၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၅

၂၀၂၃ ဒီဇင်ဘာ ၂၇ ဗုဒ္ဓဟူးနေ့ မက်ဟက်တန်ကအပြန် R ရထားပေါ်မှာ ရှေ့မှာထိုင်နေတဲ့ အမက စန်းစန်းဆိုပြီး နှုတ်ဆက်တော့ မမှတ်မိဘူး။ Mask ချွှတ်ပြတော့မှ ဂျပန်မမှန်း မှတ်မိပေမဲ့ နာမည်မမှတ်မိ။ မတွေ့တာလည်း ဆယ်နှစ်ကျော်ပြီကိုး။ ၂၀၁၃ Meetup အဖွဲ့မှာတွေ့ပြီး Bryant Park က free concert အတူတူကြည့်ဖူးတယ်။ နတ်စုကို တွေ့ချင်လို့ အိမ်လိုက်လည်ဖူးတယ်။ အဲ့ဒီတုန်းက သူကအင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်တော့ ပြောရတာအဆင်မပြေဘူး။ ဖေ့ဘွတ်မှာရှိပေမဲ့ အဆက်အသွယ်မရှိတော့ဘူး။ ကိုယ်ဖေ့ဘွတ်မှာ တင်နေတဲ့ဓာတ်ပုံတွေတွေ့နေတော့ အဖေတို့ရဲ့ အပြာရောင်ဒေါင်းဂျက်ကက်ကို မှတ်မိနေတာတဲ့။ ကိုယ့်တို့ကို ဓာတ်ပုံရိုက်ပေးတယ်။ ၂၀၂၃ ဒီဇင်ဘာ ၃၁ တနင်္ဂနွေနေ့ ဘရွှတ်ကလင်း မစိုးရိမ်ကျောင်းအလှူကိုသွားတယ်။ R စီး Q ရထား ဂိတ်ဆုံးနီးပါး တနာရီ မိနစ် ၂၀ လောက် စီးရတယ်။ မိသားစု၊ သူငယ်ချင်းတွေ တယောက်တဗန်းယူပြီး စားကြသောက်ကြ ဆုံတွေ့ကြတာ ပျော်စရာကြီး။ နှစ်တိုင်းနီးပါး သွားဖြစ်တယ်။ အမေလုပ်တဲ့ မုန့်ဖက်ထုပ် တနာရီအတွင်း ပြိုက်ခနဲကုန်သွားတယ်။ မမီးနဲ့ တွေ့တယ် မခိုင်ကတော့ ထိုင်းကိုရောက်နေလို့ မတွေ့ဖြစ်ဘူး။ ကိုယ့်ဘလော့ကို ဖတ်ဖူးတဲ့ အမတယောက်နဲ့လည်း ဆုံတယ်။ ဗော်လန်တီယာအလုပ်က အမတွေနဲ့ဆုံတယ်။ ခံယူချက်၊ ယုံကြည်ချက်တူတဲ့သူတွေဆိုတော ညီအကိုမောင်နှမတွေလိုပါပဲ။ ဘုန်းဘုန်းက အဖေတို့ကို ရောက်တာကြာပြီလား၊ အလုပ်အကိုင်အဆင်ပြေလားမေးတော့ ရောက်တာမကြာသေးဘူး အလုပ်လည်းမလုပ်ဘူး။ ဝင်ငွေမရှိသေးတော့ မလှူနဲ့လို့ ဘုန်းဘုန်းကမိန့်တော့ သဘောတွေကျနေကြတာ။

Happy Traveling!

စန်းထွန်း

မတ် ၁၃၊ ၂၀၂၄။

No comments: