ထိုမေးခွန်းကို တခါတရံ ကိုယ့်ဘာသာ မေးမိသည်။
ငယ်ငယ်တုန်းက စာရေးခြင်းဆိုသည်မှာ ကျောင်းသင်ခန်းစာများကို မဖြစ်မနေ ရေးရခြင်းဖြစ်သည်။ မူလတန်း ရောက်သောအခါ ကျောင်းစာအုပ်အပြင် ကာတွန်းစာအုပ် ဖတ်သည် (အရုပ်ကြည့်သည်ဆိုက ပိုမှန်မည်) ။ ထိုအချိန်တုန်းက ဒီဗွီဒီစက် မပေါ်သေး။ တီဗွီဆိုသည်မှာ တရွာလုံးတွင် လက်ချိုးရေတွက်လို့ရသည်ဖြစ်ရာ ကျွှန်မ တို့ကလေးများ အသည်းစွဲ စွန်းဝူခုန်း မျောက်၊ ပါကျဲ ဝက်တို့ ပါဝင်သော အနောက်ဖက်သို့ခရီးထွက်ခြင်း တီဗွီဇာတ်လမ်းတွဲလွှင့်ချိန် တီဗွီရှိသောအိမ်တွင် တရပ်ကွက်လုံးမှ ကလေးများ စုရုံးနေလေ့ရှိသည်။ တီဗွီဇာတ်လမ်းတွဲ ပြီးသောအခါ အိမ်ရှင်သည် အိပ်ပျော်နေသော ကလေးများ၏ မိဘများကို လှမ်းအော်ရ၊ ကြမ်းပြင် သဲတရှပ်ရှပ်ကို လှဲကျင်းရ၊ အမှိုက်များကို သိမ်းရသည်။
ကျွှန်မ အလယ်တန်းရောက်သောအခါ တီဗွီ၊ ဒီဗွီဒီ အိမ်တိုင်းတွင် ရှိနေပြီဖြစ်သော်လည်း ညဖက်မီးစက်နှိုးမှ လျှပ်စစ်မီးလင်းချိန်တွင် ဇာတ်လမ်းတွဲများ ကြည့်ရသည်။ လည်ပတ်စရာ သိပ်မရှိသော ကျေးလက်ဖြစ်သောကြာင့် နေ့လည်ခင်းတွင် ဆော့ကစား၊ စာဖတ်သည်။ ညနေပုသိမ်သင်္ဘောနှင့်အတူ ပါလာမည့် မဂ္ဂဇင်း၊ ဝထ္ထု အသစ်များကို စောင့်ဖတ်ကြသည်။ ကျွှန်မ ကြီးပြင်းခဲ့သော ရွာလေးတွင် ထွက်သမျှ စာအုပ်၊ မဂ္ဂဇင်း အစုံအလင်တင်သော ဝတ်မှုန်စာအုပ်ဆိုင် ရှိသည်။ မြို့တွင်ကျောင်းတက်သောကြောင့် နယ်တွင်သူငယ်ချင်းအပေါင်းအသင်း ရှားပါးကာ နွေရာသီကျောင်းပိတ်ရက်များဆို စာဖတ်ဖြစ်သည်။
အထက်တန်း ရောက်သောအခါ ကျူရှင်များဖြင့် မအားလပ်သောကြောင့် ကျောင်းစာလွဲ၍ အပြင်စာ မဖတ်ဖြစ်။ တမှတ်သည် တဘဝဟု ဆိုကြသော ဆယ်တန်းသည် အပင်ပန်းဆုံးနှစ်ဖြစ်ပြီး အပြင်စာ လုံးဝမဖတ်ဖြစ်။ တက္ကသိုလ်တက်ရန် စောင့်နေချိန် အင်္ဂလိပ်စာသင်တန်း တက်ချိန်တွင် အပြင်စာ ပိုဖတ်ဖြစ်သည်။ ထိုအင်္ဂလိပ်စာ သင်တန်းကျောင်းမှ သူငယ်ချင်းများသည် စာဖတ်အလွန်ဝါသနာပါကြသည်။ လှည်းတန်းစာပေလောက စာအုပ်တိုက်သို့ ပုံမှန်သွားရောက်ကြပြီး စာအုပ်ဝယ်ကြ လဲဖတ်ကြသည်။ ကျွှန်မ ဖခင်နှင့် မောင်မောင်သည် စာဖတ်ဝါသနာပါသည်။ ဆရာဖေမြင့်သည် ကျွှန်မ ဖခင် အနှစ်သက်ဆုံး စာရေးဆရာဖြစ်ပြီး ထွက်သမျှစာအုပ် သူ့ထံရှိသည်။
Sunset in front of home |
ဆယ်တန်းအောင်ပြီးစနှစ်များတွင် သင်္ကြန်လည်ဖြစ်သော်လည်း သင်္ကြန်ဆိုသည်မှာ အမူးပွဲတော် ကျင်းပသည့်အလား မူးရူးကြသည်။သင်္ကြန်ထွက်မလည်ဖြစ်လျှင် သင်္ကြန်တွင်းဖတ်ဖို့စာအုပ်များငှားထားကာ ကျွှန်မ တို့မောင်နှမ အိမ်တွင်းအောင်း ဖတ်ကြသည်။ ၂၀၀၇ သင်္ကြန်မှစ၍ ဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရတွင် သင်္ကြန်တွင်းတရားစခန်း ဝင်ဖြစ်သောကြောင့် အရင်လို သင်္ကြန်တွင်း အိမ်တွင်းအောင်း စာမဖတ်ဖြစ်တော့။ အလယ်တန်းကျောင်းသူတုန်းက နို့မဖြတ်ခင် ကျွှန်မ ကိုယ်တိုင် ခြင်းတောင်းနှင့် သွားယူသော၊ အမေတို့အိပ်ယာနံဘေးတွင် သိပ်ကာ နို့ဗူးတိုက် မွေးရသော၊ အရုပ်ကလေးလို အညိုရောင်အမွှေးများနှင့် လှပသော၊ ကလေးများကို ကိုက်သောကြောင့် သတ်ပစ်လိုက်ရသော ရန်ကျော်ဆိုသည့် ခွေးလေးအကြောင်း အက်ဆေးကို မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးစအချိန် ဒိုင်ယာရီတွင် ရေးဖြစ်သည်။ ထိုအချိန်တုန်းက ကျွှန်မ နှစ်သက်သော ကဗျာ၊ အဆိုအမိန့်၊ စာသားများကို ဒိုင်ယာရီစာအုပ်တွင် ကူးထားလေ့ရှိသည်။
ကျောင်းပိတ်ရက်များတွင် ခရမ်းတွင် နေထိုင်သော တက္ကသိုလ်မှသူငယ်ချင်းထံ စာရေးလေ့ရှိသည်။ သူ့မိခင်က ကျွှန်မ စာများကို အရင်ဖောက်ဖတ်ပြီးမှ သူ့ကိုဖတ်စေသည်ဟု သိလိုက်ရပြီးကတည်းက သူ့ထံသို့ ကျွှန်မ စာရေးဖို့ လက်တွန့်သွားသည်။ ထိုစာထဲတွင် ကျွှန်မ ဖတ်သော စာအုပ်များ၊ ကျွှန်မ နှစ်သက်သော သီချင်းများ၊ ရုပ်ရှင်များ၊ အစားအသောက်များ၊ သူငယ်ချင်းများ၏ ဗရုတ်သုတ်ခအလွဲများ၊ ပြီးတော့ ဆယ်ကျော်အရွယ်၏ ရင်ခုန်သံ အချစ်အကြောင်း။ ထိုသူငယ်ချင်းထံ စာမရေးဖြစ်တော့သော်လည်း အင်္ဂလိပ်စာသင်တန်းကျောင်းကတည်းကခင်သည့် ဖြိုးဆီက စာတွေမှန်မှန် လာတတ်သလို နွေရာသီတက္ကသိုလ်ကျောင်းပိတ်ရက်များတွင် ကျွှန်မ ဘာတွေ လုပ်နေသည့်အကြောင်း စာတွေမှန်မှန် ရေးဖြစ်သည်။
ထိုအချိန်တုန်းက ဆယ်လူလာဖုန်းဆိုသည်မှာ လူချမ်းသာများသာ ကိုင်နိုင်ပြီး နယ်ဆက်သွယ်ရေး အိပ်ချိန်းဖုန်းသည် ခေါ်ဆိုရန် အင်မတန်ခက်သည်။ ကျေးလက်က ကျွှန်မ တို့အိမ်တွင် အိမ်နံပါတ်မရှိ (ခုတော့ မြို့နယ်မြို့ဖြစ်သွားပြီဖြစ်၍ အိမ်နံပါတ်တွေနှင့် ဖြစ်ကုန်ပြီလားတော့မသိ) လမ်းအမည် ရွာအမည် မြို့နယ်အမည် ကျွှန်မ နာမည်အပြင် ကျွှန်မ ဖခင်အမည်ကိုပါ ထည့်ရသည်။ နယ်တွင် ကျွှန်မ နာမည်ကို သိပ်မသိကြ ဖခင်၏သမီးလတ် အဖြစ်သာ သိကြသည်။ နယ်စာပို့စနစ်မှာ စာပို့သမား စာလာပို့လျှင် လက်ဖက်ရည်ဖိုး ပေးရပြီး စာထည့်ချင်လျှင် စာပို့သမားလက်ထဲ လက်ဖက်ရည်ဖိုးနှင့်စာအိတ် ပေးလိုက်ရုံသာ။ ဖခင်သည် ကျွှန်မ စာကို ဖွင့်မဖတ် စာဖတ်ပြီး ပါးစပ်နားရွက် ချိတ်မတတ်ပြုံးကာ တခစ်ခစ်ရယ်နေတတ်သော ကျွှန်မကို ဘယ်သူ့ဆီကစာလဲဟုသာ မေးတတ်သည်။ ဘာအကြောင်းအရာမှ မယ်မယ်ရရ မရှိသော်လည်း ကျွှန်မတို့ သူငယ်ချင်းတွေ စာအပြန်အလှန်ရေးခဲ့ဖူးသည်။ နှစ်ဆယ်ကျော်အရွယ်တုန်းက စာရေးခြင်းဆိုသည်မှာ နွေရာသီကျောင်းပိတ်ရက်များတွင် နယ်မြို့လေးဆီ ရောက်နေသော သူငယ်ချင်းထံ စာရေးခြင်း၊ နယ်မြို့လေးတွင် ရောက်နေသော ကျွှန်မက သူငယ်ချင်းများထံ စာရေးခြင်း။
Maple Tree, Harpers Ferry National Historical Park, West Virginia |
ခြင်္သေ့ကျွှန်းတွင် ကျောင်းတက်ချိန် အားလပ်ချိန်မရှိ။ အင်တန်းရှစ် ဆင်းသောအခါမှာ ဘလော့ဆိုသည်ကို သိသည်။ သို့သော် ဘလော့ရေးမည်ဟု တခါမှ မတွေးမိခဲ့။ ဝိညဉ်သစ်စာအုပ်စင်၊ ဘားမီးကလပ်စစ် စာအုပ်စင်များက စာအုပ်များကို ဒေါင်းကာ ဖတ်သည်။ ဘလော့လည်ဖတ်သည်။ မနိုင်းနိုင်းစနေ၊ မမ၊ ကိုနဗန ဘလော့များကို နှစ်ခြိုက်စွာ ဖတ်သည်။ ၂၀၁၀ မကာအို၊ ဟောင်ကောင်ခရီးမှ ပြန်ရောက်သောအခါ ခရီးအကြောင်း ရေးချင်လာသည်။ ဂျီမေးလ်အကောင့်ရှိရုံနှင့် ဘလော့တခု အလကားပိုင်ဆိုင်နိုင်သော အင်တာနက်ခေတ်ကြီးတွင် ဘလော့ဆောက်သည်။ မြန်မာစာ မရိုက်တတ်သောကြောင့် ဘားကလိခ့်တွင် အင်္ဂလိပ်လိုရိုက် ပေါ်လာသော မြန်မာစကားလုံးကို ကူးထည့်။ မကာအိုခရီးစဉ် ပို့စ်နှစ်ပုဒ် ရေးပြီးသောအခါ အတော်ဖားသွားလေသည်။
တကယ်ရေးဖြစ်သည်က ၂၀၁၁ စတိတ်ရောက်သည့်အချိန်။ မြန်မာလူမျိုးဆို၍ ကျွှန်မ တယောက်တည်း ရှိသောအခါ မြန်မာစကား ပြောချင်သည့်အခါ၊ ခံစားချက်များ ရင်ဖွင့်ချင်သည့်အခါ ဘလော့တွင် ရေးဖြစ်သည်။ ၂၀၁၁ ဂျွှန်လ မြန်မာစာဖောင့် ရိုက်တတ်သည့်အခါ ပို့စ်များ တဂျောင်းဂျောင်း ရေးတော့သည်။ ဘလော့ဂါများနှင့် သိကျွှမ်းရပြီး ဘလော့ဂင်းရသည်ကို နှစ်သက်လာသည်။ အစ်မမြသွေးနီက၂၀၁၂ ဇူလှိုင်လ Teen မဂ္ဂဇင်း၏ Blog Digest ကဏ္ဍအတွက် ရွေးချယ်သောကြောင့် စာကြည့်တိုက်ချစ်သူ အက်ဆေး ပုံနှိပ်ထက်တွင် ဖော်ပြခံရသည်။ များမြောင်လှသော လူမှုကိစ္စများကြောင့် ဆယ်ကျော်သက်အရွယ်တုန်းကဲ့သို့ မအားလပ်သလို၊ ဖုန်းတချက် ကောက်ဆက်လိုက်ရုံနှင့် အဆက်အသွယ်မပြတ်သော ခေတ်ကြီးတွင် အီးမေးလ်၊ ဖေ့ဘွတ်မှ ဆက်သွယ်ကြသော်လည်း တချိန်တုန်းက မှင်အပြာ၊ အနက်ဖြင့် ရေးထားသော စာရွက်ဖြူဖြူလေးများကို သတိရမိသည်။ သုံးဆယ်ကျော်အရွယ် စာရေးခြင်းဆိုသည်မှာ ခံစားချက်များကို လွင့်မျောစီးဆင်းခြင်း၊ ဘဝကောက်ကြောင်း၏ အမှတ်တရများကို ဒိုင်ယာရီတွင် ရေးသားခြင်း။
Flower at United States Botanic Garden, Washington, District of Columbia |
နောက်ပြီး စာမူပါခွင့်ရဖို့ ဘယ်သူ့၊ ဘယ်သူ့ကိုမှ အတင်းဝင်ရောခြင်း၊ အကူအညီတောင်းခြင်း၊ လောကွတ်ပျူငှာလုပ်ခြင်း၊ အလိုလိုက် အကြိုက်ဆောင်လို့ နှုတ်ချိုသာစွာနဲ့လည်း မပြောခဲ့ဖူးပါဘူး။ ပုံမှန်ပဲ နေပါတယ်။ မိတ်ဆွေအားလုံးကိုလည်း စာရေးသူ/ စာဖတ်သူ မခွဲခြားပဲ တစ်ပြေးညီ အတူတူပဲ ဆက်ဆံပါတယ်။
ကိုယ့်ကိုယ်ကို ခုထိ ဘာမှမဟုတ်တဲ့ သာမာန် ဝါသနာရှင် စာရေးသူတစ်ယောက်လို့ပဲ ခံယူထားဆဲပါ။ သူများမပေးတဲ့ နေရာကိုလည်း အတင်းဝင်ယူတတ်တဲ့ ဓလေ့ထုံးစံမရှိခဲ့သလို ပေးလာရင်တောင်မှ ယူသင့်မယူသင့် ကိုယ့်ကိုယ်ကို အရင်ပြန်မေးတတ်တဲ့လူတစ်ယောက်ပါ။
ဒါပေမယ့် မဂ္ဂဇင်းတွေမှာ များများပါဝင်ပြမှ၊ နာမည်ကြီး/လတ်/ငယ်သော စာရေးဆရာ/မ တွေနဲ့ ထဲထဲဝင်ဝင်နေပြမှ၊ လူရာဝင်တယ်ထင်တဲ့ (အနည်းငယ်မျှသော) လူအချို့ကြောင့် စိတ်မချမ်းမြေ့မှု နည်းနည်း ဖြစ်ရပါတယ်။ (ဖဘဆိုတာ နွားခြေရာခွက်လောက်ပဲလို့ ပြောကြပေမယ့် ကျွန်တော်လည်း လူထဲက လူတစ်ယောက်မို့ စိတ်ခံစားချက် ရှိသင့်သလောက် ရှိပါတယ်။)
အားတော့ နာပါတယ်။
