အက်ကေဒီယားသွား တောလား - ၂
နယူးဟမ်ရှိုင်းယားပြည်နယ် နာရှာ Nashua မြို့က Raddison ဟိုတယ်က မနက်စာ မ‌ကျွှေးဘူး။ နာရှာမြို့ကနေ မိန်းပြည်နယ် ပို့လန်းမီးပြတိုက် Portland Head Light အထိ ၁၁၅ မိုင် ၂ နာရီ မောင်းရပါတယ်။ ၁၇၉၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပို့လန်းမီးပြတိုက်ဟာ မိန်းပြည်နယ်ရဲ့ သက်တမ်းအကြာဆုံး မီးပြတိုက်ပါ။ ၁၇၈၇ မှာ ဂျော့ဝါရှင်တန်ရဲ့ ညွန်ကြားချက်နဲ့ တည်ဆောက်ခဲ့ပြီး ၁၇၉၁ ခုနှစ် ဇန်နဝါရီ ၁၀ မှာ ပြီးခဲ့ပါတယ်။ ဂျော့ဝါရှင်တန်ဆိုတာ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတလည်း ဖြစ်ပါတယ်။ အမေရိကန်တွေရဲ့ ဟီးရိုးသူရဲကောင်း ဂျော့ဝါရှင်တန်ရုပ်တုကို အမေရိကန်နိုင်ငံတဝှမ်း တွေ့ရမှာပါ။ အရင်တုန်းက ဝေလငါးဆီကို သုံးခဲ့ပြီး ခုတော့ Fresnel Lens ကို သုံးပါတယ်။ မီးပြတိုက်ရှိတဲ့ နေရာလေးက အင်မတန် သာယာလှပပါတယ်။
ဒီနေရာ၊ ဒီရှုခင်းကို ဒုတိယအကြိမ်ရောက်တာ ဆိုပေမဲ့လည်း ဓာတ်ပုံရိုက်လို့ မဝနိုင်ဘူး။ ပထမအကြိမ်တုန်းက တစ်ယောက်တည်း ခရီးသွားတာဆိုတော့ ကိုယ့်ဓာတ်ပုံတွေ သိပ်မရှိဘူး။ ခုတော့ ဝိုင်းနဲ့ တစ်ယောက်တလှည့် စိတ်ကြိုက်မရမချင်း ရိုက်။ ဥရောပသားတွေက ခရီးသွားရင် ရှုခင်းကို အပြည့်အဝခံစားတယ် သူတို့ဓာတ်ပုံရိုက်တယ်ဆိုတာ ခပ်ရှားရှားတဲ့။ ဝိုင်းနဲ့ သူ့အစ်မတွေ ပြင်သစ်ကို သွားလည်ကြတော့ သူ့တို့ညီအစ်မတွေဆိုတာ ရိုက်လိုက်ကြတဲ့ဓာတ်ပုံ။ တစ်ယောက်ချင်းရိုက်လိုက်၊ ညီအစ်မတွေရိုက်လိုက်၊ ဝိုင်းသူငယ်ချင်း ကနေဒါမှာ ကြီးပြင်းတဲ့ ဘယ်လ်ဂျီယံမလေးကို သူတို့ညီအစ်မသုံးယောက် ဓာတ်ပုံရိုက်ခိုင်းလိုက်နဲ့ ရှုခင်းခံစားဖို့ထက် ဓာတ်ပုံရိုက်ဖို့ပဲ အားစိုက်နေတာတဲ့။ ဘယ်လ်ဂျီယံမလေးကတော့ သူ့ကိုရိုက်ပေးမယ်ဆိုရင်လည်း အရိုက်မခံ၊ အဆောက်အဦး၊ ရှုခင်းကို ကြိုက်တယ်ဆိုရင်လည်း တပုံ၊ နှစ်ပုံလောက်ပဲ ရိုက်တာတဲ့။ ကိုယ်တို့အာရှသားတွေကတော့ ရှုခင်းခံစားဖို့ထက် ဓာတ်ပုံရိုက်ဖို့က အဓိက။ ခရီးစဉ်ပြီးတော့မှ ဓာတ်ပုံတွေကြည့်ပြီး ရှုခင်းပြန်ခံစားတာမျိုးလား။
အိမ်သာအတွက် Rest Area မှာ ၁၅ မိနစ် ရတဲ့အချိန် စတားဘာ့ခ်မှာ ဗီနီလာလက်တေးဝယ်ပြီး မနေ့ညက ဝယ်လာတဲ့ ဂျပန်ဆိုင်က ဖက်ထုပ်ကြော်၊ ဘီစကွတ်လေးနဲ့ မနက်စာကတော့ ကသောကမျောပါပဲ။ ပို့လန်းကနေ မိန်းပြည်နယ် ဘားဟာဘားမြို့ကို ၁၈၀ မိုင်၊ ၃ နာရီခွဲ မောင်းရပါတယ်။ အရှေ့မြောက်ဖက်အစွန်ဆုံး ကနေဒါအောက်ဖက်မှာရှိတဲ့ မိန်းပြည်နယ်ဟာ ဆောင်းတွင်းဆို အင်မတန်အေးပြီး  နွေရာသီမှာ အပန်းလာဖြေလာကြတဲ့ ပြည်နယ်လေးပါ။ ပြည်နယ်က ကြီးပေမဲ့ လူရေဦး ၁ သန်းလောက်ပဲရှိပြီး ပြည်နယ်ရဲ့ ၉၀ ရာခိုင်းနှုန်းက သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတာပါတဲ့။ ကိုယ် ရောက်ဖူးတဲ့ ပြည်နယ်တွေမှာ မိန်းပြည်နယ်က အစိမ်းဆုံး၊ သစ်ပင်အများဆုံး။ လမ်းတလျှောက် pine tree တွေ တွေ့ပါတယ်။
သမ္မတအိုဘားမား မနှစ်တုန်းက ဘားဟာဘားကို အပန်းဖြေခရီးထွက်တော့ အဲဖို့ဒ်ဝမ်းလေယာဉ် ဒီ Hancock County - Bar Harbor Airport မှာ ဆင်းသက်ခဲ့ပါတယ်တဲ့။ သမ္မတ William Howard Taft ပြီးရင် နှစ်ပေါင်းတစ်ရာကျော် ၂၁ ရာစုမှာ ဒီဒေသကို အပန်းဖြေခရီးထွက်တဲ့ ပထမဆုံးသမ္မတက အိုဘားမားပါ။ ဟင် လေဆိပ်ကလည်း သေးသေးလေး။ ဒီတံတားကို ကျော်လိုက်တာနဲ့ မိန်းပြည်နယ်ထဲရဲ့ အကြီးဆုံးကျွှန်း၊ အက်ကေဒီးယား အမျိုးသားဥယျာဉ် Acadia National Park ၊ ဘာဟားဘား Bar Harbor မြို့ရှိတဲ့ Mount Desert Island  (MDI) ကို ရောက်ပါပြီ။ ပင်လယ်ရေပြာပြာ တောတောင်စိမ်းညှို့ညှို့နဲ့ အင်မတန် သာယာပါတယ်။ ဂျူလှိုင် ၄ လာတုန်းက မိုးတွေသည်းနေတော့ ဒီလောက်သာယာမှန်း သတိမထားမိခဲ့။ ဝါဘနကီ Wabanaki အင်ဒီယန်းတွေက MDI ကို Pemetic လို့ ခေါ်ပါတယ်။ Range of Mountains ၊ Mountains seen at a distance လို့ အဓိပ္ဗာယ်ရပါတယ်။ ဝါဘနကီအင်ဒီယန်းတွေက ရာသီအလိုက် ငါးဖမ်း၊ အမဲလိုက်၊ ဘယ်ရီခူးပါတယ်။ ၁၆၀၄ စက်တင်ဘာလ အစောပိုင်းမှာ ပြင်သစ်လူမျိုး နယ်မြေသစ်ရှာဖွေသူ Samuel de Champlain က ကျောက်ဆောင်တွေကြား သွားလာ၊ လှေကိုပြင်ဖို့ ကမ်းခြေကိုလာတော့ ဒေသခံတွေနဲ့ တွေ့ပါတယ်။
ချန်ပိန် Champlain က ပြင်သစ်လို Isles des Monts Deserts (islands of barren mountains) နာမည်ပေးခဲ့တာ ခု Mount Desert Islands လို့ ခေါ်ကြတဲ့ ကိုယ်တို့ ခုရောက်နေတဲ့ မိန်းပြည်နယ်က အကြီးဆုံးကျွှန်းကြီးပါ။ ၁၈၈၀ မှာ ဟိုတယ် ၃၀ ရှိနေပြီး တိုးရစ်တွေဟာ မြင်းလှည်း၊ ရထား၊ ဖယ်ရီတွေနဲ့ လာကြပါသတဲ့။ Standard Oil Company ပိုင်ရှင် Rockefeller မိသားစုက အက်ကေဒီးယားအမျိုးသားဥယျာဉ်မြေ သုံးပုံတပုံကို လှုဒါန်းပြီး တောင်တက်၊ စက်ဘီးစီးတဲ့လမ်းတွေကို ဖောက်လုပ်ခဲ့ပါတယ်။ မက်ဟန်တန်ဆီ နေ့တိုင်း မြေအောက်ရထားစီးရင်   47- 50 st Rockefeller Center လို့ ကြေငြာသံ ကြားရပါတယ်။ ခရစ်စမတ်ဆို နယူးယောက်မှာ အကြီးဆုံးခရစ်စမတ်သစ်ပင်လို့ ဆိုကြတဲ့ Rockefeller Center ကရှေ့က ခရစ်စမတ်သစ်ပင်ကြီးနားမှာ လူတွေကြိတ်ကြိတ်တိုးနေတာပဲ။ မနှစ်က ရာသီဥတုတော်တော် အေးတာတောင် အဲဒီရော်ခါဖယ်လာခရစ်စမတ်သစ်ပင်ဆီ သွားတိုးလိုက်သေးတယ်။ နယူးယောက်မှာနေပြီး ခရစ်စမတ်ချိန်မှာ ရော်ခါဖယ်လာဆီ သွားမတိုးရင် ခေတ်နောက်ကျပေသကိုး။
၁၇၆၃ မှာ ဥရောပက Isreal Higgins တွေ အခြေချနေထိုင်ပြီး နောက်ပိုင်း အင်္ဂလိပ်တွေ အခြေချလာတယ်။ ငါးဖမ်း၊ သစ်ထုတ်လုပ်ငန်း၊ သင်္ဘောတည်ဆောက်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။ Vanderbilt ၊ Morgan (J.P Morgan, Chase Bank) ၊ Carnegie ၊ Astor မိသားစုတွေ နွေရာသီ အပန်းဖြေကြတဲ့  နေရာပါ။ ၁၉၄၇ အောက်တိုဘာလယ်မှာ တောမီးလောင်လို့ အက်ကေဒီးယားအမျိုးသားဥယျာဉ်ရဲ့ ဧကတစ်သောင်းကျော် ပျက်စီးခဲ့တယ်။ ဒီတခေါက် ဂိုက်က ပိုရှင်းပြတယ်။ ဘားဟာဘားကိုရောက်တော့ နေ့လည် ၂ နာရီ ထိုးလုပြီ။ ၁ နာရီခွဲ အချိန်ပေးပြီး ၃ နာရီခွဲ စုရပ်မှာ ပြန်ဆုံရမှာ။ ဘားဟာဘားကတော့ အပန်းဖြေသင်္ဘောတွေ၊ အပန်းဖြေကြသူတွေနဲ့ စည်ကားနေတာပဲ။ ဂိုက်က နာမည်ကြီးစားသောက်ဆိုင်ကို ခေါ်သွားတယ်။ အဲဒီက လော့စတာ Lobster ၊ နယူးအင်္ဂလန်ချောင်ဒါ  NewEngland  Chowder နာမည်ကြီးတယ်။ မိနစ် ၂၀ လောက် စောင့်ရမယ်ဆိုတော့ ဒီလောက်အဝေးကြီးကိုလာပြီးမှ တန်ဖိုးရှိတဲ့အချိန်တွေကို စားသောက်ချိန်ဆိုင် စောင့်ရင်းကုန်သွားမှာ နှမြောစရာကြီး။ ဟိုနားမှာ Lobster Rolls take out လေး ဝယ်၊ နေ့လည်စာအတွက် ဆယ်မိနစ်လောက် အချိန်ပေးပြီး ကျန်တဲ့အချိန်တွေမှာ ဓာတ်ပုံသွားရိုက်ရအောင်။ Great Idea ! ။
လော့စတာရိုးက ၁၈ ကျပ်တောင် ပေးရတော့ ဈေးကြီးတယ် ဒါပေမဲ့ စားလို့အတော်ကောင်းတယ်။ ကမ်းနားက ထိုင်ခုံမှာထိုင် စိမ်းညှို့တဲ့ကျွှန်းတွေ၊ သင်္ဘောတွေ၊ ပင်လယ်ပြာပြာတွေကို ငေးပြီး အရသာရှိတဲ့ လော့စတာရိုးစားရတာ ကောင်းလိုက်ပါဘိ။ ဘတ်စ်ကားမှာ မျက်မှန်းတန်းမိနေတဲ့ အန်တီသုံးယောက်က လာထိုင်ပြီး ဘယ်မှာဝယ်တာလဲ၊ ဘာလူမျိုးလဲလို့မေးတော့ ဝိုင်းက သူက Burmese လို့ ဆိုတော့ Burmese    မြန်မာစကားပြောတတ်လား၊ ရန်ကုန်ကလား၊ ကျောင်းလာတက်တာလားနဲ့ တယောက်တပေါက် ကိုယ့်အကြောင်းကိုမေး သူတို့ဗျူးတာဖြေရတာနဲ့ သူတို့ကိုတောင် မဗျူးလိုက်ရဘူး။ တရုတ်လို မပြောတတ်ဘူးလား နည်းနည်းပဲသိတယ်။ ကွမ်တုန်ဘာသာစကား ပြောတတ်လား ဟင့်အင်း။ ဗီယက်နမ်မလေးကရော တရုတ်လို၊ ကွမ်တုန်လို ပြောတတ်လား ဟင့်အင်း။ ဒါဖြင့် မင်းတို့ဘယ်လိုပြောလဲ အင်္ဂလိပ်လိုပြောတာပေါ့။ မနေ့က မြန်မာစကားကြားလိုက်တာ သူတို့တွေပေါ့။ ကိုယ်တို့ တယောက်တလှည့် ဓာတ်ပုံရိုက်နေတာကို အဘိုးကြီးတစ်ယောက်က နှစ်ယောက်တွဲ ဓာတ်ပုံရိုက်ပေးရမလားဆိုပြီး ရိုက်ပေးတယ်။ ထိုင်နေတဲ့ သူ့သူငယ်ချင်းကိုလည်း ကိုယ်တို့အထုပ်တွေ ကိုင်ခိုင်းလိုက်သေးတယ်။ အဘိုးကြီးကိုတလှည့် သူတို့သူငယ်ချင်းနှစ်ယောက်ကို ရိုက်ပေးရမလားမေးတော့ နှစ်ယောက်လုံးက နိုးဆိုပြီး လက်ကာပြတော့ ရယ်လိုက်ရတာ။
ကိုယ်က အဲဒီအစ်မကို အားကျတာကွ။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ အမြဲတမ်း လှနေတာ။ အဝတ်အစား ဝတ်တာလည်း ကလက်တက်တက် မဟုတ်ဘဲ သူ့ဖက်ရှင်ဒီဇိုင်း၊ ဓာတ်ပုံတွေဆို ကိုယ် သိပ်သဘောကျတာ။ ကိုယ်လည်း သူ့လိုပို့စ်လေး ရိုက်ချင်လိုက်တာ။ ခရီးအမြဲသွားတာကိုလည်း အားကျတယ်။ အဝတ်အစားဒီဇိုင်းချင်း အတူတူ၊ ပို့စ်အတူတူ ပေးတာတောင် အဲဒီအစ်မက ပိုလှနေတယ်ဟဲ့။ အဲဒီအစ်မ ပို့စ်လေးမိုက်တယ် အဲဒီလိုလေး ရိုက်ကျရအောင်။ ဆူနမ်က ဓာတ်ပုံရိုက်ရင် လက်နှစ်ချောင်း အမြဲထောင်တတ်တယ်။ ရာမားက အဲဒီလက်နှစ်ချောင်းကို ဖျပ်ရိုက်တတ်တယ်။ တခါတလေ ဆူနမ်က သူ အဝေးကို ငေးနေတဲ့ပုံ ရိုက်ခိုင်းတတ်တယ်။ ကိုယ်ကတော့ တခါမှ အဲဒီလို မရိုက်ဘူးဖူး။ အဲဒီအစ်မကို အားကျလို့ နောက်ကျောကနေ ဓာတ်ပုံရိုက်ကြတယ်။ ၃၆၀ ဒီဂရီဆိုပြီး ပို့စ်ပေးတဲ့သူက နေရာမရွေ့ ဖိုတိုဂရပ်ဖာက ၃၆၀ ဒီဂရီပတ်ပတ်လည်ကနေ ရိုက်တယ်။ ပန်းအိုးလေးနဲ့ ခရူသင်္ဘောရိုက်ရင် ကောင်းမယ်လို့ တွေးနေတာ ဝိုင်းက သူလည်း အဲဒီလို တွေးနေတာတဲ့။
