မိုင်ယာမီသွား တောလား - ၁

Southernmost Point Continental USA

၂၀၂၃ ဒီဇင်ဘာ ၈ သောကြာနေ့ မနက် ၉ နာရီခွဲ ဟိုတယ်ကနေ မှာထားတဲ့တက္ကစီနဲ့ BrightLine ဘူတာရုံသွားတယ်။ ဟိုတယ်နဲ့ နာရီဝက်လောက်ပဲဝေးတယ်။ လမ်းဘေးမှာတွေ့တဲ့ ရေကန်တွေအကြောင်း မေးကြည့်တော့ Retention Pool အကြောင်းရှင်းပြတယ်။ ဖလော်ရီဒါပြည်နယ်မှာ မိုးများတော့ ပြည်နယ်အစိုးရက အဆောက်အဦးကြီးကြီးမားမား၊ လမ်းတံတားဆောက်တိုင်း ဘေးမှာရေကန်တခုဆောက်ရမယ်လို့ သတ်မှတ်ထားတယ်တဲ့။ မိုးက တနာရီအတွင်း ၂၆ စင်တီမီတာရွာတယ်တဲ့။ တက္ကစီခက ၉၀ ဆိုတော့ နင်သွားတယ်။ အော်လန်ဒိုနဲ့ မိုင်ယာမီ ၃ နာရီကျော်စီးရတာတောင် ၉၀ ပဲ ပေးရတယ်။ ဟိုတယ်နဲ့ ဘူတာရုံ နာရီဝက်လေးကို ၉၀ တောင်းတယ်။ အဖေက ပုသိမ်နဲ့ရန်ကုန် ကားခ တသောင်းပဲ ပေးရတယ်။ လှိုင်သာယာအဝေးပြေးကွင်းကနေ ကမာရွတ်ဆင်မလိုက်ကို တသောင်းတောင်းသလို ဖြစ်နေပြီ။ ဘူတာရုံက အကျယ်ကြီးသန့်ရှင်းနေတာပဲ။ မိုင်ယာမီကို Amtrack ရထားနဲ့ ၆ နာရီကြာတယ် ၃၀ ပေးရတယ်။ BrightLine ကတော့မြန်တယ် ၂၂၆ မိုင် ၃ နာရီကျော် ၇၉ ကျပ်ပေးရတယ်။ လမ်းမှာ လေးဘူတာပဲရပ်တယ် ရပ်တာလည်း တမိနစ်လောက်ပဲကြာတယ်။ ကိုယ်တို့သားအဖတွေ ရထားပေါ်ရောက်ရင်အိပ်ပြီ။ ဒီတခါတော့ နောက်မှာထိုင်တဲ့အမျိုးသမီးတွေက အကျယ်ကြီးဖုန်းပြောနေတာ မိုင်ယာမီရောက်တဲ့အထိပဲ။ ဂျပန်မှာဆို ရထားပေါ်မှာ ဖုန်းမပြော စကားမပြောကြဘူးတဲ့။ နယူးယောက်မှာတော့ ရထားပေါ်မှာ သီချင်းအကျယ်ကြီးဖွင့်တဲ့သူနဲ့ အမေရိကန်တွေကလည်း စကားပြောရင် ကျယ်ကျယ်ပြောတတ်ကြလို့ ဆူညံနေတာပဲ။ မိုင်ယာမီက ပိုပူတယ် တိုက်အမြင့်ကြီးတွေ များတယ် နယူးယောက်ကျနေတာပဲ။ မိုင်ယာမီမြို့ထဲကနေ ကမ်းခြေကဟိုတယ်ကို ပုံမှန်ဆိုရင် နာရီဝက်လောက်ပဲကြာမှာ။ တံတားပေါ်မှာ လမ်းပိတ်နေလို့ တနာရီကြာတယ်။

