တူတော်မောင် - ၆

အဖေတို့ ရန်ကုန်လာရင် တူတော်မောင်က တညလာအိပ်တယ်။ တိုက်ခန်းက ဘုရင့်နောင်လမ်းမနဲ့ကပ်လျပ် ညဖက်သစ်လုံးကားတွေဖြတ်တော့ မြေကြီးကိုတုန်နေတာပဲ။ တူတော်မောင်က ဆူညံလို့အိပ်မပျော်ဘူးဆိုပြီး ထထိုင်မယ်လုပ်နေတာ မနက် ၂ နာရီကတည်းကတဲ့။ ခုအရွယ်ကတည်းက အိပ်မပျော်ရင် အသက် ၄၀ လောက်ဆို ဘယ်လိုများနေလဲမသိဘူး။ တူတော်မောင်က နေမကောင်းလို့ ညဖက်အိပ်မပျော်ဘူးတဲ့။ အိပ်မပျော်တော့ ဘာလုပ်နေလဲမေးတော့ မျက်စိမှိတ်ပြီးထိုင်နေတယ်။ ဘာတွေတွေးနေလဲမေးတော့ မနက်ဖြန် ဘာဂိမ်းဆော့မယ် တီဗွီမှာဘာအစီအစဥ်တွေလာမှာ ဘာတွေကြည့်မှာလို့ စဥ်းစားနေတာတဲ့။ ကိုယ်တွေနဲ့ စကားပြောနေရင်း မေမေ လောင်းကစားလုပ်နေတာလားလို့ လှမ်းမေးလို့ သူ့အမေက လောင်းကစားလုပ်နေတာ မဟုတ်ဘူး။ ကျောင်းသား‌ကို အကြွေလဲပေးနေတာလို့ အမြန်ပြန်ဖြေရတယ်။ အဲ့ဒီလို သူ့အမေလည်းမချန် ဆရာကြီးလုပ်တာ။ သူ့အမေရဲ့ကျောင်းသားတွေကိုလည်း ‌ဟေ့ကောင်တွေ ကြိမ်လုံးယူပေးရမလားနဲ့ ခြိမ်းခြောက်သေးတယ်။ မီးမလာဘူး အင်ဗာတာချွှေသုံးရမယ် ဘယ်အချိန်မီးလာမယ် ‌ဘယ်အချိန်မီးပျက်မယ်။ ဟော မီးလာရင်းနဲ့ မီးပျက်သွားပြန်ပြီ အဲ့ဒါမအလကြောင့်။ မီးမလာတော့ ဘာလုပ်လဲ စာလုပ်တယ်တဲ့။ ယူကျူကနေ ကမ္ဘာလုံးလုပ်တာကြည့်ပြီးလုပ်တယ်။ ကက်ထူစက္ကူတွေကိုရေစိမ် နေလှန်း ကက်ထူစက္ကူမရှိလို့ ကြီးကြီးရေ ပို့ပေးပါတဲ့။ ကုန်စုံဆိုင်တွေမှာ ဝယ်လို့ရပါတယ် သူ့အမေက အလုပ်ရှုပ်လွန်းလို့ မရှိဘူးလို့ ညာထားတာတဲ့။ ကုန်စုံဆိုင်မှာ ဝယ်လို့ရတယ်လို့ပြောတော့ သူ့အမေကိုတကျီကျီ။ သူ့သားက လိုချင်တာကို မရမကဇွဲကြီးကြီးနဲ့ လုပ်တတ်တာ မသိတာလည်းမဟုတ်။ ကလေးကို သေသေချာချာ ရှင်းပြရင် နားလည်ပါတယ်။ မရှင်းပြဘဲ မရဘူးလို့ အလွယ်‌ပြောထည့်လိုက်တာပဲ။ ကက်ထူစက္ကူတွေကို ရေစိမ်နေလှန်း သုံးလေးရက်လောက် လုပ်ရတယ်။ ဂျုံမှုန့်ထည့်နယ် ကက်ထူစက္ကူကပ် သူလိုချင်တဲ့အပြာရောင်ဆေးကို မကြီးကိုလှမ်းမှာ။ ရတော့ စိတ်ရှည်ရှည်နဲ့သုတ်ပြီး ကိုယ်တွေကိုကြွားတယ်။ 

တော်လိုက်တာ ဓာတ်ပုံပို့ပေးပါနဲ့ မြှောက်တတ်တဲ့ ကြီးတော်တွေနဲ့ အမြှောက်ကြိုက် တူတော်မောင်နဲ့ လိုက်လည်းလိုက်။ သူက ယူကျူ့ကိုကြည့်ပြီး လျှောက်ထွင်နေတာ ဘုန်းသန့်ခေါင်နဲ့ တက်ခနော်လော်ဂျီ ကုမ္ပဏီထောင်မလို့တဲ့ ပေါ့သေးသေးမဟုတ်ဘူးနော်။ သူ့ဂိမ်းထဲမှာ ရွှေတိဂုံဘုရားပုံ ဆောက်ထားတယ်ဆိုပြီး ကိုယ်တို့ကိုဓာတ်ပုံပြတယ်။ ဝါဝါချွှန်ချွှန်ကြီးက ဘာလဲမေးတော့ ဘုရားလေကြီးကြီးရဲ့ ခဏနေတော့ ကြီးကြီး အဲဒါဘုရားဆိုပြီး voice message ပို့တယ်။ ခဏကြာတော့ ဘုရားလေ ကြီးကြီးရဲ့ အဲ့ဒါဘုရားလို့ voice message ထပ်ပို့ပြန်တော့ ကိုယ်တွေမှာ မပြုံးဘဲဝါးလုံးကွဲ ရယ်ကြတော့တာပဲ။ ကိုယ်တွေစကားများ ကိုယ့်အဖေက စကားတခွန်း သုံးခါထပ်ပြောတာ တူတောင်မောင်က ကိုယ်တွေထက်ဆိုးတယ်။ ဘန်ကောက်က ဟိုတယ်မှာ တညလာအိပ်တဲ့ သူငယ်ချင်းပုံ့ပုံကို တူတော်မောင်က လက်ဆွဲပြီး ဒါကအိပ်ခန်း ၂ ခန်း ရေချိုးခန်း လိုက်ပြတော့တာပဲ ကြွားစိန်။ တို့မိသားစုမှာ ကြွားစိန်နဲ့ စကားများချည်းပဲ ပုံ့ကို ညည်း နားညည်းဖို့သာ ပြင်ထားပေတော့။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံကို သဘောကျနေတယ်။ သူက နေ့လည်ဖက်လွှတ်တင်တဲ့ မီးပုံးပျံကိုမကြိုက်။ ညဖက်မှာလွှတ်တဲ့ ညမီးကျီး မီးပုံးပျံကို သဘောကျတာတဲ့။ ကိုယ့်ကို ဂူဂယ်မှာရှာခိုင်းတယ်။ ကိုယ်ရှာပေးတဲ့ပုံထဲက တပုံကသူ့အကြိုက်ဆုံးပုံတဲ့။ ၂၀၁၉ ဖေဖေါ်ဝါရီ ပုဂံမှာတုန်းက မီးပုံးပျံတွေနဲ့ ရိုက်ထားတဲ့ ကိုယ့်ဓာတ်ပုံကို ပို့ခိုင်းတယ်။ နောက်တခါပြန်လာရင် ပုဂံမှာ မီးပုံပျံအတူတူစီးမယ်တဲ့။ ဘယ်အချိန်ရှိပြီလဲ ပြောကြတော့ သူ့အမေက ၉ နာရီလို့ဖြေတာကို သူက ၈ နာရီ ၅၅ ပါတဲ့ ကိုတိကျ။ အဲ့ဒီနေ့က ဂျပန်က ဖူဂျီတောင်၊ ချယ်ရီပန်း၊ ကျည်ဆန်ရထားအကြောင်း ပြောကြတော့ သူက ဂူဂယ်မှာရှာရင်း suicide forest ဆိုတာတွေ့လို့မေးတယ်။ မကြီးသူငယ်ချင်းက ဖူဂျီတောင်တက်တဲ့ ဓာတ်ပုံပြတော့ ကြီးကြီးသူငယ်ချင်းက နောက်ဆုံးကနေ တက်တာဖြစ်မယ်တဲ့။ ပတ်ဝန်းကျင်လေ့လာစူးစမ်းမှု အားကောင်းတယ်။ ဖူဂျီတောင်အကြောင်း ပြေတာနဲ့ ဂူဂယ်ကနေ ဖူဂျီတောင်ရှာပြီး ပန်းချီဆွဲတော့တာပဲ။

မကြီးက ဆံပင်ညှပ်ခ သက်သာအောင် သူ့ယောကျာ်းကို ဆံပင်ညှပ်ပေးတယ်ပြေတော့ မေမေက မညှပ်တတ်ဘူးတဲ့။ ဆံပင်ညှပ်ခ ဘယ်လောက်ကျလဲ စင်္ကာပူဒေါ်လာ ၁၀ မြန်မာငွေနဲ့ ‌ဘယ်လောက်ကျလဲမေးတယ်။ အဲ့ဒါကတော့ ကိုယ့်အမေနဲ့ သွားတူတယ် အမေက ဘယ်လောက်ကျလဲ မြန်မာငွေနဲ့ ဘယ်လောက်ကျလဲ အမြဲပေးတယ်။ အမေရေ မြန်မာငွေမတွက်နဲ့ မြန်မာငွေနဲ့တွက်ရင် အကုန်စျေးကြီးတယ်လို့ ပြောထားရတယ်။ တလောက မကြီးက ကျုးရှူးနဲ့ စိန့်ဂျိမ်းကျွှန်းတွေ သွားလည်တယ်လို့ပြောတော့ ကိုယ်တော်ချောက အင်္ဂလိပ်လိုပေါင်းခိုင်းပြီး ဂူဂယ်မှာရှာတော့တာပဲ။ ပြီးတော့ ကျွှန်းက သေးသေးလေးလို့ ပြောသေးတယ်။ အယ်လ်ဖာမျိုးဆက်သစ်ဆိုတော့ တခုခုဆိုတာနဲ့ ဂူဂယ်မှာရှာတော့တာပဲ။ လူကြီးပြောတာလည်း လက်မခံ အတင်းယုံခိုင်းလို့မရ ကြောက်လည်းမကြောက်တတ်။ ခုခေတ်ကလေးတွေ ကိုယ်တို့တွေထပ် ပိုတော်ကြတယ်။ ကြီးကြီးရဲ့ယူကျူ လိုက်ခ်နဲ့ subscribe နည်းလိုက်တာ။ လိုက်ခ်နဲ့ subscribe လုပ်ပေးပါလားဆိုတော့ သူက ကြိုက်မှ လိုက်ခ်နဲ့ subscribe လုပ်တာတဲ့။ ဒီခေတ်ကလေးတွေ မလွယ်ဘူး။


စန်းထွန်း

မေ ၁၈၊ ၂၀၂၂။

No comments: