ချီလီသွား တောလား - ၂

၂၀၁၉ နိုဝင်ဘာ ၁၀ တနင်္ဂနွေနေ့ မနက် ၆ နာရီ နိုးတာနဲ့ ရေချိုး ရာသီဥတုက ပူလောင်အိုက်စပ်ပြီး နေရောင်တောက်ပနေတယ်။ နေရောင်လင်းလက်တာကို ကြိုက်ပေမဲ့ ပူလောင်အိုက်စပ်နေတာကို‌တော့ မကြိုက်ဘူး။ တိုးစုရပ်ကို ဟိုတယ်ပိုင်ရှင်အန်တီကြီးဆီမှာ မေးကြည့်တော့ လမ်းမကြီးပေါ်မှာတဲ့။ ရေသန့်ဘူးက မရှိတော့ဘူး အမြဲဆောင်တဲ့ဗူးသေးသေးလေးပဲ ရှိတော့တယ်။ မနေ့ကလိုမျိုးဆိုဒုက္ခ လမ်းမှာတွေ့တဲ့ဆိုင်မှာ ရေဘူးဝယ်မယ်ဆိုပြီး ဆိုင်တွေလိုက်ရှာတာ တဆိုင်မှမဖွင့်သေးဘူး။ maps.me နဲ့မြေပုံကြည့်ပေမဲ့ မပြဘူး အိမ်နံပါတ်တွေကိုလိုက်ကြည့်။ တိုးရစ်လမ်းထိပ်ရောက်တော့ ခြံဝင်းတခုမှာ တိုးကားတွေတွေ့လို့ နံပါတ်ကြည့်လိုက်တော့ တိုးစုရပ်ပဲ။ မေးမြန်းကြည့်ပြီး တိုးဂိုက်ဆီမှာချက်ကင်ဝင် ရေဘူးဝယ်ဖို့အချိန်ရလား မေးကြည့်တော့ ငါးမိနစ်အချိန်ရတယ်တဲ့။ တိုးရစ်လမ်းထဲမှာ ဆိုင်တွေရှာကြည့်တော့ မတွေ့ဘူး ကော်ဖီဆိုင်မှာများရှိမလားလို့ ရစ်သီရစ်သီသွားလုပ်တယ် ရှိပုံမပေါ်ဘူး။ မနက် ၈ နာရီ ဆိုင်တွေမဖွင့်သေးဘူး။ နေပါစေတော့ ပါလာတာလေးနဲ့ ချွှေတာသောက်မယ် တိုးဂိုက်က ရေတလီတာလိုတယ်လို့ မပြောဘူး။ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့က ဂျပန်လူမျိုး အသက် ၆၀ နီးပါး လင်မယား၊ ဂျာမန်လူမျိုး အသက် ၃၀ နီးပါး လင်မယား။ တိုးဂိုက်က စပိန်၊ ဂျာမန်၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရှင်းပြတယ်။ ကိုယ်တို့အေးရှန်းသုံးယောက်က ဘာသာစကားတူလား ဘာ, ဘာသာစကားနဲ့ ဆက်သွယ်ကြလဲလို့မေးတယ်။ သူတို့နှစ်ယောက်က ဗီယက်နမ်လိုပြောတယ် ကိုယ်နဲ့က အင်္ဂလိပ်လိုပြောကြတယ်။ အစာပြေစားဖို့ အစေ့အနှံတွေပါတဲ့အထုပ်တထုပ်၊ ပန်းသီးတလုံး၊ ရေဗူးသေးသေးတဗူး ပေးတယ်။ မနက်စာမစားခဲ့ရတော့ ဗိုက်ဆာလို့ ချက်ချင်းစားတယ်။ ကိုယ်က အသီးအနှံကြိုက်တော့ ဟန်က သူမစားတဲ့ပန်းသီး ကိုယ့်ကိုပေးတယ်။ လာမား အပါကာတွေတွေ့တော့ ကားရပ်ပေးတယ်။ ကားဒရိုင်ဘာအမျိုးသမီးက သဘောကောင်းတယ်။ ဂျာမန်ကောင်လေးက ဖိုတိုဂရပ်ဖာ ဓာတ်ပုံရိုက်ချင်တဲ့နေရာဆို ကားကိုရပ်ခိုင်းတယ်။ ချီလီဟာ တောင်အမေရိကတိုက်မှာ အချမ်းသာဆုံးနိုင်ငံမို့လို့ လမ်းတွေကောင်းတယ် ညက်နေတာပဲ။ ဓာတ်သတ္ထုရှိတဲ့တောင်တွေမို့လို့ အနီရောင်၊ ရေညှိတွေရှိလို့ အစိမ်းရောင်၊ တချို့တောင်တွေက ခရမ်းရောင် ဒါကြောင့် Rainbow Valley သက်တန့်ရောင်စဥ◌်လွင်ပြင်ချိုင့်ဝှမ်းလို့ ခေါ်ပါတယ်တဲ့။ ပီရှုးနိုင်ငံက သက်တန့်လွင်ပြင်ချိုင့်ဝှမ်းက အရောင်ပိုစုံပြီးပိုလှတယ်။ ဒါပေမဲ့ မနက် ၄ နာရီမှာ တောင်အမြင့်ကြီးကို ဟိုက်နေအောင်တက်ရမှာမို့ မတက်ခဲ့တာ။ ဂျပန်ဥ◌ီးလေးကြီးက ဟိုးအဝေးကတောင်အမြင့်ကြီးကို သွားတက်ပြီး ဓာတ်ပုံရိုက်တော့ ဝိုင်းက လိုက်လုပ်တယ်။ ကိုယ်နဲ့ဟန်က ဝိုင်းလောက် မကြံ့ခိုင်တော့ မတက်နိုင်ဘူး။ လွင်ပြင်ချိုင့်ဝှမ်းကို တပတ်ပတ်တယ် တိုးရစ်တွေသုံးဖွဲ့လောက် တဖွဲ့နဲ့တဖွဲ့စောင့်ကြတယ်။ လမ်းပေါ်မှာပဲနေပါ စည်းမကျော်ပါနဲ့ တိုးဂိုက်တွေက စည်းကမ်းထိန်းသိမ်းတယ်။ တနာရီလောက် လမ်းလျှောက်ပြီးတော့ တိုးကားဆီပြန်ရောက်တယ်။

နောက်တနေရာကတော့ ရှေးခေတ်ကလူတွေ ကျောက်တောင်မှာ ပန်းချီဆွဲခဲ့တာကို သွားကြည့်တာ။ တောင်နည်းနည်းတက်ရတယ် ငှက်၊ အပါကာကောင်တွေ ဆွဲတယ်လို့ထင်တာပဲ။ ရာသီဥတုက ပူပြင်းခြောက်သွေ့တော့ စိမ်းစိုမနေဘူး ဖုန်တထောင်းထောင်းနဲ့ ဝါနီနေသလိုပဲ။ အလာတုန်းက ရပ်ခဲ့တဲ့အိမ်သာမှာ ရပ်ပေးတယ် အဲ့ဒီအိမ်သာမှာက ရေဆွဲချတာ အလုပ်မလုပ်ဘူး။ ရေတိုင်ကီထဲက ရေထဲကို ပုံးနဲ့သယ်ပြီး လောင်းချရတယ်။ မနက် ၈ နာရီကနေ နေ့လည် ၁ နာရီအထိ တိုးစုရပ်မှာဆုံးတယ်။ ဒီတော့ တိုးရစ်လမ်းအတိုင်း လမ်းလျှောက်ပြီး မနေ့ကစားခဲ့တဲ့ဆိုင်မှာ နေ့လည်စာစားတယ်။ ဆိုင်ဝန်ထမ်း‌တွေက မှတ်မိတယ်။ ဘယ်ကလဲလို့မေးတယ် အေးရှန်းမှန်းသိတော့ ကိုရီးယားမင်းသားတယောက်ကို ခရေဇီတဲ့။ ပိုက်ဆံသွားလဲတယ် ဝိုင်းက ဘိုလီးဘီးယားပိုက်ဆံ သိမ်းတာမြင်တော့မှ ဘိုလီးဘီးယားပိုက်ဆံကို အမှတ်တရစုထားဖို့ သတိရတယ်။ ငွေလဲတဲ့ကောင်လေးက ပီရူးက ပီရူးပိုက်ဆံတော့ မရှိဘူးတဲ့။ ချီလီက ပီရူး၊ ဘိုလီးဘီးယားထက် စေ◌ျးကြီးတယ် စတိတ်စေ◌ျးနှုန်းအတိုင်းပဲ။ ဘာဝယ်ရင်ကောင်းမလဲလို့ ဆိုင်တိုင်းဝင်ကြည့်နေတုန်း ဝိုင်းက ရှေ့မှာ ဘရာဇီးကောင်လေးလား မသိဘူးတဲ့။ ဟုတ်ပါ့တော် ဒင်းမှဒင်း အစစ်ပဲ ဟေး မိန်းကလေးတွေ ဆုံပြန်ပြီ ငါတို့က မနေ့ကရောက်တာ သူက ဒီနေ့မှရောက်တာတဲ့။ အဲ့ဒါဆို မင်း ငါတို့နောက်လိုက်နေတာပဲ ငါတို့ဒီညနေ လေယာဥ◌်နဲ့ ဆန်တီရာဂိုသွားမလို့။ နေ့လည်စာစားမလို့ ဘယ်ဆိုင်ကောင်းလဲမေးနေလို့ ကိုယ်တို့စားခဲ့တဲ့ဆိုင်ကို ညွှန်းလိုက်တယ်။ ဆန်တီရာဂိုမှာ ဆုံမယ်ဟေ့ ဆန်တီရာဂိုမှာ ဆုံဖို့တော့ မမျှော်လင့်တော့ပါဘူး။ ဆန်တီရာဂိုက မြို့တော် လူတွေအများကြီး ဆန်တီရာဂိုမှာ ထပ်ဆုံရင်တော့ အတော်ထူးဆန်းတဲ့ရေစက်လို့ ပြောရမယ်။ ပီရူးနိုင်ငံ ကူစကိုမြို့ tour briefing ပေးတဲ့ဟိုတယ်မှာစတွေ့ မက်ချူးပီချူးဟိုစတယ်မှာ တခန်းတည်းအတူတူကျ၊ မက်ချူးပီချူးကို လည်တော့လည်း အတူတူ။ ဘိုလီးဘီးယားနိုင်ငံ ချာတာကရာတောင်တက်တုန်းကလည်းဆုံ။ ခု ချီလီနိုင်ငံ ဆန်ပတ်ထရိုအာတာကမာမှာလည်းဆုံ ဆုံကိုဆုံနိုင်လွန်းတယ်။ ပို့စကဒ်နဲ့ ခေါင်းစည်းကြိုးဝယ်တယ် မက်ကနက်ရှာတာ မတွေ့ဘူး။ အင်္ကီျတွေ၊ အိတ်၊ ပုဝါတွေလှပေမဲ့ မသုံးဖြစ်မှာဆိုတော့ မဝယ်တော့ဘူး။ ဟိုတယ်ရောက်တော့ အထုပ်သိမ်း shuttle bus လာခေါ်တာစောင့်။ shuttlebus က တခြားလူတွေကိုပတ်ခေါ်တယ်။ ဆန်ပတ်ထရိုအာတာကမာက ဟိုတယ်တွေက အိမ်တွေ။ အာတာကမာကနေ ကာလာမလေဆိပ်ကို တနာရီခွဲမောင်းရတယ်။ လမ်းမှာလေရဟတ်တွေတွေ့တော့ အိပ်ငိုက်နေတဲကိုယ့်ကို ဟန်ကနိုးပြီးပြတယ်။ ဟန်က ဗီယက်နမ်လိုပြောနေလို့ ဝိုင်းကအင်္ဂလိပ်လိုပြောဖို့ သတိပေးတယ်။ ဟန်က ဗီယက်နမ်လိုပြောပေမဲ့ လက်ဟန်ခြေဟန်အမူအရာကိုကြည့်ပြီး ကိုယ်က လေရဟတ်ပြနေမှန်းသိတယ်။ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ် ၃ နာရီလမ်းလျှောက်တိုး ပလာဇာမှာခဏရပ်တော့ ဝိုင်းတို့အိမ်သာဝင်နေတုန်း ကိုယ်ကအပြင်မှာစောင့်နေတယ်။ ဘိုလီးဘီးယားလူမျိုးယောကျ်ားကြီးနှစ်ယောက် ကိုယ့်ကိုစပိန်လိုလာမေးနေတာ အိမ်သာလာမေးနေတယ်လို့ ခန့်မှန်းပြီး အမျိုးသားအိမ်သာကို လက်ညွှန်ပြလိုက်တာ တန်းတန်းမတ်မတ် ဝင်သွားကြတယ်။ ကိုယ့်အဖေက လူရိပ်လူ‌‌ခြေ အရမ်းသိတယ် အဖေက သမီးရေ ကြောင်အန်တော့မယ် အပြင်ကိုအမြန်ထုတ်လိုက်။ မကြာပါဘူး ကြောင်အန်တော့တာပဲ အဖေဘယ်လိုသိလဲမေးတော့ အရိပ်အခြေကိုကြည့်ပြီး သိတာတဲ့။


လေယာဥ◌်က ည ၆ နာရီ ည ၄ နာရီလောက်ကတည်းက ချက်ကင်ဝင်တာ ကိုယ့်ဟမ်းကယ်ရီအိတ်က နည်းနည်းကြီးနေလို့ ချက်ကင်ဝင်ရမယ်တဲ့။ လေယာဥ◌်ခကမှ ၄၇ ကျပ်ကို ချက်ကင်ခ ၃၀ ပေးရတော့ တော်တော်နှမြောလိုက်တာ။ ဝိုင်းက မင်းလက်ကေ့အိတ်က တလက်မခွဲလောက် ကြီးနေတယ်။ ကျေးဇူးတော်နေ့စေ◌ျးချရင် ဟမ်းကယ်ရီအိတ်ဝယ်တော့။ မင်းမှတ်မိလား ၂၀၁၈ ဇူလှိုင် အလာစကာကနေအပြန် ဆီရေတယ်မြို့ အလာစကာလေကြောင်းလိုင်းမှာ ချက်ကင်ဝင်တုန်းကလည်း မင်းဟမ်းကယ်ရီကို ချက်ကင်ဝင်ရမယ်လို့ပြောတာ မှတ်မိလား။ အဲ့ဒီတုန်းက ကိုယ်တို့ကနောက်ဆုံးခုံမို့လို့ အပေါ်မှာတင်စရာမရှိတာနဲ့ သဘောကောင်းတဲ့ဝန်ထမ်းမလေးက ကိုယ့်ဟမ်းကယ်ရီအိတ်ကို အလကားချက်ကင်ဝင်ပေးလိုက်တယ်။ မင်းတော့ နည်းနည်းသေးတဲ့ ဟမ်းကယ်ရီဝယ်သင့်နေပြီကွ။ ဒီလိုနဲ့ ကျေးဇူးတော်နေ့စေ◌ျးချတုန်း Samsonite ဟမ်းကယ်ရီဝယ်လိုက်တယ်။ ဖြစ်ချင်တော့ ဟန့်အိတ်နဲ့သွားတူနေတယ် ဟန်ကအပြာရောင် ကိုယ်ကအနီရောင်။ ဆန်ပတ်ထရိုအာတာကမာကနေ မြို့တော်ဆန်တီရာဂိုကို လေယာဥ◌်၂ နာရီစီးရပါတယ်။ Santiago ဆန်တီရာဂိုလို့ အသံထွက်ပါတယ် ကယ်လီဖိုးနီးယားပြည်နယ်က မြို့ကတော့ ဆန်တီရေဂိုလို့ အသံထွက်ပါတယ်။ ဟမ်းကယ်ရီကို buggage claim မှာသွားထုတ်ရတော့ အချိန်ကြာတယ်။ ဟိုတယ်ကိုကြိုပို့မှာထားတော့ လာကြိုတယ် အဝမှာမတွေ့လို့ ဖုန်းဆက်ရတယ်။ လေဆိပ်အင်တာနက်အတော်ကောင်းတယ်။ ချီလီလူမျိုးတွေက အသားဖြူဖြူ မျက်ခုံးနက်နက် ထောင်ထောင်မောင်းမောင်း ထွားထွားကြီးတွေ ချောကြတယ်။ တိုးတက်တဲ့နိုင်ငံဆိုတော့ ကားလမ်း၊ ဆိုင်းဘုတ်တွေက စတိတ်အတိုင်းပဲ။ ချီလီမှာလည်း ဆန္ဒပြနေကြတယ် ဒါပေမဲ့ ဘိုလီးဘီးယားလောက်တော့ မကြမ်းပါဘူး။ ဘိုလီးဘီးယားမှာတော့ ဒိုင်းနမိုက်တွေ ဖောက်ခွဲကြတာ  လန့်စရာကြီး။ ဟိုတယ်ဆိုပေမဲ့ နှစ်ယောက်အိမ်ခန်းပါတဲ့ တိုက်ခန်းအိမ် မြို့လယ်ကောင်နဲ့နီးပြီး သေးသေးကျဥ◌်းကျဥ◌်း စင်္ကာပူစတိုင်။ ဒါပေမဲ့ နေရာအထားအသို ဖွဲ့စည်းထားတာ အင်မတန်စနစ်ကျတယ်။ အိမ်သာနှစ်ခန်းပါတယ် ရေပူရေအေး အဲယားကွန်း၊ တီဗွီပါတယ်။ ခုမှပဲ နေနေကျပုံစံအတိုင်း ပြန်ဖြစ်တယ်။ အိမ်နားက စားသောက်ဆိုင်၊ စေ◌ျးဆိုင်တွေ ပြတယ်။ မျက်နှာချင်းဆိုင်က ပီရူးစားသောက်ဆိုင် အတော်ကောင်းတယ် သူ့အာလူးက နာမည်ကျော်တယ်လို့ ဟိုတယ်ပိုင်ရှင်ကပြောတော့ ကိုယ်တို့တွေ တယောက်မျက်နှာ တယောက်ကြည့်ပြီး မျက်စပစ်ကြ ပြုံးလိုက်ကြတယ်။ ဆယ်ရက်လောက် ပီရူးနဲ့ ဘိုလီးဘီးယားမှာ အာလူးချည်း စားခဲ့ရတဲ့ အာလူးကို မကြည့်ချင် မမြင်ချင် အာလူးဆိုတဲ့အသံကိုတောင် မကြားချင်တဲ့သူတွေကို အာလူးကောင်းတယ်လို့ လာပြောနေတော့ ငိုရခက်ရယ်ရခက်။ အစားချေးများတဲ့ ဟန့်သဘောအတိုင်း တိုက်ခန်းရှေ့က convenient store မှာ ခေါက်ဆွဲခြောက်ဘူး၊ အသီး၊ ရေသန့်ဝယ်။ မစားတာကြာပြီမို့လား မသိဘူး ခေါက်ဆွဲခြောက်က အတော်စားကောင်းတယ်။ ရေနွေးလေးနဲ့ bath tub မှာ ရေစိမ်ရတာ အပန်းပြေပြီး ဇိမ်ကျလိုက်တာ။ နောက်နေ့မှာတော့ ဘယ်ကိုသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
မတ် ၂၇၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး
https://www.viator.com/tours/San-Pedro-de-Atacama/Rainbow-Valley/d5499-44142P8?fbclid=IwAR2UIZT232swr4ICxwkgxfHuBxtpdRGYAAtc628Ib-lcFPwRpAB9W29mB6Q

သဲကန္တာရမှာ ပေါက်တဲ့ပန်း
လာမား Lama အပါကာ Alpaca မခွဲတတ်ဘူး
မနေ့က စားတဲ့ဆိုင်မှာ ထပ်စားတယ် မနေ့အတိုင်းပဲ ငါးမှာတယ် ဟင်းချို၊ သစ်သီးက မနေ့ကနဲ့မတူဘူး
ပီရူးနိုင်ငံ ကူစကိုမြို့နားက Rainbow Mountain
photo credit Google

No comments: