ချီလီသွား တောလား - ၁

 ၂၀၁၉ နိုဝင်ဘာ ၉ စနေနေ့ နေ့လည် ၁ နာရီ ချီလီနိုင်ငံ ဆန်ပတ်ထရိုအာတာကမာ ရောက်တယ်။ ကားဂိတ်လေးက သေးသေးလေး တက္ကစီလည်း မတွေ့ဘူး။ ဟိုတယ်ကို မေးမြန်းကြည့်လိုက်တော့ ငါးမိနစ်လောက်ပဲ ဝေးတယ်တဲ့။ ငါးမိနစ်လောက်လျှောက် မေးကြည့်လိုက်တော့ မရောက်သေးဘူး။ ငါးမိနစ်လောက်ထပ်လျှောက် မရောက်သေးပြန်ဘူး နောက်ငါးမိနစ်လောက်ထပ်လျှောက် လမ်းဆုံလမ်းခွရောက်လို့ မေးကြည့်လိုက်တော့မှ တွေ့တယ်။ ဟမ်မလေး ... ဘယ်ကသာ ငါးမိနစ်နဲ့ရောက်ရမှာလဲ လမ်းမြန်မြန်လျှောက်ရင်တောင်မှ ဆယ့်ငါးမိနစ်လောက်နဲ့မှ ရောက်မဲ့ဟာကို။ ယမ်းပြောသလို အိမ်ခန်းကြေငြာတွေမှာ ဘူတာကို ရှစ်မိနစ်နဲ့ရောက်တယ်ဆိုတာ လမ်းလျှောက်တာကို ပြောတာမဟုတ်ဘူး ပြေးရင်ရှစ်မိနစ်နဲ့ ရောက်တယ်လို့ပြောတာလို ဖြစ်နေပြီ။ ခုလည်း ရောက်ပါတယ် ငါးမိနစ်နဲ့ ပြေးရင်ပေါ့။ ဟိုတယ်ဆိုပေမဲ့ အိမ်ပါပဲ ရေချိုးခန်း၊ အိမ်သာတွဲလျက် မဟုတ်ဘူး တခြားသူတွေနဲ့ သုံးရမယ်။ ဝိုင်းက  ဟိုတယ်ဘွတ်တုန်းက ရေချိုးခန်း၊ အိမ်သာတွဲလျက်လို့ ပြောတော့မှ ပြောင်းပေးတယ်။ ဟိုတယ်အန်တီကြီးက အင်္ဂလိပ်လို မပြောနိုင်ဘူး ဝိုင်း စပိန်စကားပြောတတ်လို့သာပဲ။ တောင်အမေရိကနိုင်ငံတွေမှာ စပိန်စကားမပြောတတ်ရင် အတော်အခက်အခဲကြုံတယ်။ အင်တာနက်ကွန်နက်ရှင်က မကောင်းလို့ router ကို restart လုပ်ဖို့ပြောတာ မသိဘူးတဲ့။ အင်တာနက်ကောင်လေးကို ဖုန်းခေါ်ထားတယ်တဲ့။ ဘိုလီးဘီးယားနိုင်ငံ Potosi သဲကန္တာရမှာ အင်တာနက်မရှိ မသုံးရတာသုံးရက် ခုမှအင်တာနက်သုံးရတာဆိုတော့ အီးမေးလ်စစ် ဖေ့ဘွတ်ကြည့်ချင်တာ။ အင်တာနက်ကော်နက်ရှင်းမကောင်းတော့ ဂွိနေတော့တာပေါ့။ တိုးဂိတ်ရှိတဲ့နေရာကို ဘယ်လိုသွားရလဲမေးတော့ လမ်းမကြီးအတိုင်း တည့်တည့်သွား လူစည်ကားတဲ့လမ်းတွေ့ရင် ဝင်လိုက်တဲ့။ လမ်းမှာတွေ့တဲ့ကောင်မလေးတယောက်ကို မေးကြည့်တာ သူလည်းတိုးရစ် မသိဘူးတဲ့။ ဒေသခံလို့ထင်ရတဲ့လူတယောက်ကို မေးကြည့်လိုက်တော့ အသေအချာလမ်းညွှန်တယ်။ ဟိုတယ်အန်တီကြီး ညွှန်လိုက်တဲ့အတိုင်းပဲ လူစည်ကားလမ်းကို ဝင်လိုက်ရတာပဲ။ လမ်းတလျှောက် ဆိုင်ခန်းတွေ၊ တိုးကုမ္ပဏီတွေ အများကြီး။ ပစ္စည်းတွေက အရောင်စုံတယ် ပီရူး၊ ဘိုလီးဘီးယားနဲ့ အတူတူပဲ။ အရင်ဆုံး ငွေလဲဆိုင်ရှာငွေလဲ ပြီးတော့ တိုးဂိတ်ကိုရှာပြီး ချက်ကင်လုပ်တော့ မသေချာသလိုနဲ့။ ကိုယ်တို့ဟိုတယ်ကို သွားမကြိုနဲ့ ကိုယ်တို့က ဒီကနေစီးမှာ တိုးက ညနေ ၃ နာရီမှစမှာ။ ခု နေ့လည် ၂ နာရီ နေ့လည်စာမစားရသေးတော့ ဗိုက်ကတဂွီဂွီ မြည်နေပြီ။ တိုးဂိတ်ကလူတွေကို စားသောက်ဆိုင်မေးကြည့်တော့ တဆိုင်ညွန်းတယ် စေ◌ျးသိပ်မကြီးဘူး စားကောင်းတယ်တဲ့။ လမ်းအကွေ့လေးတင်ပဲ အရင်ဆုံး ပေါင်မုန့်လာချပေးတယ်။ ဗိုက်ကလည်းဆာ အစားကောင်းကောင်း မစားရတာသုံးရက်ရှိနေပြီဆိုတော့ ပြိုက်ကနဲကုန်သွားတယ်။ ထမင်းနဲ့ငါး၊ အသီးအရွက်ဆလပ်၊ အသီးဖျော်ရည် စားကောင်းတယ်။ ချီလီက တောင်အမေရိကမှာ အချမ်းသာဆုံးနိုင်ငံ အင်္ဂလိပ်စကားပြောနိုင်တယ် လူနေမှုအဆင့်အတန်းမြင့်တယ်။ ရာသီဥတုကတော့ အတော်ပူတယ် စင်္ဂကာပူအတိုင်းပဲ ပူလောင်အိုက်စပ်နေတာပဲ။

တိုးဂိုက်က ရေဗူးပါလားမေးတော့ အမြဲဆောင်တဲ့ရေဗူးအသေးလေးကို ထုတ်ပြတော့ တယောက်တလီတာဗူး ဝယ်ရမယ်တဲ့။ တယောက်တလီတာ ကုန်ပါ့မလား ၄ နာရီထဲကို တနေ့မှ တလီတာသောက်တာကို။ မယုံ့ချင်ယုံချင်နဲ့ ဝယ်လိုက်တယ်။ ပထမဆုံးသွားရောက်တဲ့ နေရာက Valle De La Luna နာမည်လေးက လှလိုက်တာ အင်္ဂလိပ်လိုတော့ Moon Valley တဲ့။ ကမ္ဘာပေါ်မှာ အပူဆုံးနေရာ ငါးမိနစ်တခါ ရေတငုံစီသောက်တယ်။ တောင်ကုန်း၊ သဲတောင်တွေက တကယ့်လကမ္ဘာအတိုင်းပဲ။ တိုးရစ်နှစ်ယောက်ကတော့ တောင်ထိပ်လိုက်မတက်နိုင်ဘူး။ ရာသီဥတုအရမ်းပူတော့ အရမ်းပင်ပန်းတယ် ရေကိုတငုံစီသောက်ရတယ်။ ရေဗူးဖက်ထားတာ ဓာတ်ပုံထဲမှာ တွေ့လိမ့်မယ်။ ခုချိန်မှာ ကိုယ့်အတွက် အလိုအပ်ဆုံးက ရေ…ရေ…ရေ သဝေထိုး ရကောက်ရေ … ရေ။ ဟိုးမှာ မြင်ရတဲ့လမ်းက ကာလာမလေဆိပ်ကိုသွားတဲ့ လမ်းဟောင်းတဲ့။ Calama လေဆိပ်ဆိုလို့ ဆန်ပတ်ထရိုအာတာကမာကနေ ချီလီနိုင်ငံမြို့တော် စန်တီရာဂို Santiago (ကယ်လီဖိုးနီးယားပြည်နယ်မှာ Santiago မြို့ရှိတယ် စန်တီရေဂိုလို့ အသံထွက်တယ်) ကို လေယာဥ◌်ဘွတ်တော့ ကာလာမလေဆိပ်ဆိုလို့ အူကြောင်ကြောင်ဖြစ်သွားသေးတယ်။ အာတာကာမာလေဆိပ်မဟုတ်ဘူးလား ရှာဖွေကြည့်လိုက်တော့မှ အာတာကာမာမှာ လေဆိပ်မရှိဘူး တနာရီအဝေးက ကာလာမမှာမှ လေဆိပ်ရှိတယ်။ ခုတော့ ကာလာမလေဆိပ်ဆီ  လမ်းအသစ်ကနေ သွားကြတာများတယ်။ တိုးဂိုက်က အာရပ်ခေါင်းစည်းနဲ့ အာရပ်နဲ့တူတယ် စပိန်လိုအတော်ဝဲတယ်။ ဒါပေမဲ့ သူ့အလုပ်ကို လေးလေးစားစား ကြိုးကြိုးစားစား လုပ်တယ်။ သူ့ရှင်းပြတာတွေ အကုန်နားမလည်ပေမဲ့ အချက်အလက်တွေက အဓိကမှမဟုတ်တာနော် သဘာဝအလှတရား ခံစားဖို့ မရောက်ဖူးသေးတဲ့ ဒေသအသစ်ကို ရောက်ဖူးဖို့က အဓိကပဲလေ။ တိုးဂိုက်ပြောတာမှန်တယ် ရေတလီတာဗူးက တဝက်ကျိုးနေပြီ။ တိုးဂိုက်က တယောက်တည်းလာတဲ့ တရုတ်လေးရဲ့ ကင်မရာကို Leica ကင်မရာလားလို့မေးတယ်။ ကိုယ်က ဝိုင်းတို့ကို မျက်စမျက်နနဲ့ ဟေ့ ... ဟိုတရုတ်လေး ကင်မရာက လေကာတဲ့ဟေ့လို့ ခပ်တိုးတိုးပြောတော့ ဝိုင်းက ဘာလဲ ဆိုနီအယ်ဖာ ၆၀၀၀ ထက် လေကာကင်မရာ ဝယ်ရင်‌ကောင်းမယ်လို့ တွေးနေတာလားမေးလို့ ရယ်လိုက်ရတာ။ အဲ့ဒီလို ဝိုင်းက ကိုယ်ဘာတွေးနေတယ်ဆိုတာ သိတယ်။ တိုးရစ်တွေရဲ့ ကင်မရာတော်တော်များများက ကင်နွန်၊ နစ်ကွန်၊ ဆိုနီ လေကာကင်မရာဆိုတာ အတော်ရှားတာကိုး။ ကိုယ်လည်း အဲ့ဒီလို ရှားပါးတာ limited တွေ ကြိုက်တယ် special လို့ ခံစားရတယ်။ ကိုယ်အရင်တုန်းကကိုင်တဲ့ဖုန်းက Empiro Armini အတွက်ထုတ်တဲ့ Sumsung ဖုန်း။ အာမီနီတံဆိပ်ကိုမြင်တော့ လူတွေက အာမီနီကနေ ဖုန်းထုတ်တာလားလို့ မေးကြတယ်။ ကိုယ်တို့ဘေးနားမှာထိုင်တဲ့ အမည်းမလေးနဲ့ စပိန်မလေးက အမေရိကန်လေသံ အမေရိကန်ထင်တယ်လို့ ဝိုင်းကိုပြောတော့ ဖော်ရွေတယ်၊ ဆယ်ဖီရိုက်တယ်၊ အဝတ်အစား ဝတ်ချင်သလိုဝတ်တယ် သေချာတယ် အမေရိကန်ပဲတဲ့။ ဒုတိယသွားရောက်တဲ့ နေရာကတော့ ဆားကွင်း။ ကျောက်ဆောင်က မယ်တော်မာရီယာနဲ့တူတယ်လို့ ပြောကြတယ် တိုးရစ်တယောက်က မတော်တဆထိမိလို့ အနီးကပ်ခွင့် ပိတ်ထားတယ်။ ကျောက်ဆောင်တွေနဲ့ Sal တောင်တန်းတွေက နီကြင်ကြင်အရောင်နဲ့ တမျိုးလှတယ်။ ဒီသဲကန္တာရမှာ ပန်းတမျိုးပဲ ရှင်သန်တယ်တဲ့။

Valle De La Luna or Moon Valley
ရေဗူးကို အသေဖက်ထားတယ် :)
တနာရီအဝေးက ကာလာမလေဆိပ်ဆီ သွားတဲ့လမ်းဟောင်း
ရှူခင်းက လကမ္ဘာနဲ့တူတယ်

နေပူချိန်အင်မတန်ပြင်းတော့ နေလောင်ခံခရမ်ကို နှစ်နာရီကြိမ် လိမ်းရတယ်။ နေလောင်ခံခရမ်ထဲမှာ ကိုယ်အကြိုက်ဆုံးကတော့ Biore UA Aqua rich Watery Essence SPF 50+PA++++  ပါ။ လိမ်းလိုက်ရင် မျက်နှာမှာ ဖြူဖြူကြီးဖြစ်မနေ စီးကပ်ကပ် ဖြစ်မနေလို့။ နောက်ဆုံးသွားရောက်တဲ့ နေရာကတော့ Ckari ဗျုးပွိုင့် အဲ့ဒီကနေ နေဝင်ဆည်းဆာ ကြည့်ကြမှာ။ ကျောက်ဆောင်တွေက လကမ္ဘာ‌‌ပေါ်က ကျောက်ဆောင်တွေလိုပဲ ထူးဆန်းတယ်။ နေဝင်ဆည်းဆာကြည့်ဖို့ စောင့်နေတဲ့တိုးရစ်တွေမှ အများကြီး။ ဝိုင်းက ဟိုဟိုဒီဒီလျှောက်သွားပေမဲ့ ကိုယ်နဲ့ဟန်ကတော့ ကျောင်တောင်ပေါ်မှာ ထိုင်နေတော့တယ်။ ပင်ပန်းလို့ လှုပ်တောင်မလှုပ်ချင်တော့ဘူး။ အုပ်စုထဲမှာ ဝိုင်းက အကြံ့ခိုင်ဆုံး၊ ဟန်က ဒုတိယ၊ အသက်အငယ်ဆုံးကိုယ်က နောက်ဆုံး။ နေဝင်ဆည်းဆာဆိုတာ ဘယ်နေရာမှာမဆို လှတာပါပဲ ဒီနေရာက နေဝင်ဆည်းဆာကတော့ နည်းနည်းထူးခြားတာပေါ့လေ။ နေဝင်တာနဲ့ တိုးကားဆီပြန်ကြတယ် တိုးကားတွေက ဆင်တူနေတော့ ကိုယ့်တိုးဂိုက်၊ ဒရိုင်ဘာ ရပ်နေတဲ့တိုးကားကို ရှာရတယ်။ လူစုံပေမဲ့ တရုတ်ကလေးက နောက်ကျနေလို့ လိုက်ရှာရတယ်။ ဟန်က ဘေးခြင်းကပ်လျက်ထိုင်တဲ့ တရုတ်လေးရဲ့ ဖုန်းကိုကြည့်လိုက်တော့ ကိုရီးယားစာလုံးတွေ့တယ်။ တရုတ်နဲ့တူတဲ့ ကိုရီးယားဖြစ်နေတယ်။ အပြန်လမ်းမှာ တိုးရီဗျူးစာရွက်လေးတွေ ဖြည့်ရတယ်။ တိုးဂိုက်စကားပြောတာ ရှင်းလင်းလား၊ ဗဟုသုတရလား၊ ကားဒရိုင်ဘာမောင်းတာ အဆင်ပြေလား၊ လည်ပတ်စရာနေရာတွေမှာ အချိန်ပေးတာ လုံလောက်ရဲ့လား၊ တိုးကို ပိုကောင်းအောင် ဘာတွေအကြံပေးချင်လဲ စသဖြင့်ပေါ့။ အပြန်လမ်းမှာ အိပ်ငိုက်တယ်။ ညစာစားဖို့ စားသောက်ဆိုင် တိုးဂိုက်ကို မေးကြည့်တော့ တိုးဂိုက်က ဆိုင်တဆိုင်ကိုညွန်တယ်။ တိုးရစ်တယောက်က အဲ့ဒီဆိုင်ကို