ကိုယ်ပိုင် ဘလော့ဂ်လေးပေါ်မှာ၊ ဖဘပေါ်မှာ ဝါသနာပါလို့ စာရေးနေတဲ့အတွက်ကြောင့် (စိတ်ရှိသရွေ့ ရေးနေမိဦးမှာမို့) မျက်စိနောက်ရင် ကျွန်တော့်စာတွေကို ကျော်ဖတ်သွားစေချင်ပါတယ်။ သူငယ်ချင်းအဖြစ်က ရပ်စဲမယ်ဆိုလည်း ဝမ်းမနည်းတတ်ပါဘူးလို့ ပြောပါရစေခင်ဗျာ။ ။
(မှတ်ချက်။ ။ ပုံနှိပ်မီဒီယာမှာ စာတွေရေးနေကြတဲ့ စာရေးဆရာ/မတွေအားလုံးကို (လေးစားသင့်တဲ့လူမှန်သမျှ) ကျွန်တော် လေးစားပါတယ်လို့ ပြောပါရစေဦးခင်ဗျာ။)
Patomac River, Maryland |
သူငယ်ချင်းဝေ လုပ်အားပေးနေသည့် စာကြည့်တိုက်နှစ်ပတ်လည် အထိမ်းအမှတ်မဂ္ဂဇင်းအတွက် စာမူတောင်းသည့်အခါ ရေးထားသည်ထဲမှ ကောင်းနိုးရာရာရွေးကာ အက်ဆေးသုံးပုဒ် ပို့ဖူးသည်။ ရွေးချယ်ခြင်း မခံရသည့်အတွက် စိတ်မကောင်း မဖြစ်။ ကျွှန်မ ရေးသည့် ဝထ္ထုများ မဂ္ဂဇင်းတွင် ပါဝင်ခွင့်ရဖို့ ဘယ်တုန်းကမှ အသည်းအသန် မကြိုးစားဖူးခဲ့။ ဘယ်မဂ္ဂဇင်းတိုက်ကိုမှလည်း ချေမချဖူးခဲ့။ စာပေစီစစ်ရေးက တင်းကြပ်၊ အခက်အခဲများကြောင့် ပုံနှိပ်မီဒီယာတွင် စာရေးရသည်ထက် အင်တာနက်အွန်လိုင်းတွင် စာရေးရသည်က လွတ်လပ်မှု ရှိသော်လည်း ရေးသည့်စာကို တာဝန်ယူရသည်မှာ တူညီသည်။
ဘလော့တွင် ရေးရသည်က ပေါ့ပါးလွတ်လပ်မှု ရှိသည်။ ခရီးထွက်သည့်အကြောင်း၊ တောင်တက်သည့်အကြောင်း၊ လျှော့ပင်းထွက်သည့်အကြောင်း၊ ဟင်းတခွက်အကြောင်း၊ ဗရုတ်သုတ်ခ အလွဲများအကြောင်း၊ သူငယ်ချင်းများအကြောင်း၊ မကြည်လင်သည့် အကြောင်းအရာများ၊ သစ်ပင်စိုက်သည့်အကြောင်း၊ စိတ်ကူးများအကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း၊ နိုင်ငံရေး၊ ဘာသာရေးအကြောင်း။ လေးနက်သော အကြောင်းမှသည် ပေါ့ပါ့ပါးပါး အကြောင်းအရာများ။ ဘလော့မှ ပို့စ်များသည် ဗဟုသုတ ရစေသည်။ အပန်းပြေစေသည်။ ရယ်မောစေသည်။ ဝမ်းနည်းစေသည်။ အယူအဆ ကွဲလွဲနိုင်သည်။
စာရေးဖို့ အချိန်ပေးရသည်။ အကြောင်းအရာ ခံစားချက်တခုခု ရှိရသည်။ ရေးဖို့နေရာ (စာအုပ်၊ဘလော့) ရှိရသည်။ ရလာသည်က ပိုက်ဆံတော့ မဟုတ် စာဖတ်သူများ၏ အားပေးသံ၊ ကွန့်မန့်များ။ အခန့်မသင့်လျှင် နှက်သောကွန့်မန်တောင် ရနိုင်သည်။
စာတွေ ဘာလို့ရေးနေတာလဲ....
ထိုမေးခွန်းကို တခါတရံ မေးမိသောအခါ
ပုံနှိပ်ဖော်ပြခံရဖို့လား...နိုး
စာရေးဆရာဖြစ်ချင်လို့လား...နိုး
(ရည်မှန်းချက် ကြီးမားပါပေတယ်)
စိတ်ကူးယဉ်အိမ်မက်တွေ တလွင့်လွင့် လွင့်မျောချင်လို့၊ ခံစားချက်ရေစီးကြောင်းတွေ တငြိမ့်ငြိမ့် စီးဆင်းချင်လို့၊ ဘဝကောက်ကြောင်း၏ အမှတ်တရများကို ဒိုင်ယာရီတွင် ရေးသားချင်လို့၊ စာရေးတာကို ဝါသနာပါလို့ဟူသော အဖြေကိုသာ ရလေသည်။ စာရေးဖို့ အချိန်ရှိခဲ့လျှင်၊ ရေးချင်သည့် အကြောင်းအရာ အိုင်ဒီယာရှိခဲ့လျှင်၊ ရေးချင်စိတ် ရှိနေသေးလျှင် စာတွေရေးနေမည်ကတော့ သေချာသည်။
စန်းထွန်း
နိုဝင်ဘာ ၁၂၊ ၂၀၁၃။
This post is dedicated to ဏီလင်းညို
10 comments:
အော်..ဂလိုတွေလား..
ကွာခြားသလိုပေါ့..
forget about it...my dear..
ချစ်သောမမအိုင်အိုရာ
Sunset in front of home
ညီလင်းသစ် said...
စာတွေဘာ့ကြောင့် ရေးတာလဲ ဆိုတဲ့ မေးခွန်းအတွက် ညီမစန်းထွန်းရဲ့ အဖြေနဲ့ ကျနော့်ရဲ့အဖြေကတော့ တစ်ထပ်ထဲ ကျနေပြီဗျ..၊ း) ပုံနှိပ်မီဒီယာနဲ့ ပတ်သက်လို့ ထားတဲ့ သဘောထားကလည်း ထပ်တူပဲ..၊
ဒါနဲ့ ဒီအက်ဆေးလေးရဲ့ အလယ်ခေါင်မှာ ဖောက်ပြီး စကားပြောနဲ့ ရေးထားတဲ့ အပြာရောင် စာလုံးတွေက ခံစားမှု တစ်ခုကနေ ပေါက်ဖွား၊ ဆင်းသက်လာပုံရတယ်..၊ ဟုတ်စ...?? း)
November 13, 2013 at 8:00 AM
မီးမီးငယ် said...
အော်..ဂလိုတွေလား..
ဇာတ်လမ်းတွေလည်းများပြားထူးဆန်းတာနော်..
အဆင့်အတန်းခွဲခြားတတ်တာ
ကိုယ်တို့နိုင်ငံကထိပ်ဆုံး..နော့်..
ဒေါ်လာ၁ဝဝတန်လှဲတာနဲ့၁ ဒေါ်လာတန်
ကွာခြားသလိုပေါ့..
အဟီး..နောက်ဆုံးတော့လည်းပိုက်ဆံပါဘဲ..
forget about it...my dear..
ပျော်သလိုသာနေကိုယ့်လူရေ့..ကိုယ်တော့ဘာမှမသိ..ကောင်းပါ၏
စာရေးရင်းနဲ့ပျော်နေတတ်လာပြီ...:D
November 13, 2013 at 4:01 PM
Anonymous said...
စာဘာလို့ရေးလဲဆိုရင်ရေးချင်စိတ်ရှိလို့ရေးတယ်ဘဲကိုယ်တော့ဖြေရမှာဘဲ။
တခုရှိတာက..စာဖတ်သူတွေကတော့လူညံ့တွေမဟုတ်ဘူး။
အပြာရောင်နဲ့ကိုဏီလင်းညိုရဲ့စာပိုဒ်ကိုစန်းထွန်းလည်းနှစ်သက်တယ်လား။
ဒီဖက်ပိုင်းပုံနှိပ်နဲ့ထုတ်ထားတဲ့စာတွေမှာ စာလုံးပေါင်းအမှားကြီးတွေနဲ့ဖတ်ရတာတော့တော်တော်ဖီလင်အောက်တယ်။ အဲတော့ပုံနှိပ်စာတိုင်းအဆင့်မြင့်တယ်လို့တော့ ကိုယ်မမြင်သလိုဘလော့စာတိုင်းပုံနှိပ်စာထက်နိမ့်တယ်လို့လည်းမမြင်ဘူး။
ဘလော့မှာတော့ဒိုင်ယာရီလိုရေးတာတွေဟာကိုယ်ပေါင်းချင်သလိုပေါင်းမှာဘဲ။ ဖတ်ချင်တဲ့သူဖတ် မဖတ်ချင်တဲ့သူမဖတ်နဲ့ပဲပေါ့နော်။ (ကိုယ်လည်းမှားတာဘဲ။)
စန်းထွန်းရေးတာဖတ်ခွင့်ရနေသမျှဖတ်နေအားပေးနေမှာပါ။
ချစ်သောမမအိုင်အိုရာ
November 13, 2013 at 8:33 PM
ဟန်ကြည် said...
မြန်မာစာ ဂုဏ်ထူးပါတယ်ဆိုတာ သိလိုက်တော့ ဦးဟန်ကြည် မြန်မာစာ ဂုဏ်ထူးမရလိုက်တာ တွေးပြီး ရင်နာလိုက်လေခြင်းဗျာ...
သည်တစ်ပုဒ်ဖတ်ရတာ အရသာရှိတယ် ပြေပြစ်တဲ့ အက်ဆေးလေးပဲ...စာမျက်နှာပေါ် ရောက်သင့်တယ်လို့ တွေးမိတာပဲ...
November 14, 2013 at 8:51 AM
San San Htun said...
ကိုညီ း ဟုတ်ပါတယ်...အပြာရောင် စကားလုံးတွေကနေ ခံစားမှုတစ်ခုကနေ ပေါက်ဖွားဆင်းသက်လာတာပါ...
မမီးငယ် း အဲဒါ ကောင်းသဗျား..
မမအိုင်အိုရာ း အမြင်တူ၏...
ဆြာဟန် း မြန်မာစာ ဂုဏ်ထူးထွက်တာ မြန်မာစာသင်တဲ့ ဆရာဦးသန်းညွှန့်ကြောင့်..
November 15, 2013 at 1:08 PM
ဘုန်းဘုန်းတောက် said...
ဖတ်လို့ အတော့်ကို ကောင်းမွန်ပါပေတယ် စန်းထွန်းရေ ဂယ်ပဲ။ ငယ်ငယ်က အဖြစ်အပျက်ကို ပြန်အမှတ်ရသွားဘီ။ ငယ်ငယ်တုန်းက တစ်ရွာလုံးမှ တီဗွီဆိုလို့ နှစ်လုံးပဲ ရှိခဲ့တယ်။ ရောင်စုံတောင် မဟုတ်သေးဘူး။ အဖြူအမဲကြီး။ ဒါနဲ့ ရန်ကျော်လေး သနားပါတယ်။ သူက ဆိုးတာကိုး နော်။ ဘုန်းတောက်လည်း စန်းထွန်းလို "စာရေးခြင်း"ဆိုပြီး ဘလော့အသစ်တစ်ပုဒ်လောက် ရေးလိုက်ချင်မိသေး။
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ စန်းထွန်းရေ...
November 16, 2013 at 11:42 AM
San San Htun said...
ဘုန်းဘုန်းတောက် း ဘလော့ဂါတွေ စာတွေဘာလို့ ရေးနေတာလဲ သိရတာပေါ့ဘုရား...ငယ်ငယ်တုန်းက အကြောင်းတွေ အလွမ်းပြေ အမှတ်တရလေးပေါ့ ဘုရား
November 16, 2013 at 8:15 PM
စံပယ်ချို said...
Sunset in front of home
အဲဒီပုံလေးကိုအရမ်းကြိုက်တယ်စန်းထွန်းရေ
ရေးတ့စာလေးတွေကိုလကြိုက်တယ် ဗဟုသုတလဲရတယ်လေ
November 16, 2013 at 10:33 PM
San San Htun said...
မဂျက် း တိုက်ကြီးကွယ်နေလို့..နို့မို့ ဒီထက်လှမှာ း)
November 17, 2013 at 8:49 PM
Post a Comment