ဘဝခရီးသည် - ၂
အက်ကေးဒီယားခရီး သွားပြီးတော့ ဝိုင်းနဲ့ ပိုခင်လာတယ်။ ငါးမျှားတဲ့ အကြောင်းပြောကြတော့ ဝိုင်းအဖေက သူတို့အိမ်နားက ရေကန်ထဲ ငါးသားပေါက်လေးတွေထည့် အစားကျွှေး။ ငါးတွေကြီးလာတော့မှ ငါးမျှားတံနဲ့ အခန့်သား ငါးထိုင်မျှားတာတဲ့။ အင်း... ငါး မမိမှာတော့ ပူစရာမလိုဘူး။ အာတီဖစ်ရှယ်ငါးစာကြောင့် လက်သီးဆုပ် လောက်တောင်မရှိတဲ့ လီလီပေါ့ ငါးလေးတွေ မိလို့ ကန်ထဲပြန်လွှတ်ရတဲ့ အမ်းထရူး၊ စကားများလွန်းလို့ ငါးတွေ နားညည်းပြီး လစ်ပြေးကြတာ သူ ငါးမျှားရင် တကောင်မှ မမိတဲ့ မလေးရှားတရုတ်မလေး ထိန်ထိန်တို့အကြောင်း ပြောရင်း ရယ်မောရသေးတယ်။ ဝိုင်းအဖေ နှလုံးသွေးကြောကျဉ်းလို့ ပိုက်ထည့်ရတာ ဒေါ်လာတစ်ထောင်လောက်ပဲ  ကုန်တယ်။ ဒါတောင် သူတို့အစိုးရက တော်တော်များများ အကုန်ခံတာ။ ကိုယ့်အဖေလည်း နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်မှာ ခွဲစိတ်တာ ပိုက်ဆံဆိုတာ ကုန်လိုက်တာ။ သေချာတာကတော့ ဗီယက်နမ်ရဲ့ ကျန်းမာရေး စောင့်ရှောက်စနစ်က မြန်မာပြည်ထက် အများကြီးသာတယ်။
ဟနွိုင်းမြို့ရဲ့ အိမ်ငှားခက မန်ဟက်တန် နီးပါးလောက် မြှင့်တယ်။ ကုန်ဈေးနူန်းလည်း ကြီးတော့ ဗီယက်နမ်တွေဟာ ကောင်းကောင်းစား၊ ခရီးသွားဖို့ထက် ထမင်းနပ်မှန်ဖို့ အလုပ်အသေ လုပ်ရပါသတဲ့။ ဒီမိုကရေစီ တောင်ဗီယက်နမ်နဲ့ ကွန်မြူနစ် မြောက်ဗီယက်နမ်တို့ စစ်ဖြစ်ကြတော့ ရုရှတွေနဲ့ပေါင်းတဲ့ မြောက်ဗီယက်နမ်က နိုင်တယ်။ စစ်ရှုံးတဲ့ တောင်ဗီယက်နမ်တွေ မဟာမိတ်ယူအက်စ်ဆီကို လှေတွေနဲ့ သက်လုပြေးရတယ်။ အဲဒီစစ်ပြေးတွေရဲ့ မျိုးဆက်တွေက ယူအက်စ်မှာ ကြီးပြင်းလာပြီး တော့ မြောက်ဗီယက်နမ်လေသံကြားရင် ဒင်းတို့ကြောင့် သူတို့တိုင်းပြည်ကို စွန့်ခွာခဲ့ရတာဆိုပြီး အခဲမကြေကြဘူးတဲ့။ ဗီယက်နမ်မှာရှိတဲ့လူတွေကတော့ တောင်ရယ်မြောက်ရယ်လို့ မတွေးတော့ဘူး ဗီယက်နမ်တနိုင်ငံတည်းလို့ တွေးတယ်။ အဲ... ဗီယက်နမ်တွေ တရုတ်ကိုတော့ မုန်းကြတယ်။
အခုဆို တရုတ်ဆန့်ကျင်ရေး စိတ်တွေ ပိုပြင်းထန်လာတယ်။ ဗီယက်နမ်ပိုင်ကျွှန်းကို တရုတ်က သူတို့ပိုင်ဆိုပြီး အငြင်းပွားနေလို့တဲ့။ တလောကတောင် ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ တရုတ်ပိုင်စက်ရုံတွေကို လူတွေဝိုင်းပြီး ဖျက်ဆီးကြတာ သတင်းမှာ ဖတ်လိုက်ရတယ်။ ဗီယက်နမ်တင် တရုတ်မုန်းတာ မဟုတ်ဘူး ဖိလစ်ပိုင်တွေလည်း မုန်းတယ်တဲ့။ အီတလီမှာရှိတဲ့ တရုတ်သံရုံးကို ချီတက်ဆန္ဒပြတော့ ဗီယက်နမ်တွေအပြင် ဖိလစ်ပိုင်တွေလည်း ပါတယ်တဲ့။ တန်ဇနီးယားက ဆာဖာရီက နာမည်ကြီးတယ်။ ဒါပေမဲ့ လူတွေက ဆင်းရဲလွန်းလို့ စားစရာမရှိ သောက်စရာမရှိ။ ပညာရေးရောဟင် စားစရာတောင် မရှိတဲ့ဟာ ဘယ်လိုလုပ် စာသင်နိုင်မှာလဲ။ သူတို့ကို ကြည့်ပြီးတော့ ဝိုင်းက သူ့ဘဝက သူတို့ထက် အများကြီးသာတယ်လို့ ကျေနပ်ရောင့်ရဲသွားတယ်။ အလုပ်ကိစ္စနဲ့ သွားရတာမို့ အဲဒီနိုင်ငံတွေများ အလည်အပတ် သွားလည်ချင်သလားမေးတော့ ဟင့်အင်းတဲ့။
ဝိုင်း သွားတုန်းက လေယာဉ်တစီးလုံး တရုတ်ကျပန်း အလုပ်သမားတွေချည်းပဲတဲ့။ ဝိုင်းကို တရုတ်ထင်ပြီး တရုတ်စကားတွေ လာပြောနေတာ ဝိုင်းက သူ တရုတ်မဟုတ်ဘူး တရုတ်စကားမပြောတတ်ဘူး ဗီယက်နမ်ဆိုတော့မှ တတ်သမျှ မှတ်သမျှ အင်္ဂလိပ်စကားကို ညှစ်ထုတ်ပြီး ဘိုလိုမှုတ်သတဲ့။ သူတို့တွေက အာဖရိကမှာရှိတဲ့ တရုတ်ပိုင်စက်ရုံတွေဆီမှာ အလုပ်လုပ်ဖို့ လာကြတာ။ ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်မှာအလုပ်လုပ် ရမယ်မှန်းလည်း မသိဘူးတဲ့။ ရာသီဥတုက ဆိုးရွားလွန်း၊ ဘာသာစကားက တလုံးမှ မတတ်၊ အစားအသောက် လုံးဝမတူတဲ့ဒေသမှာ အလုပ်လုပ်ဖို့လာတာတဲ့ ဘုရားရေ ။ အာဖရိကမှာလည်း တရုတ်တွေ ကြီးစိုးနေပါသတဲ့။ ကိုယ်တို့ မြန်မာပြည်မှာလည်း မေခနဲ့မလိခ မြစ်ဆုံပြီး ဧရာဝတီမြစ်အဖြစ်  စတင်စီးဆင်းတဲ့နေရာမှာ ရေကာတာဆောက်၊ သံလွင်မြစ်မှာ ရေကာတာဆောက်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်မီးသွေးတူး အားလုံး တရုတ်လက်ချည်းပဲ။ အခု မြန်မာတွေလည်း တရုတ် မုန်းလာတယ်။
ယိုးဒယားတွေ ဗမာကို မုန်းတယ် ဟင်..ဟုတ်လား ဘာ့ကြောင့်လဲ။ ဗမာဘုရင်တွေ တန်ခိုးထွားရင် ပါဝါပြချင်တဲ့ အနေနဲ့ယိုးဒယားပြည်ကို သွား... သွားသိမ်းတယ်လေ။ အယုဒ္ဓယမှာ အပျက်အစီးတွေကို ခုထိမပြင်ဘဲ အဲဒါ ဖမာ့တွေ လုပ်ခဲ့တာဆိုပြီး ဗမာတွေကို မုန်းတယ်။ အဟဲ...ကမ္ဘောဒီးယားတွေလည်း ဗီယက်နမ်ကို မုန်းတယ် ဟင်...ဟုတ်လား ဗီယက်နမ်တွေ ခမာတွေကို ဘာလုပ်ခဲ့ပါလိမ့်။ ဟိုအရင်တုန်းက ဗီယက်နမ်တွေ ခမာတွေကို ငြင်းဆဲခဲ့တယ် ထင်တယ်။ ခြင်္သေ့ကျွှန်းမှာ ကျောင်းတက်တုန်းက ကိုယ်တို့အဖွဲ့က တရုတ်လေးဆို ဂျပန်တွေကို အသေမုန်းတယ်။ သူ့ပြည်နယ်က ကိုရီးယားနယ်စပ်နားမှာ။ ကြည့်ရတာ သူ့အဘိုး၊ အဘွားတွေကို ဂျပန်က ညှည်းဆဲခဲ့ပုံပေါ်တယ်။
အဖေအများစုက သားသမီးတွေနဲ့ သိပ်မရောပေမဲ့ ကိုယ့်အဖေကတော့ သားသမီးတွေနဲ့ ဘောလုံးပွဲကြည့်၊ ညစာ အတူစားဖို့စောင့်၊ ငယ်ငယ်က အကြောင်းတွေကို ပြောပြနဲ့ ကိုယ်တို့နဲ့ ရင်းနှီးတယ်။ ဝေ့အဖေကတော့ ပြောင်းပြန် စကားလည်းမပြော ဖာသိဖာသာနေတယ်။ ဂျပန်ဆန့်ကျင်ရေး တီဗွီချန်နယ်တွေကို ကြည့်ဖို့တော့ ဝေ့ကို လာခေါ်တယ်တဲ့။ ဂျပန်ဆန့်ကျင်ရေး တီဗွီချယ်နယ်တွေမှ လေးငါးခုတောင် ရှိတယ်။ ဝေ့ မင်းရော ဂျပန် မုန်းသလား။ ဝိုင်းက ကိုယ့်လက်ကို လာတွန်းတယ် မမေးနဲ့ဆိုတဲ့ သဘော။ မုန်းပါဘူး ခုက ၂၁ ရာစုလေ အတိတ်ကို အတိတ်မှာ ချန်သင့်တယ်။ တရုတ်မှာ ကလေးတစ်ယောက်တည်း မွေးခွင့်ရှိတာ မဟုတ်ဘူးလား ဝေ့မှာ ဘာဖြစ်လို့ အစ်မ ရှိနေတာလဲ။ ဝေ့အဖေက ယောက်ျားလေး လိုချင်လို့တဲ့။ ဝေ့အဖေက ဝေ့အတွက် အစိုးရကို ပိုက်ဆံအများကြီး ဆောင်လိုက်ရမယ် ထင်တယ်။ ကိုယ် မသိဘူးကွ မင်းတို့တိုင်ပြည်မှာရော သားယောက်ျားလေး ပိုမလိုချင်ဘူးလား ဟင့်အင်း။
ကိုယ်တို့ မြန်မာတွေမှာ မိသားစုနာမည် မရှိဘူး ဒီတော့ မိသားစုနာမည် ဆက်ခံဖို့ ယောက်ျားလေး မလိုဘူး။ ကိုယ်တို့မိသားစုမှာ သားယောကျာ်းလေး တစ်ယောက်ရှိတာ အငယ်ဆုံးလည်းဖြစ်တော့ ဘာမှ အားမကိုးရဘူး။ မိန်းကလေးနှစ်ယောက်က ပိုထက်တယ်။ သမီးနှစ်ယောက်အတွက် နှစ်တိုင်း အဖေ၊ အမေ ဆုတက်ယူရပေမဲ့ သားအတွက် တခါမှဆုမယူဘူးတဲ့အပြင် စာမေးပွဲကျလို့ အတန်းပိုင်ဆရာမက ခေါ်တွေ့တယ်။ သမီးမိန်းကလေးက အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုရင် ယောက္ခမအိမ်ကို ထည့်ပေးလိုက်ရတာက တရုတ်အယူအဆကွ။ ကိုယ့်တို့မိသားစုကတော့ သမီးမိန်းကလေး အိမ်ထောင်ပြုရင် သားသမက်တယောက် ရတယ်။ သားအိမ်ထောင်ပြုရင် သားတစ်ယောက် ပေးလိုက်ရတာလို့ တွေးတယ်။ သားတွေ အိမ်ထောင်ကျသွားရင် မိဘကို ထောက်ပံ့ဖို့ ဆိုတာ သူ့မိန်းမပေါ်မှာ မူတည်နေတယ် အင်မတန် စိတ်သဘောထားကောင်းတဲ့ မိန်းမမှ ကြည်ဖြူတာ။ သမီးတွေ အိမ်ထောင်ကျသွားရင် မထောက်ပံ့နိုင်ဦးတော့ မိဘအိမ် ဟင်းတခွက်တော့ ပြန်လာတယ်။
ကိုယ့်အမေဆို ကိုယ့်မောင်လေး ကဲလွန်းလို့ ကလေးတွေကို စိတ်ကုန်သွားတာ သူ့တူ၊ တူမတွေကို ရော့အင့် ကျွှေးသင့်တာကျွှေး ပေးသင့်တာပေးပြီး လုံးဝအနားကပ်မခံဘူး။ ကိုယ့်မိဘတွေက ပညာတတ် မဟုတ်ဘူး။ ဒါပေမဲ့ သားသမီးကို ပညာတတ်ဖြစ်ရမယ်၊ ပညာအမွေပေးမယ်ဆိုပြီး  ကိုယ်တို့ပညာရေးကို အရမ်းအားပေးတာ။ ကိုယ့်မိဘတွေကြောင့်သာ မဟုတ်ရင် ကိုယ်တော့ ဒီအခြေအနေထိ ရောက်လာမယ် မထင်ဘူး။ ကိုယ့်မိဘတွေကတော့ မိဘကံမကောင်းဘူး။ စာသင်ချင်ပေမဲ့ သင်ခွင့်မရှိခဲ့ဘူး။ ကိုယ်ကတော့ ဒီလိုမိဘ၊ မောင်နှမတွေရတာ သိပ်ကံကောင်းတာပဲ။ ဝိုင်းအဘိုးက အတော်ထက်တာ ပြင်သစ်လို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ သူ့မြေးတွေကို အင်္ဂလိပ်စာသင်ဖို့ သူကိုယ်တိုင် အင်္ဂလိပ်စာ သင်တယ်။ ဝိုင်း အင်္ဂလိပ်စာကောင်းအောင် သူပဲ လေ့ကျင့်ပေးခဲ့တာ။ ဒါကြောင့် ဝိုင်း ဗီယက်နမ်တနိုင်ငံလုံးစစ် အင်္ဂလိပ်စာ စာမေးပွဲမှာ ဒုတိယ ရတာ။ ဝိုင်းတက်မဲ့ဘာသာ၊ ကျောင်းတွေကို ဝိုင်းအဘိုးက အကုန်ရွေးပေးတာကွ။ ဟား...မင်းအဘိုးက တကယ်တော်တာပဲ။
တချို့ကျတော့လည်း မိဘက ထောက်ပံနိုင် သားသမီးက မထက်မြက်။ သားသမီးက ထက်မြက်ပေမဲ့ မိဘက မတတ်နိုင်။ မိဘကလည်း ထောက်ပံ့နိုင် သားသမီးကလည်း တော်မှ အောင်မြင်တာ။ ဟုတ်တယ်နော် ကိုယ်တို့တွေ တကယ်ကံကောင်းတယ် ဒီလိုမိဘ၊ မိသားစုမျိုးရလို့။ ကိုယ်ကတော့ အရှေ့တိုင်းက သားသမီးပြုစုပျိုးထောင်တာကို မကြိုက်ဘူး။ ကလေးတွေကို ဘာမှမလုပ်ခိုင်းတော့ အသက်ကဖြင့် ၇၊ ၈ နှစ် ရှိနေပြီ ကိုယ့်ဘာသာ မစားတတ်သေးဘူး၊ ခွံ့ကျွှေးရတာနဲ့။ အနောက်တိုင်းက မိဘတွေက ငယ်ငယ်ကတည်း ကလေးလုပ်နိုင်တာလေးတွေ တတ်နိုင်သလောက် လုပ်ခိုင်းတော့ ကလေးတွေက တာဝန်သိတယ်။ အခု မစားရင် အငတ်ထားမယ်ဆို တကယ်အငတ်ထားတာ၊ ကလေးကြောင့် ကြမ်းပြင်ပေသွားရင် ကလေးကို သုတ်နည်းပြပြီး ပြန်သုတ်ခိုင်းတယ်။ ည ၈ နာရီခွဲ ကလေးတွေအိပ်ချိန်လို့ ပြောလိုက်တာနဲ့ အိပ်ရတယ်။ ရှောပင်းမောလ်မှာ  စာအုပ်ဝယ်ဖို့လာတာ စက်ဘီးတောင်းရင် ခုလာတာ စက်ဘီးဝယ်ဖို့လာတာ မဟုတ်ဘူး၊ စာအုပ်ဝယ်ဖို့လာတာလို့ ကလေး နားလည်သဘောပေါက် လက်ခံလာအောင် အသေအချာ ဆုံးမတယ်။
အာခေါင်ခြစ်ငိုရင်လည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ကိုယ့်အမေဆို ဘယ်စိတ်ရှည်ပါ့မလဲ ပြောမရဘူးလား ကဲဟယ်ဆိုပြီး ကျောပြင်ကို ဗြောတင်ပစ်လိုက်မှာ။ ကျူရှင်ဆရာမ လာတာကို ကလေးက တံခါးဖွင့်မပေးလို့ ကျူရှင်ဆရာမက နာရီဝက်လောက် တံခါးဝမှာ စောင့်နေရတာ တွေ့ဖူးတယ်။ ကိုယ်ဆို နားရွက်ဆွဲပြီး ခေါင်းကိုခေါက်ထည့်ချင်တာ  လက်ကို ယားနေတာပဲ။ အနောက်တိုင်းသားတွေ ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတာ သဘောကျတယ်။ ဘူးပင်အောက်မှာ ထိုင်ကြတော့ ကိုယ်တို့တိုင်းပြည်မှာဆို ဗူးသီးကို ကြော်စားတယ်၊ ချက်စားတယ် မင်းတို့တိုင်းပြည်မှာရော။ တရုတ်ပြည်မှာတော့ ချက်စားတယ်လို့ မကြားဘူးပေါင်။ ချက်စားရင် ချက်စားမှာပေါ့ ကွေ ဝေ့က မီးဖိုချောင်မှ မဝင်တာ၊ စားဖူးတာကို သတိမထားမိတာ ဖြစ်ချင်ဖြစ်မှာပါ့။ အင်း.. ဗီယက်နမ်မှာ ဘူးသီးကို ဘယ်လိုစားကြပါလိမ့်...ဗီယက်နမ်တွေ ဗူးသီးမစားကြဘူး ထင်တယ်။ ဖုန်းဆက်ရင် ကိုယ့်အစ်မတွေကို မေးဖို့ မှတ်ထားရဦးမယ်။ ဟမ်မလေး... တရုတ်နဲ့ ဗီယက်နမ် ဗူးသီး စားသလား မစားဘူးလားဆိုတာ တရုတ်နဲ့ ဗီယက်နမ်ကိုယ်တိုင် မသိဘူးဆိုတော့..။
(ဆက်ပါဦးမည်)
စန်းထွန်း
‌စက်တင်ဘာ ၂၃၊ ၂၀၁၄။
6 comments:
blackroze said...
အထွန်းရေ
Aunty Tint said...
Unknown said...
နန်းရွှေမှုံ။
Anonymous said...
စားမှာပါ။
မမအို်င်အိုရာ
Mrs. Bagel said...
San San Htun said...
blackroze said...
အထွန်းရေ
ပစ်တို့စီမှာတော့ ဘူးသီးစားပါတယ်..
တရုတ်တွေကလေ..ထမင်းဆိုင်တွေမှာ
ဘူးကြော်ချက်တွေ ရောင်းတာ ရှိတယ်..
September 24, 2014 at 5:56 AM
Aunty Tint said...
စစ်ဖြစ်ဘူးတဲ့နိုင်ငံတိုင်း ရင်တွင်းဒဏ်ရာလေးတွေနဲ့ ဆက်နွယ်တဲ့ အမုန်းတရားလေးတွေ ကျန်စမြဲပေါ့နော်...
စကားမစပ် တီတင့်တို့မိသားစုမှာ ဖေဖေ့နာမည် တစ်လုံး 'သိန်း' ကိုမောင်နှမအားလုံးပါအောင် မှည့်ပေးထားတယ် :)
ဆက်ရန်လေးကိုစောင့်မျှော်နေတယ်....
September 24, 2014 at 8:13 AM
Unknown said...
ဟုတ်တယ်တီတင့်ရေ... နန်းတို့မြန်မာတွေကတော့ ခွင့်လွှတ်နိုင်ကြပါပေတယ်။ အင်္ဂလိပ်နဲ့ ဂျပန်ကိုသိပ်ပြီး မမုန်းကြပါဘူး။ နန်းတို့အယုဒ္ဓယသွားလည်တုန်းကဆို ဂိုက်တွေက နိုင်ငံခြားသားဧည့်သည်တွေကို မြန်မာတွေကြောင့် အယုဒ္ဓယမြို့ပျက်သွားတာလို့ ရှင်းပြနေတဲ့အသံမျိုးတွေ ကြားဖူးတယ်။ အယုဒ္ဓယကို လေ့လာရေးခရီးလာကြတဲ့ ကျာင်းသားလေးတွေ ကို ဆရာမက ဖားမား ဖားမား နဲ့ရှင်းပြနေသံတွေကြား ဖူးတယ်။ ဖားမားဆိုတာ မြန်မာတွေကို ထိုင်းသံနဲ့ခေါ်တာလေ။ ဗမာ လို့ခေါ်တာပေါ့။
နန်းရွှေမှုံ။
September 25, 2014 at 7:47 AM
Anonymous said...
စားမှာပါ။
ဘာလို့ဆိုဗီယက်နမ်ဆိုင်ရောတရုတ်ဆိုင်ရောဘူးသီးရောင်းတာတွေ့တယ်။ း)
မမအိုင်အိုရာ
September 25, 2014 at 9:31 PM
Mrs. Bagel said...
အမှန်တော့ coronary stent က မြန်မာမှာလည်း ထည့်လို့ ရပါတယ်။ ဘာ insurance မရှိတာတောင်၂၀ ကျော်လောက်ပဲကုန်တယ်။ procedure က အတူတူပဲ။
September 25, 2014 at 10:54 PM