မနေ့ကသွားစားတယ် အရမ်းကောင်းတယ်တဲ့။ ဆိုင်ထဲဝင်လိုက်တော့ အလယ်မှာမီးပုံ အဖြူတွေချည်းပဲ ကျွှတ်ကျွှတ်ညံနေတယ်။ မီနူးကြည့်လိုက်တော့ စေ◌ျးကြီးတယ် ဝိုင်းက တခြားမှာသွားစားမယ်ဆိုပြီး ဆိုင်ထဲကနေ ပြန်ထွက်တယ်။ လမ်းတလျှောက် စားသောက်ဆိုင်တွေ ကြည့်ပေမဲ့ စားချင်လောက်တဲ့ဆိုင် မတွေ့ဘူး။ ဟိုတယ်အန်တီကြီးပြောတဲ့ အိမ်နားကဆိုင်မှာ သွားစားမယ်။ ဆိုင်ပိတ်သွားရင်တော့ ဒုက္ခပဲ ခေါက်ဆွဲခြောက်နဲ့ နှစ်ပါးသွားရမလား မသိဘူး။ တော်သေးတယ် ဆိုင်ဖွင့်လို့ မီနူးက ဟင်းသုံးမျိုး မဆိုးပါဘူး စေ◌ျးက အတော်သက်သာတယ်။ ဟိုတယ်ရောက်တာနဲ့ ကုတင်ပေါ်ပစ်လဲတော့တာပဲ။ ဒါတောင် ည ၉ နာရီခွဲ Stargazing တိုးဘွတ်ထားတာ လပြည့်နဲ့နီးနေလို့ တိုးဖျက်လိုက်လို့။ နို့မို့ ကြယ်ကြည့်တဲ့တိုးကို ဆက်သွားပြီး ညသန်းခေါင်၊ မနက်တနာရီမှ ဟိုတယ်ပြန်ရောက်မှာ။ ခရီးသွားတယ်ဆိုတာ အပင်ပန်းခံနိုင်မှ ဒီလောက်အဝေးကြီးလာပြီးမှ ဘယ်မှမသွား ဟိုတယ်မှာအိပ်နေလို့ ဘယ်ဖြစ်ပါ့မလဲနော်။ ကျန်းမာရေးလည်း ဂရုစိုက်ရသေးတယ် အစားအသောက် အနေအထိုင် ဆင်ခြင်ရတယ်။ ကိုယ့်ခံနိုင်ရည်အားကို သိရတယ် ခရီးသွားရင်း နေမကောင်းရင် ဟိုတယ်ထဲ အိပ်နေရမှာ။ အာတာကမာရောက်ရင် stargazing တိုးနဲ့ ကြယ်တွေကြည့်ဖို့ တိုက်တွန်းပါရစေ။ နောက်နေ့ဘယ်တွေသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
မတ် ၂၀၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး
https://www.viator.com/tours/San-Pedro-de-Atacama/Valley-of-the-Moon-Afternoon-Tour/d5499-12646P23

လပြည့်နဲ့နီးလို့ ဖျက်သိမ်းလိုက်တဲ့တိုး
https://www.viator.com/tours/San-Pedro-de-Atacama/Ancestral-Astronomical-Tour/d5499-146539P1


ဆားကွင်း
ဒီသဲကန္တာရမှာ ဒီအပင်တမျိုးပဲ ရှင်တယ်တဲ့
Ckari Viewpoint
နေဝင်ချိန် တိမ်တောက်တဲ့အချိန်
မောင့်လပြည့်ဝန်း
အပေါ်ပုံတွေက စေ◌ျးကြီးတဲ့ဆိုင်က ဒီနှစ်ပုံက စေ◌ျးသက်သာတဲ့ဆိုင်က အပြင်အဆင်ကွာတယ် 

No comments: