၂၀၂၃ ဒီဇင်ဘာ ၁၁ တနင်္လာနေ့ မိုင်ယာမီမြို့ထဲက ပြန်ရောက်တော့ ခဏနားပြီး ကမ်းခြေသွားတယ်။ အဲ့ဒီနေ့က မိုးအုံ့ပြီးအေးတော့ ရေကူးတဲ့သူ သိပ်မရှိဘူး။ ဇင်ယော်ငှက်တွေ တွေ့တယ်။ နေစောင်းလို့ အေးလာတာနဲ့ ပြန်ခဲ့တယ်။ ယိုးဒယားဆိုင်မှာ ညစာ၊ မနက်ဖြန် မနက်စာ၊ နေ့လည်စာဝယ်ပြီး နယူးယောက်ကို ပြန်တော့မယ်လို့ နှုတ်ဆက်။ ပစ္စည်းတွေသိမ်းဆည်းပြီး နားထဲနားကြပ် sleep mask တပ်ပြီး အိပ်နေတာ အသံမြည်သံကြားပေမဲ့ ကားသံထင်နေတာ။ အဖေက တံခါးကိုဖွင့်ကြည့်တော့မှ သမီးရေ သူများတွေ ဆင်းကုန်ပြီဆိုတော့မှ ထကြည့်တော့ မီးအချက်ပေးသံအော်နေတာ။ ဘာမှမယူနဲ့ ပတ်စ်စပို့၊ ဖုန်းယူပြီးဆင်း။ အရေးထဲ အမေက မျက်မှန်ရှာမတွေ့လို့ ရှာနေရ။ ဓာတ်လှေကားနဲ့ မဆင်းရဘူး လှေကားနဲ့ဆင်းရမှာ။ လှေကားမှာ မီးသိပ်မလင်းတော့ အမေ့ကိုတွဲကိုယ်တို့ကနောက်ဆုံးပဲ။ ဒီနေ့မှရောက်လာတဲ့ ဒိန်းမတ်က အထက်တန်းကျောင်းသူလေးတွေက ရင်ဘတ်မှာစလွယ်သိုင်းအိတ်လေးတွေနဲ့။ ကောင်မလေးတယောက်ကတော့ စားနေရင်းနဲ့ ပြေးဆင်းလာရလို့ ဆက်စားနေလေရဲ့။ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ သူတို့လည်း မသိဘူးတဲ့။ ငါးမိနစ်အတွင်း မီးသတ်ကားရောက်လာပြီး မီးသတ်သမားတွေဝင်စစ်ပြီး အချက်ပေးသံပိတ်လိုက်တော့မှ အထဲဝင်လို့ရတယ်။ အဲဒီညက အိပ်မပျော်။ မနက် ၆ နာရီခွဲ နေထွက်တာ သွားကြည့်တယ်။ မိုင်ယာမီမှာ နေ့တိုင်းနေထွက်တာ သွားကြည့်တာ အဲ့ဒီနေ့က အလှဆုံးပဲ။ နေလုံး ပင်လယ်ထဲက ထွက်လာတာမြင်ရတယ်။ ရောင်စဥ်ရောင်တန်းတွေ ဖြာထွက်ပြီး တိမ်တွေတောက်နေတာ အရမ်းလှတယ်။ ဝိုင်းကို ငါအဲ့ဒီအရောင် ဂါဝန်ဝတ်ချင်လိုက်တာလို့ပြောပြီး ရယ်ရသေးတယ်။
၂၀၂၃ ဒီဇင်ဘာ ၁၂ အင်္ဂါနေ့ Air B&B ညွှန်ကြားချက်ထဲကအတိုင်း အမှိုက်ပစ်ပြီး ဆေးကြော တံမြက်စည်းလှမ်း။ တက္ကစီက မနက် ၉ နာရီခွဲမှာထားတာ ၁၅ မိနစ်စောရောက်လာတယ်။ တံတားပေါ်မှာ လမ်းပိတ်လို့ လေဆိပ်သွားတာကို တနာရီလို့ သတ်မှတ်ထားတာ လမ်းမပိတ်လို့ မိနစ် ၂၀ နဲ့ရောက်သွားတယ်။ မိုင်ယာမီလေဆိပ်က တော်တော်ကြီးတယ်။ ချက်ကင်ဝင်တော့ ခုံနံပါတ် ၁၀ ရလို့ အံ့သြသင့်။ စျေးချတာမို့လို့ ပုံမှန်ဆို နောက်ဆုံး ၃၀ ကျော်မှရတာ။ ဂိတ်ဆီရောက်ဖို့ နာရီဝက်လောက် လျှောက်ရတယ်။ လေဆိပ်မှာလည်း ခဏလေးလိုပဲ ဘယ်လိုလုပ်ပြီး အချိန်ကုန်သွားမှန်းမသိဘူး။ လေယာဥ်က အချိန်မှန်တယ်။ နောက်ခုံက ဂျူးကလေးက ခုံကိုခြေထောင့်နဲ့ဆောင့် အိုင်ပတ်ကြည့် စကားတွေပြောနေကြလို့ အိပ်တောင်မအိပ်လိုက်ရသလိုပဲ။ တရေးအိပ်ဖြစ်အောင် အိပ်လိုက်သေးတယ်။ အိမ်မှာဆိုရင် အမေက ခေါင်းချတာနဲ့အိပ် အပြင်မှာဆိုမအိပ်။ ကိုယ်တို့သားအဖတွေက အိမ်မှာဆိုမအိပ်၊ ရထားပေါ် ကားပေါ်ရောက်တာနဲ့ အိပ်ပြီ။ နယူးယောက်ရောက်တာနဲ့ အေးလိုက်တာ။ ပါလာတဲ့ အနွေးထည်နှစ်ထပ်,ထပ်ဝတ်။ ရှယ်တယ်ဘတ်စ်နဲ့ ဘတ်စ်ကားက သိပ်မစောင့်ရလို့ တော်သေးတယ်။
Happy Traveling!
စန်းထွန်း
မတ် ၆၊ ၂၀၂၄။
No comments:
Post a Comment