တိုက်ခန်းတံခါး ဖွင့်မရလို့ ဖုန်းခေါ်တာမရ။ passcode နှိပ်နေတာ ညနေ ၄ နာရီအတိမှ ဖွင့်လို့ရတယ်။ ယိုးဒယားဆိုင်မှာ ညနေစာသွားဝယ်။ ဒီဇင်ဘာ ၉ စနေနေ့ မနက် ၇ နာရီ ၂ ထပ်ကားကြီးနဲ့ လာခေါ်တယ်။ ရှေ့ဆုံးခုံက မြင်ကွင်းကောင်းလို့ သွားထိုင်မလို့ဟာ ၂၀ ပေးရမှာတဲ့။ အဲ့ဒါဆို မထိုင်တော့ဘူးဆိုပြီး ပြန်လှည့်တော့ တကားလုံး ဝိုင်းရယ်ကြတယ်။ ၂ နာရီလောက်မောင်းပြီး မက်ဒေါနယ်မှာ မနက်စာ၊ အိမ်သာအတွက် ၁၅ မိနစ်နားတယ်။ breakfast burrito wrap ဝယ်ကြွေးတာ ကြိုက်ကြတယ်။ Key West က မိုင်ယာမီကနေ ၄ နာရီလောက် မောင်းရတယ်။ ကျွှန်းဆွယ်လေးက ကျူးဘားကနေ မိုင် ၉၀ ပဲဝေးတယ်။ ကျူးဘားကနေ Key West ထိ မိုင် ၁၀၀ ကျော် ရေကူးတဲ့ အမေရိကန်အိုလံပစ် NYAD ရုပ်ရှင်ကို NetFlix မှာကြည့်ပြီးပြီ။ ရေကူးသင်နေတဲ့သူဆိုတော့ မိုင် ၁၀၀ မပြောနဲ့ ကိုယ့်အတွက်တော့ တမိုင်တောင် ကူးဖို့မလွယ်။ အရင်တုန်းက ကျူးဘားက ချမ်းသာတယ်။ နယူးယောက်ကနေ အမြန်ရထားစီးပြီး Key West ကိုလာ။ ကျူးဘားမြို့တော် Havana ကို ဖယ်ရီစီး ကာစီနိုကစား၊ ရမ်သောက်။ ရမ်က ရေထက်စျေးပေါတယ်။ အဲ့ဒီတုန်းက စတိတ်မှာ ရမ်ကတရားမဝင်ဘူး။ ရမ်ကို ခိုးသွင်းတဲ့သူတွေ စီးပွားဖြစ်တယ်။ ၁၉၆၀ ကျူးဘားမှာ အာဏာရှင်ကက်စထရိုတက်တော့ ကျူးဘားလူမျိုးတွေ သိန်းချီထွက်ပြေးကြတာတဲ့။ အဲ့ဒီကတည်းက ကျူးဘားဆင်းရဲသွားတာ ၂၀၁၉ ကိုယ်သွားလည်တဲ့အချိန်မှ အင်တာနက်ရ။ မီးပျက်တယ် လေဆိပ်မှာ ငွေလဲတာ အပြည့်မပေးဘူး။ လူတွေကတော့ သဘောကောင်း ဖော်ရွေပေမဲ့ ကျူးဘားကို နောက်ထပ်သွားလည်ချင်လားမေးရင် သွားမလည်ချင်ဘူး။ ကျူးဘားက မြန်မာပြည်နဲ့ သမိုင်းကြောင်းတူတယ်။

ရာသီဥတုကောင်းနေလို့ Snorkeling $၆၅၊ Watching dolphins $၇၀ လုပ်မလားမေးတော့ အဖေတို့က မလုပ်ချင်ဘူး။ Trolley $ ၅၆ ဆိုတော့ မစီးဘူးတဲ့။ ဒီတော့ လမ်းလျှောက်ပြီး ပတ်ကြည့်ကြတာပေါ့။ နေ့လည် ၁၁ နာရီရောက်ပြီး ညနေ ၄ နာရီမှာ ပြန်ထွက်မယ်တဲ့။ ကိုယ်တို့လိုပဲ ဘာ activities မှမလုပ်တဲ့ ၃ မိသားစုတွေ့တယ်။ တိုးဂိုက်ညွှန်းတဲ့ ဒူမွန်လမ်းမှာ စားသောက်ဆိုင်တွေ အများကြီးပဲ။ ကျူးဘားဆန်းဒွတ်၊ အမဲသားနှပ်မှာတာ အမဲသားနှပ်က ကောင်းပေမဲ့ ဆန်ကကျောက်ခဲစားရသလိုပဲမာတယ်။ ၂၀၁၁ ဖို့ဝိန်းမှာ ကိုယ်စားဖူးတဲ့ ကျူးဘားဆန်းဒွတ်က အတော်ကောင်းတယ်။ ဆန်းဒွတ်ကိုပြန်သယ် CVS ဝင်ပြီး ရေဝယ်။ Electric scoter၊ car၊ bike ငှားတဲ့နေရာတွေ အများကြီးပဲ။ Southernmost Point Continental USA အတုံးလေးနဲ့ ဓာတ်ပုံရိုက်ဖို့ နာရီဝက်လောက် တန်းစီရတယ်။ အုန်းသီးတလုံး ဘယ်လောက်လဲမေးကြည့်တော့ ၇ ကျပ်တဲ့။ အမလေး စျေးကြီးလိုက်တာ သစ်ခွပင်ထဲ အုန်းသီးခွံထည့်ဖို့ ကွင်းမှာဝယ်တာ ၃ ကျပ်ပဲပေးရတယ်။ မိုင်ယာမီက sales tax 9 % နယူးယောက်က 8.875% နယူးယောက်ထက် စျေးကြီးတယ်။ အဲ့ဒါကြောင့် မိုင်ယာမီကို ရောက်ဖူးတဲ့သူတိုင်း စျေးကြီးတာလို့ ပြောကြတယ်။ သဘေင်္ာပင်၊ မန်ကျည်းပင်တွေ့လို့ ပျော်ကြသေးတယ်။ သစ်ပင်ပေါ်မှာ ဖွတ်တကောင် အဖေပြတာ မမြင်လို့ ဖုန်းနဲ့ zoom ဆွဲကြည့်တော့မှသိတယ်။ ကိုယ်တို့တွေ ကြည့်နေလို့ ဖြတ်သွားတဲ့သူတွေကလည်းဝိုင်းကြည့်။ ပင်လယ်ကူးသဘေင်္ာကြီးပေါ် လူတွေတက်တာကို ကြည့်တယ်။ ပင်လယ်ကူးသဘေင်္ာကြီးက အကြီးကြီးပဲ။ မိုင်ယာမီမှာ ၈ စီးတွေ့ခဲ့တယ်။ ကမ်းခြေတလျှောက်ပတ်ကြည့်။

လမ်းတလျှောက် တိန်ညင်ကြက်တွေ အများကြီးတွေ့ခဲ့တယ်။ အောက်အီးအီးအွတ်အော်သံကြားလို့ မနက်နဲ့ညပဲ ကြက်တွန်တယ်ထင်နေတာ။ အဖေက ကြက်ဆိုတာ တွန်ချင်တဲ့အချိန်တွန်တာတဲ့။ တိုးကားနားမှာ ထိုင်စောင့်နေတုန်း တိန်ညင်ကြက်တွေ ဝိုင်းလာပြီး အစာတောင်းလို့ ရှူးလုပ်ရသေးတယ်။ ဒရိုင်ဘာက ပေါင်မုန့်တွေကျွှေးတယ်။ ညနေ ၄ နာရီကျော်ကတည်းက မရပ်မနားမောင်းတာ ည ၉ နာရီကျော်မှာ မိုင်ယာမီမြို့ထဲရောက်တယ်။ မိုင်ယာမီကမ်းခြေရောက်တော့ ည ၁၀ နာရီ။ ထိုင်းဆိုင်မှာ ထမင်းနဲ့ တုန်ယမ်းဟင်ချိူဝယ်။ ၅ မိုင်ကျော် လမ်းလျှောက်လိုက်ရလို့ ပင်ပန်းသွားကြပြီ။ နောက်နေ့ ဘယ်တွေသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၄။

https://www.gobrightline.com

https://www.viator.com/tours/Florida/Day-Trip-to-Key-West-from-Miami/d276-38439P1

အမဲသားကတော့ စားလို့ကောင်း..ထမင်းကတော့ ကျောက်ခဲကျနေတာပဲ
နာမည်ကျော် ကျူးဘားဆန်းဒွတ်
စက္ကူပန်း
မီးပြတိုက်ပေါ် တက်မကြည့်ဘူး ..၃၇ ကျပ်မို့လို့ အဝေးကနေပဲ ဓာတ်ပုံရိုက်ခဲ့တယ်
၅၄ ကျပ် တနေကုန် တက်လိုက်ဆင်းလိုက် စီးလို့ရ
ကြက်ဖတိန်ညင်..တောကိုဝင်..မောင်ရင်လာ လေးနဲ့ပစ်..မပစ်ပါနဲ့မောင်ရင်ရယ်..ကြက်တက်စူးလို့ သေပါ့မယ်
ဘယ်ဖက်ကစူးစူး..ညာဖက်ကစူးစူး..
၅၆ ကျပ် တနေကုန် တက်လိုက်ဆင်းလိုက် စီးလို့ရ

No comments: