အက်ကေဒီးယားသွား တောလား - ၃

ညနေ ၃ နာရီခွဲ စုရပ်မှာပြန်ဆုံ လေးနာရီမှာထွက်မဲ့ အက်ကေဒီးယားနေရှားခရူ  Acadia Nature Cruise  စီးဖို့ တက်သုတ်နှင်ကြပြန်တယ်။ မိန်းပြည်နယ်ရဲ့ ရေလမ်းခရီးဥပဒေနဲ့အညီ ဒီသဘောၤမှာ အသက်ကယ်ဘော ဘယ်နှစ်ခု၊ ဘယ်နေရာမှာ ထားတဲ့အကြောင်း၊ ချမ်းရင် ယူခြုံဖို့ စောင်ပါးလေးတွေ ထားရှိတဲ့အကြောင်း၊ ခရီးသည်တွေ ဘေးအန္တာရယ် ကင်းရှင်းဖို့ကို အဓိကထားပြောဆိုပြီး ကပ္ဗတိန်နဲ့ မိတ်ဆက်ပေးပါတယ်။ ကလေးတွေကို အသက်ကယ်ဘောကွင်း ဝတ်မလားမေးတော့ ခေါင်းခါပြီး နိုးတဲ့။ ခရီးစဉ်က ၂ နာရီကြာပြီး ရင်သပ်ရူမောလှပတဲ့ မိန်းပြည်နယ်ရဲ့ ကမ်းခြေအလှ၊ အက်ကေဒီယားအမျိုးသားဥယျာဉ်၊ Frenchman ပင်လယ်အော်မှာရှိတဲ့ ကျွှန်းလေးတွေ၊ ဘားဟာဘား ကမ်းခြေအလှကို တွေ့မြင်ရမှာပါတဲ့။

ပင်လယ်ကမ်းခြေမို့ တနေ့  ၂ ကြိမ် ဒီရေ အတက်အကျ ရှိပါတယ်။ ရေထရက်၊ ရေသေရက်တွေက လပြည့်၊ လကွယ်တာနဲ့ ဆက်စပ်နေပါတယ်။ ဟိုင်းကြီးကျွှန်းမှာ ကြီးပြင်းခဲ့ပေခဲ့ ရေတက်၊ ရေကျချိန်၊ ရေထရက်၊ ရေသေရက်မှန်း မသိဘူးရယ်။ အဖေ၊ ဘေးချေ (ဦးလေး) တို့ဆို ဘယ်အချိန် ရေတက်၊ ရေကျမယ်ဆိုတာ အတိအကျ သိတယ်။ ဘားဟာဘားမြို့ သမိုင်းကြောင်းကို ရှင်းပြတော့ ဓာတ်ပုံချည်း ဖိရိုက်နေပြန်၊ နည်းနည်းလည်းဝေးတော့ မကြားလိုက်ဘူး။ ဘားဟာဘားမြို့က Jackson Laboratory အကြောင်းကိုတော့ မှတ်မိတယ် ကိုယ့်ကို အင်တာဗျုးခဲ့တဲ့ ကုမ္ဗဏီကိုး။ ဂျက်ဆန်လက်ဘော်ထရီက ဓာတ်ခွဲခန်းမှာသုံးတဲ့ ကြွက်တွေကို ရောင်းချတဲ့ သုတေသန ကုမ္ဗဏီပါ။ ကင်ဆာဆေးကို ကြွက်တွေမှာ အရင်စမ်းသပ်၊ အောင်မြင်တော့မှ လူတွေကို ကုသတာမို့ သုတေသနလုပ်ငန်းတွေအတွက် ကြွက်တွေက မရှိမဖြစ် အရေးပါပါတယ်။ ကြွက်ဆိုလို့ အမွှေးထောင်ထောင်နဲ့ မြေကြွက်မည်းမည်းလို့ မထင်လိုက်ပါနဲ့ ဓာတ်ခွဲခန်းသုံး ကြွက်ဖြူလေးတွေပါ။ ဒီတော့ MDI ( Mount Desert Island) မှာ ကြွက်တွေ အများကြီး ရှိနေတာ အံ့သြစရာ မဟုတ်ဘူး။


တောင်တက်ဝါသနာပါသူတွေအတွက်ဆို MDI  trails တွေကို စိန်ခေါ်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ တချို့နေရာတွေ ကျောက်တောင်တွေကို ခဲရခဲဆစ် တက်ရတာတဲ့။ လမ်းလျှောက်အဖွဲ့မှာ တွေ့လို့  မိတ်ဆွေဖြစ်၊ ကိုယ်တို့ Cold Springs မှာ တောင်သွားတက်တော့ အသေအချာ လမ်းညွှန်ပေးတဲ့ စီပီအေ CPA ၊ ပရော်ဖက်ရှင်နယ်တောင်တက်သမားကြီး ဒေးဗစ်ကို သတိရကြတယ်။ ဒေးဗစ်သာဆိုရင် နိပ်သဟ ကြိတ်လိုက်စမ်းမယ်လို့ တွေးမလားမသိ။ ကိုယ်တို့ကတော့ ကိုယ်တို့Level မဟုတ်ဘူးမှန်း အတိအကျသိတယ်။ မိန်းပြည်နယ်ကိုရောက်ရင် မဖြစ်မနေစားဖို့ တိုက်တွန်းကြတာက လော့စတာရိုး Lobster Rolls ၊ လော့စတာအိုက်စ်ခရင် Lobster Icecream ( လော့စတာက အနံ့ ပါတယ်ဆိုရုံလောက်ပဲ ထင်ပါရဲ့)၊ ဘလူးဘယ်ရီပိုင်း Blueberry Pie ၊ ဘလူးဘယ်ရီဆိုဒါ Blueberry Soda ၊ ဘလူးဘယ်ရီဘီယာ Blueberry Beer ပါ။ လော့စတာဖမ်း လုပ်ငန်းလုပ်သူတွေဟာ လိုင်စင်ဆောင်ရပါတယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပဲ ဖမ်းခွင့်ရှိပါတယ်။ ဖမ်းမိတဲ့ လော့စတာကို မျက်စိနားကနေ ခန္ဓာကိုယ်ကို တိုင်းလို့ သုံးလက်မထက် သေးနေရင်၊ ကြီးနေရင် ၊ ဥတွေရှိနေရင် ဖမ်းယူခြင်းမပြုဘဲ ပင်လယ်ထဲကို ပြန်လွှတ်ပြီး မိန်းပြည်နယ်ရဲ့ လော့စတာ သဘာဝဂေဟစနစ်ကို ထိန်းသိမ်းပါတယ်တဲ့။

မြန်မာ့ရေပြင်ပိုင်နက်မှာ ယိုးဒယားငါးဖမ်းသင်္ဘောတွေ ဂျမ်းပိုက်နဲ့ငါးမှုန်ငါးစတောင် မကျန်စေရ၊ ဒိုင်းနမိုက်ဖောက်ပြီး ဖမ်းတယ်လို့ အဖေ ပြောပြဖူးတာ သတိရမိသွားတယ်။ ဟိုးက အစိမ်းရောင်၊ အနီရောင်ဘော့သီးတွေက ဘာတွေလဲဟင်။ အဲဒါ လော့စတာဖမ်းတဲ့ဟာတွေ ဖြစ်မယ် အရောင်တွေက ဘယ်သူ့ဟာဆိုတာ ခွဲထားတာ။ ဟိုင်းကြီးချောင်းထဲမှာ ငါးဖမ်းဖို့ ပိုက်ချထားတဲ့ ဘော့သီးတွေ အမြဲတွေ့ရတတ်တာကိုး။ မော်တင်စွန်းဘုရားပွဲချိန်ဆိုရင် ရေကြောင်းဦးစီးဋ္ဌာနက ရေကြောင်းလာတိုင်းပြီး ဘောတိုင်အနီ၊ အဖြူတွေ ထောင်ထားလေ့ရှိတယ်။ ဒီဒေသမှာ သွားလာနေတဲ့ သင်္ဘောတွေကတော့ ဘယ်နေရာမှာ သောင်၊ ကျောက်ဆောင်ရှိတယ်၊ ရေတက်ချိန်၊ ရေကျချိန် ရေစူးဘယ်လောက် သင်္ဘောဝမ်းနဲ့ လွတ်မလွတ်သိတယ်။ မော်တင်ဘုရားပွဲချိန်မှ ပြေးဆွဲတဲ့ သဘောၤတွေက ဒီလောက်ဘောတိုင်အနီ၊ အဖြူပြထားတာတောင် ရေကြောင်းမသိလို့ သောင်မှတင်ရတာနဲ့၊ ဒီရေမတက်သေးလို့ အဝမှာ စောင့်နေရတာနဲ့။


ငယ်ငယ်တုန်းက မော်တင်စွန်းဘုရားပွဲမှာ ဘောကွင်းနဲ့ ရေကူးခွင့်ပြုတယ်။ အရက်မူးမူးနဲ့ အိပ်ပျော်သွားရင်း ပင်လယ်ဖက်ကို မျောပါသွားလို့ စက်လှေနဲ့ လိုက်ဆယ်ရတာများလို့ နောက်တော့ ရေကူးခွင့် ပိတ်လိုက်တယ်။ ဇီးချိုင်ဖက်ခြမ်းမှာတော့ ခွင့်ပြုတယ်။ ဇီးချိုင်ဖက်ခြမ်းရေက ပိုပြာတယ်လို့ ထင်မိတယ်။ ဒီရေကလည်း ကမ်းခြေဖက်ကို စီးတာဆိုတော့ အဲဒီဖက်ခြမ်းက နည်းနည်းဘေးကင်းတယ်။ မော်တင်စွန်းဘုရားရှိတဲ့ မြန်မာပြည် အနောက်တောင်ဖက်အစွန်း နဂရေ့အငူက ဘင်္ဂလားပင်လယ်အော်နဲ့ ကမ္ဗလီပင်လယ် ဆုံတဲ့နေရာဆိုတော ရေစီးကြမ်းတယ် ဝဲတွေနဲ့။ သဘောၤတွေ မော်တင်စည်းကို ဖြတ်ဖို့ဆိုတာ အတော်ခက်တယ်။ စက်လှေကလည်းတောင့်၊ ဆလင်ကလည်း အတွေ့အကြံကြုံ များတဲ့လူဖြစ်မှ ဖြတ်နိုင်တာ။ လှိုင်းပုတ်လို့ စက်လှေက လူးလွန့်တော့ ဂိုက်က သတိထားပါ၊ ကိုင်ထားပါလို့အော် ခရီးသည်တွေကလည်း ယိမ်းယိုင်နေလို့အနီးအနားက လက်ရန်းတိုင်တွေကို ဖက်ထားရတယ်။ အမယ်မင်း ဟိုင်ကြီးကျွှန်းနား ရောက်ခါနီးရင် လှိုင်းပုတ်သလိုမျိုးပါလား။

အိမ်ကြီးရခိုင်တွေက လှလိုက်တာ။ ရှေ့မှာ ကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းစိမ်း၊ မြစ်၊ တောတောင် ကိုယ်စိတ်ကူးထဲက အိမ်တွေပါလား။ ဂိုက်က မှန်ပြောင်းထုတ်ပြီး သိမ်းငှက်ရှိမရှိ ရှာဖွေတယ်။ ဟိုနားမှာ ခေါင်းဖြူဖြူနဲ့ သိမ်းငှက်။ ခရီးသည်တွေအားလုံး သိမ်းငှက် ရှာဖွေရေး စကြတယ်။ တွေ့တဲ့သူက အော်၊ ကင်မရာတွေ တဖျပ်ဖျပ်ရိုက်ကြ၊ သိမ်းငှက် ကောင်းကင်မှာ ပျံဝဲပြီး ရေအောက်က အစာကို သုတ်ယူပြီး ကျောက်ဆောင်ကို ယူသွားတယ်။ ဂိုက်က လူကြီးမင်းတို့ ကံကောင်းတယ် သိမ်းငှက်ကို တွေ့ရတဲ့အပြင် အစာဖမ်းနည်းကို သရုပ်ပြသွားလို့တဲ့။ ဝက်သစ်ချပင် ထူထူအုပ်တွေကြားက ကျောက်ဆောင်စွန်းမှာ တည်ဆောက်ထားတဲ့ အပန်းဖြေရိပ်သာအိမ်တစ်ခု ပိုင်ရှင်အမျိုးသမီးက တိုင်တန်းနစ်သင်္ဘောမှာ သေကံမရောက် အသက်မပျောက်တဲ့သူပါတဲ့။ သူ့အမျိုးသားကတော့ တိုင်တန်းနစ်မှာ ဆုံးပါးသွားပြီ နောက်ထပ် အိမ်ထောင်မပြုဘဲ ဒီအိမ်မှာပဲ သေတပန် သက်တဆုံး နေထိုင်သွားပါသတဲ့။


အဲဒီအိမ်ကတာ့ အိပ်ခန်းဘယ်နှစ်ခန်း၊ ဧည့်သည်အိပ်ခန်း ဘယ်နှစ်ခန်း၊ ဘယ်လိုမျိုး ကောင်းတယ်။ ခုလက်ရှိ ပေါက်ဈေးက ၇ သန်းလို့ ဂိုက်က ရှင်းပြတော့ ခရီးသည်တစ်ယောက်က ဟင် ခုနစ်သန်းထဲ 7 millions Only ပြောတော့ အားလုံးပွဲကျသွားတယ်။ ဂိုက်က အဲဒီစကားလုံးလေး ကြိုက်တယ် ခုနစ်သန်းထဲ I like that word Only ။ Egg Rock မီးပြတိုက်မှာ အရင်တုန်းက လူတွေနေပေမဲ့ ခုတော့ မနေတော့ဘူးတဲ့။ မီးပြတိုက်ကတော့ ခုတိုက် အသုံးပြုနေဆဲပါ။ မီးပြတိုက်နားက ကျွှန်းလေးမှာ ဇင်ယော်ငှက်တွေ၊ ပင်လယ်ဖျံတွေ တွေ့တော့ ဂိုက်က Happy, healthy, lazy sealions လို့ ပြောသွားတာလေးကို သဘောကျမိတယ်။ ဝေလငါး ကြည့်ဖို့ဆိုရင် နောက်ထပ် မိုင် ၃၀ လောက် သွားရမှာပါတဲ့။ ရှားပါးတဲ့ ငှက်မျိုးစိတ်၊ ဆောင်းခိုငှက်တွေအကြောင်း ရှင်းပြပေမဲ့ မမှတ်မိလိုက်ဘူး။

အပြန်ကျတော့ အေးလာလို့ တော်တော်များများ အောက်ထပ်ဆင်းသွားကြတယ်။ ဂိုက်က လော့စတာဖမ်းတဲ့အကြောင်း ရှင်းပြတယ်။ ဟိုင်းကြီးဖက်မှာတော့ ဂဏ္ဏန်းဖမ်းတဲ့ဟာကို ဂဏ္ဏန်းထောက်လို့ ခေါ်ကြတယ်။ လေးကိုင်းသဏန် ဝါးခြမ်းပြားထိပ်မှာ ဂဏ္ဏန်းစာ ချိတ်ထားပြီး အောက်ဖက်မှာ ပိုက်စိတ်စိတ်နဲ့ ကာထားတယ်။ ဂဏ္ဏန်းဟပ်နေပြီလို့ထင်ပြီး ကြိုးကို ဆွဲတင်လိုက်ရင် ဂဏ္ဏန်းက အစာအောက်မှာ ကာထားတဲ့ပိုက်ထဲ ပါလာရော။ တခါတလေ အစားသာကုန်သွားတယ် ဂဏ္ဏန်းတကောင်မှ မမိလိုက်တာမျိုးလည်း ရှိတယ်။ လော့စတာချောက်က သံဇကာကွက် လေးထောင့်ပုံးသဏ္ဍန် အပေါ်ထပ်မှာ လော့စတာအစာ ချိတ်ထားတယ်။ လော့စတာက အင်တန်နာကနေ မစင်စွန့်ပါတယ်တဲ့။ တခါတုန်းက မိတဲ့ လော့စတာ ဘယ်လောက်ကြီးလဲဆို လက်မကတင် ကိုယ်တို့မျက်နှာ နီးပါးလောက် ရှိတယ်။ မကြာသေးခင်ကပဲ ရာဟူးသတင်းမှာ ရှားပါးလော့စတာ ဖမ်းမိတဲ့အကြောင်း ဖတ်လိုက်ရသေးတယ်။ အက်ကေဒီယားနေရှားခရူကို သဘောကျရင် သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြပေးဖို့၊ TripAdvisor မှာ ကွန့်မန့်ပေးဖို့ ပြောပါတယ်။ တစ်ဖ်ပေးချင်ရင် ဝါးဗူးထာင်းထဲ ပေးလို့ရပါတယ်ဆိုလို့ ၂ ကျပ်ကြီးများတောင် တစ်ဖ်ပေးခဲ့တယ်။


ကက်လက်တောင်ကို မိနစ် ၂၀ လောက် မောင်းရပါတယ်။ တောင်တက်လမ်းတွေက မက်စောက်ပြီး ၁၅၂၈ ပေမြင့်လို့ ဟန်ကွတ်ကောင်တီ Hancock County မှာတော့ အမြင့်ဆုံးတဲ့။ ပြင်သစ်လူမျိုး နယ်မြေသစ်ရှာဖွေသူ၊ စွန့်စားသူ Antoine Laumet de Cadillac ကို ဂုဏ်ပြုပြီး ကက်လက်တောင်လို့ အမည်ပေးထားတာပါ။ အမေရိကန်တွေရဲ့ dream car ကက်လက်ကား စထုတ်တော့ နာမည် copy right နဲ့ တရားစွဲသေးတယ်ဆိုပဲ။ အမေရိကန်တွေက ကက်ဒီလက်လို့ အသံမထွက်ဘဲ ဘာလို့ ကက်လက်လို့ အသံထွက်ကြပါလိမ့် (အူကြောင်ကြောင် အတွေး) ။ ရုံးပိတ်ရက်ဆို စက်ဘီးကို SUV ကားနောက်မှာတင်ပြီး Mattew Hason Trail မှာ biking ထွက်ချင်တာ၊ ကက်လက်ကား ရူးတာတွေ နယူးယောက်ရောက်တော့ ပျောက်သွားတယ် နယူးယောက်မှာ ကားမှ မလိုတာကိုး။ အင်း ...ကက်လက် ခရေဇီတစ်ယောက် ကက်လက်တောင်ပေါ် ရောက်လို့ ကက်လက်တွေ ကြိမ်းကျေသွားပြီလားမသိ။

ကက်လက်တောင်ပေါ်ရောက်တော့ ညနေစောင်း တိမ်ဖုံးနေလို့ မှုန်ပြာရီမှိုင်းနေပေမဲ့ တောင်ပေါ်ကနေ ကျွှန်းလေးတွေကို မြင်ရတဲ့ရှုခင်းက သာယာတယ်။ သိတဲ့အတိုင်း ရူခင်းခံစားဖို့ထက် ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံအများကြီး ရိုက်ဖို့က အဓိက။ နေထွက်ချိန်၊ နေဝင်ချိန် အင်မတန် သာယာတယ် ဆိုပေမဲ့ အဲဒီနေ့က မိုးအုံ့ပြီး မိုးဖွဲဖွဲလေးရွာလို့ ကားဆီကို ပြေးရသေးတယ်။ ညစာကို တရုတ်ဘူဖေးဆိုင်မှာ ဝင်စားပြီး မိန်းပြည်နယ်ရဲ့မြို့တော် သြဂတ်စတာ Augusta က Best Western ဟိုတယ်ကိုရောက်တော့ ည ၁၀ နာရီကျော်နေပြီ။ ဘလော့ဂါ မွန်မွန်ယိုကိုက ဝါရှင်တန်ဒီစီကို စီမီနာ တပတ်လာတာ လေဘာဒေးနေ့မှာ နယူးယောက်ကို လာလည်မှာမို့ တွေ့ချင်တဲ့အကြောင်း ဖေ့ဘွတ်ကနေ သတင်းပေးတယ်။ လေဘာဒေးနေ့ ညနေစောင်းမှ နယူးယောက်ကို ပြန်ရောက်မှာမို့ တွေ့ခွင့်မကြုံလိုက်ဘူး။ ဟင်... ရေခဲသေတ္တာမှာလည်း ရေဘူးနှစ်ဗူးပဲ ရှိပါလား ပြောင်ရှင်းနေတာပဲ ပုံမှန်ဆို ဘီယာဘူးတွေ၊ အချိုရည်တွေ ထားပါတယ်။ ဟိုတယ်စားသောက်ဆိုင်က နာမည်ကြီးပါတယ်ဆိုတဲ့ မနက်စာကို မနက် ၇ နာရီခွဲလောက်မှာ ဆင်းစားတယ်။


ငှက်ပျောသီးတစ်လုံး၊ ဆန်းကစ်တစ်လုံး၊ လိမ္မော်ရည်တစ်ခွက်၊ ဒိန်ချည်ဗူးသေးတစ်ဗူး၊ ကြက်ဥချိစ်ကြော်၊ အသားတုကင် ၆ ခုလောက် စားတဲ့ကိုယ့်ကို ဝိုင်းက တအံ့တသြဖြစ်လို့။ ငယ်ငယ်တုန်းက မကြီးနဲ့ မောင်မောင်က တပန်းကန်ပဲ တီးတယ် ကိုယ်က သုံးပန်းကန်တောင် တီးတာလို့ အမေ ပြောဖူးတယ် အဟီး။ မိုက်ခရိုဝေ့စ်မှာ ကျေးဇူးပြု၍ ကြက်ဥမကျက်တကျက် မထည့်ပါနဲ့လို့ စာကပ်ထားတယ်။ ကြည့်ရတာ ဟိုတယ်မှာ ဒီလိုကြုံဖူးလို့နေမယ်။ ပုံမှန်ဆို ရေခဲသေတ္တာမှာ အမျိုးမျိုး ထည့်ပေးထားတယ်ကွ တခုခုတော့ တခုခုပဲ။ မနက်စောစော ချက်အောက်လုပ်တော့ တိုးရစ်တွေက အများကြီး အခန်းစေ့ ဝင်မစစ်နိုင်လို  ကိစ္စရှင်းအောင် တခါတည်း ဘာမှမထည့်ထားတာ နေမယ်။ ညက တိုးဂိုက်ပြောတာကြားလား ကိုယ်စားနိုင်လောက်ပဲစား အများကြီး မသယ်ပါနဲ့တဲ့။ ကိုယ်တို့ကားပေါ်ရောက်ပြီး မကြာပါဘူး ကော်ဖီခွက်တွေ၊ ပန်းသီး၊ ငှက်ပျောသီးတွေ တပြုံကြီး သယ်တဲ့သူတွေက တရုတ်တိုးရစ်တွေပါပဲ။ တရုတ်အစိုးရက ကိုယ်တိုင်ကတောင် အပြစ်တင်ရလောက်အောင် တရုတ်တိုးရစ်တွေကလည်း ကားလမ်း ဖြတ်ကူးချင်တဲ့နေရာ ဖြတ်ကူး၊ အလကားဆို အကုန်သယ်။ အဆိုးဆုံးတိုးရစ်တွေထဲမှာ ရုရှားက နံပါတ်တစ် ဘာမှဂရုမစိုက်ဘူး၊ ဂျာမန်က ဒုတိယ ကပ်သီးကပ်ဖဲ့ ခေါင်းမာတယ်၊ အမေရိကန်တွေက စတိုင်မကျဆုံးနဲ့ အသံအကျယ်ဆုံး၊ တရုတ်နဲ့ ဆော်ဒီတွေလည်း အဆိုးဆုံးထဲမှာ ပါတယ်။

မိန်းပြည်နယ် သြဂတ်စတာကနေ ယော့ခ်ကင်းဒမ်းတိရစ္ဆာန်ရုံဆီကို မိုင် ၁၀၀၊ ၂ နာရီ မောင်းရပါတယ်။ လည်ပတ်ဖို့ ပေးထားတဲ့ ၁ နာရီမှာ ကိုယ်က စာထိုင်ဖတ်တယ်။ ဝိုင်း မြေပုံကိုင်ပြီး အနှံ့ပတ်တယ်။ ဘန်ဂေါတိုက်ကျား၊ ကျားဖြူ တွေ့ခဲ့လား၊ သားပိုက်ကောင် တွေ့ခဲ့လား၊ ဒေါင်း တွေ့ခဲ့လား မေးတော့ သားပိုက်ကောင် မတွေ့ခဲ့ဘူးတဲ့။ မြေပုံကို ပြန်ကြည့်တော့ အဲဒီနေရာကနေ ပတ်သွားခဲ့လို့ မမြင်ခဲ့တာတဲ့။ ကိုယ့်တုန်းက ၂ နာရီ အချိန်ရတော့ နှံ့တယ်။ မိန်းပြည်နယ် ယော့ခ်ကနေ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်ကို ၆၅ မိုင် ၁ နာရီ ဝေးပါတယ်။ လေဘာဒေးပိတ်ရက်မှာ ဘော့စတွန်တက်ကြတယ်ထင်ပါ့ ကားတွေကြပ်လို့ ဘော့စတွန်အဝင် ဆယ်မိနစ်နောက်ကျသွာလို့ ၁ နာရီခွဲမှာထွက်မဲ့ ဘော့စတွန်ဟာဘားခရူကို ၁၀ မိနစ်လောက် စောင့်ထားပေးဖို့ အရင်ရောက်နှင့်နေတဲ့ တိုးဂိုက်ဘော်ဒါတွေက ရီကွတ်လုပ်ထားပေးတာမို့ ကားပေါ်ကဆင်းတာနဲ့ ဘော့စတွန်ဟာဘားခရူဆီ ပြေးရတော့တာပဲ။


