ဘဝရထားစီးသွားတုန်း ခရီးစဉ်အစကနေ အဆုံးအထိ တခရီးတည်း သွားတဲ့သူဆိုတာ အရှားသား။ တက်လာတဲ့သူ၊ ဆင်းလာတဲ့သူတွေကြားမှာ အသိမိတ်ဆွေ ဖြစ်တဲ့သူ ရှိသလို ရထားအတူတူ စီးခဲ့မှန်းတောင် မသိလိုက်သူတွေလည်း ရှိရဲ့။ ဆောင့်ကြွားကြွားနဲ့ ကြည့်ရတာ အချိုးမပြေဘူးလို့ မြင်ကတည်းက အမြင်ကပ်နေတာမျိုးလည်း ရှိသေးတယ်။ တချို့ကြတာ့ သီချင်းအကျယ်ကြီးဖွင့်နားထောင်၊ နှစ်ယောက်စာနေရာယူ၊ မက်တပ်ရပ်စီးတဲ့သူကို ကိုယ်ချင်းမစာ ခြေထောက်ဆန့်ထားတဲ့သူ၊ တက်နင်းမိ၊ ထိခိုက်မိလို့ ဆောရီးပြောပေမဲ့ မကျေမနပ်ဖြစ်သွားတဲ့သူတွေ အမျိုးမျိုးပါပဲ။ ဝါသနာတူ၊ စရိုက်တူလို့ ခဏတာလေး ခင်မင်လိုက်ရပေမဲ့ ငယ်ပေါင်းကြီးဖော်လို ခင်မင်သွားတဲ့သူ နှစ်ယောက်ရှိတယ်။
နေခြည်နွေးနွေး ဖြာဆင်းမနေဘဲ တိမ်အုံ့တဲ့ သြဂုတ်လရဲ့ တခုသော စနေနေ့မှာ အင်ဝုဒ်ပန်းခြံဆီကို ခြေဆန့်ကြတဲ့ လမ်းလျှောက်အဖွဲ့မှာ သူတို့နှစ်ယောက်နဲ့ စတင်သိကျွှမ်းခဲ့ပါတယ်။ သူတို့ဆိုတာက ဝေ့နဲ့ ဝိုင်း။ ဒီအဖွဲ့ကို ပထမဆုံးအကြိမ် လာမှန်းသိလောက်အောင် ကြောင်စီစီလေး ဖြစ်နေတဲ့ ဝေ့ကို အဖွဲ့ဝင်ဖြစ်တာ သုံးလလောက် ကြာပြီမို့ စီနီယာဖြစ်နေတဲ့ ကိုယ်ကပဲ စတင်မိတ်ဖွဲ့ခဲ့တယ်။ ဝေ့က ကိုလံဘီယာတက္ကသိုလ်မှာ လာတက်နေတဲ့ တရုတ်ကျောင်းသား။ ကိုလံဘီယာတက္ကသိုလ်က ဟားဗတ်၊ အမ်အိုင်တီ၊ ပရင့်စတန်၊ ယေးလ်တို့လို နာမည်ကြီးတက္ကသိုလ်ပါ။ ကျောင်းပြီးလို့ ဋ္ဌာနေမပြန်ခင် နယူးယောက်တခွင် လိမ့်နေတဲ့သူပေါ့။ အမေရိကန်ပြည်ပေါက် ဘင်္ဂလားမလေး ဖာရီယာနဲ့ အဖွဲ့ကျတဲ့ ဗီယက်နမ်မလေး ဝိုင်းကို East Village လမ်းလျှောက်တုန်းက မြင်ဖူးတယ်ဆိုတော့ ဟုတ်တယ်တဲ့။ လမ်းလျှောက်အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဝေ့၊ ဝိုင်း၊ ဖာရီယာနဲ့ ကိုယ်တို့ တွဲဖြစ်တယ်။ ဖာရီယာနဲ့ ကိုယ်က လမ်းလျှောက်အဖွဲ့နဲ့အပတ်တိုင်းနီးပါး လမ်းလျှောက်တော့ သိနှင့်နေတယ်။
ကိုယ်တို့ ငယ်ငယ်တုန်းက အသည်းစွဲ အနောက်ဖက်သို့ခရီးထွက်ခြင်း (စွန်းဝူခုန်း၊ ပါကျဲ) ၊ ကျန်ကျောင်း ရုပ်ရှင်တွေ၊ သွားခဲ့ဖူးတဲ့ခရီးတွေ၊ ကျောင်းမှာ ဗရုတ်ကျတဲ့ အကြောင်းတွေ၊ အမေရိကန်မှာ ကြံကြုံတွေ့ရတဲ့ အကြောင်းတွေနဲ့ဝေ့နဲ့ကိုယ်က အဖွဲ့ကျတယ်။ ဖာရီယာ၊ ဝိုင်း၊ ကိုယ် အပြန်ရထားပေါ်မှာ စကားပြောကြရင်း ဝိုင်းက လွန်ခဲ့တဲ့ သုံးလကမှ အီတလီကနေ ပြောင်းလာတာတဲ့။ နောင်တပတ် ဟောင်ကောင်နဂါးလှေပြိုင်ပွဲ ဖလပ်ရှင်းမြက်ခင်းပြင် လမ်းလျှောက်ပွဲမှာ ဖာရီယာ၊ ဝိုင်းနဲ့ ကိုယ်တို့ ပြန်ဆုံကြတယ်။ ဝိုင်းမိတ်ဆွေကြီး ပရော်ဖက်ရှင်နယ် တောင်တက်သမား၊ စီပီအေ ဒေးဗစ်နဲ့ သိကျွှမ်းရတယ်။ အက်ကေးဒီယားအမျိုးသားဥယျာဉ်ရှိတဲ့ မိန်းပြည်နယ်အကြောင်း ပြောပြတော့ ဝိုင်းက စိတ်ဝင်စားတယ်တဲ့။ အီတလီမှာ နေခဲ့တဲ့ ခုနစ်နှစ်အတွင်း ဥရောပတခွင် ပြဲပြဲစင်အောင် လည်ခဲ့သူမို့ ယူအက်စ်တခွင် ပြဲပြဲစင်အောင် လည်ချင်ပါသတဲ့။
ဝိုင်းနဲ့ အီးမေးလ်တွေပို့။ အပတ်စဉ် ကိုယ်တို့ပါဝင်တဲ့ လမ်းလျှောက်အဖွဲ့က အဲဒီအပတ် လမ်းလျှောက်တာ စိတ်ဝင်စားဖို့ မကောင်းဘူး။ တခြား meetup အဖွဲ့က Cold Springs ကို သွားကြတာတွေ့တော့ ဝိုင်းက သွားကြရအောင်တဲ့။ ပရောက်ဖက်ရှင်နယ် တောင်တက်သမားကြီ ဒေးဗစ်က အသေအချာ လမ်းညွှန်တယ်။ နောက်တော့ Bear Mountains ၊ Staten Island ကို သွားလည်ကြတယ်။ ဝိုင်းနဲ့ ခရီးသွားရတာ အတော်အဆင်ပြေတယ်။ သူက ကိုယ့်ထက်တောင် တက်ကြွနေသေးတယ်။ ဝိုင်းနဲ့ တောင်တွေသွားတက်၊ လမ်းလျှောက်ထွက်တော့မှ သူ့အကြောင်း ပိုသိလာတယ်။ ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းမှာ ကြီးပြင်းခဲ့တဲ့ ဝိုင်းက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲမှာ တနိုင်ငံလုံးအဆင့် ဒုတိယရတော့ နာမည်ကြီးတက္ကသိုလ်တွေကို နောက်ထပ်ရေးဖြေစာမေးပွဲတွေ ဖြေစရာမလိုဘဲ တန်းဝင်တယ်။ သူ ရွေးချယ်တာ international relations မေဂျာ။ အဲဒီတက္ကသိုလ်က ဗီယက်နမ်တနိုင်ငံလုံးမှာ တခုတည်း ရှိပါသတဲ့။
ဗီယက်နမ်ကျောင်းတွေမှာ ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်အားလုံးက ဗီယက်နမ်ဘာသာနဲ့ ရေးထားပြီး ဆရာတွေကလည်း ဗီယက်နမ်လိုပြောပြီး သင်ကြတော့ ဗီယက်နမ်တွေ အင်္ဂလိပ်စာအသံထွက် မကောင်းကြဘူး။ ကျောင်းစတက်တုန်းက မိုင်းဖန်စကားကို ဘယ်သူမှ နားမလည်ဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတဲ့ ခြင်္သေ့ကျွှန်းမှာ နေဖူးတဲ့ ကိုယ်ပဲ မိုင်းဖန် ပြောတာ နားလည်တယ်။ မိုင်းဖန် အင်္ဂလိပ်လို ပြောတာကို ကိုယ်က အင်္ဂလိပ်လို ဘာသာပြန်ပေးရတယ်။ ဝိုင်းတို့ကျောင်းကတော့ အင်္ဂလိပ်စာကို ဗြိတိသျှဆရာတွေက သင်သလို၊ ပြင်သစ်စာလည်း သင်ရတယ်။ ကျောင်းပြီးတော့ ယိုးဒယားနိုင်ငံ အေအိုင်တီမှာ စကော်လားရှစ်ရတယ်။ ယိုးဒယားမှာလည်း ပျော်ပါသတဲ့။ နောက် စကော်လားရှစ်ရလို့ ပြင်သစ်မှာ တစ်နှစ်ကျောင်းတက်ဖူးတယ်။ ကျောင်းပြီးတော့ အီတလီက ယူအန်မှာ အလုပ်ရတယ်။ သူ့လစာက အီတလီတွေထက် ကောင်း၊ အလုပ်စဝင်ခါစက အီတလီသားရေအိတ်ကို တစ်နှစ်လောက် ရူးလိုက်သေးတယ်။ နောက်တော့ ခရီးသွားတာကို ကြိုက်သွားလို့ ဘဝကို ရိုးရိုးစင်းစင်း နေထိုင်ပြီး ရသမျှပိုက်ဆံတွေကို ခရီးသွားပါသတဲ့။ သူ့အလုပ်ကလည်း ကမ္ဘာပတ်ရတော့ ဝိုင်း မရောက်ဖူးတဲ့ နိုင်ငံဆိုတာ ခပ်ရှားရှား။
ယူအန်ကနေ လမ်းလျှောက်ရင် ၁၀ မိနစ်လောက်ပဲဝေးတဲ့ မက်ဟန်တန် တိုက်ခန်းကျဉ်းကျဉ်းရဲ့ ဧည့်ခန်းကို အခန်းဖွဲ့ထားတဲ့ သူ့အခန်းလခက ကိုယ့်အခန်းလခထက် နှစ်ဆများတယ်။ ကိုယ့်ရုံးကတော့ ရထားစီးရင် နာရီဝက်ဆိုပေမဲ့ လမ်းလျှောက်တာ၊ ရထားပြောင်းစီးရတာတွေနဲ့ ၄၅ မိနစ်၊ ၁ နာရီသာသာပဲ။ ကိုယ်က ရထား ၁ နာရီစီးပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ ဝိုင်းက Gym မှာ အားကစားသွားလုပ်၊ Zoomba ၊ SaSa ၊ ballet သွားကပြီးနေပြီ။ ဝိုင်းက တီဗွီ၊ ရုပ်ရှင်လည်း မကြည့်ဘူး။ သူ့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချတယ်။ ယူအန်ဆိုတော့ စတိတ်(ပြည်နယ်)တက်စ်၊ ဖယ်ဒရယ်(အစိုးရ)တက်စ် ဆောင်စရာမလိုဘူး။ ယူအန်ဘဏ် သုံးတယ် ခရစ်ဒစ်ကဒ် မသုံးဘူး။ ရှေးရိုးသမား ဝိုင်းက ငွေသားနဲ့ပေးတယ် အိတ်ထဲမှာ ငွေသား အမြဲဆောင်ထားတယ်။ အိတ်ထဲမှာ ငွေသားမရှိရင် နေလို့မကောင်းဘူးတဲ့။ ကိုယ်က ခရစ်ဒစ်ကက်နဲ့ ပေးလို့မရတော့မှ ငွေသားသုံးတယ်။ ငွေသားရှိရဲ့သားနဲ့ ခရက်ဒစ်ကဒ်နဲ့ငွေရှင်းတဲ့ ကိုယ့်ကို ဝိုင်းက ပြုံးကြည့်ရင် ခရစ်ဒစ်စကိုးတက်အောင် လုပ်နေတာလို့ ကိုယ်က ရေရွတ်တယ်။
ဆီနီဂေါ၊ ဂါနာ၊ နိုင်ဂျီးရီးယားတို့လို နိုင်ငံတွေကို အလုပ်ကိစ္စနဲ့ သွားရလို့ international health insurance ယူပြီး တလ ၅၀၀ ပေးရတယ်။ ပင်စင် ( 401k ) အတွက် စုရင်လည်း ယူအန်က နှစ်ဆစုပေးတယ်။ ခွင့်ဆိုရင်လည်း ကိုယ်တို့က တစ်နှစ်မှာ ၁၀ ရက်ရတာ ဝိုင်းက တစ်လရတယ်။ ဒီတော့ ဒီဇင်ဘာတလလုံး ခွင့်ယူပြီး ဗီယက်နမ်ကို အလည်ပြန်တယ်တဲ့။ ယူအန်က ကောင်းလိုက်တာ ကိုယ်လည်း ယူအန်မှာ အလုပ်ရချင်လိုက်တာ။ ယူအန်မှာရဖို့ သိပ်ခက်တာ လုပ်သက် ၁၀ နှစ်လောက်ရှိမှ။ ဂျပန်၊ ဒိန်းမတ်တို့လို ချမ်းသာတဲ့နိုင်ငံတွေက ဘွဲ့ရပြီးခါစ သူတို့နိုင်ငံသားတွေကို ယူအန်မှာ အလုပ်ဆင်းခိုင်းတာ။ လစာကို သူတို့အစိုးရက ပေးတယ်။ အလုပ်နေရာလစ်လပ်လို့ လူခေါ်မယ်ဆိုရင် အပြင်လူကိုခေါ်မလား၊ ဒီမှာအခုလက်ရှိ အလုပ်လုပ်နေတဲ့သူကို ခေါ်မလား။ သူတို့ကိုပဲ အလုပ်ခန့်တော့မှာပေါ့ သူတို့က ယူအန်မှာ လုပ်နေတာကိုး။ အဲဒါကြောင့် အလုပ်ရဖို့ ခက်တယ်လို့ ပြောတာပေါ့။ ဝိုင်းလည်း စဝင်တုန်းက ဘာအားလပ်ရက်၊ ဘာအခွင့်အရေးမှ မရဘူးတဲ့။
တနေ့တော စင်ထရယ်ပါ့ခ်တိုးကို သွားရင်း ဝေ့နဲ့ ပြန်ဆုံတယ်။ တိုးပြီးသွားပေမဲ့ ကိုယ်တို့တွေ ရေကန်တပတ် လမ်းလျှောက်ကြတယ်။ ဝေ့က ပိတ်ရက်တွေဆို တီဗွီကြည့်တာထက် ပန်းခြံတွေ၊ ပြတိုက်တွေ သွားတာ ဝါသနာပါတယ်။ သူ့သူငယ်ချင်းတွေကတော့ ဘီယာဆိုင်ထိုင်ဖို့လောက်သာ စိတ်ဝင်စားတဲ့။ ဝေ့ရဲ့ ဗရုတ်သုတ်ခ သူငယ်ချင်းတွေအကြောင်း၊ ဝိုင်းရဲ့ နိုင်ငံတကာအတွေ့အကြုံအကြောင်း၊ ကိုယ်သွားဖူးတဲ့ ယူအက်စ်ပြည်နယ် တွေအကြောင်းတွေ ဖလှယ်ကြတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဝေ့ရဲ့ ဖေ့ဘွတ်အကောက်အပ်တယ်။ လမ်းလျှောက်အဖွဲ့မှာ တခါတွေ့ပြီး နောက်ဘယ်တော့မှ မတွေ့တော့တဲ့ သူတွေအများကြီးမို့ ဝေ့နဲ့ ပြန်တွေ့လိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားတာပါ။ ကိုယ်တို့ ဝက်ဝံတောင်ကို သွားတက်မှာမို့ ဝေ့ကို ဖိတ်ခေါ်တော့ တက်နက်စီပြည်နယ် ဂရိတ်စမုတ်ကီတောင်ကို သွားလည်နေမှာမို့ မလိုက်တော့ဘူးတဲ့။
ဆက်ပါဦးမည်...
