10 May 2015

ဘရွှတ်ကလင်း ချယ်ရီပွဲတော်သွား တောလား...

ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်း ချယ်ရီပွဲတော်က ဧပြီလကုန်လောက်မှာ ကျင်းပပါတယ်။ ဝင်ကြေးက ၂၅ ကျပ်ပါ။ စနေနေ့ မနက် ၁၀ ကနေ ၁၂ အထိ ဝင်ကြေးအခမဲ့ဆိုတော့ မေလ ၂ ရက်နေ့ စနေနေ့မှာ ဘီဘီဂျီကို သွားရအောင်တဲ့။ ကိုယ့်ခြေထောက်က နည်းနည်းနာနေလို့ သောကြာနေ့မှာ ကိုယ့်အခြေအနေကိုကြည့်ပြီး အကြောင်းပြန်မယ်လို့။ သောကြာနေ့ကျတော့ ခြေထောက်နာတာ နည်းနည်းသက်သာတာနဲ့ သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တင်ပါးရိုးနာလို့ လမ်းလျှောက်တာတွေ နားထားတဲ့ ရွန်အဖွဲ့ကလည်း အဲဒီနေ့မှာ ဘီဘီဂျီကို သွားမယ်တဲ့။ ရွန်အဖွဲ့နဲ့ မလိုက်တော့ပါဘူး ရွန်အဖွဲ့က အယောက်ငါးဆယ်လောက်ရှိတာ အေးအေးဆေးဆေး ဓာတ်ပုံရိုက်လို့ မရပါဘူး။ ကိုယ်တို့က ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဆယ်မိနစ်လောက် ဓာတ်ပုံရိုက်ချင်ကြတာ။ ဘီဘီဂျီကို မနက် ၁၀ နာရီရောက်တော့ အောင်မလေး လူတွေမှ အများကြီး။ ကိုယ် ဘီဘီဂျီကို သုံးလေးခေါက် ရောက်ဖူးတယ် ဒီတခေါက်ကတော့ လူအများဆုံးပဲ။ ချယ်ရီပင်၊ ကျူးလစ် ပန်းရောင်စုံ ဖူးပွင့်လို့ အင်မတန် သာယာတာပဲ။ ၂ နာရီလောက် လမ်းလျှောက်ပြီးတော့ ခြေထောက်ကနာ၊ တယောက်က ကိုယ့်ခြေထောက်ကို တက်နင်းလို့ မခံမရပ်နိုင်အောင်နာ။ ဒီကြားထဲ ဝိုင်းက သူ့နေကာမျက်မှန်၊ ကိုယ့်နေကာမျက်မှန်၊ ကုတ်အင်္ကျီချွှတ်လို့တမျိုး၊ ကုတ်အင်္ကျီနဲ့တမျိုး အမျိုးမျိုးရိုက်ခိုင်းတော့ ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ ကိုယ့်အစ်မကိုလေ ပို့စ်အမျိုးမျိုးနဲ့ ရိုက်ပေးရတာ ဘယ်သူမှ စိတ်မရှည်ဘူး။




သည်းခံမှုဆိုတာ အတိုင်းအတာ လစ်မစ်ရှိတယ်။ မျက်မှန်နဲ့၊ မျက်မှန်မပါဘဲနဲ့၊ ပို့စ်အမျိုးမျိုးနဲ့ ရိုက်ခိုင်းတာ အတော်လွန်တာပဲ။ ဒါကြောင့် သူနဲ့ ဘယ်သူမှ မလိုက်ချင်တာလို့ ပြောတော့ ဝိုင်းက သူလည်း ကိုယ့်အစ်မလိုပဲတဲ့။ ဘာလို့ဓာတ်ပုံ အဲဒီလောက်ကြိုက်မှန်း ကိုယ်တော့ နားမလည်တော့ဘူး။ တစ်ပုံ၊ နှစ်ပုံဆို တော်ပြီပေါ့။ ဒီနေရာမှာ၊ ဒီပို့စ်၊ ဒီရုပ် ဒီပုံစံပဲ ထွက်တာပဲဟာကို။ မျက်စိက ပိတ်နေသလို ဖြစ်နေလို့၊ ပါးစပ်က ရယ်နေပုံ မလှဘူးတဲ့ တော်တော့်ကို စိတ်မရှည်ချင်စရာ။ ခြေထောက်ကလည်း နာတော့ ပိုစိတ်တိုတယ်။ ဝိုင်းက သူ့ကိုယ်ကိုသူ ဖက်ရှင်ကျတယ်လို့ ထင်တာ။ မိတ်ကပ်မလိမ်း၊ မျက်ခုံးမွှေးမဆွဲ၊ နှုတ်ခမ်းနီမဆိုး၊ အရပ်က ပုကွကွ၊ ခန္ဓာကိုယ်က အချိုးမကျနဲ့ ဘယ်လိုမှ  မတိုင်မကျ၊ သာမန်ရုပ်ရည်ပဲရှိတဲ့ လူတစ်ယောက်က သူ့ကိုယ်သူ စတိုင်ကျ၊ ဖက်ရှင်ကျတယ်လို့ထင်နေတာ ရယ်ချင်မိသား။ တခါတလေ လည်ဆွဲဆန်းဆန်းတွေ ဆွဲလာပြီး ဓာတ်ပုံထဲမှာ ပေါ်နေချင်သေးတယ်။ အင်္ကျီက တခါလာလည်း အညိုရောင် လည်ထောင်အင်္ကျီ မစ်ဒါဝတ်။ အနွေးထည်ကုတ်အင်္ကျီဝတ်လာပြီး ဓာတ်ပုံရိုက်ရင် ကုတ်အင်္ကျီကို ချွှတ်ပြီး ကိုယ့်ကိုကိုင်ခိုင်း။ အနွေးထည်ကုတ်အင်္ကျီနဲ့ဆိုရင် ပုပုဝဝ ဖြစ်နေတယ်လို့ ထင်ရလို့တဲ့။ ကိုယ်က ကုတ်အင်္ကျီကို ချွှတ်လိုက်၊ ဝတ်လိုက်နဲ့ သိပ်ရှုပ်တာပဲလို့ ထင်တယ်။ လှတဲ့သူဟာ ကုတ်အင်္ကျီ ဝတ်ထားလည်း လှတာပဲ။ ဆောင်းရာသီဆို ကိုယ်က ဒေါင်းဂျက်ကပ် အမြဲဝတ်တယ်။ ဝိုင်းက ဒေါင်းဂျက်ကပ်က ထူထူပွပွကြီး ရုပ်ဆိုးတယ်ဆိုပြီး မဝတ်ဘူး။



မနှစ်ကဆောင်းတွင်းတုန်းက အမှတ်ငါးလမ်းမကြီးတလျှောက် လမ်းလျှောက်နေတုန်း လေတိုက်တော့ ဝိုင်းက ချမ်းလို့လမ်းမလျှောက်နိုင်တော့ဘူးတဲ့။ ရာသီဥတု ဒီလောက်အေးတာကို ဒေါင်းဂျက်ကပ်မှ မဝတ်ဘဲ ချမ်းတော့မှာပေါ့။ ဓာတ်ပုံထဲမှာ လှချင်တာနဲ့ ဒေါင်းဂျက်ကပ် မဝတ်ဘူး။ ကိုယ်ကတော့ ဓာတ်ပုံထဲမှာ ထူထူပွပွကြီး ဖြစ်နေပါစေ မချမ်းဖို့က အဓိက။ အီတလီမှာဆို ဘယ်သူမှ ဒေါင်းဂျက်ကပ် မဝတ်ကြဘူးတဲ့။ အီတလီက အေးမှမအေးတဲ့ဟာကို။ အီတလီမှာဆို ဘလေဇာအောက်က အစိမ်းရောင်အင်္ကျီဆို အိတ်၊ ပုဝါ၊ Assesscories တွေကလည်း အစိမ်းရောင်။ လုပ်ဖော်ကိုင်ဖက်တွေ ညဖက်ဒင်နာစားကြမယ်ဆိုရင် အီတလီတွေက အိမ်ပြန်၊ ရေမိုးချိုး၊ မိတ်ကပ်အပြည့်၊ ဒင်နာဂါဝန်တွေ ဝတ်ကြတာတဲ့။ အီတလီတွေက ဖက်ရှင်ကျပါလိမ့်မယ်။ အမေရိကန်တွေကတော့ ဖက်ရှင်ထက် သက်တောင့်သက်သာ ဖြစ်တာကို သိပ်အရေးထားတာ။ ကိုယ်လည်း အမေရိကန်တွေလို ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးတယ်။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်၊ ဘူတာရုံတွေမှာ ရထားပြောင်းရင် အနည်းဆုံး ငါးမိနစ်၊ ဘူတာကနေ ကိုယ့်ရုံးကို ငါးမိနစ်၊ နယူးယောက်မှာ တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်နေရတာ ဘယ်လိုလုပ် ဒေါက်မြှင့်စီးနိုင်မလဲ။ လူးပပ်ကြောင့် ခြေထောက်နာနေတတ်တော့ ပိုဆိုး Sneakers ဖိနပ်ထက် မန်မိုရီဖောင်းပါတဲ့ အပြေးဖိနပ်ကိုပဲ စီးနိုင်တော့တယ်။ အင်္ကျီဆိုလည်း ခန္ဓာကိုယ်မှာ ကပ်နေတာထက် ချောင်ချောင်ပွပွလေးကို ပိုသဘောကျတယ်။



စကပ်ထက် ဘောင်းဘီကို ပိုကြိုက်တယ်။ တခါတလေ မိန်းကလေးဆန်ဆန် ဂါဝန်တွေ ကြိုက်ပေမဲ့ အမြဲတမ်း ဝတ်ဖြစ်တာက တီရှပ်နဲ့ ဂျင်းဘောင်းဘီ။ ကိုယ်က ကိုယ့်ကိုကိုယ် ဖက်ရှင်မကျမှန်း သိတယ်။ မကြီးလို ဖက်ရှင်ကျတဲ့သူတွေကို မြင်ဖူးထားတော့ ဝိုင်းက သူ့ကိုယ်သူ ဖက်ရှင်ကျတယ်လို့ ထင်နေတာကို ကိုယ်က ဟားချင်နေတာပေါ့။ ဝိုင်းနဲ့ ခင်လာတာ တစ်နှစ်လောက်ရှိပြီ ဒီတခါပဲ ဝိုင်းကို ကိုယ် စိတ်ဆိုးဖူးတယ်။ စိတ်တိုလို့ တရုတ်တန်းမှာ ဒင်ဆမ်း သွားစားမယ်ဆိုတာတောင် သွားမစားတော့ဘူး။ ဘီဘီဂျီက ချယ်ရီပွင့်တွေက ပန်းရင့်ရောင်။ ကိုယ်ကတော့ ဒီစီက ယိုရှိနိုချယ်ရီပွင့်တွေ အကြိုက်ဆုံးပဲ။ စာဖတ်သူတွေရော ဒီစီ၊ နယူးဂျာဆီ၊ ဘရွှတ်ကလင်းထဲက ဘယ်ချယ်ရီကို အကြိုက်ဆုံးလဲ။

Happy Mother Day !

စန်းထွန်း
မေ ၁၀၊ ၂၀၁၅။


06 May 2015

လွမ်းမိတယ်...

ဘုရားရှိခိုးကျောင်းဆီက ခေါင်းလောင်းသံတွေ ကြားရတဲ့အခါ မင်းရဲ့ ဂစ်တာသံကို လွမ်းမိတယ်....
သစ်ပင်ထက်ဆီမှာ အစိမ်းရောင် သစ်ရွက်ဖူးလေးတွေနဲ့ သြကာသတစ်ခုလုံး လှပနေတဲ့အခါ မင်းကို လွမ်းမိတယ်...
နေရောင်ခြည်နွေးနွေးတွေ ဖြာလဲ့နေတဲ့အခါ မင်းမျက်ဝန်းညိုညိုတွေဆီက ဖြာကျလာတတ်တဲ့ အကြင်နာအကြည့် နွေးနွေးလေးတွေကို လွမ်းမိတယ်....
ပန်းရောင်စုံ ဖူးပွင့်နေတာကို မြင်ရတဲ့အခါ မင်းအပြုံးတွေကို လွမ်းမိတယ်....
စိမ်းညှို့နေတဲ့ ကန်ရေပြင်ကို မြင်ရတဲ့အခါ တည်ငြိမ်အေးချမ်းတဲ့ မင်းမျက်ဝန်းညိုညိုတွေကို လွမ်းမိတယ်....
ကိုယ်တို့အတူလျှောက်ခဲ့ဖူးတဲ့နေရာတွေကို ရောက်တဲ့အခါ မင်းကို လွမ်းမိတယ်....
ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို မြင်ရတဲ့အခါ ကိုယ့်စိတ်တွေဟာလည်း မင်းရှိရာအရပ်ဆီသို့ လွင့်မျောသွားတတ်တယ်....
ကိုယ်တို့ ပြန်ဆုံတွေ့ခဲ့ကြရင် ကိုယ် မင်းကို လွမ်းနေခဲ့တယ်ဆိုတာ ပြောပြချင်မိသား....

စန်းထွန်း
မေ ၆၊ ၂၀၁၅။

02 May 2015

နယူးဂျာဆီ ချယ်ရီပွဲတော်သွား တောလား...

အီတလီနိုင်ငံဘေးက အယ်ဘေးနီးယားနိုင်ငံမှာ သုံးပတ်အလုပ်လုပ်သွားလုပ်ရတာ သောကြာနေ့ကမှ ပြန်ရောက်တယ်။ စုရပ်က Newark Penn Station မှာ မနက် ၁၁ နာရီခွဲ။ Newark Penn Station ကို ကိုယ် ပထမဆုံးရောက်ဖူးတာက ၂၀၁၃ ဂျူလှိုင် ၄ ကိုယ်တို့သူငယ်ချင်းလေးယောက် နယူးယောက်ကို လာလည်တုန်းကပေါ့။ Newark Penn Station နားက ကားပါကင်မှာ ကားထားခဲ့ပြီး Newark Penn Station ကနေ New York Penn Station ကို ရထားစီးကြတာ။ နယူးယောက်က မက်ဟန်တန်ကို ဘယ်သူမှ ကားမမောင်းရဲကြဘူး။ ရထားဘူတာမှာ လူတွေကလည်း အများကြီး၊ ရထားလိုင်းတွေကလည်း အများကြီး၊ ဘယ်ရထားကို စီးရမှန်းမသိ၊ ရထားမြေပုံလည်း ရှာမတွေ့နဲ့ အတော်အူကြောင်ကြောင် ဖြစ်ခဲ့ကြတာ။ ရထားလက်မှတ်ကလည်း ဝါရှင်တန်ဒီစီနဲ့ ဘော်စတွန်မှာဆို 1 Day Pass ရှိတယ်။ နယူးယောက်မှာတော့ မရှိဘူး Metro Card ကို ၁ ကျပ်နဲ့ဝယ် ပိုက်ဆံထည့် လေးယောက်ဖြတ်လို့ရတယ်။ နယူးယောက် subway တွေက အဝင်ပဲ ဖြတ်စရာလိုတယ် အထွက်ဖြတ်စရာမလိုဘူး။

လူးဝစ်တစ်ဖနီရဲ့အိမ်
ဒီ neighborhood မှာ သက်တမ်းအကြာဆုံးအိမ် ၁၇၁၄ မှာ ဆောက်ခဲ့တာတဲ့


ကိုယ့်အိမ်ကနေ ၉  နာရီခွဲလောက်ထွက် 7 ရထားကို နှစ်ဘူတာစီး Jackson Hegihts/ 74 Broadway ဘူတာကနေ F အမြန်ရထားစီးပြီး မြို့လယ်က 34 st Hearald Station မှာဆင်း။ နယူးဂျာဆီနဲ့ နယူးယောက်ကို ပြေးဆွဲနေတဲ့ PATH ရထားကို 33 rd မှာ စီး။ ရုံးပိတ်ရက်မို့ ရထားက တစ်စီးတည်း အကြာကြီးစောင့်ရတယ် မောင်းတာကလည်း နှေးတယ်။ ဂိတ်ဆုံး Journal Square မှာ ဆင်း World Trade Center ကနေ Newark ကို ပြေးဆွဲတဲ့ PATH ကို Journal Square ကနေ စောင့်စီး။ ရထားထွက်ဖို့ကို တော်တော်ကြာအောင် စောင့်ရတယ်။ Harrison ဘူတာကို ဆယ်မိနစ်လောက် စီးရပြီး Harrison နဲ့ Newark ကတော့ တစ်မိနစ်လောက်ပဲ ဝေးတယ်။ ၁၁ နာရီ ခွဲလို့ ၁၂ နာရီတောင် ထိုးတော့တယ်။ ဂျွှန်က စောင့်နေမယ် မထင်ဘူး အလွန်ဆုံး ဆယ်မိနစ်လောက်ပဲ စောင့်တာ။ ကိုယ့်ဘာသာ သွားမယ်လေ လမ်းသိလို့လား ဝိုင်းက ဂျွှန့်ကို မေးဖူးတယ်တဲ့ သွားရတာ အတော်လေး ရှုပ်ထွေးတယ်တဲ့။ တက္ကစီ ငှားသွားရအောင်။ Newark Penn Station ရောက်တော့ ဂျွှန်က စောင့်နေသေးတယ်။ ရထားတွေက တော်တော်ကြာလို့ တော်တော်ကြာအောင် စောင့်ပေးနေတယ်။ ကိုယ်တို့ရုံးက ဟိုနားလေးမှာ အဲဒီလို အသွား တစ်နာရီခွဲ ၊ အပြန် တစ်နာရီခွဲ ရထားလေးဆင့် ပြောင်းစီးပြီး ရုံးတက်ရတာ။ ရုံးတက်ရက်တွေဆိုရင် ရထားတွေက မြန်သလို တစီးနဲ့တစီး ငါးမိနစ်၊ အလွန်ဆုံး ဆယ်မိနစ်လောက်ပဲ။ အိုးမဲ့အိမ်မဲ့တွေများတော့ safe ဖြစ်တယ်လို့ မခံစားမိဘူး။


weeping ချယ်ရီ

Light Train ရထားစီးဖို့ လက်မှတ်ဝယ်တော့ အသွား တကျပ်ခွဲ၊ အပြန် တကျပ်ခွဲ။ လက်မှတ်ကို ဘောက်လေးထဲထည့်ပြီး time stamp လုပ်တယ်။ ရထားလက်မှတ်စစ်က လက်မှတ်တွေကို လိုက်စစ်တယ်။ ရထားက  ၂ ကားပဲပါတယ် Newark subway line တဲ့။ လူတွေက နွမ်းပါးတဲ့ပုံ ဒီနေရာတဝိုက်က safe မဖြစ်ဘူးတဲ့။ Davenport မှာဆင်းပြီး ပန်းခြံဆီ လမ်းလျှောက်တော့ ဖြတ်သွားရတာက Forest Hillls neighborhood က လူချမ်းသာတွေ နေတဲ့ရပ်ကွက်တဲ့။ အဲဒီအိမ်က တစ်ဖနီကုမ္ဗဏီတည်ထောင်သူ လူးဝစ်တစ်ဖနီရဲ့အိမ်ရဲ့။ နောက်တစ်အိမ်ကတော့ ဒီမြို့မှာ သက်တမ်းအရှည်ကြာဆုံးအိမ် ၁၇၁၄ မှာ ဆောက်ခဲ့တာတဲ့ ခုတော့ landmark ဖြစ်နေပြီ။ အမေရိကန်မှာ ဂျပန်ချယ်ရီပင်တွေ အများဆုံးရှိတာ ဘရန့်ဘရွတ်ပန်းခြံပါတဲ့။ ၁၉၂၇ မှာ နယူးဂျာဆီပြည်နယ် Orange မြို့က နေအိမ်မှာ ချယ်ရီတွေ စိုက်ပျိုးတာ အောင်မြင်လို့ Caroline Bamberger Fuld က ချယ်ရီပင် ၂၀၀၀ ကျော် လှုဒန်းခဲ့ပါတယ်။ ၁၉၇၆ မှာ ချယ်ရီပွဲတော်ကို စတင်ကျင်းပပါတယ်။ ၂၀၀၄ မှာတော့ မူရင်းစိုက်ပျိုးခဲ့တဲ့ ချယ်ရီပင်တွေက တထောင်အောက်လောက်ပဲ ကျန်ပါတော့တယ်။ ၂၀၀၆ မှာတော့ နောင်လေးနှစ်အတွင်း ချယ်ရီပင် ၃၀၀၀ ကျော် ထပ်စိုက်ပျိုးဖို့ ဂရန့်ရခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ချယ်ရီပင် ၁၀၀၀ ကျော် ထပ်စိုက်ပျိုးတာမို့ ဘရန့်ဘရွတ်ပန်းခြံမှာ ချယ်ရီပင် ၅၀၀၀ ကျော် ရှိပါတယ်။ ချယ်ရီပင်တွေက ပန်းနုရောင်၊ ပန်းရင့်ရောင်နဲ့ အဖြူရောင်တွေပါ။ ဘရန့်ဘရွတ်ပန်းခြံရဲ့ ထူးခြားချက်က weeping ချယ်ရီပင်တွေပါတဲ့။ ဂျပန်တွေကတော့ ဝါရှင်တန်ဒီစီက ယိုရှိနို အဖြူရောင် ချယ်ရီပင်တွေကို ပိုကြိုက်ပါသတဲ့။ ဒီနေ့ပဲ ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပွဲတော်ကို သွားခဲ့သေးတယ်။




လွန်ခဲ့တဲ့အပတ်က ဘရွှတ်ကလင်း ချယ်ရီပွဲတော်လက်မှတ်က ၂၅ ကျပ်။ စနေနေ့မနက် ၁၀ ကနေ ၁၂ အထိ ဝင်ကြေးအခမဲ့ ၁၂ နာရီကျော်သွားရင် ၁၂ ကျပ် ပေးရတယ်။ မနက် ၁၀ နာရီရောက်သွားတော့ လူတွေမှ အများကြီး ကြိတ်ကြိတ်တိုးနေတာပဲ။ ရထားဘူတာနဲ့လည်း မဝေးဘူးဆိုတော့ သွားရလာရ အဆင်ပြေတယ်။ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပင်တွေက ပန်းရင့်ရောင်။ ဝါရှင်တန်ဒီစီ၊ နယူးဂျာဆီ ဘရန့်ဘရွတ်ပန်းခြံ၊ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီတွေထဲမှာ ဒီစီက ချယ်ရီတွေက အလှဆုံးလို့ ကိုယ်ထင်တယ်။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် ဂျပန်က ချယ်ရီပွဲတော်ကို မကြာခင်ကပဲ ရောက်ခဲ့တယ်။ သူကလည်း ဒီစီက ပိုလှတယ်လို့ ထင်တယ်တဲ့။ ချယ်ရီတွေကတော့ ဂျပန်မှာလည်း လှတာပဲ ဒီစီမှာလည်း လှတာပဲ။ ဒါပေမဲ့ ဒီစီက မိုးနှုးမတ်ကျောက်တိုင်၊ ဂျက်ဖာဆန်မန်မိုရီယမ်တွေရှိတော့ ဓာတ်ပုံတွေမှာ ပိုထင်ရှားတာပေါ့တဲ့။ ကန်နယ်လေးဘေးမှာ လမ်းလျှောက်ရတာကို သိပ်သဘောကျလိုက်တာ။ ၃ မိုင်လောက် လျှောက်ပြီးရင်ပဲ ခြေထောက်က နာချင်နေပြီ။ ကိုယ်တို့ လမ်းမလျှောက်တာ ကြာပြီ။ ဝိုင်းက အယ်ဘေးနီးယားမှာ ပိတ်ရက်တွေဆို အလုပ်လုပ်ရတယ်။ ကိုယ်ကလည်း ပိတ်ရက်တွေဆို ခြေထောက်၊ ကိုယ်လက်တွေ နာနေတတ်လို့ အနားယူနေရတာ တလလောက်ရှိပြီ။ ဂျွှန့်ကို သိပ်ကျေးဇူးတင်တာပဲ ဒီလို meet up အဖွဲ့တွေကြောင့်သာ နယူးယောက်တခွင် အနှံ့ရောက်ဖူးတယ်။ ဒီနေ့သွားဖြစ်တဲ့ ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်း ချယ်ရီပွဲတော်ကို နောက်မှတင်ပါဦးမယ်။ ဧပြီ၊ မေလတွေကတော့ ချယ်ရီပွဲတော်ကာလတွေလို့ဆိုရမလားဘဲ။

စန်းထွန်း
မေ ၂၊ ၂၀၁၅။