The more further, the more prettier. မမြင်ရလေ ပိုလှလေ...  :)
Lobster Steal Cruise မှာ ဂိုက်က ရှင်းပြတဲ့ လော့စတာဖမ်းတဲ့ အကြောင်း၊ Cadillac Mountain သွားတဲ့အကြောင်းကတော့ နည်းနည်းရှည်မှာမို့ အပိုင်း ၃ မှာမှ ဆက်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၇၊ ၂၀၁၄။
5 comments:
မဒမ်ကိုး said...
ပိုက်မရှိသေးလို့
blackroze said...
ပိုကြိုက်တယ်...
Iora said...
မမအိုင်အိုရာ
San San Htun said...
သူကြီးမင်း (တုံးဖလား) said...
အာရှသားတွေက ရှုခင်းခံစားဖို့ထက် ဓါတ်ပုံရိုက်ဖို့ အဓိက တဲ့။
အမှန်က ရှုခင်းကို ခံစားချင်ပါတယ်။ လက်ထဲ ကင်မရာကြီး ရှိနေတော့ ရိုက်ဖို့ဘဲ ချောင်းနေလို့လေ။
တကယ်လို့ ကင်မရာတွေသာ မပေါ်သေးဘူးဆိုရင် ထိုင်ငေးနေလောက်ပါတယ်။ ရှုခင်းတွေကို။ လှမှလှ။ စန်းထွန်းရိုက်ထားတဲ့ ဓါတ်ပုံတွေ ကြည့်ရတာနဲ့တင် အတော်လေး လှမှန်းသိသာပါတယ်။ များများသွား များများရိုက် များများရေး များများတင်။ သူကြီးတို့ကတော့ အိပ်ရာထဲကနေ အမေရိကားအနှံ့ လည်ပတ်ပစ်လိုက်မယ်။ း)
September 8, 2014 at 5:30 PM
မဒမ်ကိုး said...
ဆူနန်ရယ်ရားမားရယ်ဆန်းထွန်းရယ် အမြဲနားရည်ဝနေရင်းနှီးနေတဲ့နာမည်သုံးခုဟာတတွဲထဲ လွန်ခဲ့တဲ့နှစ်တချို့ကတည်းကဆိုပါတော့
ခရီးထွက်ရတာပျော်စရာကြီးနော်
သူများထွက်တာတွေပဲထိုင်ဖတ်ပြီးပျော်တော့မယ်ဟီး
ပိုက်မရှိသေးလို့
September 8, 2014 at 9:24 PM
blackroze said...
မမြင်ရလေ ပိုလှလေ မဟုတ်ပါဘူးအထွန်းရေ
အဲလိုလေး ပင်လယ်ပြင်ကို ငေးနေတဲ့ ပုံလေးကမှ သဘာဝဆန်တာ..
ပိုစ့် အမျိုးမျိုးပေးပြီးရိုက်တာမျိုးထက်သဘာပုံလေးတွေ
ပိုကြိုက်တယ်...
September 9, 2014 at 12:15 PM
Iora said...
မော်ဒယ်တွေထမင်းငတ်တော့မှာမြင်ယောင်သေးတော့။ း)
မမအိုင်အိုရာ
September 18, 2014 at 9:15 PM