သည်းခံမှုဆိုတာ အတိုင်းအတာ လစ်မစ်ရှိတယ်။ မျက်မှန်နဲ့၊ မျက်မှန်မပါဘဲနဲ့၊ ပို့စ်အမျိုးမျိုးနဲ့ ရိုက်ခိုင်းတာ အတော်လွန်တာပဲ။ ဒါကြောင့် သူနဲ့ ဘယ်သူမှ မလိုက်ချင်တာလို့ ပြောတော့ ဝိုင်းက သူလည်း ကိုယ့်အစ်မလိုပဲတဲ့။ ဘာလို့ဓာတ်ပုံ အဲဒီလောက်ကြိုက်မှန်း ကိုယ်တော့ နားမလည်တော့ဘူး။ တစ်ပုံ၊ နှစ်ပုံဆို တော်ပြီပေါ့။ ဒီနေရာမှာ၊ ဒီပို့စ်၊ ဒီရုပ် ဒီပုံစံပဲ ထွက်တာပဲဟာကို။ မျက်စိက ပိတ်နေသလို ဖြစ်နေလို့၊ ပါးစပ်က ရယ်နေပုံ မလှဘူးတဲ့ တော်တော့်ကို စိတ်မရှည်ချင်စရာ။ ခြေထောက်ကလည်း နာတော့ ပိုစိတ်တိုတယ်။ ဝိုင်းက သူ့ကိုယ်ကိုသူ ဖက်ရှင်ကျတယ်လို့ ထင်တာ။ မိတ်ကပ်မလိမ်း၊ မျက်ခုံးမွှေးမဆွဲ၊ နှုတ်ခမ်းနီမဆိုး၊ အရပ်က ပုကွကွ၊ ခန္ဓာကိုယ်က အချိုးမကျနဲ့ ဘယ်လိုမှ မတိုင်မကျ၊ သာမန်ရုပ်ရည်ပဲရှိတဲ့ လူတစ်ယောက်က သူ့ကိုယ်သူ စတိုင်ကျ၊ ဖက်ရှင်ကျတယ်လို့ထင်နေတာ ရယ်ချင်မိသား။ တခါတလေ လည်ဆွဲဆန်းဆန်းတွေ ဆွဲလာပြီး ဓာတ်ပုံထဲမှာ ပေါ်နေချင်သေးတယ်။ အင်္ကျီက တခါလာလည်း အညိုရောင် လည်ထောင်အင်္ကျီ မစ်ဒါဝတ်။ အနွေးထည်ကုတ်အင်္ကျီဝတ်လာပြီး ဓာတ်ပုံရိုက်ရင် ကုတ်အင်္ကျီကို ချွှတ်ပြီး ကိုယ့်ကိုကိုင်ခိုင်း။ အနွေးထည်ကုတ်အင်္ကျီနဲ့ဆိုရင် ပုပုဝဝ ဖြစ်နေတယ်လို့ ထင်ရလို့တဲ့။ ကိုယ်က ကုတ်အင်္ကျီကို ချွှတ်လိုက်၊ ဝတ်လိုက်နဲ့ သိပ်ရှုပ်တာပဲလို့ ထင်တယ်။ လှတဲ့သူဟာ ကုတ်အင်္ကျီ ဝတ်ထားလည်း လှတာပဲ။ ဆောင်းရာသီဆို ကိုယ်က ဒေါင်းဂျက်ကပ် အမြဲဝတ်တယ်။ ဝိုင်းက ဒေါင်းဂျက်ကပ်က ထူထူပွပွကြီး ရုပ်ဆိုးတယ်ဆိုပြီး မဝတ်ဘူး။
မနှစ်ကဆောင်းတွင်းတုန်းက အမှတ်ငါးလမ်းမကြီးတလျှောက် လမ်းလျှောက်နေတုန်း လေတိုက်တော့ ဝိုင်းက ချမ်းလို့လမ်းမလျှောက်နိုင်တော့ဘူးတဲ့။ ရာသီဥတု ဒီလောက်အေးတာကို ဒေါင်းဂျက်ကပ်မှ မဝတ်ဘဲ ချမ်းတော့မှာပေါ့။ ဓာတ်ပုံထဲမှာ လှချင်တာနဲ့ ဒေါင်းဂျက်ကပ် မဝတ်ဘူး။ ကိုယ်ကတော့ ဓာတ်ပုံထဲမှာ ထူထူပွပွကြီး ဖြစ်နေပါစေ မချမ်းဖို့က အဓိက။ အီတလီမှာဆို ဘယ်သူမှ ဒေါင်းဂျက်ကပ် မဝတ်ကြဘူးတဲ့။ အီတလီက အေးမှမအေးတဲ့ဟာကို။ အီတလီမှာဆို ဘလေဇာအောက်က အစိမ်းရောင်အင်္ကျီဆို အိတ်၊ ပုဝါ၊ Assesscories တွေကလည်း အစိမ်းရောင်။ လုပ်ဖော်ကိုင်ဖက်တွေ ညဖက်ဒင်နာစားကြမယ်ဆိုရင် အီတလီတွေက အိမ်ပြန်၊ ရေမိုးချိုး၊ မိတ်ကပ်အပြည့်၊ ဒင်နာဂါဝန်တွေ ဝတ်ကြတာတဲ့။ အီတလီတွေက ဖက်ရှင်ကျပါလိမ့်မယ်။ အမေရိကန်တွေကတော့ ဖက်ရှင်ထက် သက်တောင့်သက်သာ ဖြစ်တာကို သိပ်အရေးထားတာ။ ကိုယ်လည်း အမေရိကန်တွေလို ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးတယ်။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်၊ ဘူတာရုံတွေမှာ ရထားပြောင်းရင် အနည်းဆုံး ငါးမိနစ်၊ ဘူတာကနေ ကိုယ့်ရုံးကို ငါးမိနစ်၊ နယူးယောက်မှာ တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်နေရတာ ဘယ်လိုလုပ် ဒေါက်မြှင့်စီးနိုင်မလဲ။ လူးပပ်ကြောင့် ခြေထောက်နာနေတတ်တော့ ပိုဆိုး Sneakers ဖိနပ်ထက် မန်မိုရီဖောင်းပါတဲ့ အပြေးဖိနပ်ကိုပဲ စီးနိုင်တော့တယ်။ အင်္ကျီဆိုလည်း ခန္ဓာကိုယ်မှာ ကပ်နေတာထက် ချောင်ချောင်ပွပွလေးကို ပိုသဘောကျတယ်။
စကပ်ထက် ဘောင်းဘီကို ပိုကြိုက်တယ်။ တခါတလေ မိန်းကလေးဆန်ဆန် ဂါဝန်တွေ ကြိုက်ပေမဲ့ အမြဲတမ်း ဝတ်ဖြစ်တာက တီရှပ်နဲ့ ဂျင်းဘောင်းဘီ။ ကိုယ်က ကိုယ့်ကိုကိုယ် ဖက်ရှင်မကျမှန်း သိတယ်။ မကြီးလို ဖက်ရှင်ကျတဲ့သူတွေကို မြင်ဖူးထားတော့ ဝိုင်းက သူ့ကိုယ်သူ ဖက်ရှင်ကျတယ်လို့ ထင်နေတာကို ကိုယ်က ဟားချင်နေတာပေါ့။ ဝိုင်းနဲ့ ခင်လာတာ တစ်နှစ်လောက်ရှိပြီ ဒီတခါပဲ ဝိုင်းကို ကိုယ် စိတ်ဆိုးဖူးတယ်။ စိတ်တိုလို့ တရုတ်တန်းမှာ ဒင်ဆမ်း သွားစားမယ်ဆိုတာတောင် သွားမစားတော့ဘူး။ ဘီဘီဂျီက ချယ်ရီပွင့်တွေက ပန်းရင့်ရောင်။ ကိုယ်ကတော့ ဒီစီက ယိုရှိနိုချယ်ရီပွင့်တွေ အကြိုက်ဆုံးပဲ။ စာဖတ်သူတွေရော ဒီစီ၊ နယူးဂျာဆီ၊ ဘရွှတ်ကလင်းထဲက ဘယ်ချယ်ရီကို အကြိုက်ဆုံးလဲ။
Happy Mother Day !
စန်းထွန်း
မေ ၁၀၊ ၂၀၁၅။