စန်းထွန်း
စက်တင်ဘာ ၂၀၊ ၂၀၁၄။
8 comments:
မောင်မျိုး
မမအိုင်အိုရာ
မလေးမြတ်
Mrs. Bagel said...
UN ကို အီတလီမှာ လုပ်ရတာ တကယ်ကောင်းတာပဲ။ ဟိုမှာ လမ်းလျှောက်အဖွဲ့တွေရှိတာ သဘောကျတယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်းဆို လေ့ကျင့်ခန်း လုပ်ဖို့ အီးလေးဆွဲနေတာများလို့။
September 20, 2014 at 1:34 AM
Anonymous said...
နိုင်ငံခြားသား သူငယ်ချင်းတွေရှိတာလည်း အမြင်ကျယ်ပြန့် အတွေ့ကြုံသစ်တွေရတယ်နော့် သူငယ်ချင်းတွေနဲ့ပျော်စရာကြီးဗျာာ
မောင်မျိုး
September 20, 2014 at 12:03 PM
Anonymous said...
ဝါသနာတူတဲ့ရွယ်တူသူငယ်ချင်းလေးတွေရတော့
နေရာသစ်မှာပိုနေပျော်သွားတာပေါ့စန်းထွန်းလေးရေ။
သုံးယောက်ပုံလေးကချစ်စရာလေး။
မမအိုင်အိုရာ
September 20, 2014 at 12:53 PM
သူကြီးမင်း (တုံးဖလား) said...
ချီးကျူးတယ်။ ခရီးလဲသွား မှတ်စုလဲမှတ်ဆိုတော့။
စန်းထွန်းစာတွေ ဖတ်ထားတော့ အမေရိကားရောက်ရင် စိမ်းတော့မှာ မဟုတ်ဘူး။
September 20, 2014 at 7:51 PM
မလေးမြတ် said...
ညီမလေးစန်းထွန်းရေ ဓါတ်ပုံလေးတွေကြည်.ရင်းစိတ်တူဝါသနာတူသယငယ်ချင်းတွေရှိတာအားကျမိတယ်။
မလေးမြတ်
September 22, 2014 at 3:52 AM
မဒမ်ကိုး said...
ခရီးတွေသွားရင်းမှတ်စုတွေရေးတတ်တဲ့စန်းထွန်းဆီလာရင် ကိုယ်ပါသူနဲ့အတူသွားနေရသလိုဘဲ . သူ့သူငယ်ချင်းတွေကိုလဲမျက်စိထဲမြင်နေမိတယ်။
ဘိုင်သဝေး ဝလာတယ်ဝေးးးး ဟိဟိ
September 22, 2014 at 9:27 PM
Aunty Tint said...
ဒီကနေ့ ဘဝခရီးသည်-၂ လာဖတ်ရင်း ၁မှာ ကွန်မန့်မပေးခဲ့မိလို့ ပြန်လာပေးတာ စန်းစန်းရေ... ပို့စ်တစ်ပုဒ်ဖတ်ပြီးတိုင်း မှတ်စရာတွေ အမြဲကျန်ခဲ့တယ် စန်းစန်းရေ...
September 24, 2014 at 8:06 AM
Post a Comment