မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆

ဘွဲ့နှင်းသဘင်တက်ဖို့အတွက် ကိုယ့်မိဘတွေ ယူအက်စ်ဗီဇာလျှောက်ဖို့ ပြင်ဆင်ရတဲ့အခါ တင်ရတဲ့ ဖောင်စာရွက်တွေက အများသား။ ၂၀၁၀ F1 ကျောင်းသားဗီဇာကို စင်္ကာပူမှာ ကိုယ်လျှောက်တုန်းက အွန်လိုင်းမှာ ဖောင်ဖြည့်၊ အပွိုင့်မန့်ယူ၊ အင်တာဗျူးနေ့မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်ယူသွားရုံပဲ။ မြန်မာပြည်မှာကျတော့ အွန်လိုင်းမှာဖောင်ဖြည့်၊ အပွိုင့်မန့်ယူ၊ အင်တာဗျူးမဖြေခင် တပတ်အလိုမှာ သံရုံးကစာတိုက်သေတ္တာပုံးမှာ စာရွက်စာတမ်းတွေ သွားထည့်။ ဘွဲ့နှင်းသဘင်တက်ဖို့ ကျောင်းက ဖိတ်ခေါ်စာ၊ ကိုယ့်ဖိတ်ခေါ်စာ၊ I134 Affidavit ဖိတ်ခေါ်စာ၊ ကိုယ့်ပတ်စ်စပို့အဟောင်းနဲ့အသစ်၊ ကိုယ့် F1 ကျောင်းသားဗီဇာ၊ I 94 ယူအက်စ်ကို ဝင်တုန်းက ဖြည့်ရတဲ့ ဝိုက်ကဒ်၊ I20 ကျောင်းကခေါ်စာ၊ SSN (Social Security Number) ကဒ်၊ ကိုယ့်လက်ရှိအိတ်ချ်ဝမ်းဘီဗီဇာ၊ ၃ လ ကိုယ့်လခစာရွက် paystubs ၊ IRS (Internal Revenue Service) မှာ အခွန် ၃ နှစ်စာ ဆောင်ထားတဲ့စာရွက်၊ ရုံးက Employment Verification letter ၊ ဘဏ် statement ၃ လ၊ ကိုယ့်မွေးစာရင်း၊ နိုင်ငံသားကဒ် နိုထရီပြန်ထားတဲ့စာရွက်၊ နယူးယောက်ဒရိုင်ဘာလိုင်စင်၊ ပို့အသော်ရတီဝန်ထမ်းကဒ်၊ SWACC ( Secure Worker Access Consortium) ကဒ်၊ ကိုယ့်မှာရှိတဲ့ ကဒ်အကုန် ဒီစာရွက်စာတမ်းတွေကတင် လက်တစ်ဆစ်နီးပါး ထူနေပြီ။ အဖေတို့ဖက်က သန်းခေါင်စာရင်း၊ ပိုင်ဆိုင်မှုစာရွက်တွေကို အစီအစဉ်အတိုင်း စီရတော့ မောင်မောင်တစ်ယောက် ခေါင်းတောက်နေတော့တာပေါ့။ ကိုယ်တို့ကိုမေးလိုက် စီလိုက်၊ ဟိုဟာပရင့်မထုတ်ရသေးဘူး၊ အဆင်သင့်မဖြစ်သေးဘူးနဲ့ စာရွက်စီတာလေးကိုများ အဖေက သူ့သားကို ကြည့်ရတာ ရှုပ်ယှက်ခက်နေတာပဲတဲ့။ ကိုယ်တို့ကလည်း အယ်မလေး ဒီစာရွက်စီတာလေးကိုများ အဖြစ်ရှိအောင် မလုပ်နိုင်ဘူး ဒါနဲ့ ဘယ်လိုလုပ် စီးပွားရေးလုပ်စားမတုန်းလို့ ငေါ့ကြတာပေါ့။

နိုထရီပြန်တော့ ပတ်စ်စပို့ထဲမှာ သာထွန်း၊ နိုထရီပြန်တော့ ဦးသာထွန်း ဖြစ်နေလို့ မကြီးက ငါတော့ သေသာသေလိုက်ချင်တာပဲတဲ့။ ဟဲ့ မောင်မောင် နာမည်တွေကို သေချာစစ်ပါဟဲ့လို့ပြောတော့ သူလည်း စစ်တာပဲတဲ့။ နင် သေသေချာချာစစ်တာ သေချာလားလို့မေးတော့ သူ့အမှားပါ၊ သူ့မှာလည်း တခြားအလုပ်တွေ ရှိသေးလို့ သေသေချာချာ မစစ်ဖြစ်ဘူးတဲ့။ ၂၀၀၉  စင်္ကာပူကို ပထမဆုံးလာတဲ့အခါက်တုန်းက လေယာဉ်လက်မှတ်မှာ အမေ့နာမည်က ခင်ညွှန့်အစား ခင်မြင့်ဖြစ်နေလို့ လေယာဉ်ပေါ်မတက်ရဘူး။ နောက်တော့ လေယာဉ်လက်မှတ်ရောင်းတဲ့ရုံးကို ဖုန်းခေါ်၊ အကောက်ခွန်ဝန်ထမ်းတွေကို ၄ သောင်းပေးလိုက်တော့မှ လေယာဉ်ပေါ်တက်ခွင့် ရသွားတယ်။ လေယာဉ်ရုံးကတော့ မှားမှာပေါ့ စစ်ရမှာက နင့်တာဝန်မဟုတ်ဘူးလား  လေယာဉ်လက်မှတ်မှာ နာမည်၊ ပတ်စပို့နံပါတ်၊ မွေးသက္ကရာဇ် ဒီ၃ခုပဲ စစ်ရတာကို။ လူဆိုတာ မမှားဘူးဆိုတာမရှိဘူး တစ်ခေါက် မသိလို့မှားတယ် အိုကေ အမှားထဲက သင်ခန်းစာယူ နောက်တစ်ခေါက် မမှားအောင်ပြင်ဆင်။ ဒုတိယတစ်ခေါက် မှားပြန်ပြီဆိုရင်တော့ အဲဒါအသုံးမကျတာဘဲ။ ကိုယ်ဆူတော့လည်း ငြိမ်ကုပ်နေတာပဲ။ အဖေ့သားကိုချည်း အားကိုးမနေနဲ့ အဖေ့သားက စိတ်ချရတာမဟုတ်ဘူး ကိုယ့်ဘာသာစစ်ဦး အင်္ဂလိပ်လိုရေးထားပေမဲ့ အဖေ့နာမည်၊ ပတ်စပို့နံပါတ်၊ မွေးသက္ကရာဇ်လောက်တော့ အဖေသိတာပဲလို့ မှာရသေးတယ်။ သင်္ကြန်ပိတ်ရက် ၁၀ ရက် ခံသွားတော့ သင်္ကြန်မတိုင်ခင် စာရွက်စာတမ်းတွေ စာတိုက်သေတ္တာပုံးထဲ လာချပါဆိုလာတော့ မောင်မောင်က အဆင်သင့်မဖြစ်သေးဘူး၊ ပရင့်မထုတ်ရသေးဘူး၊ မစီရသေးဘူး ၊အင်တာဗျူးအပွိုင့်မန့် ချိန်းပေးပါ ဖြစ်ပါလေရော။

မကြီးက အင်တာဗျူးအပွိုင့်မန့်ကို ချိန်းဖို့ကြိုးစားတာ မရဘူး။ နောက်ဆုံးတော့ စာရွက်စာတမ်း မပြည့်စုံလည်း ရှိစေတော့ ရှိတာနဲ့ပဲ တင်လိုက်တော့လို့ ပြောလိုက်ရတယ်။ ကိုယ်တို့ညီအစ်မတွေက မစေ့စပ်မသေချာတဲ့ မောင်မောင်ကို ဒေါသပုန်ထကြတာပေါ့။ စန်းထွန်းရေ နင် စင်္ကာပူကို မသွားခင်တုန်းက ပြောတာလေ မောင်မောင်နဲ့ အဝေးကြီးဆိုတော့ ဒေါသထွက်စရာ မလိုတော့ဘူးဆိုတာလေ မှန်လိုက်တာ ဒင်းနဲ့ဝေးဝေးနေတာပဲကောင်းတယ်။ ဒါလည်း မလွတ်ပါဘူး ကိုယ်အမေ့ကို ကန်တော့တဲ့ ငွေ ၂ သိန်းကို ဒင်းက ကြားထဲကနေ ဘုန်းလိုက်တာ၊ ကိုယ်အဖေ့ကိုပေးတဲ့ ကင်ဒယ်၊ ကင်မရာကို ဖျောက်ပစ်တာတွေကို ကိုယ်တို့ညီအစ်မ အခဲမကြေနိုင်သေးဘူး။ သတိရလာရင် ဟဲ့ကောင် အဲဒီပိုက်ဆံတွေ ပြန်ပေးလို့ အော်ဟစ်တတ်တယ်။ ၁ လသားအရွယ်ရှိနေပြီဖြစ်တဲ့ ကိုယ့်တူတော်မောင် ဆေးရုံတက်ရတယ် လေနာဖြစ်လို့ မအိပ်ဘူး ငိုတာများ တက်မတတ်ပဲတဲ့။ ကိုယ့်ယောက်မက အမေ့ကို လာတွေ့တာ မျက်တွင်းဟောက်ပက်လေးနဲ့ တညလုံးငိုလို့ မအိပ်ရဘူးတဲ့။ မောင်မောင်က ကလေးငိုနေလည်း အိပ်ပျော်တာပဲတဲ့ အမေက ကိုယ်တို့အဖေလည်း ဒီအတိုင်းပဲတဲ့။ ကလေးက ငိုတာများ တခုခုဖြစ်သွားမလားတောင် အမေက စိုးရိမ်မိတယ်တဲ့။ မကြီးက မကြာသေးခင်ကမှ ကလေးမွေးထားတဲ့ သူ့အိမ်ရှင်မကို မေးမြန်းပြီး ကိုယ့်ယောက်မကို ဗိုင်ဘာကနေ ပြောပြ။ မိခင်နို့က အာဟာရမရှိလို့ နို့မှုန့်တိုက်ခိုင်း၊ လေနာပါတဲ့ကလေးတွေကို အစာစားပြီးရင် ချက်ချင်းမအိပ်ခိုင်းဘဲ ခုံပေါ်မှာတည့်တည့် ထိုင်ခိုင်းရတယ်၊ ပုခက်ကိုလည်း ဘောင်ပါတဲ့ဟာနဲ့ သိပ်ရတယ်တဲ့။ မကြီးက ကိုယ့်ယောက်မကို ကြက်ဥစားခိုင်း၊ နွားနို့သောက်ခိုင်းတော့ သူက အစားရှောင်တယ် ဟိုဟာမစား၊ ဒီဟာမစား။

အမေက ကလေးပုခက်ဝယ်ပြီး မနက်အစောကြီး သွားပို့တာကို သူ့သားတော်မောင်က သူ့ဇနီးက စိန်ဂေဟာက ရှစ်သောင်းတန်ကို ဝယ်ချင်တာလို့ ပြောတယ်တဲ့။ လာပေးတာကို ကျေးဇူးမတင်ဘဲ အပြစ်ပြောချင်သေးတယ် အဲဒီရှစ်သောင်းတန်ကို သူတို့ဝယ်နိုင်တာကျလို့။ ကိုယ့်ယောက်မက  ထမင်းနဲ့ငါးကြော်နှစ်ဖတ် စားနေတာကို အမေတွေ့ခဲ့တယ်တဲ့။ ဟင်... ထမင်းနှစ်ပန်ကန်၊ ငါးကြော်နှစ်ဖတ်ပဲစားလို့ ဘယ်လိုလုပ် အာဟာရပြည့်မှာတုန်း။ အမေက အာဟာရမရှိတော့ ကလေးက ဘယ်လိုလုပ် အာဟာရပြည့်မှာလဲ။ ထမင်းနည်းနည်း၊ အသားများများ၊ အသီးအရွက်များများ၊ အသီးအနှံတွေ များများစားရမှာ။ မကြီးက များများစားလို့ပြောရင် ကိုယ့်ယောက်မက စားပါတယ်လို့ ညာတယ်။ ကြည့် ... အမေ့မျက်စိနဲ့ တက်အပ်မြင်ခဲ့လို့သာပေါ့။ ကိုယ့်ယောက်မတို့မိသားစုက အစားရှောင်ကြတယ် ၉၆၉  ကို စိတ်ပါတော့ ကုလားဆိုင်ကဟာဆို မစားဘူးလေး ဘာလေးနဲ့ ဘယ်လိုဟာတွေလဲမသိ။ အမဲသားမစားချင်ရင် ပဲစားပါလားဆိုတော့ ပဲလည်းမစားဘူးတဲ့။ ဘာလဲ... ပဲက ကုလားစားလို့ မစားတာလားလို့ မကြီးကိုပြောတော့ စန်းထွန်းကလည်း ပြောရော့မယ် ပဲကိုလည်း မကြိုက်လို့တဲ့။ မောင်မောင့်ကို ပြောရင်းလည်း ဒါက မြန်မာပြည်လို့ ပြန်ပြောတတ်တယ်။ ကိုယ်တို့ညီအစ်မတွေကပဲ ကယ်လိုရီ၊ Nutrition တွေဆိုပြီး အနောက်တိုင်းဆန်နေတာလား ကိုယ့်ယောက်မနဲ့ မောင်မောင်က ကျန်းမာရေး ဗဟုသုတ မရှိတာလား။ ကလေးက ၁ သားဆို ၃ ပေါင်ကနေ ၆ ပေါင်အထိ ရှိရမှာ ကိုယ့်တူတော်မောင်က ၃ ပေါင် ကျော်ကျော်လေးပဲ ရှိတယ် သေးသေးညှက်ညှက်လေး။ မကြီးအိမ်ရှင်မသားလည်း တလသားအရွယ် တပုံတခဲကြီး မြင်လိုက်တာနဲ့တင် ကျန်းမာသန်စွမ်းတဲ့ ကလေးမှန်း သိသာတယ်။ ကလေးတွေ ဖွံ့ဖြိုးရာမှာ မိခင်ဖြစ်သူက တော်တော်အရေးပါတယ်။

ဆေးရုံတက်ရတဲ့ တူတော်မောင် ပိစိကွေး

ကလေးကို ဘောင်နဲ့သိပ်ရမှန်း ကိုယ့်ယောက်မက မသိတာထားပါတော့ သူ့အမေက ကလေးနှစ်ယောက်မွေးခဲ့ဖူးတာ မသိဘူးလား အေးလေ။ နင့်မှာ ကလေးမွေးထားတဲ့ သူငယ်ချင်းတွေ မရှိဘူးလား သူတို့ကို မမေးဘူးလားလို့ အမေကမေးတော့ ကိုယ့်ယောက်မက ဘာမှပြန်မပြောဘူးတဲ့။ ကြည့်ရတာ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတာမရှိ၊ အမေနဲ့မခွဲနိုင်၊ အိမ်ကိုတညမှမခွဲဘူး၊ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး မြို့ထဲကို မသွားတတ်၊ အိမ်တွင်းအောင်း၊ အခေါင်းထဲကမထွက်၊ လူတောမတိုးတဲ့ဟာတွေ။ ဘယ်နှစ်ပတ်ဆို ကလေးက ဘာတွေဖွံ့ဖြိုးလာတယ်၊ မိခင်ဖြစ်သူက ဘာတွေခံစားရမယ်၊ ဘာတွေစားသောက်ရမယ်၊ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာ စာအုပ်ထဲမှာ အကုန်ရှိတယ်၊ အင်တာနက်မှာလည်း ရှာဖတ်လို့ရတယ်။ ဗိုက်ကြီးတုန်းက စာမဖတ်ဘူးလားမေးတော့ ကိုယ့်ယောက်မက ဖတ်ပါတယ်တဲ့ မောင်မောင့်ကိုမေးတော့ မဖတ်ဘူးတဲ့။ စာဖတ်ရမှန်း၊ ကလေးမွေးပြီးတဲ့သူတွေကို မေးရမှန်းတောင် သိရဲ့လားမသိ။ အဲဒါ ကိုယ့်ယောက်မက ကွန်ပျူတာတက္ကသိုလ်က ဘွဲ့နှစ်ဘွဲ့ရထားတာတဲ့။ ဘွဲ့နဲ့မဆိုင်ပါဘူး လူ့ရဲ့အကျင့်စရိုက်နဲ့သာ ဆိုင်တယ်လို့ထင်တယ်။ ကိုယ်တို့အစ်မဝမ်းကွဲတစ်ယောက်ကို အတန်းပညာက လေးတန်းလောက်ပဲတတ်တယ်။ မလေးရှားက စက်ရုံမှာအလုပ်လုပ်တာ ဝလာလို့ ညဖက်ဆို အသီးအနှံတွေစားပြီး ဝိတ်လျော့တယ်၊ လေ့ကျင့်ခန်းလုပ်တယ်။ ဘယ်လိုစားသောက်ရတယ်ဆိုတာ အင်တာနက်မှာ ရှာဖတ်တယ်။ ကိုယ်တို့အိမ်မှာတော့ မကြီးက ဒေါ်မျိုးချစ် သူပဲ မနေနိုင်မထိုင်နိုင် ဗိုင်ဘာကနေ ကိုယ့်ယောက်မကိုပြောပြ မောင်မောင့်ကို ဖုန်းခေါ်ပြီးပြောနဲ့။ ဟိုက ကျေးဇူးမတင်တဲ့အပြင် အပြစ်တောင်မြင်လိုက်သေးတယ်။ ကိုယ်က အဝေးကြီးမှာဆိုတော့ သူ့လောက် စိတ်တိုဒေါသမထွက်ရဘူး။ ကိုယ်သာ အနီးမှာဆိုရင်လည်း အော်ဟစ်နေရမှာပဲ။

