စက်ဘီးစီးခြင်း အနုပညာ …

မခိုင်နဲ့အတူ စက်ဘီးစီးရအောင်လို့ ပြောနေတာကြာပြီ။ မခိုင် ဖိတ်ခေါ်တာနဲ့ ပိုကိုနိုတောင်မှာ စက်ဘီးသွားစီးဖြစ်တယ်။ အားကစားလိုက်စား အပတ်တိုင်းနီးပါး တောင်တက်လို့ အားကျရတဲ့ အသိအစ်ကိုဇနီးမောင်နှံ စီစဉ်တဲ့ခရီးစဉ်ပါ။ ၂၀၂၀ စက်တင်ဘာ ၁၈ သောကြာနေ့ စီးကြမှာဆိုတော့ Juneteenth အားလပ်ရက်တုန်းက မယူဖြစ်လိုက်တဲ့ အားလပ်ရက်ကို သုံးလိုက်တယ်။ အဲ့ဒီ Juneteenth အားလပ်ရက်က ဒီနှစ်ဇွန် ၁၉ ရက်မှာမှ အားလပ်ရက်အဖြစ် သတ်မှတ်လိုက်တာပါ။ လူမည်းတွေ ကျေးကျွှန်ဘဝက လွတ်မြောက်တဲ့အထိမ်းအမှတ်နေ့။ ဇွန် ၁၉ မတိုင်ခင်နေ့ကမှ အားလပ်ရပ်မှန်းသိတော့ ခရီးထွက်ဖို့မဖြစ်။ မိသားစုမိတ်ဆွေတွေနဲ့ တွေ့ဆုံရအောင် မိသားစုမရှိ အရမ်းရင်းနှီးတဲ့ မိတ်ဆွေဆိုတာ လက်ချိုးရေတွက်ရင် လက်ငါးချောင်းတောင် မပြည့်ဘူး။ ဒီနှစ်ခရီးမထွက်ဖြစ် အိမ်တွင်းအောင်းရတော့ ခွင့်ရက်တွေ စုထားတယ် အလုပ်များတာလည်းပါတယ်။ တစ်နှစ်စာခွင့်ရက်တွေကို နောက်နှစ်အထိသယ်ပြီး ရှေ့နှစ်ကျမှ အတိုးချပြီး ခရီးသွားမယ်။ တစ်နှစ်စာခွင့်ရက်ထက် ပိုနေတဲ့သူတွေကတော့ တစ်ပတ်တစ်ရက်ခွင့်ယူပြီး ရှင်းကြတယ်။ ကြသပတေးနေ့ညနေ ၄ နာရီခွဲ အိမ်ကထွက်ရမှာကို တော်သေးတယ် အဲဒီမတိုင်ခင်သွားခင် အလုပ်ပြီးသွားလို့။ မခိုင်အတွက် ပဲကြော်ဝယ်ထားပြီးပြီ၊ အိမ်နားက တရုတ်ဆိုင်က ဆန်ခေါက်ဆွဲ၊ တို့ဟူးကြော်၊ တရုတ်ပေါင်မုန့်ဆိုင်က ပေါင်မုန့်၊ လမ်းမှာစားဖို့ မုန့်တွေဝယ်။ NJ Transit မှာ လက်မှတ်ဝယ်ပြီး ဂိတ်နားမှာစောင့် လူများတယ်။ ဘတ်စ်ကားက ည ၆ နာရီခွဲအတိမှာထွက်ပြီး Clinton မှာရပ်တယ် လူတော်တော်များများ ဆင်းသွားတယ်။ ည ၈ နာရီခွဲ မခိုင်လာကြိုတယ် ညစာစား စကားတွေပြော စောစောအိပ်ယာဝင်တယ်။ နောက်နေ့ မနက် ၇ နာရီခွဲထ ထမင်းကြော်စားပြီး အိမ်ကထွက်တယ်။ စက်ဘီးစီးရင် တင်ပါးမနာအောင်လို့ padded trouser ဝယ်တာ မလာခင်တနေ့က မှရောက်လာလို့ တော်သေးတယ်။ လက်နာမှာစိုးလို့ မခိုင်အမျိုးသားက လက်အိတ်ပေးတယ်။ ပိုကိုနိုကို တနာရီလောက်မောင်းရတယ် ရာသီဥတုနည်းနည်းအေးတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်က သစ်ပင်တောတောင်တွေနဲ့ စိမ်းစိုတယ်။ လမ်းတလျှောက် ထရန့်ကိုထောက်ခံအားပေးတဲ့ ဆိုင်းဘုတ်တော်တော်များများတွေ့တယ်။ Jim Thorpe မြို့လေးက သေးသေးလေး မြို့လယ်ကောင်က ကားပါကင်မှာကားအပ် အဖွဲ့စုံအောင်စောင့်။ လူစုံတော့ စက်ဘီးဆိုင်ဆီ ချီတက်ကြတယ်။ တခုခုဖြစ်ရင် ကိုယ့်တာဝန်ဆိုတဲ့ waiver form မှာ လက်မှတ်ထိုး။ တော်တော်များများက ကိုယ်ပိုင်စက်ဘီး ယူလာကြတယ်။ ကိုယ်က စက်ဘီးငှားတယ် ဆိုင်ကကိုယ်အရပ်နဲ့ အံခွင်ဝင်ကျဖြစ်အောင် စက်ဘီးထိုင်ခုံကို ညှိပေးတယ်။ စက်ဘီးတွေကို ရှယ်တယ်ကားနောက်မှာတင်ပြီး ၁၀ နာရီရှယ်တယ်က နောက်ကျပြီးမှ ထွက်တယ်။ စက်ဘီးစီးမဲ့နေရာကို ၄၅ မိနစ်လောက် မောင်းရတယ်။ ပိတ်ရက်ဆိုရင် ဟိုင်းဝေးလမ်းကသွားလို့ နာရီဝက်လောက်ပဲ မောင်းရတယ်တဲ့။ ၁၀မိုင်စီးမဲ့သူတွေကို လမ်းတဝက်မှာချပေးတယ် ကိုယ်တို့က ၂၅ မိုင် ဂိတ်ဆုံးပဲ။

ဦးထုပ်ကို ဂိတ်ဆုံးကဆိုင်မှာ တောင်းရတယ်။ စက်ဘီးထိုင်ခုံချိန်တာ ပုဝင်သွားလို့ ဆိုင်ဝန်ထမ်းကို အကူအညီတောင်းရတယ်။ ဒယ်ဒီနှစ်ယောက်က ကလေးထိုင်ခုံလေးကို နောက်မှာတွဲပြီး နင်းတယ်။ အားကစားလိုက်စားတဲ့မခိုင်ကို အသက် ၁၅ နှစ်ငယ်တဲ့ ကိုယ်က မနည်းအမှီလိုက်ရတယ်။ age is just number ။ စက်ဘီးလမ်းဘေးမှာ စမ်းချောင်း၊ သစ်ပင်တွေ အုပ်ဆိုင်ပြီး အင်မတန်သာယာတယ်။ ကိုယ်စီးဖူးသမျှ စက်ဘီးလမ်းမှာ ဒီလမ်း Leigh George Biking Trail က အလှဆုံးပဲ ဆောင်းဦးရာသီမှာ ပြန်လာစီးချင်သေးတယ်။ မခိုင် ဇူလှိုင်လ စက်ဘီးစီးတုန်းက ပူလွန်းလို့ ချွှေးတွေမျက်စိထဲဝင်နဲ့ စီးလို့မကောင်းဘူး။ ခုရာသီဥတုက စက်ဘီးစီးလို့ အတော်ကောင်းတယ် တောတောင်ထဲဆိုတော့ စိမ့်အေးတယ်။ အအေးကြောက်လို့ Halley Hensen base layer ပေါ် မိုးကာအင်္ကျီထပ်ဝယ်ထားတယ်။ ဝိုင်းက အဲဒီမိုးကာအင်္ကျီအရောင်လှတယ်။ ဓာတ်ပုံထဲမှာပေါ်တယ် သူနောက်ဝယ်ရင် အဲ့ဒီအရောင်ဝယ်မယ်တဲ့။ ၂၀၁၉ ဇူလှိုင် ဆူနမ်တို့အိမ်နားက စက်ဘီးလမ်းမှာ ၄ မိုင်လောက်စီးမယ်ဆိုပြီး ထွက်သွားလိုက်တာ ၂၄ မိုင်စီးဖြစ်သွားတယ်။ မနက်ငှက်ပျောသီးတလုံးစားပြီး ရေတပုလင်းပဲပါတယ်။ မနက်စာလည်း ကောင်းကောင်းမစားခဲ့ ရာသီဥတုကလည်း အရမ်းပူ စက်ဘီးလမ်းကလည်း ဘာအပင်မှမရှိတော့ ပင်ပန်းလိုက်တာ။ နောက်နေ့ကျတော့ တင်ပါးနာလို့ ကောင်းကောင်းမထိုင်နိုင်ဘူး။ ဆောင်းဦးချိန် ဆူနမ်ဆီလာပြီး ဝိုင်းနဲ့ ၃၅ မိုင် စက်ဘီးစီးမယ်လို့ ပြောကြသေးတယ်။ ၂၀၁၃ မေရီလန်းမှာနေတုန်းက အိမ်နားက မက်ထရူးဟက်ဆန် စက်ဘီးလမ်းက သာယာတယ်။ လမ်းသွားလျှောက်တိုင်း စက်ဘီးစီးတဲ့သူတွေကို အားကျတယ်။ စက်ဘီးဝယ်မယ် ကားအသစ်လဲရင် SUV ဝယ်မယ်လို့ စိတ်ကူးထားတာ နယူးယောက်မှာအလုပ်ရတော့ ကားရောင်းခဲ့ရတော့တာပဲ။ လမ်းတဝက်က အိမ်သာကိုဝင် ပါလာတဲ့ nuts တွေစား ၁၅ မိနစ်လောက်ပဲနားတယ်။ အားလုံးက on your left ဆိုပြီး ကျော်သွားကြတယ်။ တချို့များ စီးသွားတာ ဝှီးကနဲအသံပဲ ကြားလိုက်ရတယ် မြန်ချက်။ ကားပါကင်၊ မီးရထားလမ်းနားမှာ လမ်းမေးရတယ်။ အဖွဲ့ထဲကကလေး စက်ဘီးလမ်းပိတ်သလို ဖြစ်နေတာရယ်၊ ကိုယ် လမ်းလျှောက်ပြီး ကားလမ်းကို ဖြတ်ကျော်တာကို စက်ဘီးစီးတဲ့လူတချို့က စိတ်မရှည်ကြဘူး။ တနေရာမှာ ကွင်းပြင်ကြီး လူလည်းမတွေ့တော့ လမ်းများမှားပြီးလားပေါ့။ စက်ဘီးစီးလာတဲ့ လူကို‌‌တွေ့မှလမ်းမှန်ဆိုပြီး အားတက်ရတယ်။ တွေ့တဲ့လူငယ်စုံတွဲကို Jim Thorpe မြို့ဆီသွားတဲ့လမ်းမှန်မမှန် ဘယ်လောက်ဝေးလဲလို့ မေးတာကို မခိုင်က စိတ်မချဘူး။ လူကြီးတယောက်ကို ထပ်မေးတော့မှ စိတ်ချသွားတယ်။ တံတားပေါ်မှာ နားနေတုန်း ဖြတ်သွားဖြတ်လာ သဘောကောင်းတဲ့မိန်းကလေးက ဓာတ်ပုံရိုက်ပေးတယ်။ မခိုင်က သူ့အမျိုးသားကို ဖုန်းခေါ်မရလို့ စိတ်ပူနေတာ အစိမ်းရောင်တောက်တောက်ဂျာကင်ကို တွေ့တော့မှ ဝမ်းသာသွားတယ်။ မခိုင်အမျိုးသားကလည်း ဟိုနှစ်ယောက် ဘယ်ရောက်နေလည်းမသိဘူး လိုက်ဦးမှဆိုပြီး လိုက်လာတာ။ 


ကလေးပါတဲ့အဖွဲ့ကတော့ ဓာတ်ပုံရိုက်လိုက်၊ မုန့်စားလိုက်၊ စမ်းချောင်းထဲ ဆင်းဆော့လိုက်နဲ့ အေးဆေးပဲ။ တနေရာမှာ မခိုင်အမျိုးသားက လှည့်ပြန်သွားလို့ ဘာဖြစ်တာလဲ အိမ်သာသွားချင်လို့လား။ ကုန်းကုန်းကွကွနဲ့ ရှာနေလို့ ဘာများကျကျန်လို့လဲ မသိဘူး။ လမ်းလျှောက်လာတဲ့ လူနှစ်ယောက်ကပါ ဝိုင်းရှာပေးတယ်။ မေးကြည့်တော့ rattle snake တွေ့လို့တဲ့ ခင်ဗျားတို့မမြင်ဘူးလား မမြင်ဘူး ကိုက်ရင်တောင် သိမယ်မထင်ဘူး။ အဲ့ဒီမြွေက အဆိပ်ရှိတယ် သေးသေးလေးပေမဲ့ အမြီးနားမှာ ဒဏ်ရာရနေလို့ မသွားနိုင်ဖြစ်နေတာ ခုတောထဲလွှတ်ပေးလိုက်တယ်တဲ့။ ကားပါကင်နား ပြန်ရောက်လာတယ် စက်ဘီးပြန်အပ်ပြီး ပါလာတဲ့မုန့်တွေစား။ အဖွဲ့စုံအောင်စောင့် တနာရီကြာတော့ အားလုံးပြန်ရောက်လာတယ်။ အစက အဖွဲ့ခေါင်းဆောင်အစ်ကိုဇနီးမောင်နှံအိမ် နယူးဂျာစီကိုလိုက်ပြီး အနီးအနားကဘတ်စ်ကားစီးပြီး နယူးယောက်ပြန်မလို့။ ဗိုက်ဆာနေကြပြီမို့လို့ ညစာစားမယ် နှစ်နာရီမောင်းပြီးမှ နယူးဂျာစီကို ရောက်မှာဆိုတော့ ည ၈ နာရီလောက်ဖြစ်သွားမယ်။ နယူးယောက်ကို ဘတ်စ်ကားရှိပါဦးမလား နယူးယောက်ကို ဘတ်စ်ကားတနာရီလောက်ထပ်စီး။ နယူးယောက်ကနေ ကွင်းကို တနာရီထပ်စီး အိမ်ကို ည ၁၀ခွဲ၊ ၁၁ လောက်မှရောက်မယ်။ အဲ့ဒါထက် မခိုင်တို့မြို့က ဘတ်စ်ကားစီးရင် ၂ နာရီနဲ့ နယူးယောက်ရောက်မယ်လို့ ည ၉ နာရီ အိမ်ရောက်မယ်။ ဘတ်စ်ကားက ည ၆ နာရီ ၁၅ ထွက်မှာ ဆိုတော့ မှီအောင် အမြန်မောင်းပေးတယ်။ လက်မှတ်ကို ဘတ်စ်ကားပေါ်ရောက်မှဝယ် လူအပြည့်ပဲ clinton နဲ့ နူးဝါ့လေဆိပ်မှာ ရပ်တယ်။ ည ၈ နာရီ ဟော်လန်မြေအောက်လှိုဏ်ခေါင်းဖြတ်ပြီး ၄၂ လမ်းနားရောက်တော့ အနီရောင်ပြိုင်ကားလေး အမိုးဖွင့်တာ အတောင်တွေအတပ်တွေပိတ်ပြီး ရှုပ်ရှပ်ခတ်သွားလို့ ဘာလေးလဲလို့ ငေးတာ poshe အနီရောင်ပြိုင်ကားလေး။ Telsa လည်း အဲ့ဒီလို နောက်တံခါးဖွင့်ရင် တံခါးက အပေါ်ကိုမြောက်တက်သွားတာ တောင်ပံဖြန့်သလိုပဲ။ Telsa ကားနဲ့ နိုင်ငံဖြတ်ကျော်ခရီး ထွက်ချင်တယ်လို့ စိတ်ကူးယဉ်ဖူးတယ်။ အဲ့ဒီနေ့က ပင်ပန်းလို့ ည ၁၀ နာရီခွဲကတည်းကအိပ်တာ စနေနေ့မနက် ၁၀ နာရီခွဲမှနိုးတယ်။ Fibit က Good 81 score တဲ့ ကိုဗစ်ကာလအတွင်း မနက် ၂ နာရီမှအိပ်ဖြစ်နေတယါ။ ခန္ဓာကိုယ်သိပ်မနာဘူး ပင်ပန်းလို့ အိပ်ယာပေါ်နားနေတာတခုပဲ။ အခွင့်ကြုံရင် နောက်ထပ် စက်ဘီးစီးချင်သေးတယ်။ 

Happy Biking! 
စက်တင်ဘာ ၂၅၊ ၂၀၂၀။


No comments: