အယ်ဘနီသွား တောလား - ၃

စက်တင်ဘာ ၇ လေဘာဒေးပိတ်ရက် မခိုင်၊ မမီးတို့နဲ့ဆုံဖို့ ချိန်းထားတာ ပျက်သွားတယ်။ ဒီတော့လည်း ပိတ်ရက်မှာ အတိုးချပြီး အိပ်ရတာပေါ့‌လေ။ မနက် ၂ နာရီလောက်မှအိပ်ပြီး မနက် ၈ နာရီခွဲမှထ Fibit က မဆိုးပါဘူးလို့ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ ပိတ်ရက်ဆို မနက် ၈ နာရီခွဲထ ငှက်တွေကို အစာကျွှေးပြီးရင်ပြန်အိပ်။ နေ့လည် ၁ နာရီလောက်မှ ဗိုက်ဆာလို့ ထစားတယ်။ ပိတ်ရက်မှာတော့ အိပ်ရေးဝတယ်။ အယ်ဘနီကအစ်မ မမီက လာလည်ပါလားလို့ ဖိတ်တာနဲ့ သွားဖြစ်သွားတယ်။ အစကတော့ ဆောင်းဦးရောက်မှ သွားလည်မလို့ အအေး‌ကြောက်ရင် အခုလာနော်တဲ့။ အယ်ဘနီက နယူးယောက်ပြည်နယ်ရဲ့မြို့တော် နယူးယောက်မြို့ရဲ့မြောက်ဖက်စူစူး မိုင် ၁၅၀ ဝေးတယ်။ ဘတ်စ်ကားဆို သုံးနာရီလောက်စီးရပြီး ရထားနဲ့ဆို နှစ်နာရီခွဲလောက်စီးရတယ်။ ရထားခစျေးသက်သာတာနဲ့ Amtrak ရထားရွေးလိုက်တယ်။ ၂၀၁၇ အဖေတို့လာတုန်းက ဝါရှင်တန်ဒီစီကိုသွားတော့ Amtrak ရထားစီးဖူးတယ်။ စနေနေ့ နေ့လည် ၁ နာရီသွား တနင်္လာနေ့မနက် ၁၀ နာရီ ပြန်မယ်။ မမီနဲ့ ရန်ကုန်မှာမဆုံဖူးဘူး မမီညီမ မနီက မကြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အချစ်ဆုံးသူငယ်ချင်း။ မနီနဲ့ကတော့ သိလာတာ ၂၀၀၀ ကတည်းက။ စတိတ်ကိုလာမယ်ဆိုတော့ မမီနဲ့ဖုန်းပြောဖြစ်သေးတယ် လေဆိပ်မှာ ဖိနပ်ချွှတ်ရလိမ့်မယ်လို့ ဘာတို့ပြောပြတယ်။ ၂၀၁၅ မှာ မမီ နယူးယောက်လာတော့ တိုင်းစကွဲမှာ တခါဆုံဖူးတယ်။ ၂၀၁၆ အယ်ဘနီကို တရုတ်တိုးနဲ့ဝင်လည်တော့ မမီက သူ့အိမ်ကိုဝင်လည်ဖို့ ဖိတ်တယ်။ ကြုံရင်ကြုံသလို သူ့ဆီလာလည်ဖို့ ဖိတ်တယ်။ တရုတ်တိုးနဲ့ အယ်ဘနီမြို့လည်ပန်းခြံထဲက ကျူးလစ်ပန်းခင်းမှာ ဓာတ်ပုံရိုက်တယ်။ စတိတ်ကယ်ပီတယ်အဆောက်အဦးက ပိတ်ရက်မို့လို့ ပိတ်ထားတယ်။ ဒီတော့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ် အတွင်းမှာ အတော်လှတယ်တဲ့။ ပြတိုက်က အင်မတန်ကောင်းတယ် ဒုတိယကမ္ဘာစစ်တုန်းက စစ်သ​ေင်္ဘာကို သွားလည်တယ်။ ရေမြုပ်ပုံးတွေ ဘယ်လိုချလဲ၊ အခန်းကျဉ်းလေးထဲမှာ ရေတပ်သားတွေ ဘယ်လိုနေထိုင်ကျလဲဆိုတာ ပြသထားတယ်။၂၀၁၇ မကြီး စတိတ်လာတော့ မနီလည်း စတိတ်ကို လာလည်တယ်။ ဆုံဖို့တောင် ချိန်းကြသေးတယ် မမီတို့ညီအစ်မတွေ ခရီးတွေ‌တောက်‌လျှောက် ထွက်‌နေတာနဲ့ မတွေ့ဖြစ်ဘူး။ ၂၀၁၉ ဇွှန် မောင်မောင့်အသုဘ မနီ၊ မသန္တာ မကြီးသူငယ်ချင်းတွေ လာကြတယ်။  အခု မနီ စတိတ်ကိုရောက်နေတော့ တွေ့ချင်နေတာရော၊ အိမ်ပြင်မထွက်တာလည်း ၆ လရှိပြီ၊ နယူးယောက်မှာ ကိုဗစ်ကိုထိန်းနိုင်တုန်းမို့ သွားဖြစ်လိုက်တယ်။ အိမ်ပြင်မထွက်တာ ကြာလို့လားမသိဘူး သစ်ရွက်စိမ်းစိမ်းလေးတွေ၊ ရထားလမ်းဘေးတလျှောက် မြင်ရတဲ့ဟက်ဆန်မြစ်၊ တောတောင်ရေမြေ စိမ်းညှို့ညှို့ကို မြင်ရတာနဲ့တင် စိတ်အပြောင်းအလဲဖြစ်ပြီး ပျော်လိုက်တာ။ ရောက်တာနဲ့ မမီအသိအိမ်မှာ မွေးနေ့ပွဲ သွားစားတယ်။ မြန်မာအစားအစာတွေ မစားရတာကြာပြီမို့လို့ အတော်စားကောင်းတယ်။ တွေ့ဆုံရတဲ့သူတွေကလည်း သဘောကောင်းကြတယ်။ အိမ်တွေက အကျယ်ကြီး ခရမ်းချဉ်သီး၊ သခွား၊ ငရုတ်၊ ဟင်းနုနွယ်၊ kale၊ ဖရဲ၊ ချဉ်ပေါင်ပင်တွေက ရှင်လိုက်တာ။ အဖေနဲ့အမေဆိုရင် သဘောကျမှာ ဘယ်လောက်တောင် စိုက်လိုက်ကြမလဲမသိဘူး။ ရေကူးကန်ရှိတယ် မကြီးအကြိုက်ပဲ နွေရာသီဆိုရင် ရေကူးကန်ထဲက တက်တော့မှာ မဟုတ်ဘူး။

သစ်ပင်အောက်မှာ ဒန်း၊ သစ်ပင်နှစ်ပင်ကြားက hammock အဝတ်ဒန်းလေးကို သဘောကြလိုက်တာ။ အိမ်ရှေ့မြက်ခင်းပြင်က စိမ်းနေတာပဲ။ ပိတ်ရက်ဆိုရင် မြက်ခင်းပြင်ပေါ် ဖျာလေးခင်းပြီး စာဖတ်နေမှာ။ မြို့လေးကို သဘောကျသွားတယ် အငြိမ်းစားယူရင် လာနေမယ်လို့တောင် တွေးမိတယ်။ အခုပီအေအလုပ်အော်ဖာမရခင် အလုပ်အော်ဖာတခုရဖူးတယ်။ ဂရမ်းစင်ထရမ်မီးရထားရုံနားက အင်ပါယာစတိတ်ကိုအော်ပိုရေးရှင်းမှာ။ အလုပ်‌အော်ဖာကို လက်ခံပြီးမှ ပီအေ‌အော်ဖာရလို့ ငြင်းလိုက်တာ။ အဲ့ဒီရုံးက ဝိုင်းအိမ် အလုပ်နားမှာ ဝိုင်း‌ရေ အင်တာဗျူးဖြေနိုင်တယ်ကွ အလုပ်‌‌အော်ဖာရလို့က‌တော့ ‌ဝိုင်းနဲ့ နေလည်စာအတူထွက်စား၊ ရုံးဆင်းချိန်လျှောက်လိမ့်နဲ့ နှစ်‌ယောက်သား တတွဲတွဲ‌နေမှာ။ အင်တာ‌ဗျူးမှာ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုး အမ်းထရူးကူမိုအတွက် အလုပ်လုပ်ပေးရတော့ လိုအပ်ရင် အယ်ဘနီမှာ သွားလုပ်ပေးရမယ်လို့ ပြောဖူးတယ်။ မမီက အစိုးရရုံးမှာလုပ်တော့ အင်ပါယာစတိတ်ကိုအော်ပိုရေးရှင်းကိုသိတယ်။ အင်ဒီယန်း‌လေဒါလယ်တော ပန်းသီးခြံကို သွားလည်တယ်။ လူတွေအများကြီး လာတဲ့နေရာဆို‌တော့ မတ်စ်တပ်ရတယ်။ ပန်းသီးဆိုင်ဒါဒိုးနတ် စားကောင်းတယ် ပန်းသီးဆိုင်ဒါဖျော်ရည်ကတော့ ချဉ်တယ်။ အစကတော့ ပန်းသီးခူးမလားလို့ ကိုယ်က နယူးဂျာဆီပြည်နယ် ပရင်စတန်ဖက်မှာ ပန်းသီးခူးဖူးတယ်။ ကိုယ်တိုင်ခူးတဲ့ ပန်းသီးတပေါင်စျေးက ဆိုင်မှာရောင်းတဲ့စျေးထက် နှစ်ဆကြီးတယ်။ ပန်းသီးခူးရင်း စားမှာကိုပါ တွက်ချက်ထားတာကိုး။ ပန်းသီးခူးရင် တလုံးထက်အပြင် မစားနိုင်ပါဘူး။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီခူးရင်‌တော့ ဗိုက်ထဲရောက်တာ ခပ်များများ။ ၂၀၁၉ ‌နွေရာသီ နယူး‌ယောက်အပ်စတိတ်ဖက်မှာ ဘယ်ရီခူးမယ်ဆိုတော့ ဆူနမ်က ဝိုင်းကိုမှာတယ်။ ဘယ်ရီခူးရင် စန်းစန်းကို သတိ‌ပေး ဝိုင်း ဒင်းက ခြင်း‌တောင်းထဲထည့်တာနည်းနည်း ပါးစပ်ထဲထည့်တာများများ။ ခြင်းတောင်းထဲမှာ‌တော့ တပေါင်‌လောက်ပဲ သူ့ဗိုက်ထဲနှစ်‌‌ပေါင်လောက် ထည့်လာလိမ့်မယ်လို့‌ပြောပြီး ရယ်ရသေးတယ်။ အဲ့ဒီလို ဆူနမ်က ကိုယ်ယ့်အကြောင်း ကောင်း‌ကောင်းသိတယ်။ ဝယ်လာတဲ့ပန်းသီးဒိုးနတ်စား၊ ပန်းသီးဆိုင်ဒါဖျော်ရည်သောက်၊ လမ်းတပတ်လျှောက်ကြတယ်။ မကြီးက ကိုယ်ဝတ်ထားတဲ့ဂါဝန်က ကြီးနေတယ်လို့ မထင်ဘူးလားတဲ့။ ပွပွကြီး စတိုင်မကျဘူးဆိုတာသိတယ်။ အသက်ကြီးလာလို့လားမသိဘူး ခန္ဓာကိုယ်ကွက်ထိ ဖြစ်နေတာထက် ခပ်ပွပွလေး သက်တောင့်သက်တာ ဖြစ်နေတာကို ပိုကြိုက်တယ်။ ခရီးသွားချိန်၊ စျေးဝယ်ထွက်ချိန် ဝတ်ဖို့ဝယ်ထားတာ ပွနေမှန်း စတိုင်မကျမှန်းသိတယ်။ ညနေစောင်း မမီအိမ်မှာအလှုလုပ်တော့ မိတ်ဆွေတွေအများကြီးလာကြတယ်။ လာတဲ့မိတ်ဆွေတွေထဲမှာ အန်ကယ်ကြီးတယောက်နဲ့က မေရီလန်းမှာ သိဖူးတယ်။ အပြင်မှာလူချင်း မမြင်ဖူးဘူး ဖုန်းပဲပြောဖြစ်တာ ခုမှလူချင်းဆုံတော့တယ်။ ၂၀၁၃ ဒီဇင်ဘာ နယူးယောက်မှာအလုပ်ရလို့ အိမ်ရှာတော့ အသိအစ်မရဲ့ မိတ်ဆွေရဲ့ မိတ်ဆွေ အန်ကယ်ကြီးက နယူးယောက်က သူ့မိတ်ဆွေတွေကို လှမ်းမေးပေးတယ်။ စကားပြောရတာ အင်မတန်ကောင်းလို့ နှစ်နာရီလောက်ပြောဖြစ်တယ်။ သူ့မိတ်ဆွေကိုယ်သိ ကိုယ့်မိတ်ဆွေသူသိနဲ့ ကမ္ဘာကြီးက အမှန်တော့ ကျဉ်းကျဉ်းလေး။ နောက်နေ့မနက် ၆ နာရီခွဲ မမီက ဟိုက်ကင်းထရေးလမ်း လိုက်ပို့ပေးမလို့ ကိုယ်ကမနိုးဘူး။ မမီလက်ဆောင်ပေးလိုက်တဲ့ ပန်းသီးဒိုးနတ်ထုပ်ယူပြီး ပြန်လာတယ်။ ခရီးထွက်လိုက်တော့ စိတ်အပြောင်းအလဲဖြစ် ပျော်ရွှင်ရပါတယ်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၁၁၊ ၂၀၂၀။

ရေးပြီးတာ‌တွေက
အယ်ဘနီသွား တောလား - ၁
အယ်ဘနီသွား တောလား - ၂



No comments: