အဖေတို့ စတိတ်ကို ၂၀၁၇ မှာ ရောက်ခဲ့တာဆိုတော့ မရောက်ဖြစ်တာ တော်တော်ကြာပြီ။ ၂၀၁၉ မှာ ကိုယ်မြန်မာပြည် အလည်ပြန်၊ မောင်မောင်ဆုံးတော့ တခါပြန်။ ၂၀၂၂ ဧပြီမှာ ထိုင်းမှာ မိသားစုတွေဆုံကြတယ်။ စတိတ်မလာတာကြာတော့ စတိတ်လာချင်နေတယ်။ ရန်ကုန်က သံရုံးမဖွင့်တော့ စလုံးကအမေရိကန်သံရုံးမှာ အင်တာဗျူးဝင်ဖို့ ပြင်ဆင်။ အဖေက ရန်ကုန်က အမေရိကန်သံရုံးနားဖြတ်တော့ သံရုံးဖွင့်ပြီလား ကြည့်ပါဦးသမီးရဲ့ ပြောလို့ ကြည့်လိုက်တာ သံရုံးဖွင့်တယ်။ စလုံးကအမေရိကန်သံရုံးမှာ သွားပြီးအင်တာဗျူးဝင်ရမှာ ပိုက်ဆံပိုကုန်တာကိုး။ စလုံးအင်တာဗျူးကြေး ပြန်တောင်းလို့မရမှန်း သိပေမဲ့ ရလိုရငြား တောင်းကြည့်သေးတယ် မရပါဘူး။ ရန်ကုန်မှာ အင်တာဗျူးဝင်ဖို့ပြင်ဆင် အသိမိတ်ဆွေတွေကိုလည်း အသိပေး။ အသိမိတ်ဆွေအတွက် အင်တာဗျူးဘွတ်ပေး။ အင်တာဗျူးဝင်တော့ အရာရှိကလည်တယ် အဖေ့ကိုမမေးဘူး အမေ့ကိုမေးတယ်။ အဖေက အမေနားမကြားလို့ သူဖြေပေးမယ်ဆိုတာကို ဦးလေးလုံးဝဝင်မဖြေပါနဲ့တဲ့။ အမေကလည်း တလွဲတွေဖြေ ဘယ်တုန်းကရောက်ခဲ့လဲ၊ ဘယ်သူရှိလဲ၊ ဘယ်လောက်နေခဲ့လဲဆိုတော့ ၆ လတဲ့ အမေတို့ တလခွဲလောက်ပဲ နေခဲ့တာလေ။ စတိတ်မှာ ဘယ်လောက်ကြာကြာနေချင်လဲမေးတော့ တစ်နှစ်နေချင်တယ်တဲ့။ အရာရှိတွေ ရယ်လိုက်ကြတာ တစ်နှစ်တော့မရဘူးအန်တီရေ ၆ လပဲရမယ်။ အဖေက ကနေဒါကိုသွားလည်ချင်လို့ ပြန်ဝင်ရတဲ့ ဗီဇာပေးပါပြောတော့ စီးပွားရေးဗီဇာပဲ အဲ့လိုရတာ အလည်ဗီဇာက မရဘူးတဲ့။ လေယာဥ်လက်မှတ်အမြန်ဝယ်ပြီး ဗီဇာဝင်ပြီးတလအကြာ စတိတ်ကိုလာခဲ့ကြတော့တာပဲ။ အဖေက တလလုံးလုံး တချက်ကလေးမှ မနားခဲ့ရဘူးတဲ့။ လေယာဥ်ပေါ်ကျမှပဲ နားရတော့တယ်။
စတိတ် ၃ ခါရောက်ဖူးပြီဆိုတော့ စိတ်တော့မပူပါဘူး။ အဖေက လူ့ကဲခတ် အရိပ်အခြေကြည့်နေသူ ဝိုင်ဖိုင်ချိတ်ပြီး ဘိုင်ဘာသုံးတတ်တယ်။ အသိအန်တီလည်း အဖေတို့နဲ့လိုက်လာတယ်။ အဖေနဲ့အန်တီက သားသမီးတွေကို ဟိုင်းကြီးကနေ ပုသိမ်မြို့ကျောင်း ပထမဆုံးပို့တဲ့မိဘတွေ။ အဖေက ဘိုင်ဘာတက်မလာ။ အန်တီက ဘိုင်ဘာကနေ သူ့ပတ်စ်ပို့သူသွားပြီး ဟိုဖက်ခေါ်သွားတယ်ဆိုတော့ သူ့သမီးတွေက ကိုယ့်ကိုဖုန်းခေါ်။ စိတ်မပူပါနဲ့ အဆင်ပြေမှာပါ လိပ်စာ၊ ဖုန်းနံပါတ်ပါတဲ့စာရွက်ကိုင်ထားတာပဲ။ တခုခုဆို လူဝင်မှုကြီးကြပ်ရေးက ဖုန်းခေါ်မှာပါ။ လေယာဥ်ဆိုက်ပြီး တနာရီခွဲလောက် ကြာတော့မှထွက်လာကြတယ်။ ဝှီးချဲသမားတွေကို တစ်ဖ်ပေးတာနည်းလို့တဲ့ ထပ်ပေးရတယ်။ အဖေဘာလို့ဘိုင်ဘာမချိတ်တာလဲဆိုတော့ ချိတ်နေတုန်း အင်မီကရေးရှင်းတန်းစီရတော့ ဖုန်းမသုံးရဘူးလေတဲ့။ အရင်က Cathay Pacific လာနေကြ ခုတော့ Korean Airline။ ၂၀၂၃ မတ်လ ၂၃ ကြသပတေးနေ့ ရောက်လာကြတယ်။ လေယာဥ်ပေါ်ကဆင်းတာနဲ့ အေးလို့တဲ့။ အကြောင်းသိလို့ down jacket တွေယူသွားတာ ချက်ချင်းဝတ်ခိုင်းရတယ်။ နေ့နဲ့ညနဲ့ မှားနေကြတယ် နောက်နေ့ကြတော့ မန်ဟက်တန် midtown တဝိုက်က The Wave၊ Empire State၊ Macy၊Times Square ထဲ လိုက်ပို့တယ်။ မေစီစတိုးထဲ အန်တီပျောက်သွားလို့ အောက်ထပ်တထပ်လုံး နှစ်ပြန်သုံးပြန်ပတ်ရှာ ခေါင်းကိုကြီးသွားတာပဲ။ ပြန်တွေ့တော့ ဆူလိုက်တယ် လျှောက်သွားမနေနဲ့ ဖုန်းကဒ်လည်းမရှိဘူး လူဒီလောက်အများကြီး ဘယ်လိုလုပ်မလဲ။ သူလည်းကြောက်သွားတယ်ထင်ပါ့ တိုင်းစကွဲသွားတော့ ကိုယ့်နားပဲကပ်နေတော့တယ်။ ကိုယ့်မိဘတွေကတော့ ပြောစရာမလို စိတ်ပူစရာမလိုဘူး၊ ကိုယ့်ကိုကြည့်ပြီး ကိုယ့်နောက်က တကောက်ကောက်လိုက်နေကြတာ။ အဖေနဲ့အမေ တော်တော်အိုသွားကြတယ်။ မိဘတွေ အသက်ကြီးလာတာ မြင်ရတာ စိတ်မကောင်းလိုက်တာ။
Happy Traveling!
စန်းထွန်း
သြဂုတ် ၂၆၊ ၂၀၂၃။
JFK လေဆိပ် |
အနှိပ်စက် ကြိုက်နေကြပြီ |
The Wave |
Empire State Building |
Empire State Building |
Macy Shopping Mall |
Time Square |
Time Square |
No comments:
Post a Comment