မရှိဘူး။ အစာကြွေးရင် လူကိုအစာလို့ထင်ပြီး ကိုက်မှာစိုးလို့တဲ့။
Alligator တွေက ငပျင်းတွေ။ ချီတာ ကျားသစ်တို့လို့ သားကောင်ကို အသည်းအသန် လိုက်မဖမ်းဘူး။ သားကောင်က သူရှေ့ရောက်လာမှပဲ ပါးစပ်လေးဟပြီး ဖမ်းစားတာတဲ့။ နေရာကိုလည်း အင်မတန် မှတ်မိတယ်။ ထိန်းသိမ်းတဲ့စခန်းကနေ ဘေးမဲ့လွှတ်လိုက်ရင် ပြန်လာတယ်။ စခန်းမှာက နေ့တိုင်း အစားစားရတယ် ဘေးမဲ့တော့မှက တပတ်လောက်မှတခါ အစာစားရတာကိုး။ ဘုတ်ပေါ်မတက်ခင် ဓာတ်ပုံရိုက်ပေးတယ် အလကားတဲ့။ ဘုတ်က ကားအင်ဂျင်ကို တပ်ထားပြီး ပန်ကာမရှိ၊ တက်မမရှိဘဲ မောင်းတာ။ လီလီပန်းတွေရှိတော့ တက်မထားလို့ မရဘူး ပန်ကာပတ်၊ တက်မကျိုးမှာ။ ကက်ပတိန်က Are you ready ဆိုပြီး ၁၅ မိုင်နဲ့ စက်မိုက်ကုန်ဖွင့်မောင်းပြတယ်။ Everglades က မိုင်ငါးထောင်လောက် ကျယ်တယ်။ ဒီဒေသမှာပေါက်တဲ့ အပင်တွေ၊ ငှက်တွေ၊ ငါးတွေအကြောင်း ရှင်းပြတယ်။ Holiday Park အာဝဇွန်ရွှန်း ရုပ်ဖြောင့်ဖြောင့် ကောင်လေးက မိကျောင်းနဲ့ကစ်ပြတယ်။ စကားပြောကောင်းလွန်းလို့ လက်ခုပ်သံတဖြောင်းဖြောင်းပဲ။ Alligator တွေများ ဝဖီးနေတာပဲ။ Alligator ပေါက်စလေးကိုင်ပြီး ဓာတ်ပုံရိုက်လို့ရတယ် ၅ ကျပ်။ အရွယ်တူ Alligator လေးတွေ တခန်းတည်းထားတယ်။ အရွယ်မတူတာတွေထားရင် ကိုက်ကြမှာတဲ့။ မြေခွေးနှစ်ကောင်တွေ့တယ်။ ကိုယ်တို့ပြန်ထွက်တော့ နေ့လည် ၁၂ နာရီ။ ခုမှလူတွေ ကြိတ်ကြိတ်တိုးပဲ။ ယိုးဒယားဆိုင်မှာ နေ့လည်စာသွားဝယ်။ ညနေပိုင်း ဘယ်ကိုသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၄။
https://www.viator.com/tours/Miami/3-hour-Everglades-Tour-from-Miami/d662-21428P2















No comments:
Post a Comment