အပျိုကြီးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်...
အသက် ၂၇ နှစ် ရှိပြီး လက်ဆုပ်လက်ကိုင် မပြနိုင်သေးသူတွေကို အပျိုကြီး၊ လူပျိုကြီးလို့ သတ်မှတ်ရင် ကိုယ်ကတော့ အပျိုကြီးထက် ဟိုင်းနေတဲ့ အပျိုဟိုင်းကြီးလို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်က ၂၇ နှစ်ကိုမှ ဆယ်စုနှစ်ရဲ့တဝက် ထပ်ပေါင်းရမှာမို့လို့။ ကိုယ်တို့ ငယ်ငယ်တုန်းက ဆယ်တန်းမအောင်သေးခင် ရည်းစားထားရင် အပြစ်တစ်ခု လုပ်သလို။ မိဘတွေ၊ ဆရာမတွေကလည်း ဆယ်တန်းမအောင်သေးဘဲ ရည်းစားမထားနဲ့၊ တက္ကသိုလ်ရောက်မှ ထားလို့ ဆုံးမကြတယ်။ ပညာရှာချိန်မှာ ကြင်ယာရှာရင် ပညာရေးဖက် အာရုံစိုက်တာ နည်းသွားမှာစိုးလို့ တားမြစ်ကြတာ ထင်ပါရဲ့။  ခုခေတ် ကလေးတွေကို အဲဒီလို ဆုံးမလို့ရမယ် မထင်။ မူလတန်း၊ အလယ်တန်းလောက်ကတည်းက ရည်းစားရနေပြီ။
တက္ကသိုလ်ရောက်တော့ ကိုယ့်ကို စိတ်ဝင်စားတဲ့သူတွေ၊ ကိုယ်က စိတ်ဝင်စားတဲ့သူတွေ ရှိသားနဲ့ ဘာလို့ ရည်းစားတယောက် ဖြစ်ဖြစ်မြောက်မြောက် မထားခဲ့ပါလိမ့်လို့ တွေးမိတယ်။ အချစ်ဆိုတာလည်း ထူးဆန်းသား အားလုံးထဲမှာမှ သူ့တယောက်တည်းကို ရင်ခုန်မိတာ။ တခါတလေ နှစ်ယောက်၊ သုံးယောက်လောက်ကို တပြိုင်နက်တည်း ရင်ခုန်တာမျိုးလည်း ရှိသေးတယ်။ သူငယ်ချင်းတွေထဲမှာလည်း ရည်းစားရတဲ့သူရ၊ ရင်ခုန်တဲ့သူ ရှိတဲ့သူ၊ ရင်မခုန်တဲ့သူ၊ လွမ်းကြဆွေးကြ၊ ရင်ခုန်ကြနဲ့ပေါ့။ ဒုတိယနှစ်မှာ ပုဂံ၊ ပုပ္ဗား ကျောင်းလေ့လာရေးခရီးစဉ်က ပြန်လာတော့ ဒေတာဘေ့စ် database သင်တဲ့ ဒေါ်မြင့်သီတာထွန်းကို တီချယ်ရေ ခရီးလည်း ထွက်ပြီးပြီ၊ ပုပ္ဗားတောင်မကြီးလည်း တက်ပြီးပြီ မစွံသေးပါလားလို့ ညည်းတော့ တီချယ်က ပထမနှစ်နဲ့ မစွံရင် ဒုတိယနှစ် ခရီးထွက်၊ မစွံသေးရင် နောက်နှစ် တောင်တက်၊ ညည်းတို့က တခါတည်း ခရီးလည်းထွက်၊ တောင်လည်း တက်တာကိုးအေ့။
ကျောင်းပြီးလို့ မစွံသေးပေမဲ့ အလုပ်ထဲမှာ ဖူးစာရှင် တွေ့နိုင်တာပဲလေ အားမငယ်ပါဘူး။ ဒီလိုနဲ့ ခြင်္သေ့ကျွှန်းက အန်ယူအက်စ်မှာ ကျောင်းတက်ဖို့ ဖန်လာချိန်မှာ အသက်က အပျိုကြီးအရွယ် ရောက်နေပြီ။ မိသားစုသိုက်မြုံရဲ့ အဝေးမှာ အထီးကျန်ကြလို့ နိုင်ငံခြားရောက်ပြီး မကြာခင် တော်တော်များများ ရည်းစားရကြတယ်။ တချို့ကြတော့လည်း အင်တာနက်ကနေ ရည်းစားရကြတယ်။ အသက်ကလည်း ၃၀ နားနီးနေပြီမို့ ဆယ်ကျော်သက်လို ရင်တွေတဒိတ်ဒိတ်မခုန် အမြဲတမ်း တတွဲတွဲနေတဲ့ အစ်မလည်း ရှိနေတော့ ရည်စားမရှိပြန်ဘူး။ တချို့ကြတော့လည်း မြန်လိုက်တာ ဟောတယောက် ဟောတယောက်။ ကိုယ်တွေကြတော့လည်း တစ်ယောက်ထားဖို့တောင် ခက်လိုက်တာ။
ဒီလိုနဲ့ စတိတ်ကို ကျောင်းတက်ဖို့ ရောက်လာတော့ ပိုဆိုး။ ယဉ်ကျေးမှု၊ ရာသီဥတု၊ အစားအသောက်၊ ဘာသာစကားတွေနဲ့ အသားကျဖို့၊ စာမေးပွဲတွေ မှန်မှန်အောင်ဖို့ ပင်ပန်းလွန်းတဲ့ ကျောင်းသားဘဝ နေ့ရက်တွေ၊ ကားမောင်းလိုင်စင်ရဖို့ ကြိုးစားရတာတွေနဲ့ ရောက်စနှစ်တွေဟာ တကယ့်ကို ပင်ပန်းလွန်းတော့ အချစ်ဆိုတာ အစွမ်းကုန်ပွင့်အာမဲ့ အချိန်မရောက်ခင် ပူပြင်းတဲ့နေရောင်ကြောင့် ညှိုးခြောက်သွားတဲ့ ပန်းကလေး တပွင့်လိုပဲ။ ကျောင်းပြီးလို့အလုပ်ရပြန်တော့ မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ နေသားတကျဖြစ်ဖို့၊ အပတ်တိုင်း အဆိုင်းမင့်တွေ အချိန်မှီတင်နိုင်ဖို့၊ တလခွဲတခါ ဖြေရတဲ့ စာမေးပွဲမှာ ဘီ ( ၇၅ ၊ ၈၀ မှတ်) ရဖို့၊ အလုပ်က ဖိစီးလို့ စာမကြည့်နိုင်၊ စာမရတော့ စာမေးပွဲအတွက် စိတ်ညစ်နဲ့ ပတ်ချာလည် လိုက်နေတာပဲ။ အစတုန်းကတော့ စာမေးပွဲကိုတောင် ရင်ခုန်သေးတယ်။ ခုတော့ လေးနှစ်လောက် စာမေးပွဲတွေ၊ အဆိုင်းမင့်တွေနဲ့ နပန်းလုံးနေရတော့  ကျောင်းသားပါး ဝသွားတယ်နဲ့ တူပါရဲ့ ရင်ကိုမခုန်တော့ဘူး။ ဘီမရလို့ စာမေးပွဲ ကျရင် နောက်ထပ် ထပ်တက်မယ် အဲ ကျောင်းစရိတ်တော့ ပိုထောင်းသွားတယ်။
ရောက်ခါစနှစ်တွေနဲ့စာရင် နည်းနည်းနေသားကျပြီလို့ ထင်မိတယ်။ ဒါတောင် အလုပ်ဗီဇာအတွက် စိတ်ထင့်နေရတုန်း၊ ဆုတောင်းနေရတုန်း။ ရည်းစားထားတော့မယ်လို့ တွေးလိုက်တော့ အရွယ်တော် တစိတ်ဟိုင်းနေပြီ။ ကိုယ့်ဘော်ဒါ သက်တူရွယ်တူ ကောင်လေးတွေက ပြောကြတယ် သူတို့က ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားပဲ စိတ်ဝင်စားတာ မင်းတို့က အဘွားကြီး ဖြစ်နေပြီတဲ့။ ကိုယ်ကလည်း သူတို့အရွယ်ကို စိတ်မကူးပါဘူး အဘိုးကြီးတွေ။ ကိုယ့်မေမေ၊ ဖေဖေက ရည်းစားထားဖို့လည်း မပြောဘူး၊ အိမ်ထောင်ပြုဖို့လည်း မပြောဘူး။ ပေးလည်း မပေးစားဘူး။ ကိုယ်ကြိုက်ရင် ယူတဲ့။ ကိုယ့်မိသားစုက ဘာမှမပြောပေမဲ့ ရည်းစားထားဖို့ တိုက်တွန်းနေကြတာက ကိုယ့်အစ်မ သူငယ်ချင်းတွေ။ ခရီးသွားလို့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ဓာတ်ပုံရိုက်ရင် ဟဲ့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ မရိုက်နဲ့ ကောင်လေးတွေနဲ့ရိုက်တဲ့။ သူတို့က ကိုယ့်ကို ကောင်းစေချင်လို့ ပြောမှန်းသိပါတယ်။ ဒါပေမဲ့ ရည်းစားဆိုတာများ လျှောပင်းမောလ်မှာ ဈေးဝယ်သလို လိုချင်တာ ပက်ခနဲ ကောက်ဝယ်လို့ ရတယ်များ ထင်သလား မသိဘူး။ ဈေးဝယ်တာတောင် သင့်တင့်တဲ့ဈေး၊ တကယ်လိုအပ်တဲ့အရာ ဟုတ်မဟုတ် အတော်စဉ်းစားရသေးတာလား။
ကိုယ့်သူငယ်ချင်း တော်တော်များများ အိမ်ထောင်ကျလို့ ကလေးတွေတောင် အတော်ကြီးနေကြပြီ။ ရည်းစားရှိပြီ အိမ်ထောင်မကျသေးတဲ့သူ၊ ရည်းစားမရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေလည်း ရှိတယ်။ ရည်းစားမရှိ၊ အိမ်ထောင်မကျသေးတာဘဲ တခုခု ချို့ယွင်းနေသလို။ အပျိုကြီး လူပျိုကြီးလို့ နောက်သလို ပြောင်သလိုနဲ့ စကြတယ်။ အအိုကြီးလို့ ပြန်နောက်ရမလားလို့ တွေးမိတယ်။ စတိတ်ကိုရောက်တော့ ကိုယ်တို့ ပထမဆုံး တက်ရတဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာ။ အသက်၊ အိမ်ထောင်ရေး၊ လစာ မေးတာ ရိုင်းတယ်လို့ အမေရိကန်တွေက ယူဆပါတယ်။ အရှေ့နဲ့ အနောက် တကယ်ကွာတယ်။ အာရှမှာတော့ တွေ့တာနဲ့ အသက်၊ အိမ်ထောင်ရေး မေးကြတော့တာပဲ။ အသက်ကို သိရမှ အသက်အရွယ်အလိုက် ခေါ်ဝေါ်ရမှာ၊ ကလေးတွေအကြောင်း၊ မိသားစုတွေအကြောင်း ပြောဆိုကြမှာကိုး။ အသက်ကြီးကြီးငယ်ငယ် နာမည်ကိုခေါ်ဝေါ်ပြောဆိုကြ၊ အပျိုကြီး၊ လူပျိုကြီးလို့ မခေါ်ကြတဲ့ အနောက်ဓလေ့ကို ကြိုက်တယ်။ အပျိုကြီးမို့ အပျိုကြီးလို့ ခေါ်တာကို နားခါးတယ် ထင်ပါရဲ့။
ခြင်္သေ့ကျွှန်းက အလုပ်မှာ နေ့လည်ထမင်းအတူတူ သွားစားလေ့ရှိတဲ့ ကိုယ်တို့အုပ်စုကို ဒါရိုက်တာမက အာဆီယံအုပ်စုလို့ နာမည်ပြောင် ပေးထားတယ်။ ကိုယ်တို့အုပ်စုထဲမှာ ဟိုင်နန်ကွျှန်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား။ အုပ်စုထဲမှာ အိမ်ထောင်ရှင်တွေ များတယ် လူလွတ်ဆိုလို့ ကိုယ်နဲ့ မလေးရှားမ ထိန်ထိန်က ရည်းစားလည်းမရှိ။ ကိုယ်နဲ့တက္ကသိုလ် အတူတူတက်ဖူးတဲ့ ကောင်လေးက မလေးရှားမလေးကို စတယ်  မြန်မာပြည်မှာ အပျိုကြီး၊ လူပျိုကြီးတွေသေရင် ဖက်ဖို့ လူသေခေါင်းမှာ ငှက်ပျောတုံး ထည့်ပေးတယ်တဲ့။ ဟင် သေမှတော့ ဖက်ဖို့ ငှက်ပျောတုံး ဘာလို့ထည့်ပေးရတာလဲ မသိ။ သူသာ လူပျိုကြီးဆိုရင် ဒီစကား ဟတောင်ဟမှာ မဟုတ်ဘူး။ ရည်းစားမရှိတဲ့သူတွေ ဘာလို့ရည်းစားမထားတာလဲ၊ အိမ်ထောင်မပြုတာလဲလို့ မမေးသင့်ဘူး၊ ရည်းစားရှိပေမဲ့ လက်မထပ်သေးတဲ့သူတွေကို ဘယ်တော့လက်ထပ်မှာလဲလို့ မမေးသင့်ဘူးလို့ ကိုယ့်အစ်မက သွန်သင်ထားတယ်။
ကိုယ့်အဖေက ပြောဖူးတယ် တချို့ယောကျ်ားလေးတွေက ကျောရရုံသာကြံတာ သားမှတ်မှတ် မယားမှတ်မှတ် မပေါင်းချင်ကြဘူးတဲ့။ အဖေ့စကား အတော်မှန်တယ်။ ကိုယ့်မိဘတွေခေတ်တုန်းက ဖခင်တစ်ယောက်ရှာတာ တအိမ်လုံး စားလောက်တယ်။ ကိုယ်တို့ခေတ်လည်းရောက်ရော တမိသားစုလုံး အလုပ်ထွက်လုပ်တာတောင် ဒုံးပျံကုန်ဈေးနှုန်းကို လိုက်လို့မမှီတော့ဘူး။ အိမ်ထောင်ရှင်မ အချိန်ပြည့် လုပ်သူတွေရဲ့ ပြုစုစောင့်ရှောက်မှုမျိုးကို အလုပ်လုပ်တဲ့ အမျိုးသမီးတွေဆီကနေ တောင်းဆိုတဲ့ ယောကျာ်းဟာ အတော်မိုက်မဲတဲ့သူပဲ။ အလုပ်က ပြန်လာတာချင်း အတူတူတောင် မိန်းမက မီးဖိုချောင်ထဲ ချက်ပြုတ်၊ ယောကျ်ားက ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်။ ယောက်ျားလေးဆိုတာ အိမ်အလုပ်လုပ်ဖို့မလို သူနဲ့လုံးဝမသက်ဆိုင်ဘူးလို့ တွေးတဲ့ယောကျာ်းကိုရတဲ့ မိန်းမဟာ အတော်ပင်ပန်းရှာတာပဲ။
ယောကျာ်းလေးတွေကလည်း သူတို့ရှာတာ သူတို့မလောက်လို့ မိန်းမယူဖို့ မတတ်နိုင်။ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတွေ ကြတော့လည်း စဉ်းစားလွန်းလို့ အိမ်ထောင်မပြုချင်။ အိမ်ထောင်ကျတာလည်း ကံနဲ့ဆိုင်မယ် ထင်ပါတယ်။ အိမ်ထောင်ကျဖို့ ကံပါလာရင် အပျိုကြီးလုပ်မယ်လို့ ကြွေးကြော်တာတောင် ကျပါလိမ့်မယ်။ ကိုယ်ကတော့ အပျိုကြီးပဲလုပ်မယ်၊ အိမ်ထောင်ပြုမယ်လို့လည်း မကြွေးကြော်ဘူး။ အိမ်ထောင်ရေးဆိုတာလည်း အပြောကျယ်သလောက် နက်ရှိုင်းသား။ လူနှစ်ယောက် ပေါင်းစပ်တာမဟုတ်ဘဲ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်ရတာမို့ နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ရတာမျိုးမလား။
သားသမီးတွေနဲ့ အားကျလောက်တဲ့ မိသားစုဘဝ၊ သူ့ကိုမှ မရရင် သေပါတော့မယ်ဆိုပြီး အရက်သောက်၊ မယားကို နှိပ်စက်တဲ့သူ၊ မိသားစုမှာ အဆင်မပြေလို့ လာတောင်းတဲ့သူကို ယူပြီးတော့ ဘဝအေးချမ်းနေတဲ့သူ၊  ယောက်ျားကောင်းကောင်းရလို့ ဘဝပြောင်းသွားသူ၊ လက်ထပ်ပြီး ၆ လမှာ ယောက်ျားသေသွားလို့ မုဆိုးမဖြစ်တဲ့သူ၊ ချစ်လွန်းလှချည်ရဲ့လို့ ခိုးပြေးပြီးမှ မိဘမောင်ဖွားတွေကြောင့် ရန်တဂျိမ်းဂျိမ်းဖြစ် ကွဲကြပြဲကြသူ ဘဝတွေ ဘဝတွေ။ တချို့ကောင်လေးတွေက အပျိုကြီးတွေကြောင့် လူ့သားအရင်းအမြစ်တွေ လျော့နည်းတယ်လို ့ အပြစ်ပြောချင်သေးတယ်။ အပျိုကြီးတွေ အိမ်ထောင်ပြ ုချင်လာအောင် မစွမ်းဆောင်နိုင်တဲ့ လူပျိုကြီးတွေမှာလည်း တာဝန်ရှိတယ်နော့။ အိမ်ထောင်ပြ ုတာ၊ ကလေးမွေးတာ၊ သစ်ပင်စိုက်တာ၊ ခရီးသွားတာ၊ ချက်ပြ ုတ်တာ၊ တီဗွီကြည့်တာ၊ သီချင်းနားထောင်တာ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့ အဓိကပါ။ အိမ်ထောင်ပြ ုပြီး စိတ်မချမ်းသာတာထက်စာရင် အိမ်ထောင်မပြ ုဘဲနဲ့ စိတ်ချမ်းသာနေတာက ပိုမကောင်းဘူးလား။ မူးယစ်သောက်စား မိသားစုတာဝန် မကြေတဲ့သူထက် လူပျိုကြီး၊ အပျိုကြီးနဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းရှာနေတဲ့ သူတွေက ပိုမကောင်းဘူးလား။
လူဆိုတာမျိုးက အပေါင်းအသင်း မင်တတ်တာမျိုးလား။ ဘာစားစား၊ ဘာသွားသွား၊ ဘာလုပ်လုပ် အဖော်အပေါင်းအသင်းနဲ့မှ လုပ်ချင်တာ။ ဒါပေမဲ့ အရာရာ စိတ်တူကိုယ်တူဖြစ်ဖို့ဆိုသာ ခက်သား။ အဖေက အင်္ဂလိပ်ပရီးမီးယား ဘောလုံးပွဲတွေကို အမြဲကြည့်ပေမဲ့ ကိုယ်တို့ကတော့ ပွဲကြီးပွဲကောင်း၊ ဗိုလ်လုပွဲလောက်မှ ကြည့်ချင်တာ။ မောင်မောင် ရေချိုးခန်းဝင်တာနဲ့ သူဖွင့်ထားတဲ့ ဆူညံပေါက်ကွဲ အော်ဟစ်နေတဲ့ ရော့ခ်အပြင်းစား သီချင်းတွေပိတ်ပြီး ကိုယ်ကြိ ုက်တဲ့ သီချင်းတွေ ဖွင့်လို့ မောင်နှမနှစ်ယောက် ကက်ဆက်လုကြတယ်။ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေတောင် သူ့အကြိ ုက်၊ ကိုယ့်အကြိ ုက်ဆိုတာ ရှိသေးတာ့ တချို့ကိစ္စတွေမှာ(တောင်တက်တာ၊ ပြတိုက်၊ ပန်းချီပြပွဲ သွားတာ) တယောက်တည်း လုပ်ရတာရှိတယ်။ တယောက်တည်း လုပ်ရလို့ ပိုကောင်းတာမျိုးလည်း ရှိတယ်။ လမ်းမလျှောက်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ဆို ပြတိုက်ကို နှံ့ချင်မှနှံ့မယ်။ ကိုယ့်တယောက်တည်း ဆိုရင်တော့ ပြတိုက်ရဲ့ ချောင်ချိုချောင်ကြား မကျန်အောင်ကို ပတ်တယ်။ ကိုယ့်ကို အပျိုကြီးလို့ ခေါ်ရင် ခွဲခြားဆက်ဆံတာ discrimination လုပ်တာလို့ တွေးပေမဲ့ ကိုယ် လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို စိတ်ကြိ ုက်လုပ်နိုင်တဲ့ အပျိုကြီးဘဝကို ကြိ ုက်တယ်။
အိမ်ထောင်ကျသွားရင် မိသားစုကို အချိန်ပေးရတော့မှာမို့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတယ်။ အရင်တုန်းက မွေးနေ့တွေဆို ဘယ်ဟာဝယ်ပေးပါလို့ ပူဆာတတ်တဲ့ မောင်မောင် အိမ်ထောင်ကျသွားတော့ အရင်တုန်းကလို မပူဆာတော့ဘူး။ ကိုယ့်ကိုတောင် ဆုံးမနေသေးတယ် ခရီးတွေ သိပ်မသွားနဲ့ ပိုက်ဆံစု၊ နေထိုင်မကောင်းရင်၊ အခက်အခဲကြံ ုရင် နိုင်ငံခြား တစ်ယောက်တည်း နေရတာ မလွယ်ဘူးတဲ့။ ဒီလိုမှန်းသိရင် မိန်းမ စောစောယူခိုင်းပါတယ်။ ကိုယ့်သူငယ်ချင်းရဲ့ ကိုကြီးက အိမ်ကိုထောက်ပံ့ပေးတယ်။  ဝင်ငွေကောင်းတဲ့ သားဆိုတော့ မိန်းမယူသွားတော့ မိသားစုဝင်တွေက နှမြောကြတယ်။ မောင်မောင် မိန်းမရတော့ ဒင်းကို ထိန်းကျောင်းမဲ့သူရှိပြီ ငါ့လက်လွှတ် ဗြွှတ်ဆိုပြီး ကိုယ်တို့တွေ ဝမ်းသာကြတယ် နှမြောဖို့ဝေးရော။ ကိုယ်သာ အိမ်ထောင်ရှင်၊ မိသားစု၊ ကလေးတာဝန်တွေနဲ့ဆိုရင် ခုလို ဘလော့ရေးနိုင်၊ အပတ်တိုင်း နယူးယောက်တခွင် ၅၊ ၇ မိုင် လမ်းလျှောက်၊ ပိတ်ရက်တွေမှာ ခရီးတွေ သွားဖြစ်မယ် မထင်ဘူး။
ဒီပို့စ်ကို ရေးနေတုန်းမှပဲ ရာဟူးသတင်းမှာ ဖတ်နေတာက   9 reasons to celebrate if you are single ဆိုတဲ့ ပို့စ်လေးပါ။
1.You have a better body.
2.You’re more likely to achieve great things in your career.
3.You do less housework.
4.You can do what you want with your money — including keep it.
5.You’re better rested and smarter than your married counterparts.
6.You’re less depressed.
7.You have better friendship.
8.Your solo travel tales are enviable.
9.You know yourself — and what you want out of a relationship.
ကိုယ်သာ married ဆိုရင် ဘော်ဒီလည်း ခုလိုစလင်းနေမယ် မထင်။ အိမ်ထောင့်တာဝန်မရှိတော့ ရုံးကို စောစောလာ၊ ည ၈၊ ၉  နာရီအထိ အလုပ်လုပ်တော့ ဘယ်အလုပ်ရှင်က မကြိုက်ဘဲ နေပါ့မလဲ။ လျှော်မဲ့အဝတ်တွေကို အဝတ်တောင်းထဲ မထည့်၊ ညစ်ပတ်ပေဖွတဲ့ မောင်မောင့်ကို ပြောဖို့မလိုတာ အတော်လေး စိတ်ချမ်းသာတယ်။ ကိုယ့်ရှာသမျှ ကိုယ့်စိတ်ကြိုက် သုံးခွင့်ရှိတယ်။ ခင်တွယ်စရာ သူငယ်ချင်းပဲ ရှိတော့ သူငယ်ချင်းတွေ အချင်းချင်း တွယ်တာကြတယ်။ ဖီလာဒဲဖီးယားနဲ့ မိန်းပြည်နယ်ကို သွားခဲ့တဲ့ တကိုယ်တော်ခရီးကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုတွေ တိုးလာတော့ အမှန်ပဲ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ဆို ညှိုနိုင်းစေ့စပ်ရတော့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတယ်။ ခုတော့ ကိုယ် ဘာတွေကြိုက်လဲ၊ မကြိုက်ဘူးလဲ၊ ကိုယ့်စိတ်ကူးယဉ်အိမ်မက်၊ ရည်မှန်းချက်တွေကို အကောင်အထည် ပိုဖော်ဖြစ်တယ်။ ကဲ အပျိုကြီးဖြစ်တာ မကောင်းဘူးလို့ ဘယ်သူပြောမလဲ။
မှတ်ချက်း အပျိုကြီး၊ လူပျိုကြီးများသာ ဖတ်ရန်။
စန်းထွန်း
သြဂုတ် ၂၁၊ ၂၀၁၄။
10 comments:
Anonymous said...
Linn Nyo
Thu said...
@Ahthu
အိမ်စိုးမေ said...
အားကျတယ်ညီမလေးရေ
ဆွေလေးမွန် said...
:) :) :)
Aunty Tint said...
ပြန်ပြောလိုက်။
Anonymous said...
ချစ်သောမမအိုင်အိုရာ
မီးမီးငယျ said...
ဟီး...
ဟင်း...သိပ်​မကြာဘူး​နော်​...
သိ​နေတယ်​..☺ ♡ ♡ ♡ ♡ ♡ ♥ ♥ ♥ ♥ ♥ ♥ ♥ ➳
blackroze said...
ပစ်ပစ်
San San Htun said...
Anonymous said...
ဟုတ်။ အပျိကြီး ၁ ယောက် တပြုံးပြုံး နဲ.ဖတ်သွားကြောင်းပါ စန်းထွန်းရေ ။ :)
Linn Nyo
August 22, 2014 at 12:38 AM
Thu said...
မကြာခင် အပျိုကြီးစာရင်းဝင်တော့မယ့် အသူက ပို့စ်တစ်ပုဒ်လုံးကိုထောက်ခံသွားပါကြောင်း :P
@Ahthu
August 22, 2014 at 1:33 AM
အိမ်စိုးမေ said...
ကလေးမရှိတော့ အမလဲ အပျိုကြီးဘဲပေါ့
အားကျတယ်ညီမလေးရေ
August 22, 2014 at 2:03 AM
ဆွေလေးမွန် said...
ဟုတ်ပ ဟုတ်ပ . အား အားရှိ အပျို ကြီးပဲ ခလုတ်တိုက်ကြတာ များသတော်..
:) :) :)
August 22, 2014 at 4:32 AM
Aunty Tint said...
စန်းစန်းရဲ့အပျိုကြီး လူပျိုကြီးများသာ ဖတ်ရန်ဆိုတဲ့ မှတ်ချက်ကို အောက်ရောက်မှမြင်တော့ ဘရိတ်အုပ်လို့ မရတော့ဘူးလေ :P
အချိန်တန်ရင် သိကြားမင်းတောင်ဆင်းတားလို့ ရမယ်မထင် .. :D
August 22, 2014 at 8:48 AM
သူကြီးမင်း (တုံးဖလား) said...
တော်ပါသေးရဲ့ ဖတ်ရမဲ့ စာရင်းထဲ ပါနေလို့။
နို့မို့ဆို ဖတ်ခွင့်မရှိဘဲ ဖတ်မိသွားသလို ဖြစ်နေမှာ စိုးရတယ်။ အပေါ်က တီတင့်ကိုသာ ကြည့် ဘရိတ်အုပ်လို့ မရတော့ဘူးတဲ့။
ပြန်ပြောလိုက်။
အပျိုကြီး လူပျိုကြီးတွေက အိမ်ထောင်ရှင်ဘဝကို အလွယ်လေး ရနိုင်တယ်။ အိမ်ထောင်ရှင်တွေက အပျိုကြီး လူပျိုကြီးဘ၀ ပြန်ရဖို့ မလွယ်တော့ဘူးလို့။ း)
August 23, 2014 at 8:20 AM
Anonymous said...
ဟေး..ကိုယ်လည်းအရင်ကအပျိုကြီးစာရင်းဝင်တစ်ဦးဆိုတော့ဖတ်ခွင့်ပေးသင့်တယ်နော။
အားလုံးအဲဒီအတိုင်းခံစားခဲ့ပြီးတထပ်တည်းကျဲခဲ့တာမမအိုင်အိုရာပေါ့။
ခုတော့..ငါဘာလို့စောစောအဖေါ်မရှာခဲံ့တာလည်းလို့တွေးမိတဲ့အခါတွေးမိ..
အသက်ကြီးလာလို့ထင်ပါ့။
ချစ်သောမမအိုင်အိုရာ
August 23, 2014 at 2:44 PM
မီးမီးငယ် said...
ဟီး...
ကျုပ်လည်းဘဲအပျိုကြီးဆိုတာကြီးကို
အချိန်တော်တော်ကြာအခေါ်ခံခဲ့ရတာပေါ့အေ...
အချိန်တန်တော့လည်းခလုပ်တချက်တိုက်ပြီး
အိမ်ထောင်ကျသွားတာပါဘဲ
သိပ်မတွေးနဲ့စန်းထွန်းက
တယောက်ထဲတသက်လုံးနေရမဲ့ပုံမဝုတ်တာအမှန်ပါ
ဟင်း...သိပ်မကြာဘူးနော်...
သိနေတယ်..☺ ♡ ♡ ♡ ♡ ♡ ♥ ♥ ♥ ♥ ♥ ♥ ♥ ➳
August 24, 2014 at 9:45 PM
blackroze said...
ထောက်ခံပါတယ် အထွန်းရေ
လုံးဝကို အပြည့်အဝ ရာခိုင်နှုံးပြည့်ကို ထောက်ခံပါတယ်..
ပစ်ပစ်
August 26, 2014 at 8:21 AM