ဟောင်ကောင်သွား တောလား...


နောက်နေ့မနက်စာကို ကတိုက်ကရိုက်စားပြီး ဖယ်ရီဂိတ်ဆီ ချီတက်ခဲ့ကြပါတယ်။ ဖယ်ရီတွေက အများကြီးပါ။ တနာရီ တစီးနှုန်းမက ရှိပါတယ်။ ဖယ်ရီဆွဲတဲ့ ကုမ္ပဏီတွေရဲ့ website ကနေတဆင့် အွန်လိုင်းကနေလည်း ဝယ်လို့ရပါတယ်။ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ စလုံးတွေ ရှိတဲ့ ရုံးမှာ ရွှေမြန်မာသာလျှင် ဗီဇာလိုပါတယ်။ ဗီဇာဖိုးက စင်းဒေါ်လာ ၇၀ ကျော်လောက် ကုန်ပါတယ်။ pay slip (လခပြေစာ) ၊bank statment ၃ လစာ ၊ ရုံးက recommendation ထောက်ခံစာ လိုပါတယ်။ မခိုင်လုံရင် ဗီဇာပယ်တတ်သေးတာ။

တယောက် ဗီဇာပယ်ခံရတယ် ကြားတော့ အိမ်က စန်းထွန်း နင်ဖြစ်လိမ့်မယ်တဲ့။ ကျောင်းပြီးလို့ အလုပ်ရထားနဲ့ ကျောင်းတောင် မပြီးသေးခင် ပေးထားတဲ့ PR(Permanent Residence) offer ကြီး ကိုင်ပြီး ပီအာ တန်းလျှောက်ရပါတယ်။ ပီအာ processing လုပ်နေတုန်းမှာ Temp EP (Employment Pass) ထုတ်ပေးထားပြီး ၃လ ၁ခါ သက်တမ်း တိုးရပါတယ်။ Temp EP က white card လိုပါပဲ။ Temp EP သက်တမ်းကုန်ခါနီးမှာ ဗီဇာသွားလျှောက်တော့ ပယ်ခံရမှာပေါ့။ သက်တမ်းကလည်း ကြိ ုပြီး တိုးလို့မရ။ သက်တမ်းမကုန်ခင် ၃ရက် အလိုမှ တိုးပေးတာ။

ဘာအရာမဆို လွယ်လွယ်နဲ့ မရ အမြဲတစ် အနှောင့်အယှက်ဖြစ်ရပေမဲ့ အဆုံးကျရင် ကံကောင်းတတ်တဲ့ စန်းထွန်း ထုံးစံအတိုင်း reject တံဆိပ်တုံးကြီးကို စန်းထွန်းပတ်စ်ပို့အစား ဇေ့ပတ်စ်ပို့ကို မှားထုလိုက်ပါတယ်။ ဇေ နောက်တကြိမ် ဗီဇာပြန်လျှောက်ဖို့ကို အေးဂျင့်က ပိုက်ဆံထပ်မယူပါဘူး။ တော်သေးတယ် ဗီဇာ reject ဖြစ်ပြီးမှ ပြန်လျှောက်ရင် ၂ပတ်လောက် ကြာမှာ ခရီးကို လိုက်ရတော့မှာ မဟုတ်ဘူး။

မကာအိုကနေ ဟောင်ကောင်ကို တနာရီလောက် စီးရပါတယ်။ မကာအိုဗီဇာကတော့ တလရပါတယ်။ ကြိုက်သလောက် ဝင်ထွက်။ ဟောင်ကောင်ကတော့ double entry ကို ၃လ ရပါတယ်။ ဖယ်ရီတွေက သန့်ရှင်းပြီး ခုံတိုင်းအောက်မှာ အသက်ကယ်အင်္ကျီတွေ ရှိပါတယ်။ ဖယ်ရီမထွက်ခင် ယူနီဖောင်းလှလှ ဝတ်ထားတဲ့ မိန်းကလေးက အသက်ကယ်အင်္ကျီဝတ်နည်း၊ အသက်ကယ်ဘော လေသွင်းနည်းတွေ သရုပ်ပြပါတယ်။ လေယာဉ်မှာ လေယာဉ်မယ်တွေ လုပ်သလိုမျိုး။


ပင်လယ်ပြာပြာ၊ တောင်တန်းစိမ်းစိမ်းတွေနဲ့ ဟောင်ကောင်က တကယ့်ကို သာယာပါတယ်။ ဟောင်ကောင်ကို ဟိုအဝေးကြီးကနေ လှမ်းမြင်ရကတည်းက အရင်ဆုံးသတိထားမိတာက တိုက်တွေက စင်ကြားပူက တိုက်တွေထက် ပိုမြှင့်ပြီး မီးခြစ်ဘူးလေးတွေ ထောင်ထားတဲ့အတိုင်း။ လည်ပင်းကြီး မော့ပြီး ကြည့်ရတယ်။ မြင့်မားလှတဲ့ တိုက်တွေကြားမှာ ကိုယ်က ပုဝင်သွားသလို ခံစားရတယ်။

ဖယ်ရီဆိပ်ဆိုတော့ သွားတဲ့လူနဲ့ ပြန်တဲ့သူနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ Immigration ဖြတ်ရပါတယ်။ ဘာမှလည်း မမေးဘဲ ပတ်စ်ပို့ကို ဖင်ပြန်ခေါင်းပြန် စကန်ဖတ်ပြီး စစ်နေတာများ ၁၅ မိနစ်လောက် ကြာတယ်။ တခြားနိုင်ငံသား ဘော်ဒါတွေက ၅မိနစ်တောင် မကြာ။ နောက်က တန်းစီနေတဲ့ အန်တီကြီးက ဘာလူမျိုးလဲလို့ ထိန်ထိန့်ကို မေးတယ်။ ရွှေမြန်မာဆိုတာ သိတာနဲ့ တခြားလိုင်းကို ပြောင်းစီတော့တာပဲ။ ရွှေမြန်မာဆိုရင် ကြာလို့တဲ့။ အောင်ညလေး အဲဒီလိုမျိုး ရွှေမြန်မာတို့က နာမည်ကြီးတာ။

ထိန်ထိန်က နင်တို့ ရွှေမြန်မာတွေ ထူးတယ်နော်။ မကာအိုမှာ ဘယ်နိုင်ငံသားမှ ဆိုက်ရောက်ဗီဇာကို ပိုက်ဆံပေးစရာမလို။ ရွှေမြန်မာကတော့ မကာအိုဒေါ်လာ ၁၀၀ပေးမှ ဝင်လို့ရတယ်။ ဟောင်ကောင်ဆိုရင်လည်း တခြားနိုင်ငံသားတွေ ဗီဇာမလို။ ရွှေမြန်မာကတော့ ဗီဇာကြိုလျှောက်ရတယ်။ အခွန်ဆိုရင်လည်း တခြားနိုင်ငံသားတွေက အလုပ်နေတဲ့နိုင်ငံက အခွန်ကို ဆောင်ရုံပဲ။ အလုပ်လုပ်နေတဲ့ နိုင်ငံရော၊ မိခင်နိုင်ငံရော double tax ဆောင်ရတဲ့ ရွှေမြန်မာပါ။ ဘယ်သွားသွား ဗီဇာလိုပါတယ်။ ရွှေမြန်မာတွေ ဗီဇာမလိုဘဲ သွားနိုင်တာကတော့ မြောက်ကိုရီးယားနဲ့ ဖိလစ်ပိုင် ပါတဲ့ ခင်ည :)

ဟောင်ကောင်က လည်ပတ်စရာတွေ များပါတယ်။ ၃ရက်၊ ၅ရက်လောက် အချိန်ပေးပါမှ ဟောင်ကောင်တခွင် ပြဲပြဲစင်မှာပါ။ ပထမဆုံး သွားလည်ပတ်မဲ့ နေရာကတော့ Lantau Island မှာ ရှိတဲ့ Giant Buddha ပါ။ Ferry Terminal နဲ့ အနီးဆုံး MTR က Central နဲ့ Sheung Wang station ရှိတဲ့ Hong Kong Island Line အပြာရင့်ရောင်လိုင်းပါ။ တနေ့စာ ရထားလတ်မှတ် ဖြတ်ပါတယ်။ အကြွေစေ့တွေ ဘယ်လောက်ထည့်ထည့် စက်က လက်မခံဘဲ ပြန်ထွက်လာပါတယ်။ ဝန်ထမ်းကို အကူအညီ တောင်းရပါတယ်။ သွားမဲ့ ခရီးဆုံးကတော့ Tung Chung station Tung Chung Line အဝါရောင်လိုင်းပါ။ ထိန်ထိန်တို့က ဆင်းဆိုရင် ဆင်းလိုက်ပြီး တက်ဆိုရင် တက်လိုက်ပါတယ်။ ၂လိုင်း၊ ၃လိုင်း ပြောင်းရတာကိုတော့ မှတ်မိတယ်။ အင်္ဂလိပ်၊ ကန်တုန်၊ မန်ဒရင်း သုံးဘာသာနဲ့ ဘူတာစဉ် ကြေငြာပါတယ်။ ဟောင်ကောင်မှာ ရထားလိုင်း ၁၁လိုင်း ရှိပါတယ်။



ဟောင်ကောင် DisneyLand သွားမဲ့သူတွေက Sunny Bay ကနေ Disneyland Resort Line ပန်းရောင်လိုင်း ပြောင်းရပါတယ်။



ဒစ်စနေကတော့ အကျယ်ကြီးမို့ တနေ့လောက် အချိန်ပေးမှပါ။ ကလေးတွေကတော့ ပျော်မှာ အသေအချာပါ။ ဒစ်စနေလမ်း အမှတ်တရ ကော်ဖီခွက်ကလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။

ခရီးဆုံးတာနဲ့ ကေဘယ်ကားဆီးဖို့ တန်းစီပါပြီ။ ပိတ်ရက်မို့လို့ Qတန်းကြီးက အရှည်ကြီး။ Ngong Ping 360 ကေဘယ်ကို ၂၅ မိနစ်စီးရင် Ngong Ping Village ရောက်ပါတယ်။ အပေါ်၊ အောက်၊ ဘေးပတ်လည် မြင်နိုင်တဲ့ Crystal Cable က ဈေးကြီးပါတယ်။ ပင်လယ်ကိုဖြတ်ပြီး တောင်ထိပ်တက်မှာ အချိန်မှာ အသည်းတအေးအေး။ အတက်အဆင်းအလုပ်များတဲ့ ဟောင်ကောင်လေဆိပ်ကြီး။ မကာအို၊ ဟောင်ကောင် လေဆိပ်တွေက ကျွှန်းသပ်သပ် ခွဲထားပါတယ်။


လွန်ခဲ့တဲ့ ၃နှစ်လောက်က ဒီကေဘယ်မရှိသေးပါဘူး။ ထိန်ထိန်တို့ လာလည်တုန်းက သဘောၤစီးပြီး သွားရတာတဲ့။


ငါးဘယ်နှစ်ကောင်ရလဲဝေ့

  တောင်ထိပ်ပေါ်တွင်

ဂိတ်ကို ကျော်နေတုန်းမှာ ပြုံးနေပါ။ ဓာတ်ပုံရိုက်ထားတယ်။ အဆင်းကျရင် ကေဘယ်စီးနေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဝယ်လို့ရတယ်။
credit to Ira
credit to Ira

လမ်းလျှောက်ပြီး သွားတဲ့သူတွေကို ကျော်ဖြတ်ခဲ့ပါတယ် ပင်လယ်ပြာပြာ ရေစိမ်းလဲ့ တောင်အုပ်တောင်တန်းလေးတွေကို တရိပ်ရိပ် ဖြတ်ကျော်နေတာ တကယ့်ကို အမှတ်တရပါပဲ။



Ngong Ping ရွာမှာတော့ ရိုးရာ လက်မှုပစ္စည်းလေးတွေ ရောင်းပါတယ်။ ဆိုင်ကယ်ကြီးကြီးတွေ ပြထားတာ တွေ့ခဲ့သေးတယ်။




ဗုဒ္ဓရုပ်ပွားတော်က အတော့်ကို ကြည်ညိုဖို့ ကောင်းပြီး သပ္ပာယ်ပါတယ်။ တရုတ်ပြည်မှာ ၁၂နှစ်ကြာ ထွင်းထုခဲ့ပြီး ၁၉၉၃မှာ ဖွင့်လှစ်ခဲ့တာပါ။ ဘုရားဆီရောက်အောင် လှေကားထစ် ၂၅၆ထစ် ရှိပါတယ်။ လှေကားထစ်တိုင်း ရှိခိုးပြီး တက်တဲ့ တရုတ်မယ်သီလရင်ကို တွေ့ခဲ့ပါတယ်။




ဘုရားအောက်မှာတော့ ပြတိုက်ရှိပါတယ်။ ဝင်ကြေးပေးရပါတယ်။ ရေခဲမုန့်ပြန်ကျွှေးတယ်။ စွယ်တော်ဖူးချင်လို့ ထိန်ထိန်နဲ့ နှစ်ကောင်သား ဝင်ဖူးကြလေရဲ့။



Po Lin Monastery နဲ့ Monkey Temple ရှိပါတယ်။ ဓာတ်ပုံတော့ ရိုက်ခဲ့တယ် ဒါပေမဲ့ ဘယ်ဟာက Po Lin Monastery ဘယ်ဟာက Monkey Temple မှန်း မသိပါ။ ကိုယ့်ဘာသာ မှန်းယူကြပါကုန်။

credit to Ira
credit to Ira
credit to Ira
credit to Ira
credit to Ira
credit to Ira
credit to Ira

အပြန်မှာ ကီးချိန်းလေးတွေ၊ သော့ချိတ်လေးတွေ ရောင်းနေတာ တွေ့လို့ ဝယ်ခဲ့သေးတယ်။ ဟောင်ကောင်ဒေါ်လာ ၃၀၊ စင်းဒေါ်လာ ၁၀လောက် ကျပါတယ်။ စန်းထွန်းတောင် အင်္ကျီတွေဝယ်ဖို့ ချွှေတာတဲ့ အနေနဲ့ ဖေ့အတွက် သော့ချိတ်တခု၊ ကိုယ်အတွက် ကီးချိန်းတခုပဲ ဝယ်ဖြစ်တယ်။ Mona ဆို သူ့သူငယ်ချင်းတွေအတွက် ဝယ်သွားပြီး လက်ဆောင်ပေးတာ ကြိုက်ကြလို့။ များများမဝယ်မိတာ နောင်တရတယ်။

credit to San Htun   :D
credit to San Htun   :P

ဟောင်ကောင်ကိုများ သွားလည်ကြမယ်ဆိုရင် Lantau Island က Giant Buddha ကို Nong Ping Cable Car  စီးပြီး သွားလည်ပါလို့ အပေးကြံလိုက်ပါတယ်။

စန်းထွန်း
နိုဝင်ဘာ ၂၉၊ ၂၀၁၁။

မကာအိုသွား တောလား...

မကာအိုသွား တောလား ဆိုတော့ စန်းထွန်းတယောက် စတိတ်ကနေ မကာအိုသွားပြီး ကာများသွားစီနိုတယ်လို့တော့ ထင်တော် မမူလိုက်ပါနဲ့နော်။ တနှစ်ရထားတဲ့ ကျောင်းသားဗီဇာကလည်း ကုန်သွားပြီ။ တကယ်လို့များ မြန်မာပြည်ကို အလည်ပြန်လို့ စတိတ်ကို ပြန်ဝင်ချင်ရင် ဗီဇာထပ်လျှောက်ရမှာ။ မြန်မာပြည်ကနေ အမေရိကန်ဗီဇာလျှောက်ရတာ အတော့်ကို ကံကောင်းမှ ရတာပါ။ ကွန်ပျူတာတက္ကသိုလ်က ဂျူနီယာလေးတွေ စန်းထွန်းအခုတက်နေတဲ့ကျောင်းက offer ရလို့ဗီဇာ၂ကြိမ်လျှောက်တာ ၂ကြိမ်စလုံး အပယ်ခံရပါတယ်။ စန်းထွန်းတောင် စင်ကြားပူကနေလျှောက်လို့ ကံကောင်းထောက်မစွာ တကြိမ်တည်းနဲ့ ရတာ။ အမေရိကန်ဗီဇာတခါလျှောက်ဖို့ စင်းဒေါ်လာ ၅၀၀လောက်ကုန်ပါတယ်။ Reject ဆို အဲဒီ ၅၀၀ ပလုံ။ မြန်မာပြည် အလည်ပြန်ပြီး ဗီဇာထပ်လျှောက်လို့ ဗီဇာမပေးရင် မခက်သလော။ သဟာများကြောင့် စတိတ်ကနေ ၃၊ ၄ နှစ် ဘယ်မှ ခွာမှာ မဟုတ်။ လေယာဉ်ခ မတတ်နိုင်တာလည်း ပါတယ်..အဟီး။

မကာအိုသွားခဲ့တာက ၂၀၁၀ မတ်လမှာပါ။ ဒီခရီးကို အကြောင်းပြုပြီး ဒီဘလော့ကို မွေးဖွားကာ မကာအိုသို့ အလည်တခေါက် နဲ့ မကာအို ပြတိုက် ပို့စ်တွေကို ရေးဖြစ်ပါတယ်။ ပြီးအောင်ရေးမယ်လို့ ဇွဲနပန်းခပ်သော်ငြား မြန်မာစာဖောင့် မရိုက်တတ်လို့ burglish သုံးပြီး ရိုက်တာကြောင့် ဇတ်ကြောတက်လို့နားလိုက်ပါတယ်။ ရေးစရာတွေ ရှားပါးနေလို့ မပြီးသေးတဲ့ ခရီးသွားမှတ်တမ်းကို အဆုံးသတ်ချင်တာနဲ့ပဲ ခရီးသွားပြီး တနှစ်ကျော်အကြာမှာမှ ဓာတ်ပုံတွေပြန်ကြည့်ကာ မှတ်မိသလောက် ဆားချက် အဲလေ ခရီးသွားလိုက်ပါတယ်။ သည်းခံတော်မူကြပါကုန်။

Shiwu ရဲ့ သူငယ်ချင်းမလေးက တိုးရစ်ဂိုက်အဖြစ် ကူညီပေးပါတယ်။ သူပါပေလို့သာပဲ။ ကိုယ့်ဘာသာဆို ခရီးတွင်မှာ မဟုတ်။

မကာအိုပြတိုက်က ကြည့်လိုက်ရင် နီးသလိုနဲ့ လမ်းလျှောက်တော့ ဝေးသား။ နာရီဝက်ကျော်ကျော် လျှောက်ယူရပါတယ်။ HardRock Hotel မှာ ၃နာရီ 3D cartoon ပွဲကြည့်ဖို့ လက်မှတ်တန်းစီယူထားပေမဲ့ ပြတိုက်ကအပြန် တက္ကစီလည်း ငှားလို့မရတာနဲ့ လွတ်သွားပါတယ်။ Winarto နောက်တခေါက် မကာအိုသွားတော့ အဲဒီ ကာတွန်းကားကို ကြည့်ရတော့ အရမ်းကောင်းတယ်။ တို့တွေ လွတ်သွားတာ နာတယ်လို့ ပြောပါတယ်။ လတ်မှတ်က ဖရီးပါ။


ရာသီဥတုကလည်း အေးအေးလေး၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ မြန်မာပြည်က တောင်ကြီး၊ ပြင်ဦးလွင်၊ ကလောတို့နဲ့ တူပါတယ်။ ပိုက်ဆံပြတ်သွားရင် ဘာမဆို လုပ်ရဲတဲ့ လောင်းကစားသမားတွေ ရှိတဲ့မြို့မို့ safe မဖြစ်တာက လွဲရင် လည်ပတ်ဖို့ကောင်းတဲ့ နေရာလေးပါ။ နေရာတိုင်းမှာ ပေါ်တူဂီလက်ရာ အမွေအနှစ် အဆာက်အဦးတွေကို ထိန်းသိမ်းထားလို့ တရုတ်ပြည်ကို ရောက်နေတယ်လို့ မထင်ရဘဲ ပေါ်တူဂီကို ရောက်နေတယ်လို့ ခံစားရပါတယ်။



ပေါ်တူဂီအနွယ်တွေမို့ ရုပ်တွေကလည်း ပြည်ကြီးတရုတ်တွေထက် ချောပါတယ်။ အစားအသောက်လည်း ကောင်းပါတယ်။ အမှိုက်ပစ်ဖို့ အမှိုက်ပုံးမတွေ့လို့ ပန်းကန်လာသိမ်းတဲ့ အန်တီကြီးကို ကျေးဇူးပြုပြီး အမှိုက်ပစ်ပေးပါလားလို့ ပြောတဲ့ Shiwu ကို အမှိုက်ပုံးကို လက်ညှိုးညွှန်ပြပြီး ကိုယ့်ဘာသာ သွားပစ်တဲ့လေ။ အဲဒီလို ဝန်ဆောင်မှုကောင်းတာ။ အင်္ဂလိပ်စကား နည်းနည်းလေးပဲ ပြောလို့ရတာပါ။ Madarin တရုတ်စကားမသုံးဘဲ Cantonese စကားပြောကြတာပါ။ အုပ်စုထဲ မလေးတရုတ်မ ထိန်ထိန်က ကန်တုန်စကားပြောတတ်လို့ တော်သေးတယ်။




နာမည်ကြီးတဲ့ သရက်သီး၊ ရွှေဖရုံသီးဖျော်ရည်ဝယ်ပြီး အားလုံး ဝိုင်းမြည်းကြတယ်။ ငါးတွေကို ပုံးနဲ့ အရှင်ပြထားပြီး စားတော့မယ်ဆိုမှ စားမယ့်အကောင်ကို လက်ညှိုးထိုး ချက်ချင်းချက်ပြုတ်တဲ့ စားသောက်ဆိုင်တွေ့ခဲ့တယ်။



နေ့လည်က မြို့အိုကြီးအသွင် အိပ်စက်နေတဲ့ မကာအိုမြို့ကြီးက ညဖက်ရောက်လာတာနဲ့ ဒစ်စကိုမီးရောင်တွေနဲ့အတူ ပြိုးပြိုးပျက်ပျက် တောက်ပကာ အသက်ဝင်လာပါပြီ။ အာရှရဲ့ Las Vegas ပါ။

နာမည်ကြီး Grand Libosa


ညနေမှာ ကုမ္ပဏီ နှစ်ပတ်လည် ညစာစားပွဲ ရှိပါတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ နာမည်အကြီးဆုံး ပေါ်တူဂီစားသောက်ဆိုင်ဆိုတာပဲ မှတ်မိတယ်။ ဆိုင်ကလေးက ခပ်ကျဉ်းကျဉ်း။ အစားအသာက်ကတော့ တကယ်ကောင်းပါတယ်။ ဟောင်ကောင်ရုံးခွဲက ဝန်ထမ်းတွေက တကယ့်ကို ဂရုတစိုက်ရှိတာပါ။



စားသောက်ပြီးတော့ ည၁၁မှာ Wynn Resort Hotel မှာ ဒစ္စကိုပြပွဲ ရှိပါတယ်။ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမဲ့ ဒစ္စကိုမီးရောင်တွေ၊ 3D effect တွေ သုံးထားတော့ ဆန်းပါတယ်။ အမိုးနံရံပေါ်ကနေ မီးဆိုင်းကြီးနဲ့ ကြမ်းပြင်ပေါ်ကနေ တဖြည်းဖြည်း မြှင့်တက်သွားတဲ့ သစ်ပင်တို့ ထိတွေ့တဲ့အခါ တီးလုံးနောက်ခံကောင်းကောင်း၊ မီးရောင်စုံတွေ ပြောင်းဆိုတော့ ဆန်းတာပေါ့။ ကာစီနိုသမားတွေကလည်း အကြွေစေ့တွေကို လည်နေတဲ့ သစ်ပင်ထဲ ပစ်ထည့်ရင်း နက်ဖြန် Jackpot ကြီး ပေါက်ပါစေ ဆုတောင်းကြတာပေါ့။



ပြီးတော့ ကာစီနိုထဲ လျှောက်လည်ကြပါတယ်။ အသက်၁၈အောက် မဝင်ရ။ ကင်မရာ ယူဆောင်ခွင့်မပြု။ ဖဲလည်း မဆော့တတ်။ အကောင်ဂျင်လည်း မသိ။ ကိုယ်ဆော့တတ်တာဆိုလို့ Slot Machine ပဲ ရှိတယ်။ ပိုက်ဆံ ၁၀ ထည့်ပြီး ၄ ချက်ပဲ နှိပ်ရသေးတယ် Game over တဲ့။ Winarto က ဈေးအနည်းဆုံးကို ရွေးရတယ်ဆိုပြီး လာပြပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ ခလုတ်လေးကို နှိပ်နေရုံပဲ။ ကိုယ်နှိပ်တဲ့ အကောင်အတွဲနဲ့ သူ့ပရိုဂရမ်က အကောင်အတွဲညီရင် အမှတ်တက်တယ်။ အစပိုင်းတော့ နိုင်နေသလိုပါပဲ။ အဆုံးကျတော့ ကိုယ့်ဆီက ပိုက်ဆံတွေ ကဲ့ယူသွားပါတာပါပဲ။



လောင်းကစားဆို လာဘ်မရှိ၊ အတန်းထဲမှာ မဲဖောက်ရင် ဘာမှ မပေါက်၊ ဘာဆိုဘာမှ မကောက်ရ၊ အလကားရဖို့ ကံမရှိ၊ ကိုယ်လုပ်မှ ကိုယ်ရတဲ့ စန်းထွန်းပါ။ ကိုယ့်အကြောင်း ကိုယ်သိလို့ Mona ဆော့နေချိန်မှာ ကိုယ်က ငိုက်နေတာပေါ့။ Mona က စန်းစန်း စက်ထဲ ပိုက်ဆံထည့်ပြီး ဆော့။ ကိုယ့်ပိုက်ဆံဝင်သွားရင် မျက်စိကျယ်လာလိမ့်မယ်တဲ့။ ဟင့်အင်း ကိုယ့်အကြောင်း ကိုယ်သိလို့ ဆော့ဘူး။

တခါက မလေးရှား Genting ကာစီနိုအတွက် ပရိုဂရမ်မာအလုပ်ခေါ်ပါတယ်။ Random တွေ သုံးပြီး ရေးရတာ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်ပရိုဂရမ်ကြောင့် လူတိုင်း Jackpot ပေါက်ပြီး ကာစီနို ဒေဝါလီခံရရင် သူဋ္ဌေးက လည်ပင်းလာညှစ်မှာ သေချာတယ်။ ဒါကို သိလို့ လျှောက်ဘူး...:D

Jackpot ဘယ်လောက်ရသွားပြီလို့ ရေးထားတာတွေ တွေ့တိုင်း အားကျပြီး မလိုချင်မိပါဘူး။ Jackpot ပေါက်ဖို့ဆိုတာ လွယ်တာမှတ်လို့။ လူတသန်းမှာမှ တယောက်။ ဒီလို့ရဖို့ ဘယ်လောက်ရင်းနှီးရမလဲ။ ၁၀၀ ရင်းပြီး ၁၀၀၀ လိုချင်ပါသလား။ ၁၀၀၀ ရမရတော့ မသိဘူး။ ၁၀၀ကတော့ အရင်စွန့်ရမယ်။ တခါတလေ အပျော်စိတ်ပြေလက်ပျောက် ဆော့မယ်ဆိုတာ လက်ခံနိုင်သေးတယ်။ မရေရာ မသေချာတာကြီးကို မျှော်မှန်းပြီး လုပ်နေရင်တော့ ကံကိုယုံပြီး ဆူးပုံနင်းနေသလားလို့။

ဟောင်ကောင်လေယာဉ်ခက မကာအိုထက် ပိုဈေးကြီးပါတယ်။ Airport Tax ကြောင့်ပါ။ ဟိုတယ်ဆိုရင်လည်း မကာအိုက ဟိုတယ်က ပိုကောင်းတယ်။ ဟောင်ကောင်ကနေ ပြန်တဲ့ ရုံးကလူတချို ကွန်ပလိမ်းပါတယ်။ ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ဖြစ်ပြီး ရေပိုက်ခေါင်းက ရေမလာလို့ ရှေးရိုးအတိုင်း ရေခွက်နဲ့ ခပ်ချိူးခဲ့ရသတဲ့။ နေထိုင်မှုစရိတ်ကြီးမားပြီး နေရာကျဉ်းတဲ့ ဟောင်ကောင်မှာ ဟိုတယ်အခန်းတွေကလည်း ကျဉ်းပြီး အသက်ရူမဝသလို ခံစားရသတဲ့။ မကာအိုက ဟိုတယ်တွေကတော့



ဒင်နာမှာ နင်းကန်စား၊ လမ်းလျှောက်ရတာတွေ များလို့ ပင်ပန်း။ နောက်နေ့ ဟောင်ကောင်ကို ခရီးဆန့်စရာ ရှိသေးတာနဲ့ပဲ Rio ဟိုတယ်ကိုပြန် မွေ့ယာပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားပါတော့တယ်။

စန်းထွန်း
နိုဝင်ဘာ ၂၆၊ ၂၀၁၁။