အဆင်မပြေခြင်း...

အောက်တိုဘာလကုန်မှာ လေးအော့ဖ်တော့ အိမ်ရှင်ကို တစ်လနို့တစ်ပေးပြီး  အိမ်လခသက်သာအောင် ဒီဇင်ဘာလ ၁ မှာ ဆူနမ်တို့ဆီ ပြောင်းမယ်လို့ စိတ်ကူးထားတယ်။ ဒီဇင်ဘာ ၁၂ မှာ တိုက်ခန်း ကွန်းထရပ်ကုန်မှာမို့ သူတို့လည်း အဲဒီမှာ ဆက်နေရမလား၊ ဘယ်ကိုပြောင်းရမှန်း မသိ။ ဒီဇင်ဘာ ၁၅  ပြောင်းလာရင် အကောင်းဆုံးတဲ့။ အိမ်ရှင်ကို ပြောတော့ အိုကေ သူလည်း အလုပ်သစ်မှာ ဘီးစီးနေလို့ အခန်းကို မကြေငြာရသေး၊ မငှားရသေးဘူးတဲ့။ ဆူနမ်က တစ်ခုလောက် မေးပါရစေ နင် ငါတို့အုပ်စုထဲမှာ လစာအကောင်းဆုံး၊ အိမ်ကို ထောက်ပံ့စရာလည်း မလို၊ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲတဲ့။

အမ်းထရူး တန်နက်စီပြည်နယ်မှာ အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ကန်တက်ကီပြည်နယ်မှာ အလုပ်ရတယ်။ ဇန်နဝါရီ ကိုယ် လေးအော့ဖ်ထိတော့ မရှေးမနှောင်း နောက်တစ်ပတ် အမ်းထရူးလည်း ကွန်းထရပ်ကုန်လို့ ဆူနမ်တို့ဆီ ရောက်လာတယ်။ ကိုယ်ကတော့ တစ်လလောက်ကြာမှ ဆူနမ်တို့ဆီ ရောက်လာတယ်။ ရာမားတို့ရုံးမှာ အမ်းထရူး အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ဒီစီမှာ အလုပ်ရတယ်။ အမ်းထရူးနဲ့ကိုယ်က အခြေအနေတူတာတောင် လစာနည်းတဲ့ အမ်းထရူးက အလုပ်ရှာနေချိန်မှာ ကျောင်းလခတွေ ပေးနိုင်တယ်။ လစာအများဆုံးဆိုတဲ့ ကိုယ်ကတော့ မပေးနိုင်ဘူး။


ဆူနမ် အမ်းထရူးနဲ့ ငါ့ကို လာမယှဉ်နဲ့။ သူက တန်နက်စီမှာ ကားမရှိဘူး။ ငါ့ကား ပိုက်ဆံဘယ်လောက်စားလဲ နင်အသိ။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းတယ်။ နင့်အဖေ နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်မှာ သွေးကြောထဲပိုက်ထည့် ခွဲစိတ်တုန်းကတစ်ခါ အိမ်ပို့တယ်လို့ပဲ ကြားလိုက်တယ်။ နင် အဝတ်အစားလည်း သိပ်မဝယ်ဘူး။ အစားအသောက်လည်း အပြင်မှာ စားတယ်ဆိုပေမဲ့ နင် ဘယ်လောက်စားနိုင်မှာလဲ။ အဲ...ဒီစီကို သွားလည်တာတော့ ကုန်မယ် ဒါပေမဲ့လည်း အဲဒီလောက် မကုန်ပါဘူး။ ခုလို အလုပ်ပြတ်ရင် ကပ်နေမဲ့ ငါတို့ရှိလို့ တော်သေးတယ်။ ငါတို့မရှိရင် နင် ဘယ်လိုလုပ်မလဲ။ နင့်အစ်မဆီက တောင်းသုံးမှာလား။ အလုပ်ပြုတ်တိုင်း အစ်မဆီက တောင်းသုံးနေရင် နင် ဘယ်တော့ရင့်ကျက်သူ ဖြစ်မှာလဲ။

ငါ့စကားတွေ လွန်သွားကောင်း လွန်သွားလိမ့်မယ် (တော်တော်လွန်တာ)။ ဒါပေမဲ့ မသိတဲ့သူငယ်ချင်းကို သိအာင်၊ သဘောပေါက်အောင် ပြောဖို့တာဝန် သူငယ်ချင်းဖြစ်တဲ့ငါ့မှာ ရှိတယ်။ နောင်ကို ပိုက်ဆံမသုံးဘဲ စုသင့်တယ်လို့ သိအောင် ပြောချင်တာ။ နင် မကြိုက်ရင် ငါ ဘယ်တော့မှ မပြောတော့ဘူး။ တက္ကသိုလ်တက်တုန်းက အဆောင်တူ၊ သူထွက်တဲ့ အလုပ်ကို ငါတို့ကို သွင်းပေး၊ သူ ယူအက်စ်ကို ကျောင်းလာတက်တော့လည်း သူ့နောက် ငါတို့လိုက်လာ၊ သွေးမတော်သားမစပ်ပေမဲ့ အစ်မတစ်ယောက်လို ငါ့အပေါ် အရမ်းကောင်းတဲ့ အက်စ်စမီတာမန်ချေး၊ တက္ကသိုလ်အတူတူတက်၊ ကုမ္ဗဏီတစ်ခုတည်း အလုပ်လုပ်၊ ယူအက်စ်မှာ ကျောင်းလာတက်တော့လည်း အတူတူ၊ ခုလည်း အတူတူ ငါ့ဘေးနားရှိတဲ့ ရာမားတို့ ရှိတာတောင် ငါ ပိုက်ဆံစုတယ်။ နင့်သိတဲ့အတိုင်း ဖိလစ်ပိုင်မှာ ကျောင်းတက်နေတဲ့ ငါ့သူငယ်ချင်းကို ထောက်ပံ့တယ်၊ အိမ်ကိုလည်း ထောက်ပံ့တယ်။ ငါတို့အုပ်စုထဲမှာ ငါ လစာအနည်းဆုံးနော်။


ခုလည်း အိတ်ချ်ဝမ်းဘီက ဘာသံမှမကြားရလို့ နှစ်ဘာသာထပ်ယူပြီး စီပီတီတစ်နှစ် ထပ်တိုးရတယ်။ ကျောင်းက နှစ်ဘာသာကို တပြိုင်တည်း တက်ခိုင်းတယ်။ ပြီးတော့ တစ်ဘာသာ ၁၆၀၀ နဲ့ နှစ်ဘာသာဖိုး ၃၂၀၀ ကို တစ်ခါတည်း ပေးရတယ်။ နင့်တုန်းက အလုပ်ပြုတ်ထားတော့ ချက်ချင်းမပေးရဘဲ ခွဲပေးရတာ။ ဇွန်လ ငါ နေမကောင်း တစ်ပတ်ဖြစ်တာ ဆရာဝန်က ကျောက်ကပ်မကောင်းဘူးထင်လို့ သွေးစစ်ရတုန်းက နင်တို့တွေ အပြင်မှာ ထိုင်စောင့်နေတာ မှတ်မိလား။ ၂၀၀၀ ကျော် ကုန်တာကို ကျန်းမာရေးအာမခံက ကာဗာမဖြစ်လို့ ငါ ခုပေးရတယ်။ ဒီလမှာ  ၅၀၀၀ ကျော် ပေးရတယ်။ ငါ့လို အခြေအနေမျိုးဆို နင် ဘယ်လိုပေးမလဲ။ ကြိုတင်မတွေးထားတဲ့ ပိုက်ဆံကုန်ပေါက်တွေ ရှိတယ်။

စီနီယာ ဗီယက်နမ်မလေး Nga ဆိုရင် အိတ်ချ်ဝမ်းဘီရတာ မပြောင်းလို့ ခု ရှေ့နေတွေခေါ်ပြီး ဖြေရှင်းရတာ ပိုက်ဆံအတော်ကုန်သွားတယ်။ ကျောင်းလခအကြွေးတွေ အပြီးဆပ်၊ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ် ရနေမှ အက်ဖ်ဝမ်း (ကျောင်းသား) ဗီဇာကနေ အိတ်ချ်ဝမ်းဘီ (အလုပ်) ဗီဇာ ပြောင်းလို့ရတယ်။ သူ့အခြေအနေမျိုး  ကြံုလာရင် နင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံစု မသုံးနဲ့။


သူပြောတာတွေ အမှန်ဆိုတော့ အိုကေကလွဲလို့ကိုယ်ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ့်ကို ကောင်းစေချင်လို့ ပြောပေမဲ့ ကိုယ့်မာနကို ထိတယ်နဲ့ တူပါရဲ့။ နားရွက်တွေ ပူလာတယ် ခန္ဓကိုယ်လည်း အပူငွေ့တွေ တရှိန်းရှိန်း ခံစားရတယ်။ ကိုယ်ဟာ မေ့ပျောက်လွယ်သူ အမှတ်ကြီးသူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစကားတွေကိုတော့ မေ့မယ်မထင်ဘူး။ ကိုယ်ဟာ ပိုက်ဆံတွေ သုံးဖြုန်းနေသူမဟုတ်ပေမဲ့ ပိုက်ဆံတွေ ဘယ်လိုကုန်သွားမှန်း မသိဘူး။ မိဘက ပံ့ပိုးဖြည့်ဆည်းပေးနိုင်လို့ လိုချင်တာတွေ အလွယ်တကူ ရခဲ့တာဆိုတော့ တအားတော့ မခြွေတာဘူး။

ကိုယ့်သူငယ်ချင်းတစ်ယောက်ဆိုရင် အတော်‌ချွှေတာတယ်။ အန်ယူအက်စ် NUS မှာ ကျောင်းတက်ဖို့ သူ့မိဘတွေက တိုက်ခန်းကို သိန်းတစ်ရာကျော်နဲ့ ရောင်းလိုက်တယ်။ ကျောင်းပြီးတဲ့အချိန် အဲဒီတိုက်ခန်း သိန်းသုံးရာကျော်သွားတယ်။ သူ့ရည်မှန်းချက်အတိုင်း တိုက်ခန်းတန်ဖိုး သိန်းသုံးရာကို သုံးနှစ်အတွင်း ပြန်ပို့နိုင်တယ်။ တော်ပေစွ ကိုယ်နဲ့များ ကွာတယ်။ အင်း သိပ်မသုံးတော့ဘူး လိုချင်တာတွေ၊ စားချင်တာတွေ၊ သွားချင်တာတွေ လျှော့ပြီး ပိုက်ဆံစုဦးမှ။


အန်ယူအက်စ် NUS က စင်္ကာပူရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ပါသလို ကမ္ဘာ့အဆင့် ၂၆ ။ ဝင်ခွင့်ခက်သလို စာသင်တာလည်း တကယ်ကောင်းတယ်။ ကျောင်းပြီးရင် အလုပ်ရဖို့ သေချာတယ်။ အစိုးရကျောင်းဖြစ်လို့ ဘွဲ့အရင်ယူ ကျောင်းအကြွေးကို အတိုးနှုန်း သက်သက်သာသာနဲ့ အေးအေးဆေးဆေး ဆပ်။ ကျောင်းတောင်မပြီးသေးဘူး အစိုးရက ပီအာအော်ဖာလက်တာ PR Offer Letter ပေးတယ်။ ကျောင်းသားဗီဇာကုန်သွားလို့မှ အလုပ်မရသေးရင် အလည်အပတ်ဗီဇာ ထုတ်ပေးတယ်။ ၂ ၊ ၃ လ အတွင်းမှ အလုပ်မရသေးရင် အီးပီအီးစီ EPEC လို့ခေါ်တဲ့ long term နေထိုင်ခွင့်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်လျှောက်လို့ရတယ်။

ကိုယ် တစက်ကလေးမှ မကြိုက်တဲ့ အမ်ယူအမ် MUM က Private School ။ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ်ရ၊ ကျောင်းအကြွေးတွေ ဆပ်ပြီးမှ ဘွဲ့ယူလို့ရတယ်။ ယူအက်စ်ကျောင်းတွေ ထုံးစံအတိုင်း ကျောင်းလခများသလို အတိုးနှုန်းက ၉  ရာခိုင်နှုန်း အရမ်းများတယ်။ အလုပ်ကံကောင်းသူတွေက်တော့ တစ်ခါတည်း အိတ်ချ်ဝမ်းဘီရပေမဲ့ ကိုယ်တို့လို ကံမကောင်းတဲ့သူတွေကတော့ စီပီတီတစ်နှစ်ထပ်တိုး၊ ကျောင်းအကြွေးတွေထပ်တိုး၊ ကျောင်းတွေဆက်တက်။ ယူအက်စ်ကိုလာတာ ကျောင်းကိုလုပ်ကျွှေးဖို့ လာသလိုပဲ။ တကယ်လို့များ ပါရဂူဆက်တက်မယ်ဆိုရင် ဒီကျောင်းက မာစတာကို အသိအမှတ် မပြုဘူး ကွာလတီနိမ့်တယ်။ အလုပ်အတွေ့အကြုံရှိတဲ့ အင်တာနေရှင်နယ်ကျောင်းသားတွေခေါ် ကျောင်းမှာတစ်နှစ်တက်ခိုင်း။ ပြီးရင် အလုပ်လုပ်၊ အဝေးသင်တက်၊ ကျောင်းလခတွေဆပ်ခိုင်းတဲ့ ရိုက်စားကျောင်း။


ကျောင်းလခတွေ အများကြီးကုန်၊ ၃ နှစ်လောက် အချိန်ပေးပြီးမှ ဒီဘွဲ့ကြီးက သုံးစားလို့မရဘူးဆိုရင် အတော်စိတ်မကောင်းစရာဘဲ။ ဘွဲ့ကို ဂရုမစိုက်ဘူး ယူအက်စ်မှာ အတွေ့အကြုံရရင်တော်ပြီ ဆိုရင်တော့ တစ်မျိုး။ ဒီကျောင်းက ဘာသာရေးကျောင်းဆန်တယ်။ သက်သက်လွှတ် အော်ဂင်းနစ်အစားအစာ ကျွှေးတယ် ။ ကိုယ်စားဖူးသမျှထဲမှာ အဆိုးရွားဆုံးအစားအစာ။ ဘာစားစား စားကောင်း၊ ဘယ်တော့မှ မပိန်တဲ့ကိုယ် ဒီကျောင်းရောက်မှ လေးပေါင်ကျတယ်။ တစ်နေ့နှစ်ကြိမ် မဖြစ်မနေ တရားထိုင်ရတယ်။ ကျောင်းတည်ထောင်သူ မဟာရီချီယောဂီကို ဘုရားလို ကိုးကွယ်တယ်။ သူတီထွင်တဲ့ တီအမ်လို့ခေါ်တဲ့ တရားထိုင်နည်းကို မကြိုက်ပုံပြရင် မကြိုက်ဘူး။ ကျောင်းသားတွေက Close your eyes. Do you feel quietness and see how the thoughts come simutaneously. Simple and easy. It is how we mediate. လို့ ပြောင်ကြတယ်။ ဟန်မဆောင်တတ်တဲ့ကိုယ် သူတို့ရှေ့မှာ တီအမ်ကို ကြိုက်ဟန်ဆောင်တတ်သွားတယ်။

နေ့လည်ဖက် အဝတ်လျှော်စက်ထဲ အဝတ်ထည့်ပြီး ညနေစောင်း ပြန်လာတော့ တွေ့လိုက်ရတာက လား...လား အဝတ်တွေ ရေစိမ်ထားသလို။ အိမ်ရှင်ကိုခေါ်ပြတော့ ရေထပ်ထည့် ညှစ်ခိုင်းတော့လည်း မညှစ်။ Comforter က လေးလို့နဲ့တူပါရဲ့ ဆွဲထုတ် ထပ်လျှော်။ နာရီဝက်လောက်အကြာ ဆင်းကြည့်တော့လည်း ရေကလျှော့မသွား။ အိမ်ရှင်က သူလည်း မသိတော့ဘူး တတ်သိနားလည်တဲ့သူကို ခေါ်ရမယ်တဲ့။ အဝတ်တွေကို ရေစိမ်ထားသလိုဖြစ်လို့ မဖြစ်ချေဘူးဆိုပြီး လက်နဲ့ညှစ် အခြောက်ခံစက်ထဲထည့်။ ၁ နာရီ အပူပေးပေမဲ့လည်း မခြောက်တော့ ချိတ်မှာလှန်း။ Comforter ကို ရေချိုးကြွေဇလုံထဲထည့် ကိုရီးယားကားထဲကလို ခြေထောက်နဲ့နင်းလျှော်။ အခြောက်ခံစက်ထဲထည့် ၁ နာရီ အပူပေး ရေချိုးခန်းထဲမှာ ဖြန့်လှန်း။ အောက်ထပ် အဝတ်လျှော်စက်ထဲက ရေတွေကို ပလတ်စတစ် စောက်နက်နက်ခွက်ကလေးနဲ့ခပ်။ ပလတ်စတစ်ဇလုံကြီးထဲထည့် အပေါ်ထပ်က မျက်နှာသစ်ခွက်ထဲလောင်းထည့်။ အောင်မလေး ပင်ပန်းလိုက်တာ။


အဝတ်လျှောက်စက် ငါ့ကြောင့် ပျက်သွားရင်တော့ ကုန်ပေါက်။ အလုပ်ပြုတ်လို့ ပိုက်ဆံမရှိပါဘူးဆိုမှ။ အရင်နှစ်ပတ် လျှော်တုန်းက အကောင်း။ နောက်နေ့ ညနေစောင်း အိမ်ရှင်ကို မေးကြည့်တော့ အိုကေသွားပြီ သူ ဂူဂယ်မှာ ရှာကြည့်တာတဲ့။ ဘာကြောင့်လဲဆိုတော့ အဖုံးက သေချာမဖုံးတော့ ရေတွေ မညှစ်ထုတ်တာတဲ့။ အဖုံးနားက အပေါက်လေးကို တုတ်ကလေးနဲ့ ထိုးလိုက်တော့ ရေတွေထွက်သွားလေရဲ့။ ဟူး... တော်ပါသေးရဲ့ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ပိုက်ဆံကုန်ပေါက်လို့ တွေးနေတာ။ စက်ပဲ ဖြစ်တတ်ပါတယ် အဝတ်လျှော်စက်က ၄၀၀ ကျော်ကျတယ်။ အသစ်ထပ်ဝယ်ရရင် မလွယ်ဘူးလို့ ငါလည်း တွေးနေတာတဲ့။ အဆင်မပြေချင်ရင် ဘာမဟုတ်တာလေးတောင် အဆင်မပြေပါလားနော်။

နိုဝင်ဘာလကုန်ရင် ကန်တက်ကီကားမှတ်ပုံတင် ကုန်ပြီ။ မေရီလန်းမှာ မှတ်ပုံတင်ဖို့ သွားအင်စပတ်တာ မအောင်ဘူး။ တစ်ထောင်နီးပါးလောက် အကုန်ခံပြီး ပြင်ရင်တော့ အင်စပတ်အောင်မယ်။ အင်စပတ်အောင်ပြီးရင် အီမစ်ရှင်း (လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် လွှင့်ခြင်း) စစ်တယ်။ ရာမားကားက အင်စပတ်အောင်ပြီး အီမစ်ရှင်းမှာကျလို့ ပြင်ရတာ။ ဆူနမ်တို့က ပြင်မနေနဲ့တော့ ရောင်းလိုက်တော့တဲ့။ မမီးမီး အဆက်အသွယ်နဲ့ မြန်မာသံရုံးကလူတွေ ကားလာကြည့်တာ အင်ဂျင်ချက်ဆိုင်းရှိလို့ မဝယ်ဘူးတဲ့။ အင်ဂျင်ချက်ဆိုင်းရှိနေတာ အင်ဂျင်မကောင်းလို့ ဝယ်တုန်းက နင်မသိဘူးလားတဲ့။ ဝယ်တုန်းက ဘာကား၊ ဘာအရောင်၊ ဘာပုံစံမှန်းတောင် မသိဘူး။ ပို့လိုက်ဆိုပြီး ရှစ်ပင်းနဲ့ ရောက်လာတာပဲ။


ဒီလာဆီမှာ သွားရောင်းတာ ၁၉၉၈ မိုင် တစ်သိန်းငါးသောင်း ဆိုတော့ တော်တော်အိုနေပြီ သူတို့ မဝယ်ဘူးတဲ့။ အန်ကယ်ကြီးတစ်ယောက်က အကြံပေးတယ် ကားမတ်မှာသွားရောင်းတဲ့။ ကားမတ်ကတော့ ဝယ်တယ်။ အင်ဂျင်ချက်ဆိုင်းရှိလို့ သုံးရာ ပေးမယ်တဲ့။ ကားက ၄၅၀၀၊ ပို့ခ ၃၀၀၊ ကားပြင်တာ ၁၅၀၀။ ၆၀၀၀ ကျော် ကုန်တဲ့ကားကို ၃၀၀ ပဲ ပေးမယ်တဲ့။ သူမှ မဝယ်ရင်လည်း ဘယ်သူမှဝယ်မှာ မဟုတ်လို့ ရောင်းရမှာပဲလေ။ ကန်တက်ကီမှာ ရောင်းခဲ့ရင် အကောင်းသား ၆၀၀ ပေးမယ်တဲ့။ ကျောင်းမှာတုန်းက ၈၀၀ တန်ကားကို သူငယ်ချင်းအရင်းကြီးဖြစ်လို့ ၂၀၀ လျှော့ပေးတဲ့ ၆၀၀ တန်ကား။ ဒီလာမှာ သွားရောင်းတာ ၂၀၀ ပဲပေးမယ်ဆိုလို့ အဲဒီနေ့က ထမင်းမစားနိုင် ဖြစ်သွားတယ်။ နောက်တော့ ဂျူနီယာအီဂျစ်မလေးအာရပ်ကို ၆၀၀ နဲ့ ရောင်းလိုက်တယ်။ မခိုင်က သူ့ဆီကိုမောင်းလာခဲ့ သူတို့ဆီမှာ တစ်ထောင်လောက် ရမယ်တဲ့။ ဒီကားနဲ့ ဟိုင်းဝေးထွက်ဖို့ မီးမီးကြောက်ကြောက်။ ရှစ်ပင်းနဲ့ပို့ရင် ပို့ခက ၈၀၀။ တော်ပါပြီ ၃၀၀ နဲ့ပဲ ရောင်းပါတော့မယ်။

ဒီနေ့ နှင်းမိုးရွာလို့ အေးတယ်။ ကားမရောင်းခင် ဆူနမ်တို့အိမ်နားက ကိုရီးယား၊ ဂျပန်ဆိုင်မှာ နေ့လည်စာစားမယ် လိုက်မလားဆိုတော့ ဆူနမ်က သူလည်းလိုက်မယ်တဲ့။ ဆူနမ်က ဆူရှီနည်းနည်း စားလာပြီ ရာမားကတော့ လုံးဝမစားသေးဘူး။ ဂျီတော့ကနေ ရန်ဖြစ်ထားသူနှစ်ယောက် တွေ့တော့လည်း ဟေးလားဝါးလားနဲ့ ရန်မဖြစ်ထားတဲ့အတိုင်း။ ကိုယ့်မွေးနေ့ကို မေ့နေကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းကောင်းတွေက မွေးနေ့လက်ဆောင်အဖြစ် ချက် (check - US, cheque - UK) ပေးတယ်။ မိုင်းဖန်ကို မင်္ဂလာလက်ဖွဲ့ ဘာပေးရမှန်းမသိတော့ ကိုယ်က ချက်ပေးတာ အကောင်းဆုံး၊ သူကြိုက်တာ သူ့ဘာသာဝယ်လို့ရတယ်ဆိုတော့ ဒင်းတို့က ချက်ပေးတာ ပိုက်ဆံနဲ့တန်ဖိုးဖြတ်သလို၊ အလေးမထားရာရောက်တယ်၊ မေစီကဒ်၊ ဗီဇာကဒ် ဝယ်ပေးသင့်လေးပါလေးနဲ့။ ခုတော့ မွေးနေ့လက်ဆောင် ဘာဝယ်ပေးရမှန်းမသိ၊ ငါတို့ဝယ်ပေးတာကိုလည်း ဂျီးများတဲ့နင်က ကြိုက်မှာမဟုတ်၊ ကွန်ပလိမ်းမှာမို့ နင်ပြောသလို အကောင်းဆုံးဆိုတဲ့ ချက်ပေးတာတဲ့။ ငနာလေးတွေ ဒင်းတို့သုံးကောင်ကို အမြင်ကတ်တယ် ဟွန့် း( ။

Union Station, Washington, DC

နင် ငါ့ကိုပဲ ကွန်ပလိမ်းတယ် အမ်းထရူးနဲ့ရာမားကိုကျတော့ မကွန်ပလိမ်းဘူး။ အေး ရှေ့အပတ်တွေ့ရင် ဒင်းတို့ကို ကွန်ပလိမ်းမယ်။ စန်း ကားလာနေတယ် ဘေးကပ်လျှောက် နိုး အဲဒီကားကို ငါ တိုက်ပစ်လိုက်မယ်။ အဲဒီလို ကွန်ပလိမ်းတတ် ဂွတိုက်တတ်တဲ့ ကိုယ့်ကိုသူငယ်ချင်းတော်ရတဲ့ သူတို့ခမျာလည်း မစားသာ။ ကန်တက်ကီတိုင်တယ် (Title ပိုင်ရှင်အမည်ပေါက်စာချုပ်) ကို နားမလည်လို့ ကားမတ်က ကောင်မလေးက ကန်တက်ကီကို ဖုန်းဆက်မေးရတယ်။ ကားရောင်းပြီးရင် မေရီလန်းမှာတော့ လိုင်စင်ပလိတ်ပြားပဲ ပြန်ပေးရပေမဲ့ ကန်တက်ကီမှာတော့ လိုင်စင်ပလိတ်ပြားရယ်၊ အရောင်းအဝယ် သဘောတူစာချုပ်ရယ် ပြန်ပို့ရတယ်။ အဲဒီကောင်မလေးကတော့ ထူးဆန်းထွေပြားပါဘိ ကန်တက်ကီရယ်လို့ သြချသွားတယ်။

အနီရောင်လိုင်း ရှယ်ဒီဂရုဘူတာကနေ ယူနီယမ်စတေရှင်းမှာဆင်းပြီး ဒီစီဗဟိုစာတိုက်ကြီးကနေ ကန်တက်ကီလိုင်စင်ပလိတ်ပြား ပြန်ပို့တယ်။ ကယ်ပီတယ် အမိုးခုံးဖြူဖြူလေးကိုမြင်တော့ အဲဒီတဝိုက်က ပြတိုက်၊ ပန်းခြံတွေမှာ ခြေရာချင်းထပ်အောင် လည်ပတ်ခဲ့တာတွေ သတိရတယ်။ ကိုယ်သိပ်သဘောကျနှစ်သက်တဲ့ နေရာတွေ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲရဦးမှာလား။ ဘယ်တော့များမှ ပြန်တွေ့မယ်မှန်း မသိ။ ခွဲခွာရမှာမို့ ဝမ်းနည်းမူတွေ၊ နေရာအသစ်ကို ပြောင်းရွှေ့ရမှာမို့ စိုးထိတ်ကြောက်ရွှံ့မူတွေ၊ သူတို့သုံးကောင်နဲ့ အရင်လိုခရီးမထွက်နိုင်တော့မှာမို့ စိတ်မကောင်းမူတွေ။

Union Station, Washington, DC

နှင်းလို့မပီပြင်တဲ့ မိုးပေါက်တွေကို ငေးကြည့်ရင်း  ဒီနှစ်ရဲ့ ပထမဆုံးကျတဲ့နှင်းနဲ့ ဓာတ်ပုံရိုက်မယ်လို့ စိတ်ကူးထားတာကို သတိရမိတယ်။ နေပါဦး ခုဟာက နှင်းလား၊ မိုးလား။ ဂိတ်ဆုံး Glemont ဘူတာကနေ ဘတ်စ်ကားစီးတော့ တစ်မှတ်တိုင် စောဆင်းမိလို့ လမ်းလျှောက်ရတာ အေးလိုက်ပါဘိ။ ဟီတာလေးနဲ့ နွေးနွေးထွေးထွေး၊ သွားချင်ရင် လှစ်ခနဲထသွားလို့ရတဲ့ အဆင်ပြေမူလေးကို သတိရမိတယ်။ သြော် ဆာလောင်ငတ်မွတ်နေတဲ့သူတွေ၊ အိပ်စက်ဖို့ လုံခြုံနွေးထွေးတဲ့ နေရာမရှိသူတွေ သူတို့နဲ့ ယှဉ်လိုက်ရင် ကိုယ့်အဆင်မပြေမူတွေ စာမဖွဲ့လောက်ပါလား။

ပျော်ရွှင်သော ကျေးဇူးတော်နေ့ ပိတ်ရက်လေး ဖြစ်ပါစေ။
Happy Thanksgiving! Happy Holidays !

စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၁၃။

7 comments:

Anonymous said...

စန်းထွန်းရေ..
ခြင်းတွေလာတော့မှာပါ။
စစ်တွေပဲပြောတာပါ။
ချစ်သောမမအိုင်အိုရာ

AH said...


AH said...


Thandar Lwin said...


blackroze said...

ဟုတ်တယ် အထွန်းရေ
တကယ်တော့နိုင်ငံခြား
သွားရောဘဲ..

San San Htun said...


San San Htun said...

Anonymous said...
စန်းထွန်းရေ..
မွေးနေ့ကျော်ရင်ကံကောင်းတတ်တယ်ဆိုတော့ကံကောင်း
ခြင်းတွေလာတော့မှာပါ။
သူငယ်ချင်းပြောတာမှန်ပေမဲ့ခံရခက်တာပေါ့။
ဘယ်သူမှသူများအပြောမခံချင်ကြဘူးလေ။
ဒါပေမဲ့တကယ်တော့ကိုယ့်ကိုအမုန်းခံပြောတာသူငယ်ချင်း
စစ်တွေပဲပြောတာပါ။
စန်းထွန်းရဲ့နေ့တွေလည်းလာအုန်းမှာပါ။
ဘယ်သူမှအမြဲတမ်းကံမကောင်း
ဘယ်သူမှအမြဲတမ်းကံမဆိုးပါဘူး။
စိတ်အေးချမ်းမှုရအောင်တရားလေးနဲနဲမှတ်ကြည့်ပါလား။
ချစ်သောမမအိုင်အိုရာ
November 27, 2013 at 11:39 PM
AH said...
ဟား ဟား ဟား... လံကဓော လောကဓ့ ဆိုပြီး ၃ ချက်လောက် လက်ပိုက် ရင်ကော့ပြီး အော်ပလိုက်....ဘာမှမပူပါနဲ့လေ.... လူနဲ့ အချိန်... အားစိုက်မှု့ တစ်ခုရှိရင် အားလုံး အဆင်ပြေသွားမှာပါဗျာ....
November 28, 2013 at 10:41 AM
AH said...
တစ်ကယ်ပြောတာပါ... အာဂျား အာဂျား မစန်းထွန်း
November 28, 2013 at 10:42 AM
Thandar Lwin said...
စန်းထွန်းကတော့ သိပ်တော်တာပဲ
November 29, 2013 at 12:28 AM
blackroze said...
ဟုတ်တယ် အထွန်းရေ
တကယ်တော့နိုင်ငံခြား
ကျောင်းတက်ရတယ်ဆိုတာကလည်း
အကြွေးတင်ခံပြီးတက်ရတာ
ကျောင်းပြီးလို့ အလုပ်ကောင်းကောင်းမရရင်
သွားရောဘဲ..
November 29, 2013 at 1:23 PM
San San Htun said...
မမအိုင်အိုရာ း မွေးနေ့ကျော်လို့ကံကောင်းလာပြီ...စန်းထွန်းရဲ့နေ့တွေ လာပြီနဲ့တူပါရဲ့ း)
ကိုအွတ်ထောင် း လံကဓော လောကဓ့ ဆိုပြီး ၃ ချက်လောက် လက်ပိုက် ရင်ကော့ပြီး အော်ပလိုက်တာ အဆင်ပြေသွားပြီ..တကယ်ဂျောတာ..
မမယ်သံ း စန်းထွန်းက မတော်ပါဘူးကွယ်...အောင်မှတ်ရအောင် မနည်းကြိ ုးစားနေရတာ...
ပစ်ပစ် း အဲဒီနိုင်ငံက ကျောင်းပြီးသွားရင်တော့ အလုပ်ရတာမြန်သလားလို့..
November 30, 2013 at 9:40 PM