ခြံထဲမှာ ပန်းသီးစားခွင့် မပြုဘူးဆိုပေမဲ့ Security ကင်မရာ၊ လုံခြံုရေးအစောင့်ရှိတာမှ မဟုတ်တာ စားလည်း သူတို့မသိနိုင်ပါဘူးလို့ ဂိုက်ကပြောတော့ အားလုံးပွဲကျတယ်။ ခြံထဲရောက်တော့ မြေပုံတစ်ခု၊ စက္ကူအိတ်တစ်လုံး ရတယ်။ မြေပုံက ဟိုးနောက်ဖက်ကိုသွား ဘယ်အတန်း၊ ဘယ်မျိုးတွေလို့ ညွှန်းထားတဲ့ စာရွက်ပါ။ ပန်းသီးအမှည့်တွေနား မရောက်ခင် အစိမ်းတွေနဲ့ ဓာတ်ပုံရိုက်တယ်။ ဖူဂျီမျိုးအမှည့်ခင်းရောက်တော့ ပန်းသီးတောင် သိပ်မရှိဘူး။ ပန်းသီးကို လှည့်လိုက်လို့ အညှာကနေ
ကျွှတ်လာရင် မှည့်တယ်။ မနေနိုင်တဲ့ ကိုယ်က ဖူဂျီတစ်လုံး မြည်းကြည့်တော့ အားပါးပါး ကောင်းလိုက်တာ။ အောက်မှာ ကြွေကျနေတာတွေက နှမြောစရာ။ အပင်ပေါ်မှာက မမှည့်သေးတာရယ်၊ ပိုးထိုး၊ ငှက်စားထားတဲ့ အသီးတွေ။ ဖူဂျီမဟုတ်တဲ့ တခြားခင်းက ပန်းသီးတွေ ခူးတယ်။ ပန်းသီးနီနီတွေများများ ဓာတ်ပုံရိုက်လို့ကောင်းမဲ့နေရာတွေဆိုရင် ဝိုင်းနဲ့ကိုယ်နဲ့ ဓာတ်ပုံရိုက်ကြတာ ဆိုတာများ ပန်းသီးခူးရဖို့ထက် ပန်းသီးနဲ့ ဓာတ်ပုံရိုက်ရဖို့က အရေးကြီးတယ်။ ပန်းသီးကို ဝိတ်ချိန်၊ ပိုက်ဆံရှင်းတဲ့နေရာမှာ ဖူဂျီပန်းသီးက ဘာလို့နည်းနေရတာလဲ မေးတော့ လူတိုင်း အဲဒီလို မေးကြတယ်တဲ့ ဖူဂျီပန်းသီးရာသီက အောက်တိုဘာလတဲ့။ အောက်တိုဘာမှာ နောက်တစ်ခေါက် ပြန်လာရမဲ့ပုံပဲ။ ပေးထားတဲ့ ၁ နာရီ အချိန်စေ့လို့ ကားပေါ်ရောက်တော့ နောက်ကျတတ်တဲ့ တရုတ်ကလေးတွေ ဒီတခါတော့ အချိန်မှန်သား။
ကိုယ်က ဆန်းဒွက်စ်၊ ဖရဲသီးဖျော်ရည်၊ ဘွတ်စကွတ်မုန့် စားနပ်ရိက္ခာအပြည့်အစုံနဲ့ ချီတက်လာပေမဲ့ နေ့လည်စာကို မက်ဒေါနယ်ဆိုင်မှာ စားမယ်လို့ ဂိုက်ကပြောတာ့ မစားဘဲ အလကားထိုင်၊ အိမ်သာဝင်ရမှာ အားနာစရာကြီး ဝိုင်းတို့တခုခုဝယ်ပြီး နှစ်ယောက်ရှယ်ရအောင်တဲ့။ Nugget chickens ၂၀ ဝယ်လိုက်တယ်။ ဝိုင်းနဲ့ကိုယ်က Coke အအေးတွေ မကြိုက်တာ တူတယ်။ ကိုယ်ကတောင် Green tea ၊ Starbucks က Vanilla Latte သောက်သေးတယ်။ ဝိုင်းက ခရီးသွားရင် ရေတောင် သိပ်မသောက်ဘူး။ သိပ်မသောက်တော့ သိပ်မပေါက်ဘူးပေါ့ဟ။ အင်း...ဒါလည်း ဟုတ်တာပဲ။ ကိုယ်ကတော့ အလုပ်ထဲမှာ Stress များရင် သောက်လိုက်၊ ပေါက်လိုက်၊ နင်းကန်စားလိုက်နဲ့။ ကိုယ် မက်ဒေါနယ်ဆိုင် မထိုင်တာ အတော်ကြာပြီ။ ကျောင်းက အစားအသောက်တွေ စားမကောင်းရင် ဘူဖေးကျတော့ ဈေးကြီးလို့ အပတ်တိုင်း သွားမစားနိုင်။ အမြဲစားတာ မက်ဒေါနယ်က ၂ ကျပ်တန် မက်ခ့်ချစ်ကင်း ဘာဂါ။ ကျောင်းက ထွက်လာပြီးကတည်းက မက်ဒေါနယ် မစားတော့တာ။ ဟား ...ဟား one year is enough ဆိုပါတော့ exactly ။
ဒီနေ့ခရီးစဉ်ရဲ့ နောက်ဆုံးဖြစ်တဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ် လန်ကတ်စတာမြို့ လင်ကွန်းဟိုင်းဝေးလမ်းပေါ်က Amish Farm and House ကို မိုင် ၁၀၀၊ ၂ နာရီသာသာ မောင်းရပါတယ်။ ဝင်ကြေးက ၂၀ ပါ။ အိမ်အလည်က ထိုင်ခုံတွေမှာ ထိုင်ခိုင်ပြီး ဂိုက်အန်တီကြီး ရှင်းပြတာက ဒီလယ်ယာတောကို ပန်ဆယ်ဗေးနီးယား တည်ထောင်သူ ဝီလီယံပန်က ကိုလိုနီယမ်မြို့တော်ဝန် ဂျွှန်အမ်ဗန်ကို ၁၇၁၅ မှာ ပေးခဲ့ပြီး အမ်ဗန်မျိုးဆက်တွေက ဒီအိမ်ကို ၁၈၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့တော့ အိမ်ရဲ့သက်တမ်းက ၂၀၀ ကျော်ပါပြီ။ မျိုးဆက် ၇ ဆက်ရဲ့ အိမ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လန်ကက်စတာကောင်တီရဲ့ first tourist attraction ဖြစ်လာပြီး လန်ကက်စတာ ကောင်တီအကြောင်း သိစေခဲ့တာပါ။ ၁၉ ၅၅ ကတော့ လန်ကက်စတာ ကောင်တီရဲ့ ခရီးသွားနှစ်လို့ ဆိုရမယ်။ ၁၉၅၄ မှာ အန်းမစ်ချ်တွေအကြောင်း တင်ဆက်ပြသတဲ့ Plain and Fancy ပြဇာတ် ဘရော့ဝေးမှာ ဟစ်ဖြစ်တော့ လူတွေက အန်းမစ်ချ်တွေအကြောင်း စိတ်ဝင်စားလို့ သွားရောက်လာပတ်ကြတာ တနှစ်ကို လူနှစ်သောင်းကျော် လာရောက်လည်ပတ်တယ်လို့ ဆိုတယ်။
၁၉၅၅ မှာ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က သူ့ဆိုင်နားက ၂၅ ဧက လယ်တောအိမ်ကို ဝယ်ပြီး Amish Farm and House ဆိုပြီး ဖွင့်လှစ်ကာ အန်းမစ်ချ်တွေ ဘယ်လိုနေထိုင်စားသောက်တယ်ဆိုတာ အများပြည်သူကို ပြသခဲ့ပါတယ်။ အန်းမစ်ချ်တွေရဲ့ မူလအစက ဆွဇ်ဂျာမန်ဖက်ကပါ။ ဂျက်ကော့အာမန်နောက်လိုက်တွေကို အန်းမစ်ချ်တွေလို့ ခေါ်ပါတယ်။ အန်းမစ်ချ်တွေဟာ လျှပ်စစ်ဓာတ်မသုံး၊ ခေတ်ပေါ်ပစ္စည်းတွေမသုံး၊ အဝတ်အထည်ဆိုရင်လည်း ပြောင်တွေဝတ်ပြီး ရိုးရိုးစင်းစင်း နေထိုင်ကြပါတယ်။ ၁၈ရာစုမှတော့ အန်းမစ်ချ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပင်စန်ဗေးနီးယားကို ပြောင်းရွှေ့လာကြပါတယ်။ သူတို့ဘာသာစကားကတော့ ပန်စယ်ဗေးနီးယားဒက်ချ်လို့ ခေါ်ကြတဲ့ ဂျာမန်စကားတစ်မျိုးပါ။ အန်းမစ်ချ်တွေမှာ ဘုရားရှိခိုးကျောင်းမရှိဘဲ အိမ်တွေမှာ အလှည့်ကျ ဝတ်ပြုကြပါတယ်။ ကက်ဆက်ဖွင့်ပြပြီး အန်းမစ်ချ်တွေ ရွတ်ဖတ်ပူဇော်သံ နားထောင်ခိုင်းတယ်။ ဥုံလို့ ရွတ်နေသလိုပဲ။ Bible သမ္မာကျမ်းစာက ဂျာမန်လို ရေးထားတာပါ။
|
ဆောင်းဦးပေါက်ဆိုရင် အိမ်ရှေ့ မှာ ရွှေဖရုံးသီး၊ ရိုးပြတ်၊ ပြောင်းဖူးပင်တွေနဲ့  အလှဆင်ပြီး ဆောင်းဦးကို ကြိုဆိုလေ့ရှိကြတယ် |
နွေရာသီအတွက် လေအေးပေးစက်၊ ဆောင်းရာသီအတွက် အပူပေးစက် အန်းမစ်ချ်အိမ်တွေမှာ မရှိဘူး။ ဓာတ်ကြိုးဟာ အပြင်လောကနဲ့ ဆက်သွယ်ပေးတယ်လို့ ယူဆလို့ အန်းမစ်ချ်အိမ်တွေမှာ လျှပ်စစ်သွယ်တဲ့ ဓာတ်ကြိုး၊ တယ်လီဖုန်းလိုင်း မရှိဘူး။ ခုခေတ်အန်းမစ်ချ်လေးတွေကတော့ ဓာတ်ကြိုးတွေ သွယ်တန်းမထားတဲ့ မိုဘိုင်းဖုန်း သုံးကြတယ်။ လျှပ်စစ်ဓာတ်အား မရှိတော့ ဆိုလာပြားနဲ့ ဖုန်းအားသွင်းကြတယ်။ တစ်နှစ်သား ကလေးဆိုရင် ယောက်ျား၊ မိန်းမ မရွေး အဝတ်တစ်မျိုးပဲ ဝတ်တယ်။ ကြယ်သီးတွေ မပါစေရ။ ယောက်ျားဆိုရင် ရှပ်အင်္ကျီ၊ ကြိုးသိုင်းထားတဲ့ ဘောင်းဘီ၊ နှီးဦးထုပ်၊ မုတ်ဆိတ်မွှေး ထားတယ်။ မိန်းကလေးဆိုရင် ဂါဝန်ပြောင်၊ ဆံပင်ကို အဖြူရောင် ပုဝါပါးလေး အုပ်ထားတယ်။ မွေးကတည်းက ဆံပင်မညှပ်တော့ဘဲ အရှည်ထားကြတယ်။ အပြာရောင်၊ အနက်ရောင် အများဆုံး ဝတ်ကြပေမဲ့ တခါတုန်းက အဝါရောင် ဝတ်ထားတဲ့ အန်းမစ်ချ်မလေး တွေ့ဖူးပါသတဲ့။ ဂါဝန်နောက်ဖက်မှာ အတွန့်အလိမ်လေးတွေပါတဲ့ စတိုင်ဟာ ခု ခေတ်အစားဆုံး စတိုင်ပါတဲ့။
အန်းမစ်ချ် မိန်းကလေးတွေဟာ မိတ်ကပ်မလိမ်း၊ ရတနာမဝတ်ဘူး။ အန်းမစ်ချ်တွေဟာ ဓာတ်ပုံလည်း မရိုက်ဘူးတဲ့။ ဒီတော့ အန်းမစ်ချ်တွေကို ဓာတ်ပုံရိုက်ရင် သူတို့မျက်နှာမပါအောင် သတိထားပါတဲ့။ မီးဖိုကတော့ ပိုစီကလိမ်းသုံးတဲ့ မီးဖို (ပိုစီကလိမ်းဆိုတာ ဘာပါလိမ့်)။ ရေခဲသေတ္တာလည်း ရှိတယ် ပိုစီကလိမ်းသုံးတဲ့။ သခွားသီး၊ မုန်လာဥနီ အချည်တည်ထားတဲ့ ချောင်ချောင်လို့ခေါ်ကြတဲ့ စားစရာတစ်မျိုးက နာမည်ကြီးတယ်။ အန်းမစ်ချ်တွေက ကလေးတွေလည်း အများကြီးမွေးတော့ လူငါးယောက်၊ ခြောက်ယောက်စာအတွက် မနက်၊ နေ့လည်၊ ညစာအတွက် ပြင်ဆင်ရမှာ မလွယ်ပါလား။ အဝတ်လျှော်စက်လည်း မသုံးတော့ အိမ်သားတွေရဲ့ အဝတ်တွေကို လက်နဲ့လျှော်ရမှာ တယ်မလွယ်ပါလား။ မောင်မောင်ဆို ငယ်ငယ်တုန်းက တနေ့အင်္ကျီသုံးစုံ လဲရတယ်။ အန်းမစ်ချ်နေအိမ်လေးက တကယ့်ကို ရှင်းရှင်းလေး နံရံမှာ တခုခု အလှဆင်ထားတာဆိုရင် အဲဒါ တခုခုသုံးဖို့နေမှာတာ။ ခုလည်း နံရံပေါ်က ပန်းပွင့်လေးက အင်္ကျီချုပ်တဲ့အပ်တွေ ထားတာ။
|
အန်းမစ်ချ်တွေရဲ့ အိမ်တွေတိုင်းမှာ ဒီလို အစိမ်းရောင်လိုက်ကာလေး တပ်ထားလေ့ရှိတယ် |
|
ချောင်ချောင် ပုလင်းတွေ |
တခါတလေ ရုပ်ရှင်ရုံမှာ ဂျင်းဘောင်းဘီ၊ တီရှပ်ဝတ်ထားတဲ့ အန်းမစ်ချ်လူငယ်လေးတွေ တွေ့ရလိမ့်မယ်။ တီရှပ်၊ ဂျင်းဘောင်းဘီ ဝတ်ထားပေမဲ့ ဆံပင်ပုံစံက အန်းမစ်ချ်လို့ ပြောနေတာကိုး။ ၁၆ နှစ် မပြည့်ခင် အပြင်ဖက်ကို သွားလာခွင့်ပေးပြီး အန်းမစ်ချ်လုပ်မလား၊ အင်္ဂလိပ်လုပ်မလားလို့ ရွေးခိုင်းတယ်။ အမေရိကန် လူဖြူ လူမည်း၊ ဥရောပ၊ အာရှ၊ အာဖရိက ဘာလူမျိုး၊ ဘာအသားအရောင် ဖြစ်ပစေ အန်းမစ်ချ်မဟုတ်ရင် အင်္ဂလိပ်လို့ ခေါ်ပါသတဲ့။ လန်ကက်စတာမှာတော့ ၉၇ ရာခိုင်နှုန်း အန်းမစ်ချ် ပြန်လုပ်ကြတယ်။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက် အမ်းထရူးက အန်းမစ်ချ်တဲ့။ သူက အင်္ဂလိပ်လုပ်ဖို့ ရွေးချယ်ခဲ့တာ။ အမ်းထရူး ဘား၊ ကလပ်တွေ ကြိုက်တော့ အန်းမစ်ချ် မလုပ်နိုင်ဘူးတဲ့။ အန်းမစ်ချ်တွေဟာ အားလုံးရှစ်တန်းအထိပဲ ကျောင်းတက်ကြတယ်။ ပြီးရင် လယ်ယာလုပ်ကြတယ်။ ပြောင်းဖူး၊ ပဲတစ်မျိုး ၊ ဆေးရွက်ကြီး၊ soy bean စိုက်ကြတယ်။ ကြက်၊ ငှက်၊ ဝက်၊ မြင်းပု၊ ဒေါင်း၊ ဆိတ်၊ သိုးတွေ မွေးထားတာ ကြည့်ပြီးတော့ လန်ကက်စတာတခွင် ကားပတ်မောင်းပြီး ဂိုက်အန်တီကြီးက မြင်သမျှ ရှင်းပြတယ်။
၁၇၉၁ မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ လန်ကက်စတာ - ဖီလာဒဲဖီးယား turnpike ခု လင်ကွန်းဟိုင်းဝေး route ၃၀ က အမေရိကန်ရဲ့ ပထမဆုံး paved ယာဉ်တွေမောင်းလို့ရတဲ့လမ်းပါ။ ပန်ဆယ်ဗေးနီးယားမှာ ယဉ်ကြောအရှုပ်ဆုံးလမ်း ၃ နာရီလောက် အရှေ့ဖက်ကို ဆက်မောင်းရင် မေရီလန်းပြည်နယ် အိုးရှင်းစီးတီး၊ အနောက်ဖက်ကို လေးရက်လောက် ဆက်မောင်းရင် အိုရင်ဂန်ပြည်နယ်ကို ရောက်တယ်။ ယဉ်ကြောရှုပ်လို့ အန်းမစ်ချ်တွေ ဒီလမ်းကို ရှောင်ကြတယ်။ လမ်းတလျှောက်က အင်္ဂလိပ်၊ အန်းမစ်ချ်အိမ်တွေ ညွှန်ပြရင်း မိသားစုအကြောင်း၊ လုပ်ငန်းတွေအကြာင်း ရှင်းပြတာ စိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တွေက ခေါင်းတညိမ့်ညိမ့်။ အင်္ဂလိပ်စကား နားမလည်တဲ့ တရုတ်တွေက တခေါခေါ အိပ်လို့။ ဒီနေ့ အန်းမစ်ချ်တွေ အပြင်ထွက်လည်ကြတဲ့နေမို့ တူပါရဲ့ ဘက်ဂီမြင်းလှည်း buggy တွေ တော်တော်များများ တွေ့တယ်။ ဘက်ဂီတွေ ဖြတ်သွားတိုင်းလည်း မြင်းလှည်းပေါ်မှာ ပါတာ လက်ထပ်ထားတဲ့စုံတွဲ၊ အပျိုမလေးနဲ့ ဘယ်လိုလုပ် သိပါလိမ့်။ စက်ဘီးနဲ့တူပေမဲ့ စကူတာလို ဖိနင်းရတဲ့ဟာကို အန်းမစ်တွေက Push and Go လို့ ခေါ်ကြတယ်။
မကြာသေးခင် နှစ်တွေတုန်းက အန်းမစ်ချ်ကျောင်းမှာ သေနတ်ပစ်မှု ဖြစ်သွားလို့ ကလေးတွေ သေသွားတယ်။ အဲဒါဖြစ်ပြီးကတည်းက ကျောင်းတွေမှာ တယ်လီဖုန်းတွေ တပ်လိုက်တယ်။ ဘက်ဂီတွေနဲ့ နောက်မှာ ရောင်ပြန်ပြားတွေ အစိုးရက မတပ်မနေရ တပ်ခိုင်းတယ်။ အန်းမစ်ချ်တွေက ကားမရှိတော့ ကားမောင်လိုင်စင်၊ ကားမှတ်ပုံတင် မလိုဘူး။ အစိုးရရဲ့ Socail Security ပင်စင် ၊ Medicare ကျန်းမာရေးစရိတ်တွေကိုလည်း မယုံတော့ ထည့်စရာ မလိုဘူး။ အန်းမစ်ချ်တွေက သူတို့ဘာသာ စောင့်ရှောက်ရမယ်လို့ ယုံကြည်တယ်။ လယ်ယာတွေကို အငယ်ဆုံးကို ပေးအပ်ပြီး အငယ်ဆုံးက မိဘတွေကို ကြည့်ရှုစောင့်ရှောက်ရတယ်။ အန်းမစ်ချ်တွေရဲ ့ ဘဝက ရိုးစင်းတယ်။ JOY ဂျေ က Jesus အို က မိသားစု၊ မိတ်ဆွေသူငယ်ချင်း ဝိုင်ကို မရှင်းပြလိုက်နိုင်ဘူး ဂိုက်အန်တီက ကားလမ်းညွှန်နေရလို့။ အဲဒီအန်းမစ်ချ်အိမ်က အဘွားဆို အသက် ၈၉ နှစ်မှာ ဆုံးသွားတာ မြေး ၂၄ ယောက် သားသမီးမြေးမြစ် ၂၀၀ ကျော် ကျန်ခဲ့တယ် အိုးမိုင်ဂါ့ချ်။ ဒါ့ကြောင့် အန်းမစ်ချ်တွေက လူဦးရေတွေ များလာတာ။
အန်းမစ်ချ်တွေက ပန်ဆယ်ဗေးနီးယား၊ ဒယ်လာဝဲယား၊ အိုဟိုင်းရိုး၊ အင်ဒီယားနား၊ နယူးယောက် ပြည်နယ်တွေမှာ နေထိုင်ကြတယ်။ အန်းမစ်ချ်ကျောင်းတွေအတွက် လိုအပ်တဲ့စာအုပ်ကို ဒီမှာပုံနှိပ်ပြီး တနိုင်ငံလုံးက အန်းမစ်ချ်ကျောင်းတွေဆီ ပို့တယ်။ ကနေဒါနိုင်ငံ Ontario ဖက်မှာလည်း အန်းမစ်ချ်တွေ ရှိတယ်။ အန်းမစ်ချ်တွေဟာ ပြင်ပကမ္ဘာနဲ့ ဆက်ဆံမှုနည်းတော့ သူတို့မျက်နှာလေးတွေမှာ ရိုးသားမှုကို အထင်းသား မြင်နေရတယ်။ အန်းမစ်ချ်တွေလည်း ကိုယ်တို့လိုပဲ မက်ဒေါနယ်စားတယ်၊ ရုပ်ရှင်ကြည့်ကြတယ်။ ကယ်လီဖိုးနီးယားသူလေးက အီတလီရုံးမှာ ဝိုင်းနဲ့အတူတူ လုပ်ခဲ့တာ။ ခု သူက ဝါရှင်တန်ဒီစီမှာ တာဝန်ကျတယ်။ နယူးယောက်က ယူအန်ရုံးကို လာရင် ဝိုင်းနဲ့ဆုံကြတယ်။ ဝိုင်းက အန်းမစ်ချ်တွေအကြောင်း ပြောပြတော့ သူက အမေရိကားမှာ ဒီလိုခေတ်နောက် ပြန်ဆွဲတဲ့သူတွေ ရှိသေးတယ်လို့ မှတ်ချက်ပေးတယ်။ ကိုယ်နဲ့ဝိုင်းကတော့ သူ့ရွေးချယ်မှုနဲ့ သူပဲလေ ကိုယ်တို့ကတော့ အန်းမစ်ချ်မလုပ်နိုင်တာ အသေအချာပဲ။
|
ခုလက်တလော အန်းမစ်ချ် မိန်းကလေးတွေ ကြားထဲမှာ ဟစ်ဖြစ်နေတဲ့ ဖက်ရှင်ဒီဇိုင်း |
ကိုယ်တို့ ငယ်ငယ်တုန်းက မီးသွေးကို ထင်းရှုးချောင်းတွေနဲ့ မီးမွှေးရတာ မီးသွေးက စိုနေရင် မီးခိုးသာအူပြီး မီးမစွဲ၊ အိုးမည်းမည်းကြီးတွေနဲ့ ချက်ပြုတ်ရတာ သိပ်စိတ်ညစ်တာပဲ။ မြို့လည်းရောက်ရော လျှပ်စစ်၊ ဂတ်စ်နဲ့ ချက်ရတာကို သဘောကျလိုက်တာ။ ငယ်ငယ်တုန်းကဆို အဝတ်တွေကို လက်နဲ့လျှော်ရတာများ လက်ကိုညောင်း။ ဟော ခုတော့ အဝတ်လျှော်စက်နဲ့ လျှော်ရတာ ဘယ်လောက်သက်သာလည်း။ ငယ်ငယ်တုန်းကဆို တံမြက်စည်းလှည်း၊ ကြမ်းပြင်ကို ပြောင်အောင် အုန်းသီးခွံနဲ့ တိုက်ရတယ်။ ဟော ခုတော့ ဖုန်စုပ်စက်နဲ့ဆို ဘယ်လောက်သက်သာလိုက်သလဲ။ ကားမစီးတော့ အန်းမစ်ချ်တွေ ခရီးထွက်ကြမယ် မထင်ဘူး။ အင်းနော် ဘက်ဂီမြင်းလှည်းနဲ့ဆို ဘယ်ခရီးတွင်ပါ့မလဲ။ အန်းမစ်ချ်တွေက နေတော့သာ ရိုးရိုးစင်းစင်းကြီး အစားအသောက်ကြတော့ ထိပ်တန်းဗျား။ ကိုယ်တော့ ဖီလာဒဲဖီးယား တောလားတုန်းက အန်းမစ်ချ်စာ စားခဲ့ဖူးတာ လျှာလည်သွားတော့တာပဲ။
အဲဒီက အမဲသားနဲ့ အသီးအရွက်စွပ်ပြုတ်က ကိုယ်စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ။ peach jam ၊ pickled တွေလည်း တကယ့် authentic ပဲ။ ဒါပေမဲ့ အန်းမစ်ချ်တွေက ပိုးသတ်ဆေးသုံးတယ် အော်ဂင်းနစ် မဟုတ်ဘူး။ တောင်စဉ်တောင်တန်းလေးတွေနဲ့ လန်ကက်စတာကောင်တီက တကယ်သာယာတယ်။ ရှမ်းပြည်ကလောအတိုင်းပဲ။ တိုးဂိုက်အန်တီကြီးကိုတော့ တကယ်ချီးကျူးတယ်။ နယူးယောက်ကို ပြန်တဲ့လမ်းမှာ ကိုယ်က အိပ်ငိုက်တယ် မနက်အစောကြီး ငါးနာရီခွဲ ထရတာကိုး။ နိုးရင် ကိုယ်သွားချင်တဲ့ ပြင်သစ်၊ အီတလီ၊ ဂရိအကြောင်းတွေ ဝိုင်းကို မေးတယ်။ ဝိုင်း သွားလည်ဖူးတဲ့ နိုင်ငံတွေအကြောင်းကို သားရေတမြားမြားနဲ့ နားထောင်တယ်။ အိမ်ကိုပြန်ရောက်တော့ ည ၉ နာရီ ကျော်နေပြီ။ ကိုယ်စားဖူးတဲ့ ပန်းသီးတွေထဲမှာ ခြံထဲကနေ ကိုယ်တိုင်ခူးလာတဲ့ အဲဒီပန်းသီးတွေက အရသာအရှိဆုံးပဲ။ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီလို ဗိုက်ထဲများများ ထည့်သယ်မလာနိုင်တာ နာသကွာ။
|
နံရံမှာ တခုခု အလှဆင်ထားရင် တခုခု အကြောင်းရှိလို့တဲ့ အဲဒီအလှဆင်ပန်းက အပ်တွေ ထားဖို့ |
ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆို သူ့ခြံထဲမှာ ပန်းသီးတွေရှိတာ ဝိုင်းက ပန်းသီးသွားခူးတဲ့ခရီးဆိုလို့ အံ့သြလို့တဲ့။ မက်သရူးရေ မင်းက ခြံထဲဆင်းခူးရင်ရတဲ့ အရာတစ်ခုကို ဝိုင်းက ၄၀ အကုန်ခံပြီး တကူးတက သွားရတာ သိလား။ မက်သရူး ကံကောင်းတာကို မက်သရူး မသိပါဘူးတဲ့။ တရက်ခရီးဆိုပေမဲ့ ပရင့်စတန်တက္ကသိုလ်၊ ပန်းသီးခြံ၊ အန်းမစ်အိမ်တွေ ရောက်တော့ တော်တော်နှံ့တယ်လို့ ဆိုရမယ်။ ဆောင်းဦးရာသီမို့ ရွက်ဝါလေးတွေ ကြွေပြီး ရာသီဥတုကလည်း သိသိသာသာ အေးမြလာပါပြီ။ နယူးယောက်အက်ဖ်စတိတ်၊ နယူးအင်္ဂလန်၊ မိန်း၊ ဗာမွန်ပြည်နယ်တွေရဲ့ ဆောင်းဦးရာသီက အင်မတန်လှတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ကုန်လောက်မှာ အဝါ၊ အနီ ရွက်ရောင်စုံတွေနဲ့ အရမ်းလှတဲ့၊ မိုင်းနေထိုင်တဲ့ ဗာမွန်ပြည်နယ်ဖက်ကိုသွားဖို့ စီစဉ်နေပါတယ်။ မိုင်း ဖိတ်ခေါ်လို့ မဟုတ်ပါဘူး တိုးနဲ့ သွားမှာပါ။
မိုင်းက မဖိတ်လို့ စိတ်ပုပ်တယ်လို့ မထင်လိုက်ပါနဲ့မိုင်း၊ ဆူနမ်၊ ရာမား တို့ဆိုတာ ကိုယ့်ကို အမြဲကူညီ စောင့်ရှောက်ကြတဲ့သူတွေ။ ကိုယ် ကျောင်းပြီးတော့ အိုးဟိုင်းရိုးပြည်နယ် စင်စင်နာတီနားက သူ့ဆီလာဖို့ ကားလက်မှတ်ဝယ်ပို့ပေး၊ သူ့ဆီမှာ နေထိုင်တဲ့ တလအတွင်း ကိုယ် စားစရိတ်ကို အကုန်ခံ၊ ကန်တက်ကီပြည်နယ် လူဝီဗီလ်ကို အင်တာဗျူးသွားတော့ ပိုက်ဆံတွေလက်ထဲ အတင်းထည့်ပေး၊ ကန်တက်ကီမှာ အလုပ်ရတော့ မင်းအိမ်က မတောင်းနဲ့ဆိုပြီး ပိုက်ဆံကြိုထုတ်ပေး၊ ပိတ်ရက်တွေဆို သူတို့ဆီလာဖို့ ဖိတ်ခေါ်တော့ ကားမရှိဘူးကွ ဘယ်လိုလာရပါ့လို့ ကိုယ်ညည်းရင် ဘတ်စ်ကားနဲ့ လာပေါ့ကွ လာချင်ရင် အနီးလေးလို့ ဖိတ်ခေါ်တတ်တဲ့ မိုင်းတစ်ယောက် ကျူဟိုင်း (မိုင်းက သူ့ရည်းစားကို ကျူဟိုင်းလို့ ခေါ်တယ် ဗီယက်နမ်လို အန်ကယ်လို့ အဓိပ္ဗာယ်ရပါသတဲ့) နဲ့ အိမ်ထောင်ပြုတော့ ဗာမွန်ပြည်နယ် ဗာလင်တန်ကို ပြောင်းသွားတယ်။ ထူးဆန်းတဲ့ သတ္တဝါရှိတယ်လို့ သတင်းကြီးတဲ့ ချန်ပိန်ရေကန်ကြီးဘေးနားက ဗာလင်တန်မြို့လေးက အင်မတန် သာယာတယ်လို့ မိုင်းက ကိုယ်တို့ကို ပြောပြလေ့ရှိတယ်။
|
ဆေးရွက်ကြီး နံလို့ ရိုက်ပြီးတာနဲ့ ထွက်ပြေးရတယ် ဆေးရွက်ကြီးစိုက်တာ တော်တော်ပင်ပန်းတယ်လို့ ဆိုပါတယ် |
|
ဆေးရွက်ကြီး စိုက်တဲ့ထွန်စက် |
|
သာယာလှပတဲ့ လန်ကက်စတာ |
ကျူဟိုင်းက ပါရဂူဘွဲ့ရ၊ သူ့မိဘတွေက ယူအက်စ်မှာ နေတာလည်းကြာ၊ အမေရိကန်နိုင်ငံသား၊ အိမ်လည်း ဝယ်ထားတော့ မိုင်းက ကိုယ်တို့အုပ်စုထဲမှာ အချမ်းသာဆုံး ။ My money is my money and my husband's money is aslo my money. လို့လက်ခမောင်း ခတ်တတ်ပေမဲ့ ကျူဟိုင်းက နိုးဆိုရင် လုံးဝနိုးရတယ်တဲ့။ အမ်မလေး my husband's money is my money လိုက်စမ်းပါ နိုးဆိုလို့ကတော့ လုံးဝ လုံးဝ နိုးစေရမယ်လို့ ကိုယ်တို့တွေက နောက်တတ်တယ်။ ကျောင်းမှာတုန်းက ဂင်္ဂါနဲ့ ဟွားလဲ့ကို အိုးပါးလို့ခေါ် ၊ ခီးနား ခီးနား တမီးမိုင်လိုင် မန်ပါချာလို့ ဆူနမ်တို့က ကိုယ့်ကိုသင်ပြီး အာဘီဆစ်ကို ပြောခိုင်း (ခီးနား ခီးနား တမီးမိုင်လိုင် မန်ပါချာဆိုတာ နီပါလီလို ဘာကြောင့် ဘာကြောင့် ငါ မင်းကို ချစ်တာလဲလို့ အဓိပ္ဗာယ်ရပါသတဲ့) ၊ အမ်းထရူးကို သူယူ၊ ငါယူလို့ ပစ်ပေးကြတဲ့ ဆူနမ်၊ ရာမားနဲ့ ကိုယ်တို့အကြောင်း သိလို့နဲ့ တူပါရဲ့။ ကျောင်းမှာတုန်းကလည်း မိုင်း ဖုန်းပြောပြီးရင် ကျူဟိုင်း ဘိုင့်ဘိုင်လို့ ဆူနမ်နဲ့ကိုယ်က အတင်းဝင်နှုတ်ဆက်တတ်တယ်။ အင်း ကိုယ်တို့ကိုယ်တိုင်ကမှ အလည်ခေါ်ချင်စရာ မကောင်းတာ။ ဗာမွန်ကို သွားဖြစ်ခဲ့ရင် ဗာမွန်သွားတောလား ရေးတင်ပါဦးမယ်။
စန်းထွန်း
အောက်တိုဘာ ၅၊ ၂၀၁၄။
ဖီလာဒဲဖီးယားနဲ့ အန်းမစ်ကောင်တီ အကြောင်းကတော့
ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
Reference
1-Day Apple Picking, South Korean Farmers' Market and Princeton University Tour from New York