နယူးအော်လင်းသွား တောလား - ၄

၂၀၂၃ ဇန်နဝါရီ ၄ ရက် ဗုဒ္ဓဟူးနေ့ နယူးအော်လင်း - နယူးယောက် လေယာဥ်က ညနေ ၅ နာရီမှဆိုတော့ တနေကုန်လည်လို့ရတယ်။ မနက် ၈ နာရီလောက် ချက်ကင်လုပ်ပြီး ကျောပိုးအိပ်တွေကို စတိုခန်းထဲမှာ အပ်ထားတယ်။ Cafe' Du Monde ဆိုင်မှာ နယူးအော်လင်းရဲ့ နာမည်ကျော် Beignets သွားစားတယ်။ နယူးအော်လင်းမှာ နောက်ဆုံးနေ့မို့ ထင်ပါရဲ့  ရာသီဥတုက ကြည်လင်သာယာ နေရောင်တွေ လင်းလက်ပြီး လှပနေတယ်။ ကွန်ဂိုပန်းခြံ၊ Armstrong ပန်းခြံသွားလည်တယ်။ Armstrong ဆိုလို့ ပြောရဦးမယ်။ New York Meetup အဖွဲ့က Flushing မှာ Armstrong ပြတိုက် သွားလည်ကြတော့ ကိုယ်က လကမ္ဘာသွားတဲ့ Neil Armstrong ထင်နေတာ။ မဟုတ်ဘူး နယူးအော်လင်းက Jazz Musician Louis Armstrong တဲ့။ Armstrong ပန်းခြံဆိုကတည်းက သူ့အမှတ်တရပန်းခြံမှန်း သိလိုက်ပါပြီ။ နည်းနည်းကြောက်တော့ ဗူးဒူးတွေဆီတော့ သွားမလည်တော့ပါဘူး။ စိန့်ပေါ့ဘုရားရှိခိုးကျောင်း ဝင်လိုက်တာနဲ့ စိတ်အေးချမ်းလို့ ခဏဝင်ထိုင်တယ်။ ဗွီဒီယိုမရိုက်ရသေးလို့ဆိုပြီး ဘုရားကျောင်းထဲ နောက်တခေါက် ထပ်ဝင်ပြန်တယ်။ ပြတိုက် ၂ ခု သေချာဖတ်ကြည့်ပြီး တခုရွေးလိုက်တယ်။ ပြတိုက်ထဲ စိတ်ဝင်စားဖို့ကောင်းတယ်။ နေ့လည် ၁၂ နာရီလောက် ပထမဆုံးနေ့က တရုတ်ထမင်းဆိုင်မှာ သွားစားတယ်။ xiao long bao ၂ ပွဲစားတယ်။ နယူးယောက်က နာမည်ကြီး Joe Shanghai ထက် အများကြီးကောင်းတယ်။ Outer banks ကပြန်လာပြီးကတည်းက raw oyster ကြိုက်နေလို့ မနေ့ညကဆိုင်မှာ သွားစားတယ်။ လမ်းမှားနေလို့ တပတ်လောက် ပတ်လိုက်သေးတယ်။ အမနှစ်ယောက်အတွက် လက်ဆောင်အဖြစ်  Cafe' Du Monde က ကော်ဖီဘူးရှာတာ ကော်ဖီမဟုတ်ဘူး ဘာလဲမသိဘူးနဲ့ လိုက်ရှာတာမတွေ့ဘူး။တက္ကစီစောင့်နေတုန်း ခရစ်စမတ်သစ်ပင်နဲ့ ဓာတ်ပုံရိုက်။ လေဆိပ်မှာစောင့်နေတုန်း Cafe' Du Monde ကော်ဖီတွေ့တော့ စျေးကြီးမှန်းသိပေမဲ့ လက်ဆောင်ပေးချင်လို့ ဝယ်လိုက်တယ်။ အိမ်နားက တရုတ်ဆိုင်မှာ ၃ ကျပ်လောက်သက်သာတွေ့တော့ ရင်ထုမနာတွေဖြစ်။ ညနေ ၃ နာရီ ပထမဆုံးနေ့က တက္ကစီသမားပဲ လာကြိုပြီး လေဆိပ်ကို လိုက်ပို့ပေးတယ်။ နယူးအော်လင်းကနေ ၄ နာရီလောက်ပဲ စီးရပြီး နယူးယောက်ကို ည ၉ နာရီရောက်တယ်။ လာဂွာရီးရာလေဆိပ်ကနေ ကိုယ့်အိမ်ကို နာရီဝက်လောက်ပဲ။ ဖေဖေါ်ဝါရီလမှာ အဖေတို့ အမေရိကန်သံရုံးမှာ အလည်ဗီဇာအတွက် အင်တာဗျူး။ ဗီဇာရပြီး တလအကြာ မတ်လမှာ အဖေတို့ စတိတ်လာပြီးကတည်းက အလုပ်များ။ မေလမှာ ဝိုင်းက Texas က San Antonio ကိုသွားလည်ဖို့ပြောသား။ ကိုယ်မအားတာနဲ့ မသွားဖြစ်ဘူး။ ဝိုင်းကလည်း ရာထူးတိုးလို့ ဇွန်လမှာ အီဂျစ်ကိုပြောင်းသွားတယ်။ နယူးအော်လင်းခရီးပြီးကတည်းက ခရီးမသွားတာ ၇ လရှိပြီ။ ခရီးသွားချင်တိုင်း ယူကျူကနေ ခရီးသွားဗွီဒီယိုတွေ ကြည့်နေရတယ်။

Happy Traveling!

စန်းထွန်း

သြဂုတ် ၅၊ ၂၀၂၃။

St. Louis Cathedral
နာမည်ကျော် Beignets
Armstrong ပန်းခြံ
Jazz musician Louis Armstrong
ပြတိုက်ရှေ့
အရမ်းကောင်းတဲ့ Xiao Long Bao
Outer Banks က ပြန်လာပြီးကတည်းက raw oyster အရမ်းကြိုက်

From New Orleans to New York City
တက္ကစီစောင့်နေတုန်း ဟိုတယ်ထဲက ခရစ်စမတ်သစ်ပင်နဲ့
လက်ဆောင်ပေးဖို့ လေဆိပ်မှာ စျေးကြီးပေးပြီးဝယ်..အိမ်နားက တရုတ်ဆိုင်မှာ
၃ ကျပ်လောက် သက်သာတာတွေ့

1 comment:

မီးမီးငယ် said...

Coffee ခုထိမဖွင့်ရသေး နောက်တပတ်ဆို အိမ်ကအကျန်ကုန်ပြီ ဖွင့်ရတော့မယ် ကျေးကျေးပဲ ချစ် ညလေး ...