ဒူးမတ်နို့မှုန့်ကို မကြီးကဝယ်ပြီး လူကြုံရှိတော့ ထည့်ပေးလိုက်တယ် သင်္ကြန်တွင်းဆိုတော့ ရန်ကုန်ကို ပို့ပေးမဲ့ဆိုင်တွေက ပိတ်တာကိုး။ အဲတာကို မောင်မောင်က တကျီကျီ အမြန်ဆုံးဝယ်ပို့ပေးပါ ကျသလောက် ပေးပါမယ်တဲ့။ အဖေကပါ သမီးရယ် ဝယ်ပို့ပေးလိုက်ပါ မောင်မောင်လည်း ပင်ပန်းရှာတယ်တဲ့။ ဘာ...သူ့သားကပဲ ပင်ပန်းတယ် ငါတို့က မပင်ပန်းတာ ကျနေတယ်။ သူကမှ ယောက္ခမ ချက်‌ကျွှေးတာစား၊ အမေ့အိမ်မှာကပ်စား၊ ကားလေးမောင်းပြီး အဖေခိုင်းတာ လုပ်ရတာကိုများ ပင်ပန်းတယ်။ ငါတို့ကမှ ကိုယ်စားဖို့ ကိုယ့်ဘာသာ ချက်ပြုတ်ရတယ်၊ နိုင်ငံခြားမှာ လုပ်ရတာ ဘယ်လောက်စိတ်ဖိစီးလဲ ဒင်းထက် ၃ ဆ ပင်ပန်းတယ်။ အဖေ့ကိုပြောတော့ အဖေက အကုန်လုံး ပင်ပန်းကြပါတယ်ဆိုပြီး လေပြေလေးနဲ့ ချော့တယ်။ အဖေနော် အဖေ့သားကို ပိုက်ဆံတွေ ခိုးပေးမနေနဲ့ အဖေ့သားက သူများဆီမှာ အလုပ်မလုပ်ဘူးတော့ အလုပ်ကို အလုပ်နဲ့တူအောင် လက်ကြောတင်းအောင် လုပ်တာမဟုတ်ဘူး။ အဖေ့သားကို တစက်မှ မယုံဘူး စာရင်းဇယားလည်း မနိုင် စီးပွားရေး အမြင်လည်းမရှိ။ ချွှေးမကိုလည်း သိပ်ချစ်မနေနဲ့ ချွှေးမဆိုတာ သမီးတွေလောက် ကောင်းနိုင်တာ မဟုတ်ဘူး။ ဟိုဟာမစား ဒီဟာမစားနဲ့ အမေက အာဟာရမပြည့်တော့ ကလေးက ဘယ်လိုလုပ်ပြီး အာဟာရပြည့်မှာတုန်း၊ အခေါင်းထဲကမထွက်၊ လူတောမတိုးတဲ့ဟာတွေလို့ ကိုယ်ပြောတော့ အဖေက မကြိုက်ချင်ဘူး ဘာမှပြန်မပြောဘူး ငြိမ်နေတယ်။  အဖေပြောတော့ သူ့ခမက်က မိန်းမ သိပ်ပီတာတာတဲ့။ မိန်းမပီသတယ်ဆိုတာ အိမ်ကိုပြောင်လက်နေအောင်တိုက်၊ အမှိုက်တစမှ မကျစေရ၊ ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိုက်တာ၊ မီးဖိုချောင်လုံတာကို ဆိုချင်တာလား။ ဒီခေတ်ကြီးမှာ မိန်းမပီသဖို့ထက် ယောကျ်ားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်၊ ယောက်ျားကို အားမကိုးဘဲ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့က အရေးကြီးတာ။

အင်္ကီျရင်ဘတ်ကို စိနေအောင်ဝတ်၊ မြို့ထဲကို မသွားတတ် မလာတတ်တာ ဂုဏ်ယူစရာမဟုတ်ဘူး။ မကြီးပို့ပေးလိုက်တဲ့ နို့မှုန့်သောက်ပြီးတာနဲ့ ကလေးက အိပ်တော့တာပဲတဲ့။ အယ်မလေး... မောင်မောင့်သားလို့မပြောရဘူး နိုင်ငံခြားကဟာကိုမှ ကြိုက်တယ်။ မဟုတ်ဘူးဟေ့... ကလေးက ဗိုက်မဝ အာဟာရမပြည့်လို့ မအိပ်တာ လေနာထိုးတာလည်း ပါတာပေါ့။ လူကြီးတွေတောင် ဗိုက်ဆာနေရင် ဘယ်လိုလုပ်မှ မအိပ်နိုင်တာ။ ကိုယ့်ယောက်မက မကြီးကို ကျေးဇူးတင်လို့တဲ့။ မကြီးက ကလေးက ဗိုက်မဝ၊ အာဟာရမပြည့်လို့မအိပ်တာ၊ နို့ဘူးတိုက်လို့ အစောကြီးက ပြောသားပဲ။ မောင်မောင်က နိုင်ငံခြားကဟာကမှ ကောင်းတယ်ပြောလို့။ နိုင်ငံခြားကဟာက အမြဲဝယ်ထည့်ပေးနေရမှာ လူကြုံမရှိရင် ပို့ပေးခ တဘူးကို ၁၀ ၊ ၄ ခါဆိုရင် နို့ဘူးတဘူးစာ ရနေပြီ။ မြန်မာပြည်မှာလည်း ဒီတံဆိပ် ဒီအမျိုးအစား မရှိပေမဲ့ ဒီထက် အရည်အသွေးကောင်းတာ၊ ဒီထက် အရည်အသွး နိမ့်တဲ့ဟာတွေ ရှိတာပဲ။ မောင်မောင်က သွားမဝယ်ပေးလို့တဲ့။ မောင်မောင် မဝယ်ပေးရင် သူ့ဘာသာ သွားမဝယ်တတ်ဘူးလား ခြေထောက်မပါတာ ကျနေတာပဲ။ ကလေးကို သူ့အမေက ကြည့်ပေးထားလို့ ရတာပဲ။ အေးလေ .... ကြည့်ရတာ ငါ ဝယ်ပေးမှ နို့ဘူး တိုက်တော့မှာလား ငါ မဝယ်ပေးရင် မတိုက်တော့ဘူးလား။ ငါ့ကို မဝယ်ပေးချင်လို့ ထင်နေတယ်။ ကိုယ့်ဘာသာ လုပ်လို့ရတဲ့အလုပ်ကို ကိုယ့်ဘာသာ လုပ်ကြတာမဟုတ်ဘူး သူများကို အားကိုးနေတယ်။ သူတို့အိမ်နားက စင်္ကာပူမှာနေတဲ့တစ်ယောက်ကို ဝယ်ခိုင်းမယ်လို့ ပြောနေတယ်။ အယ်မလေး.... ဘယ်သူက တကူးတက အချိန်ကုန်ခံပြီး သွားဝယ်ပေး၊ ပို့ပေးမှာလည်း အလုပ်ရှုပ်ပါဘိနဲ့။ အေးလေ ငါတို့တောင် ကိုယ့်မောင်နှမတွေမို့လို့ လုပ်ပေးတာ။

ကိုယ့်ယောက်မကလည်း မောင်မောင်လိုပဲ ပြန်မပြော နားမထောင်၊ ဗဟုသုတမရှာ၊ ငပျင်း၊ လူတောမတိုးတဲ့ ဟာမလေး။ အမေ့ညီမ အငယ်ဆုံးကမွေးတဲ့ ကိုယ့်ညီမဝမ်းကွဲလေးက ဒီနှစ်ဆယ်တန်းဖြေမှာ ဆယ်တန်းရောက်နေပြီ ခုထိ ဘာမှမသိဘူး ဗွီဒီယိုကြည့်ဖို့ပဲ သိတယ်တဲ့။ အမေက သူ့သမီးတွေဆို ဒီအရွယ်မှာ အားလုံး လုပ်တတ်ကိုင်တတ် ဖြစ်နေပြီ။ အမေ့ညီမသမီး ကိုယ့်ညီမဝမ်းကွဲ မင်္ဂလာဆောင်တော့ အဖေက တသိန်းလက်ဖွဲ့မယ်ပြောနေလို့ အမေ့ကို ပြန်မေးကြည့်လို့ နင့်အမေက တသိန်းတောင် လက်မဖွဲ့ချင်ဘူးလို့ ပြောနေတယ်တဲ့။ ကြည့် ...ကိုယ့်အမေက သူ့အမျိုးဆိုပြီး ပိုပေးမယ်၊ မျက်နှာသာပေးမယ် မထင်နဲ့ သူ့သားတောင် မျက်နှာသာမပေးဘူး။ အမေ့အစ်ကိုကြီးသမီး ကိုယ်တို့အစ်မဝမ်းကွဲက အမေ့ကို ကြီးကြီးက အမျိုးတွေထဲက ဘယ်သူ့မင်္ဂလာဆောင်ကိုတော့ ငါးသိန်း လက်ဖွဲ့တယ်၊ ဘယ်သူ့မင်္ဂလာဆောင်ကိုတော့ သုံးသိန်းလက်ဖွဲ့တယ်လို့ ဝေဖန်တဲ့အခါ အမေက ညည်း သန်းဇော်ကို (ကိုယ့်မောင်ဝမ်းကွဲ) မင်္ဂလာဆောင်ရင် ငါးသိန်းလက်ဖွဲ့မှာလားလို့ တခွန်းတည်းမေးလိုက်တာနဲ့ ပါးစပ်ကိုပိတ်ရော။ မောင်မောင် မင်းကွန်းကျောင်းတိုက်မှာ မင်္ဂလာဆွမ်း‌ကျွှေးတော့ ပိုတဲ့ထမင်းဟင်းတွေကို အမျိုးတွေကို ဝေမျှတော့ နင့်အဒေါ် အမေ့ညီမလေ တစ်သောင်းလက်ဖွဲ့ပြီး  သုံးသောင်းဖိုးလောက် ပြန်မသွားတယ်လို့ အဖေက ဟာသနှောတော့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ လွှတ်တော်မှာတင် အမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းရှိတာ မဟုတ်ဘူး။ ကိုယ်တို့အိမ်မှာလည်း အဖေ၊ မောင်မောင်က သဘောထား ပျော့ပျောင်းသူတွေဖြစ်ပြီး အမေ၊ မကြီးနဲ့ ကိုယ်ကတော့ သဘောထား တင်းမာသူတွေပါ။ ကိုယ်တို့က မောင်မောင်နဲ့ ကိုယ့်ယောက်မကို ခပ်ဆိုးဆိုးလေးတွေလို့ ပြောကြသလို ကိုယ့်ယောက်မကလည်း တွေးမှာပဲနော် မောင်မောင့်အစ်မ၊ ကိုယ်တို့ညီအစ်မတွေက ခပ်ဆိုးဆိုးတွေလို့။

စန်းထွန်း
ဧပြီ ၂၆၊ ၂၀၁၅။

ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅

ချယ်ရီပွဲတော်သွား တောလား ...

နွေဦးပွဲတော်တွေမှာ အထင်ရှားဆုံးကတော့ ဝါရှင်တန်ဒီစီက ချယ်ရီပွဲတော်ပါ။ မတ်လ ၂၀ ကနေ ဧပြီ ၁၂ အထိ ကျင်းပပါတယ်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်ဖို့ ခန့်မှန်းကြတာက ဧပြီ ၁၁ - ၁၄ ရက်အထိဆိုတော့ စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဧပြီ ၁၁ - ၁၂ မှာသွားဖို့ စိတ်ကူးထားတယ်။ အီတလီရုံးမှာ အတူတူလုပ်ခဲ့ပြီး အခုဝါရှင်တန်ဒီစီမှာ တာဝန်ကျနေတဲ့ ဝိုင်းသူငယ်ချင်း အမေရိကန်မလေးက ဝိုင်းကို လာလည်ဖို့ဖိတ်ပေမဲ့ ဝိုင်းက အဲဒီနေ့မှာ အီတလီနားက အယ်လ်ဘေးနီးယားကို သွားရမှာမို့ ချယ်ရီပွဲတော် မနွှဲနိုင်တော့ဘူး။ မနှစ်က နယူးယောက်ကို ပြောင်းလာပြီး မကြာခင်မှာပဲ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပွဲတော်ကို ဝိုင်းသွားတယ်တဲ့ ဝင်ကြေးက ၂၅ ကျပ်တောင် ပေးရတယ်။ ဒီစီချယ်ရီပွဲတော်ကို ဝိုင်းပါ လိုက်နိုင်ရင် ကိုယ်တို့သွားနေကျ ဘက်ဂျက်တရုတ်တိုးကားနဲ့ သွားဖို့စဉ်းစားထားတာ။ ၁ ညအိပ် ၂ ရက်ခရီးကိုမှ ၁၀၀ ပဲ ပေးရတယ်။ ဝိုင်း မလိုက်နိုင်ဘူးဆိုတော့ ကိုယ့်ဘာသာ ဘတ်စ်ကား၊ ရထားစီးသွားမယ်။ ဒီစီရုံးက ကလဲရားအိမ်၊ ဆူနမ်တို့အိမ်မှာ အိပ်လို့ရတော့ ဟိုတယ်ခ သက်သာသွားတယ်။ ရထားလက်မှတ်က အစောတုန်းက ၈၀ မသွားခင် တပတ်အလိုမှာ ဘွတ်ဖို့ကြည့်လိုက်တော့ ၁၅၀ ဖြစ်သွားတယ်။ ဘတ်စ်ကားခက ၅၅ ကျပ်ပဲ ပေးရတယ် ဒါတောင် တပတ်လောက် ကြိုဘွတ်ရင်၊ ကြားရက်တွေဆို ၃၅ ကျပ်လောက်နဲ့ ရတယ်။

Union Station


ဧပြီ ၁၁ ရက် စနေနေ့မနက် ၅ နာရီခွဲ ကိုယ့်အိမ်ကနေ အမြန်ရထားတွေရှိတဲ့ ဂျက်ဆင်ဟိုက်ဘူတာကို ရထား ၂ ဘူတာ စီးရတယ်။ ရထားမစီးချင်တာနဲ့ လမ်းလျှောက်တော့ မနက်စောစောစီးစီးမို့ လူတွေရှင်းနေတာပဲ။ ဂျက်ဆင်ဟိုက်ဘူတာကနေ အမြန်ရထား E စီးပြီး ပေါ့အသော်ရတီဘူတာမှာဆင်း ဘတ်စ်ကားဂိတ်ရှာတာ မတွေ့လို့ မေးကြည့်တော့ ခုရောက်တာ South Wing ဘတ်စ်ကားတွေရှိတာက North Wing ဟိုတံခါးကနေ လမ်းမကူးလိုက်ရင် South Wing ရောက်ပြီတဲ့။ မနက် ၆ နာရီခွဲ ဂိတ် ၆၄ ဝါရှင်တန်ဒီစီဂိတ်ရောက်တော့ လူတွေမှာ အများကြီး။ ဘုတ်ဒင်းနံပါတ်က ၃၄ ဆိုတော့ ၃၀ - ၄၀ လို့ ရေးထားတဲ့ ကျူတန်းမှာစီ။ ဒါပေမဲ့ ထိုင်ခုံကတော့ ကြိုက်တဲ့နေရာ ထိုင်လို့ရတယ်။ ဒီတခါတော့ အချိန်တိကျတယ် မနက် ၇ နာရီအတိမှာ ထွက်တယ်။ ဒရိုင်ဘာက အမျိုးသမီး မိုဘိုင်းဖုန်း၊ အိုင်ပတ်၊ သီချင်းနားထောင်တဲ့အခါ  တခြားခရီးသွားတွေကို အနှောင့်အယှက်မဖြစ်အောင် နားကြပ်သုံးဖို့၊ ဆေးလိပ်မသောက်ဖို့ တားမြစ်ပါတယ်။ မနက်စောစော အိပ်ယာထရတော့ ကိုယ်လည်း အိပ်တဲ့အခါအိပ်၊ နိုးတဲ့အခါ ပတ်ဝန်းကျင်ရှုခင်းတွေကြည့်။ နယူးဂျာဆီ၊ ပန်ဆယ်ဗေးနီးယားပြည်နယ်တွေမှာတော့ သစ်ပင်တွေက ရိုးတံကျဲကျဲ အားလုံးဗလာကျင်းလို့။ မေရီလန်းပြည်နယ်ထဲကို ဝင်လိုက်တာနဲ့ သစ်ပင်စိမ်းစိမ်းတွေ မြင်ရတယ်။ ပန်းပွင့်တွေကလည်း ပွင့်လိုက်တာ ပင်လုံးညွှတ်ပဲ။ မေရီလန်းပြည်နယ်က  တောင်ဖက်ကျတော့ နယူးယောက်နဲ့ယှဉ်ရင် အအေးပေါ့တယ်။ ဒီလမ်းတွေကို သိပါတယ်လို့ စိတ်ထဲထင်နေလို့ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့ ခုရောက်နေတဲ့မြို့က ဆေးဗားစပရင်းမြို့တဲ့။ မမှတ်မိဘဲနေပါ့မလား ကိုယ်နေခဲ့တဲ့မြို့ကိုး အဲဒီလမ်းတွေမှာ ကိုယ်အခေါက်ခေါက် အခါခါ မောင်းခဲ့ဖူးတယ်။

US Capitol
Library of Congress
Library of Congress
US Capitol

ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်းထဲဝင်တော့ ၁၂ နာရီကျော်နေပြီ။ Chipotle ချစ်ပိုလေးမှာ နေ့လည်စာစားတော့ အစားအသောက်က ကိုယ်သတိထားမိလောက်အောင်ကို မနှစ်ကထက်စာရင် တော်တော်နည်းသွားတယ်။ ဒါပေမဲ့ ခုအရွယ်အစားကမှ ကိုယ့်အတွက် အတော်ပဲ။ နေ့လည်စာစားပြီးတော့ ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောလ်တလျှောက်ကနေ ချယ်ရီပွဲတော်ရှိတဲ့ တိုင်တယ်ဘေဆင်ဆီကို လမ်းလျှောက်တယ်။ ကယ်ပီတယ်က ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ ငြမ်းတွေဆင်ထားတော့ အရင်ကလောက် မလှဘူး။ ကယ်ပီတယ်ရှေ့က လိုင်ဘယ်ရီအော့ဖ်ကွန်ကရက်မှာ ကျူတန်းကြီးက အရှည်ကြီး။ ရာသီဥတုက ၇၀ ဒီဂရီဖာရင်ဟိုက် နွေးနွေးလေး နေလို့သိပ်ကောင်းတယ်။ ကယ်ပီတယ်ဘေးကဖြတ်တော့ ရဲတွေက ဟိုဘက်ကနေသွားဖို့ လက်ပြနေတယ်။ ကယ်ပီတယ်ရှေ့မှာ ရဲကားတွေတဝီဝီဖြစ်နေတော့ ဘာလဲလို့ သွားစပ်စုပြီး ဓာတ်ပုံရိုက်လိုက်သေးတယ်။ ကွန်ဂရက်အမတ်လို့ကြားလိုက်တော့ တခုခုတော့ တခုခုပဲ။ ကယ်ပီတယ်ရှေ့က Refelctio Pool ကနေ မိုးနူမတ်ကျောက်တိုင်ကြီးကို မြင်ရတယ်။ ဒီစီကတော့ အမြဲတမ်း စည်ကားနေတာပါပဲ။ ဘော်တနစ်ကယ်ဂါးဒင်း၊ စမတ်ဆိုးနီးယမ်း၊ National Museum of National History ၊ National Gallery of Art ကိုယ် သိပ်သဘောကျတဲ့ပြတိုက်တွေ။ ဒီစီရဲ့ ကောင်းတဲ့အချက်တခုက ပြတိုက်တော်တော်များများ ဝင်ကြေးအခမဲ့။ ပြတိုက်တွေကလည်း အကြီးကြီးတွေ အထပ်တိုင်း၊ နေရာတိုင်းကို နှံ့ဖို့ဆို ၄ ၊ ၅ နာရီလောက် ကြာတယ်။ မေရီလန်းမှာနေတုန်းက ပိတ်ရက်တွေဆို ဒီစီကိုသွား ပြတိုက်တွေအနှံ့ သွားခဲ့တာ သိပ်မှန်တာပဲ။ National Air and Space Museum ရှေ့မှာတော့ ကျူစီနေတဲ့ လူအုပ်ကြီးက မနည်းမနော။


shooting near US Capitol on 04/11/2015
US Capitol & Reflection pool


တိုင်ဒယ်ဘေဆင် Tidal Basin ဘေးက ချယ်ရီပွဲတော်ကို ချီတက်ကြတဲ့ လူအုပ်ကြီးက ကြက်ပျံမကျဘဲ။ မနှစ်က ချယ်ရီတွေက လှသလို ဒီနှစ်ချယ်ရီတွေကလည်း လှမြဲလှဆဲ။ Parade ရှိပေမဲ့ သွားမကြည့်တော့ပါဘူး။ ပွဲတော်ရဲ့အလှကို တကယ်ခံစားချင်ရင် သမိုင်းကြောင်းကို နည်းနည်းလေးသိဖို့ လိုပါတယ်။ ၁၉၁၂ မတ်လ ၂၇ ဂျပန်ပြည်ကနေ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ရောက်လာတဲ့ ပထမဆုံး ယိုရှီနို Yoshino ချယ်ရီပင်တွေကို တိုင်ဒယ်ဘေဆင် မြောက်ဘက်ကမ်းပါးမှာ စိုက်ပျိုးခဲ့ပါတယ်။ ချယ်ရီပင်တွေကို လက်ရှိနေရာမှာ စိုက်ပျိုးခွင့်ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ ဂျပန်ပြည် ပထမဆုံး အလည်အပတ်ခရီးကနေ ဝါရှင်တန်ကို ပြန်လာတဲ့ နာမည်ကြီး စာရေးဆရာမ၊ ဖိုတိုဂရပ်ဖာ၊ National Geographic Society ရဲ့ ပထမဆုံးအမျိုးသမီး ဘုတ်မန်ဘာ Mrs.Eliza Scidmor က ယူအက်စ်စစ်တပ် အများပြည်သူသုံး အဆောက်အဦး၊ ကစားကွင်း ဆောက်လုပ်ရေးကို ချည်းကပ်ပြီး ပတ်တိုးမတ် မြစ်ကမ်းဘေးမှာ ချယ်ရီပင်တွေ စိုက်ပျိုးရေး အဆိုပြုချက်ကို တင်သွင်းခဲ့ပေမဲ့ မကြားချင်ယောင် ပြုခဲ့ကြတယ်။ ၂၄ နှစ်လုံးလုံး တောင်းဆိုခဲ့ပေမဲ့ အထမမြောက်ခဲ့ပါဘူး။ ၁၉၀၆၊ ၁၉၀၇ နာမည်ကြီး horticulturist David Fairchild က ဂျပန် Yokohama Nursery Company ကနေ ချယ်ရီပင် ၇၅ ပင် တင်သွင်းပြီး ခံနိုင်ရည်စွမ်းကို စမ်းသပ်ခဲ့ပါတယ်။ အောင်မြင်တဲ့အခါ ဝါရှင်တန်ဒီစီက လမ်းမကြီးတွေရဲ့ဘေးမှာ ချယ်ရီပင်တွေ စိုက်ပျိုးရေးကို Farichild မိသားစုဝင်တွေက စည်းရုံးပါတယ်။ ၁၉၀၈ Arbor Day ပို့ချချက်မှာ Fairchild က တိုင်ဒယ်ဘေဆင်ကို ချယ်ရီပင်တွေ ဝေနေအောင် ဖန်တီးဖို့အဆိုပြုချက်ကို တင်သွင်းခဲ့ပါတာကို တက်ရောက်သူ Eliza Schidmor က တေးမှတ်ထားပါတယ်။




နှစ်နှစ်ကြာပြီးတဲ့နောက် ၁၉၀၉  မှာတော့ ချယ်ရီပင်တွေ စိုက်ပျိုးဖို့ ရန်ပုံငွေရှာပွဲ အစီအစဉ်တွေကို သမ္မတကတော်အသစ် Helen Herron Taft ဆီ စာရေးသားပါတယ်။ Mrs. Taft က ဂျပန်မှာ နေဖူးတော့ ချယ်ရီအလှကို ကောင်းကောင်းသိတာပေါ့။ တစ်နှစ်ကြာပြီးတဲ့အနောက် တိုကျိုက ဝါရှင်တန်ကို ချယ်ရီပင် ၂၀၀၀ လှုဒါန်းဖို့ရည်စူးထားတဲ့အကြောင်း ဂျပန်သံရုံးကနေ Department of State ကို အကြောင်းကြားလာပါတယ်။ ဒီဇင်ဘာ ၁၀ မှာတော့ ချယ်ရီပင်တွေဟာ စီရေတယ်မြို့ကို ရောက်ရှိလာပါတယ်။ ၁၉၁၀ အစောပိုင်းမှာ ချယ်ရီပင်တွေဟာ ဝါရှင်တန်ကို ရောက်လာခဲ့ပေမဲ့ အင်းဆက်တွေပါနေလို့ သမ္မတက ဖျက်ဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုကျိုမြို့တော်ဝန် Yukio Ozaki က ဒုတိယအကြိမ်အဖြစ် ချယ်ရီပင် ၃၀၀၀ ကျော် လှုဒါန်းခဲ့ပါတယ်။ ၁၉၁၂ မတ်လမှာတော့ သမ္မတကတော်နဲ့ ဂျပန်သံအမတ်ဇနီးတို့ဟာ ယိုရှီနိုချယ်ရီ ၂ ပင်ကို တိုင်ဒယ်ဘေဆင်ဘေးမှာ စိုက်ပျိုးခဲ့တာကအစပြုလို့ သမ္မတကတော်အစဉ်အဆက်က ချယ်ရီပင်တွေ စိုက်ပျိုးပြီး ချယ်ရီပွဲတော်ကို ဖွင့်လှစ်ပါတယ်။ ချယ်ရီပွင့်တွေ ဘယ်အဆင့်ရောက်နေပြီလဲ၊ ပွင့်ပြီလားလို့ ဒီလင့်ခ် လေးမှာ ကြည့်နိုင်ပါတယ်။ မနက်စောစောဆိုရင်တော့ လူရှင်းပါလိမ့်မယ် ကိုယ်ရောက်သွားတဲ့အချိန်က နေ့လည်ဆိုတော့ နေရာတိုင်းမှာ လူတွေအပြည့်ပဲ။ တိုင်ဒယ်ဘေဆင်ကန်ကို တပတ်ပတ်လျှောက် ဒီစီမှာ ဆူနမ်အကြိုက်ဆုံးဖြစ်တဲ့ Word World II Memorial ကို သွားဓာတ်ပုံရိုက်။ မိုးနှုးမတ်နားမှာ စွန်လွှတ်နေတဲ့သူတွေကို တွေ့တယ်။ ဟိုးအဝေးက အိမ်ဖြူတော်ကို ပြပြလေး လှမ်းတွေ့ရတယ်။ အေဘီစီနယူးစ်မှာ တက်လာတဲ့ သတင်းတစ်ပုဒ်က ကယ်ပီတယ်နားမှာ သေနတ်ပစ်လို့ ကယ်ပီတယ်ကို lock down ထားတယ်တဲ့။ ကိုယ်တွေ့ခဲ့တာ အဲဒါနေမှာ။


When you see the beauty of Mother Nature, forget about everything & enjoy the moment with your own eyes. Just like him.


စမစ်ဆိုးနီးယမ်းနောက်က ပန်းခြံလေးက အတော်သာယာတယ်။ ပန်းခြံမှာထိုင်ပြီး အမောဖြေရတယ် ခြေထောက်က နာချင်လာပြီ။ ကိုယ် မလည်ရသေးတဲ့ ပြတိုက်တစ်ခု တွေ့တယ် American Indians ပြတိုက်။ ပြတိုက်က ၅ နာရီခွဲ ပိတ်မှာ ၅ နာရီကျော်နေပြီမို့ မဝင်တော့ပါဘူး။ ကိုယ်က ပြတိုက်ရဲ့ ထောင့်တိုင်း၊ အထပ်တိုင်းကို နှံ့ချင်တော့ အနည်းဆုံး ၄ နာရီလောက် အချိန်ယူရမယ်။ ပြတိုက်ရှေ့မှာ အမေရိကန်ဒင်ဒီးယန်း တိုင်းရင်းသားနှစ်ယောက် တွေ့တယ်။ ကယ်ပီတယ်ဘေးနားထိ ပြန်လျှောက်လို့ ရထားစီးဖို့ Capitol South ဘူတာရုံကို ရှာတာမတွေ့လို့ ရဲကို မေးရသေးတယ်။ SmarTrip card ဖြတ်တော့ ဝန်ထမ်းကို ပြောပါဆိုလို့ သွားပြောရသေးတယ်။ SmarTrip ကဒ်ကို မသုံးတာ တစ်နှစ်အတိရှိပြီဆိုတော့ Inactivate ဖြစ်နေလို့ activate လုပ်ရတာ။ နယူးယောက်ရထားတွေက Stand clear closing doors လို့အော်ပြီး ဒီစီရထားတွေက Step back. Doors are closing လို့အော်တယ်။ လိမ္မော်ရောင်လိုင်း Vienna bound ကို စီးပြီး East Falls Church ဘူတာမှာဆင်း Silver line ကိုစီးဖို့ အောက်ထပ်ဆင်းတော့ ရထားလိုင်းမတွေ့လို့ အပေါ်ပြန်တက်။ ဘူတာမှာ ရေးထားတာကို ပြန်ဖတ်တော့ Silver line ကိုစီးဖို့ အဲဒီပလက်ဖောင်းကနေပဲ စီးရမှာတဲ့။ ဘူတာကနေထွက်တော့ နယူးယောက်လို ကဒ်မဖြတ်ဘဲ သွားဖြတ်နေသေးတယ်။ နယူးယောက်မှာ အဝင်ပဲ ကဒ်ဖြတ်ရတယ် အထွက်ဖြတ်စရာမလိုဘူး။ ဒီစီ၊ ဘော်စတွန်မှာက အထွက်လည်း ကဒ်ဖြတ်ရတယ်။ Tysons Corner မှာဆင်း ကလဲယားကို ဖုန်းဆက်ခေါ်တော့ မေစီလျှော့ပင်းမောလ်နောက်က ကားဝင်းထဲမှာ စောင့်နေပါဆိုလို့ သွားတာ မေစီမောလ်ထဲမှာပဲ ကလဲယားနဲ့ဆုံတယ်။




ကလဲယားရဲ့ကား အတိုက်ခံရလို့တဲ့ ဒါပေမဲ့ သူ့အမှားမဟုတ်ဘူးဆိုတော့ အာမခံက အကုန်လုပ်ပေးသွားတယ်။ ကားကို ဘော်ဒီရုံမှာ သွားပြင်နေတုန်း ကားတစ်စီးလာပေးထားတယ်။ ညစာစားပြီးတာနဲ့ ၉  နာရီလောက်ပဲ ရှိသေးတယ် ပင်ပန်းလို့ တချိုးတည်း အိပ်တော့တာပဲ။ မနက်မိုးလင်းတော့ ဖက်ထုပ်နဲ့ ဆန်းကစ်ကို အိမ်နောက်ဖက်က Balcony မှာ နေရောင်ခြည်ခံရင်း စားကြတယ်။ ကလဲယားက သူ့နောက်ဖက်အိမ်က 500k နဲ့ အရောင်းအဝယ်ဖြစ်တဲ့အကြောင်း၊ အိမ်ဈေးတွေ မြောက်လာတဲ့အကြောင်း၊ တချို့ဆို အိမ်ကိုဖြိုချပြီး အသစ်ဆောက်တဲ့အကြောင်းတွေ ပြောပြတယ်။ ကလဲယားရဲ့အိမ်က ဗာဂျီးနီးယားပြည်နယ် တိုင်ဆန်ကော်နာလျှော့ပင်းမောလ်နားမှာ အိမ်ပတ်ဝန်းကျင်ကို သိပ်သဘောကျတာပဲ။ ကလဲယားရေ နောက်ဆယ်နှစ်လောက်ဆို ဒီနားမှာ ကိုယ်အိမ်ဝယ်ရင် ကိုယ်တို့တွေ အိမ်နီးနားချင်းဖြစ်ကြတာပေါ့လို့ မစားရဝမခန်း ပြောလိုက်သေးတယ်။ မနီးမဝေးက McClean ဆို ခြံတွေက သိပ်မကျယ်ဘဲ ဈေးတအားမြောက်တယ် နာမည်ကြီး အထက်တန်းကျောင်းတွေ ရှိလို့တဲ့။ အိမ်ဈေးတွေက ကလဲယားတို့ဖက်မှာသာ မြောက်တာ ကလဲယားသူငယ်ချင်းဆို ဆူနမ်တို့နားမှာ အိမ်ဝယ်ထားတာ ၄ နှစ်လောက်ရှိပြီ အိမ်ဈေးက မတက်လာဘူး။ သူ ဝယ်ဖို့လုပ်တဲ့အိမ်၊ မဝယ်ဖြစ်တဲ့အိမ်တွေ၊ သူ့အိမ်နားတဝိုက်က အိမ်တွေကို ကားနဲ့ တပတ် လိုက်မောင်းပြတော့ ကိုယ်က ဟိုအိမ်က လှတယ်နော်၊ ဟိုအိမ်အရောင်ကြီးက ဘယ်လိုကြီးမှန်း မသိဘူးနဲ့ ဝေဖန်လေကန်တယ်။ အဲဒီအိမ်တွေကြည့်ပြီး အိမ်လေးတလုံးလောက်တော့ လိုချင်မိသား ဒါပေမဲ့ ခုတော့ မဟုတ်သေးပါဘူး။


Martin Luther King Statue
Washington Monument
Jefferson Memorial.  My favorite photo of this trip.
World War II Memorial

လိမ္မော်ရောင်လိုင်း East Falls Church ကနေ Metro Center ဘူတာမှာ ဆူနမ်တို့အိမ်နဲ့နီးတဲ့ အနီရောင်လိုင်းဂိတ်ဆုံး Shady Grove ကိုသွားတဲ့ ရထားကိုထပ်စီး။ ဒီစီမှာ အလုပ်လုပ်တုန်းက အချိန်တွေကို သတိရမိတယ်။ တခါတလေ အီးမေးလ်ဆက်သွယ်တာကလွဲရင် စကားမပြောဖြစ်ကြပေမဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ ပြန်ဆုံတော့လည်း အရင်လို ရင်းရင်းနှီးနှီးပါပဲ စိမ်းနေတယ်လို့ မခံစားမိဘူး။ သူငယ်ချင်းတွေ ဆုံကြတော့လည်း ဆူနမ်က ဟွန်ဒါ SUV ဝယ်လိုက်တဲ့အကြောင်း၊ အမ်းထရူးကား အတိုက်ခံရတဲ့အကြောင်း၊ ကိုယ့်ကို ကားမောင်းသင်ပေးတဲ့ ဂင်္ဂါ အိုင်အိုဝါကနေ မေရီလန်းကို ဘယ်လိုဘယ်ပုံရောက်လာတဲ့အကြောင်း၊ ပရော်ဖက်ဆာနာဂျစ် မားစ်ဂြိုလ်သွားမယ့်အကြောင်း၊ ဘယ်သူတွေက အိမ်ထောင်ကျလို့ ဘယ်သူတွေက ကလေးရနေပြီ၊ ဘယ်သူတွေက ဘယ်ပြည်နယ်မှာ၊ ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိပြီး ဘယ်သူတွေနဲ့တော့ အဆက်အသွယ်ပြတ်နေတဲ့အကြောင်း၊ ကိုယ့်ကျောင်းနေဖက်သူငယ်ချင်းတွေ အကြောင်း၊ မိသားစု၊ မိတ်ဆွေတွေအကြောင်း ပြောလိုက်ကြတာ ရေပတ်မဝင်ပါဘဲ။ နေ့လည်စာစားပြီးရင် အမေရိကန်အင်ဒီယန်းပြတိုက်ကို သွားမယ်ဆိုတာတောင် မသွားဖြစ်တော့ဘူး။ နင်တို့ ချယ်ရီပွဲတော် မသွားဘူးလားမေးတော့ မနှစ်ကရောက်ပြီးပြီဆိုတော့ မသွားတော့ဘူးတဲ့။ ဟဲ့ ငါ့ဆို ချယ်ရီပန်းတွေကို မြင်ချင်လွန်းလို့ မိုင် ၂၅၀ အဝေးကနေ တကူးတက လာရတာ။ နင်တို့ကမှ တကယ့်နီးနီးလေး ရထား ၁ နာရီလောက် စီးရင်ကိုပဲ ရောက်တဲ့ဟာကို မသွားဘူးလားဆိုတော့ ငါတို့က နင့်လိုမှ မဟုတ်တာတဲ့။ ကြည့် ကိုယ့်သူငယ်ချင်းတွေက တကယ့်ငပျင်းလေးတွေ။ အနီရောင်လိုင်း Shady Grove ဘူတာကနေ မြို့ထဲကို ရထားစီးတော့ စာဖတ်နေတဲ့ကိုယ့်ဘေးနားလာထိုင်ပြီး ဟိုင်း၊ ဟောင်းအာယူ ဂွတ်၊ ဖိလစ်ပီနိုလားလို့ လာမေးနေလို့ နိုးလို့ ပြောလိုက်ရသေးတယ်။ ရုံးက ဖိလစ်ပိုင်ကြီးက ကိုယ့်ကို ဖိလစ်ပိုင်ထင်လို့တဲ့။ ယူနီယမ်ဘူတာရုံက Chipotle မှာ ညစာဝယ်၊ ကယ်ပီတယ်နားက ချယ်ရီပင်အောက်မှာထိုင်ပြီး ချယ်ရီတွေကို ငေးဖြစ်တယ်။ ချယ်ရီပွင့်တွေ အင်မတန် လှတာပဲ။

Washington Monument


ဘရွတ်ကလင်း ဘော်တနစ်ဂါးဒင်း၊ ရုစဗဲ့အိုင်လန်၊ နယူးဂျာဆီပြည်နယ် Newark မြို့က Branch Brook ပန်းခြံတွေမှာလည်း ချယ်ရီပင်တွေ ရှိပေမဲ့ ဂျပန်တွေက ဒီစီက ချယ်ရီပင်တွေကို ပိုနှစ်သက်ပါသတဲ့။ ဒီစီက ချယ်ရီတွေက ဂျပန်ပြည်က ပို့လိုက်တဲ့ ယိုရှီနိုချယ်ရီပင်တွေကိုး။ ယိုရှီနိုချယ်ရီပွင့်တွေက အဖြူရောင်များတယ် ပန်းရောင်ဆွတ်တယ် ဆိုရုံလေး။ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပင်တွေက ပန်းရောင်။ ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ ဒီနေ့ Newark ချယ်ရီပင်တွေဆီ လမ်းလျှောက်ဖို့ စီစဉ်ထားတာ ချယ်ရီတွေက ဧပြီ ၂၀ ကနေ ၂၄ ရက်မှာမှ အစွမ်းကုန်ပွင့်မယ်ဆိုလို့ မလိုက်ဖြစ်တော့ဘူး။ ဧပြီ ၂၅ နောက်တပတ်စနေနေ့မှာမှ လိုက်ဖို့စိတ်ကူးထားတယ် ချယ်ရီတွေ ပွင့်နေသေးဖို့ မျှော်လင့်ရတာပဲ။ နောက်တပတ် ဝိုင်းလည်း ပြန်ရောက်ပြီဆိုတော့ သွားဖြစ်ခဲ့ရင် ချယ်ရီပွင့်တွေနဲ့ ဓာတ်ပုံရိုက်ဖြစ်မယ်ထင်တယ်။ ဒီစီမှာတုန်းက ချယ်ရီပွင့်တွေနဲ့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ ကလဲယားအိမ်ရှေ့က ချယ်ရီပင်တွေနဲ့ ကလဲယားရိုက်ပေးလို့ ဓာတ်ပုံတစ်ပုံပဲ ရခဲ့တယ်။ နောက်တပတ် သွားဖြစ်ခဲ့ရင် ဓာတ်ပုံတွေ တင်ပါဦးမယ်။  ဧပြီ ၁၂ တနင်္ဂနွေည ၆ နာရီခွဲ ဘတ်စ်ကားဂိတ်ကို ကိုယ်ရောက်သွားတဲ့အချိန်မှာ ၄ နာရီခွဲ ဘတ်စ်ကားကို စောင့်နေကြတုန်း။ Traffic က တော်တော်ဆိုးလို့ နှစ်ဖက်လုံး delay တဲ့။ ည ၈ နာရီ နယူးယောက်ဆိုတဲ့ ဘတ်စ်ကား ၂ စီး ဝင်လာတော့ ခရီးသည်တွေ ဝမ်းသားအားရ ဟေးခနဲ အော်ကြတယ်။ ဒါပေမဲ့လည်း ၄ နာရီခွဲ၊ ၅ နာရီခွဲ၊ ၆ နာရီခွဲ စီးမဲ့သူတွေက အများကြီး။ ည ၇ နယူးယောက်ကိုထွက်မဲ့ ဘတ်စ်ကားက ၂ နာရီနောက်ကျပြီး ၉  နာရီမှာမှ ထွက်တယ်။


National Museum of Natural History
Cinderella popcorn
National Museum of The American Indian
National Museum of The American Indian


ဒရိုင်ဘာအမျိုးသမီးက သူ့တသက် နယူးယောက်ကို တခေါက်မှ မရောက်ဖူးလို့ သူ့ကို လမ်းညွှန်ကြပါ၊ safe ဖြစ်အောင် အထူးဂရုစိုက် မောင်းပါမယ်လို့ပြောတော့ ကိုယ်တို့ခရီးသည်တွေ ရယ်လိုက်ရသေးတယ်။ Exit တွေ ရောက်တဲ့အခါ ဖုန်းဂျီပီအက်စ်တွေက ဘယ် Exit ကို သွားပါလို့ လမ်းညွှန်သံတွေ ထွက်လာတဲ့အခါ ခရီးသည်တွေထဲက နှစ်ယောက်က လမ်းညွှန်ပေးတယ်။ အမြဲကားတွေပြည့်နေတဲ့ လင်ကွန်းတန်နယ်မှာ ကားတွေရှင်းနေတာပဲ ရှင်းဆို မနက် ၃ နာရီကိုး။ ပေါ့အသော်ရတီဘတ်စ်တာမင်နယ်ကို တွေ့ပေမဲ့ ဘတ်စ်ကားတွေ ဝင်ရမဲ့နေရာကို ရှာမတွေ့လို့ နှစ်ခေါက်လောက် ပတ်မောင်းရတယ်။ ဘတ်စ်ကားဂိတ်ရောက်တဲ့အခါ ဒရိုင်ဘာအမျိုးသမီးက ကူညီလမ်းပြပေးတဲ့ ခရီးသည်တွေကို ကျေးဇူးတင်သလို  ခရီးသည်တွေကလည်း နယူးယောက်ကို တခေါက်မှမရောက်ဘူးဘဲ အခုလိုအဆင်ပြေချောမွေ့အောင်၊ safe ဖြစ်အောင် မောင်းနိုင်တာမို့ good job လို့ ချီးကျူးကြတယ်။ နယူးယောက်မှာ တခုကောင်းတာက ရထားတွေက ၂၄ နာရီ ရှိတာပါ။ အိမ်ရောက်တော့ မနက် ၃ နာရီခွဲ။ ၄ နာရီလောက်ပဲအိပ်ရပြီး မနက် ၇ နာရီခွဲဆို ရုံးတက်ဖို့ အိမ်ကထွက်ရပြီ။ အဲဒီနေ့မနက်က ရုံးမှာ အရေးကြီးတဲ့ အစည်းအဝေးတခု ရှိတယ်။ ရုံးမှာ အိပ်ငိုက်မလားမှတ်တယ် အလုပ်ရှိနေတော့ မျက်လုံးကို ပြူးနေတာပဲ။ နွေဦးရောက်ပြီဆိုတော့ ရာသီဥတုက သိသိသာသာ နွေးလာပြီ။ အနွေးထည် အထူကြီးတွေ ဝတ်စရာမလိုတော့ဘူး။ သစ်ရွက်ဖူး စိမ်းစိမ်းလေးတွေကို မြင်ရပြီ။ နောက်ထပ် ခရီးတွေ သွားချင်ပါသေးတယ်။

Happy Traveling !

စန်းထွန်း
ဧပြီ ၁၈၊ ၂၀၁၅။

Reference :
An Insider's Guide to the Cherry Blossom Festival in D.C.
Stunning GIFs of DC's Cherry Blossom in Bloom

All About NYC - 5

နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်းကို ပထမဆုံး ရောက်ဖူးတာ ရွန်လမ်းလျှောက်အဖွဲ့နဲ့ပါ။ ပိတ်ရက်တွေဆို မနက် ၁၀ နာရီအထိ ဝင်ကြေးအခမဲ့။ နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်းက မတ်ထရို subway ကနေ ဘတ်စ်ကား ၁၅ မိနစ် လောက် ထပ်စီးရတယ်။ ဂရမ်းစင်ထရယ်ကနေ ရထားစီးရင်တော့ ဘော်တနစ်ကယ်ဂါးဒင်းဘူတာမှာ ဆင်းလိုက်ရုံနဲ့ ရောက်တယ်။ နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်းဟာ အင်မတန် သာယာပါတယ်။ လမ်းလျှောက်အဖွဲ့မှာပါတဲ့ ဘရောင်းသူက ဒီဘော်တနစ်ကယ်ဂါးဒင်းနေရာက တကယ့်မြို့လယ်ကောင် ကားတွေနဲ့ရှုပ်ရှပ် ဆူညံပွက်လောရိုက်နေတာ။ ဒါပေမဲ့ ဘော်တနစ်ကယ်ဂါးဒင်းထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်လို့ တောထဲတောင်ထဲ ရောက်နေသလားလို့ ထင်ရတယ်။ နှင်းဆီခင်းကလည်း အင်မတန်လှတယ် ဓာတ်ပုံရိုက်လို့ကို မဝနိုင်ဘူး။ ဆောင်းဦးပေါက်မှာ တခေါက်ပြန်လာဦးမယ်လို့ တွေးထားတာ တကယ်ပြန်လာဖြစ်တဲ့အချိန်မှာ သစ်ရွက်တွေတောင် ကြွေနေပြီ။ ဘော်တနစ်ကယ်ဂါးဒင်းကပေးတဲ့ wonderland tours မှာ ပါဝင်ဖူးတယ်။ နေရှင်နယ်ပါ့ခ်ရိန်းဂျားက ဘော်တနစ်ဂါးဒင်းက အပင်တွေအကြောင်း၊ သစ်ရွက်ကြွေ၊ အသီး၊ ပန်းပွင့်တာကို နေရှင်နယ်ပါ့ခ်ရိန်းဂျားတွေက မှတ်တမ်းယူပြီး ကမ္ဘာကြီး ပူနွေးလာတာကို မှတ်တမ်းတင်တဲ့အကြောင်း၊ အပင်တွေရဲ့ ထူးခြားချက်တွေကို ရှင်းပြသွားတာများ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတယ်။ ရထားပြပွဲတွေ၊ ကလေးတွေအတွက် ပြပွဲတွေ ရှိပေမဲ့ ဝင်ကြေးပေးရမယ်ဆိုတော့ မဝင်တော့ဘူး။ နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်းဟာ ကွန်ကရစ်ဂျမ်းကဲရဲ့ အနီးမှာရှိတဲ့ အနားယူဖို့ ကောင်းတဲ့နေရာလေးပါ။ ဘော်တနစ်ကယ်ဂါးဒင်းတခွင် ဟိုရိုက်ဒီရိုက် ဓာတ်ပုံလေးတွေပါ။

စန်းထွန်း
ဧပြီ ၁၁၊ ၂၀၁၅။