ဟားဘားမှာ ဓာတ်ပုံရိုက်မယ်၊ နာမည်ကြီး Legal Seafood မှာ လော့စတာရိုးနဲ့ နယူးအင်္ဂလန်ချောင်ဒါ စားမယ်၊ မြို့လယ်ကောင်တခွင် ဓာတ်ပုံ ရိုက်မယ်လို့ စိတ်ကူးထားတာ ဆိပ်ကမ်းမှာ ခြေထောက်ကို တွဲလွဲချထိုင်ရင်း တိမ်ဆိုင်ဖြူဖြူ ကောင်းကင်ပြာပြာ ပင်လယ်ပြာပြာ ဖြတ်သန်းသွားလာနေကြတဲ့ သဘောၤ ပျံဝဲနေတဲ့ ဇင်ယော်တွေကိုငေး ပင်လယ်လေညင်း ခံရတာကို သဘောကျလွန်းလို့ ဘယ်မှကို မသွားချင်တော့ဘူး။ ဓာတ်ပုံလေးရိုက်လိုက် ငေးလိုက်။ ဘေးနားမှာ လာတိုင်တဲ့ ကလေးမလေးကို ရီကွက်လုပ်ပြီး ရိုက်ခိုင်းတဲ့ ဓာတ်ပုံလေးကို သဘောကျတယ်။ မနက်က အဝတီးထားလို့နဲ့ တူပါရဲ့ ဗိုက်ကမဆာ ရှုခင်းကလည်း သာယာလွန်းတော့ ဘယ်မှကို မသွားချင် အဲဒီလိုလေး ထိုင်ငေးနေတာ ၄၅ မိနစ်လုံးလုံးပဲ။ ဝိုင်းက ပြန်ရောက်ပြီလို့ ဖုန်းဆက်မှပဲ သူ့ကိုသွားခေါ် ဓာတ်ပုံအပြေးအလွှားရိုက် 711 မှာ နေ့လည်စာဝယ်စားဖို့ ဂိုက်က မှာထားပေမဲ့ ဝယ်ဖို့အချိန် မရှိတော့ဘူး။ အိမ်သာအတွက် ရပ်ပေးမဲ့ Rest Area ၊ Gas station မှာ စားစရာ ဝယ်မယ်လို့ စိတ်ကူးတယ်။

လေဘာဒေးနေ့ ညနေစောင်းမှာ နယူးယောက်ဆီ ပြန်လာကြတော့မဲ့ ကားတွေကို ရှောင်ဖို့ နယူးယောက်ကို စောစောဝင်အောင် ဒရိုင်ဘာက အမြန်မောင်းတယ်။ နေ့လည်စာကတော့ ပါလာတဲ့ ဘီစကွတ်နဲ့ ဟိုတယ်က ယူလာတဲ့ ရေဗူးနဲ့ပဲ ပြီးလိုက်ရတယ်။ နယူးယောက်ကို ဝင်တော့ ညနေ ၇ နာရီခွဲ ။ တော်ပါသေးရဲ့ ဂျူလိုင် ၄ တုန်းက ကားကြောပိတ်နေလို့ ည ၉  နာရီမှ ဝင်တယ်။ ဝိုင်းနဲ့ ခရီးသွားတာ တော်တော်အဆင်ပြေတယ် သူက ကိုယ့်ထက်တောင် တက်ကြွပြီး အပင်ပန်း ပိုခံနိုင်တယ်။ တလတခေါက် ခရီးထွက်ရရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ ခရီးသွားရင် ပင်ပန်းတယ် ဆိုပေမဲ့ ရေမြေသစ်ကို လေ့လာစူးစမ်းရင်း စိတ်နှလုံးတက်ကြွ လန်းဆန်းတာကတော့ ဘယ်အရာနဲ့မှ မတူဘူး။ ခရီးတွေက သွားပြီး သွားချင်တုန်းပဲ။ အချိန်၊ ငွေ၊ သူငယ်ချင်း၊ ကျန်းမာရေး အဲဒီလေးခု ပြည့်စုံလို့ တောတွေလားဖြစ်နေရင်တော့ တောလားတွေ ရေးတင်ပါဦးမယ်။


Happy Traveling !

စန်းထွန်း
စက်တင်ဘာ ၁၂၊ ၂၀၁၄။

6 comments:

Anonymous said...

ချစ်သောမမအိုင်အိုရာ

Thu said...


Anonymous said...

မမအိုင်အိုရာ

blackroze said...



စာရော ဓါတ်ပုံရောဆိုတော့ စာဖတ်သူတွေ ကိုယ်တိုင် သွားရောက်ရသလိုမျိုးဖြစ်မှာသေချာတယ်။


San San Htun said...

Anonymous said...
အဲလိုစိတ်တူကိုယ်တူသူငယ်ချင်းဆိုရင်
ခရီးထွက်လို့သိပ်ကောင်းတယ်။
ဝိုင်းနဲ့အဖေါ်ကောင်းတုန်း ခပ်ဝေးဝေးတွေသွားနိုင်ရင်သွားပေါ့။
ကိုယ်တော့အရင်ကသွားခဲ့ရသလောက်ခုမသွားနိုင်လို့
ဓါတ်ကျနေတယ်စန်းထွန်းရေ။
ချစ်သောမမအိုင်အိုရာ
September 13, 2014 at 12:01 AM
Thu said...
ဟိုင်းကြီးကျွန်းရောက်သွားလိုက်အက်ကေးဒီးယားရောက်သွားလိုက်... မော်တင်စွန်းဘုရားပွဲအကြောင်းတော့မေကြိးပြောပြလို့ကြားဖူးတယ်။ဟိုကျွန်းလေးပေါ်ကအိမ်လေးတော့တော်တော်စိတ်ဝင်စားတယ်။
ခရီးများဆက်လက်ထွက်ခွာနိုင်ပါစေ ^_^
September 13, 2014 at 1:34 AM
Anonymous said...
ကိုယ်ပြောဖို့ကျန်ခဲ့လို့။
ခရီးပန်းပြီးမဖျားအောင်တော့ဂရုစိုက်လို့။
ဖျားရင်တစ်ယောက်ထဲဆိုသိပ်ဒုက္ခရောက်တယ်။
မမအိုင်အိုရာ
September 13, 2014 at 1:35 PM
blackroze said...
နောက်တခေါက်သွားမဲ့ခရီးကိုလည်း
အထွန်းနဲ့အတူ ဘလော့ကနေ လိုက်ခဲ့ပါရစေ..
September 15, 2014 at 2:34 PM
သူကြီးမင်း (တုံးဖလား) said...
ခရီးသွားမှတ်တမ်းကတော့ အတော်လေးကို စုံလင်နေတာဘဲ။
စာရော ဓါတ်ပုံရောဆိုတော့ စာဖတ်သူတွေ ကိုယ်တိုင် သွားရောက်ရသလိုမျိုုးဖြစ်မှာသေချာတယ်။

ဟို တိုက်တန်းနစ်ရေနစ်မြှုပ်တုန်းက မသေဘဲ အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးကို ချီးကျူးတယ်။ သူ့အမျိုးသား တိုက်တန်းနစ်ထဲ ရောမြှုပ်သေဆုံးသွားပြီးကထဲက အိမ်ထောင်မပြုဘဲ နေလာခဲ့တာဆိုလို့။
September 15, 2014 at 2:35 PM