နယူးအော်လင်းသွား တောလား - ၃

၂၀၂၃ ဇန်နဝါရီ ၃ အင်္ဂါနေ့ မနက် ၇ နာရီခွဲ ဟိုတယ်ကနေထွက်။ မနေ့ကသွားခဲ့တဲ့ လမ်းမကနေမဟုတ်ဘဲ တခြားလမ်းကနေ မြို့ထဲကိုသွားတော့ Viator Tour နဲ့ ချိတ်ထားတဲ့ ကော်ဖီဆိုင်မှာ ၂၀ % ဒစ်စကောင့်ရတော့ နယူးအော်လင်းရဲ့ နာမည်ကြီးတဲ့ Beignets ဝယ်စားတယ်။ ဝိုင်းက ကော်ဖီမသောက်ဘူး ကိုယ်က ဘလက်ကော်ဖီသောက်တယ်။ တပွဲ ၃ ခု နှစ်ပွဲမှာစားတယ် ချိုပေမဲ့ စားကောင်းတယ်။ မုန့်ထိုင်စားပြီး လမ်းတလျှောက် လျှောက်ကြည့်။ မနေ့က စုရပ်ပဲဆိုတော့ လမ်းသိတယ်။ Walgreens မှာ ရေသန့်ဘူးဝင်ဝယ်ပြီး လက်မှတ်ကောင်တာမှာ ချက်ကင်ဝင်။ ဒီနေ့ လူများသား ဘယ်ကလာတာလဲလို့ တိုးဂိုက်ကမေးတော့ အိုင်ယာလန်၊ ကိုရီးယား၊ ကယ်လီဖိုးနီးယား၊ အစုံပဲ။ တိုးဂိုက်က အသက် ၇၀ နီးပါးလောက် ရှိတယ်။ လမ်းတလျှောက် မြင်တွေ့ရတာတွေ၊ သမိုင်းကြောင်းတွေကို ဓာတ်ပုံတွေနဲ့ ရှင်းပြတာ သိပ်နားထောင်ကောင်းတာပဲ။ မြောက်ပိုင်းလို သစ်ပင်တွေနဲ့ စိမ်းစိုနေတာမဟုတ်ဘဲ သံမဏိလိုမာတဲ့ ဆိုက်ပရပ်သစ်ပင်တွေ၊ မြက်ပင်တွေ၊ ရွှံ့နွံတောတွေ၊ မြစ်ချောင်းအင်းအိုင်တွေများပြီး တမျိုးထူးဆန်းတယ်။ မနေ့ကသွားတဲ့ ပလက်တေးရှင်းကို ကျော်ပြီးမှ Oak Alley Plantation ကိုရောက်တယ်။ မြင်လိုက်တာနဲ့ သစ်ပင်ကြီးတွေ စီတန်းပေါက်နေတဲ့ လမ်းမကြီးမှာ ဓာတ်ပုံရိုက်မယ်လို့ ဆုံးဖြတ်ပြီးသား။ လည်ခွင့်ပြုတဲ့ ၂ နာရီအတွင်း ဗွီဒီယိုကြည့်ဖို့စောင့်နေတုန်း သစ်ပင်တန်းကြီးမှာ အပြေးအလွှား ဓာတ်ပုံရိုက်ကြတယ်။ ပြီးတော့ သကြားဘယ်လိုထုတ်တယ်ဆိုတာ ရှင်းပြတဲ့ ဗွီဒီယို ဝင်ကြည့်တယ်။ ဖရီးတိုး ဝင်နားထောင်တယ်။ တိုးဂိုက်ပြောမှပဲ မြေကနိမ့်နေတာ သတိထားမိတယ်။ ကျွှန်တွေနေတဲ့အိမ်ကလေးတွေ လိုက်ကြည့်တယ်။ စာတွေနဲ့ရှင်းပြထားတော့ လိုက်ဖတ်တယ်။ အိမ်သာဝင်ပြီး တိုးကားလာတာကိုစောင့်ပြီးတော့ swamp boat တိုးဆီ သွားကြတယ်။

ဒီတိုးက private ဒီရေတောဆိုတော့ ဘုတ်ကတစီးထဲ။ alligator vs crocodile မသိလို့ ဂူဂယ်မှာရှာ။ အယ်လီဂေတာက U shape ရေချိုမှာနေတယ်။ မိကျောင်းက V shape ရေငန်၊ ရေချိုရေငန်ဆုံတဲ့နေရာမှာ နေတယ်။ နာမည်ခေါ်လိုက်တာနဲ့ စားနေကျ raccoon က ပြောင်းဖူးစားဖို့ ပြေးလာတယ်။ marshmallow ပစ်ပေးလိုက်ရင် alligator တွေလာစားတယ်။ ၂ နှစ်သား ဘေဘီ alligator လေးကို နှုတ်သီးကြိုးတုပ်ပြီး တယောက်တလှည့်ကိုင်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ကိုယ်တို့နှစ်ယောက်က မကိုင်ဘူး။ ကြိုက်တဲ့ဓာတ်ပုံလေးတွေရလို့ ပျော်တယ်။ ပင်လယ်စာစားတယ် ဝိုင်းကသိပ်မကြိုက်။ raw oyster စားတယ်။ bucket list ထဲက နယူးအော်လင်းကို ရောက်ဖူးပြီ။ သူများတွေကတော့ Mardi Gras ကျင်းပချိန် ဖေဖေါ်ဝါရီ၊ မတ်လလောက်မှာ နယူးအော်လင်းကို သွားချင်ကြတာ။ ကိုယ်ကတော့ အဲ့ဒီအချိန်ကို ရှောင်ပြီးသွားတာ။ လူများပြီး သောက်ကြ၊ စားကြ၊ သီချင်းတွေနဲ့ကကြ ကိုယ်အကြိုက်မဟုတ်။ မနက်ဖြန် နောက်ဆုံးနေ့ ဘယ်တွေသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇူလှိုင် ၂၉၊ ၂၀၂၃။

https://www.viator.com/tours/New-Orleans/Swamp-Boat-Ride-and-Southern-Plantation-Tour-from-New-Orleans/d675-3780SWPL

Gone With The Wind ထဲက စကားလက်အိုဟာရာရဲ့ တာရာစံအိမ်ကြီးကို
ရောက်သွားသလို ထင်ရတဲ့ Oak Alley Plantation 
Alligators
Racccon

No comments: