အသက်သာဆုံးလေယာဥ◌်က နယူးယောက်ကနေ မနက်ဖက်ထွက်ပြီး ပီရူးနိုင်ငံမြို့တော် လင်မာ lima မှာ ထရန်စစ် အဲ့ဒီကနေ ကူစကိုမြို့ကို cusco ည ၁၁ နာရီရောက်တယ် ဒေါ်လာ ၄၀၀။ နောက်တော့ နယူးယောက်ကနေ ညသန်းခေါင်ထွက် ကိုလံဘီယာနိုင်ငံမြို့တော် ဘိုကိုတာ Bogota မှာ ထရန်စစ် ပီရူးနိုင်ငံ ကူစကိုမြို့ကို မနက် ၁၀ နာရီရောက်တဲ့လေယာဥ◌်က ဒေါ်လာ ၇၀၀။ ဒေါ်လာ ၃၀၀ ပိုစေ◌ျးကြီးပေမဲ့ အချိန်တရက်ပိုထွက်လာတယ် အဲ့ဒီလို အချိန်ကို ပိုက်ဆံနဲ့ဝယ်ရတယ်။ ဝိုင်းက frequent traveller ခရီးမကြာခဏထွက်တဲ့သူမို့လို့ ဝိုင်းဘွတ်ရင် လေယာဥ◌်မှာ ထိုင်ခုံနေရာကောင်းကောင်း၊ ဇုန်ကောင်းကောင်း၊ ဟိုတယ်ဆိုရင်လည်း ဒစ်စကောင့်တွေရတယ်။ ဒီတော့ လေယာဥ◌်၊ ဟိုတယ်ဆိုရင် ဝိုင်းဘွတ်ပြီး ကိုယ်က တိုးတွေကိုဘွတ်တယ်။ ကုန်ကျစရိတ်တွေကို နေ့စဥ◌်မှတ်သားထားတဲ့ ကိုယ့်မှတ်တမ်းအရ ခရီးစဥ◌်တခုလုံး ဒေါ်လာသုံးထောင်ပဲ ကုန်ပါတယ်။ ဗီယက်နမ်တိုးအေဂျင်စီမှာ သုံးနိုင်ငံ ၁၄ ရက်ခရီးကို ဒေါ်လာ ၁၂,၀၀၀ ပေးရတော့ ဝိုင်းက ဟန်ကို ဒေါ်လာ ၈၀၀၀ သက်သာအောင် လုပ်ပေးထားတယ်နော်တဲ့။ တခြားဘလော့ဂါတွေရဲ့ တောင်အမေရိကခရီးစဥ◌်တွေဖတ်ပြီး ဝိုင်းက ကိုယ်တို့ခရီးစဥ◌်က အကောင်းဆုံးပဲတဲ့။ အရင်တုန်းက ကိုယ်သွားဖူးသမျှခရီးထဲမှာ အလာစကာခရီးကို အကြိုက်ဆုံးလို့ ဝိုင်းနဲ့ကိုယ်နဲ့ ပြောလေ့ရှိကြတယ်။ ခုတော့ တောင်အမေရိကို အကြိုက်ဆုံး ပီရူး၊ ဘိုလီးဘီးယား၊ ချီလီထဲမှာ ဘိုလီးဘီးယားက အလှဆုံးလို့ တညီတညွှတ်တည်း ထောက်ခံကြတယ်။ တောင်အမေရိကခရီးစဥ◌်ဟာ အလာစကာ၊ အင်္ဂလန်ခရီးစဥ◌်လို လွယ်ကူတဲ့ခရီးတော့ မဟုတ်ဘူး။ တကယ့်ကိုစွန့်စားခန်းပဲ နေ့စဥ◌်ကြုံတွေ့ရတဲ့ အခက်အခဲတွေက မနည်းမနော။ ခုအသက်အရွယ်မှာတောင် အတော်ပင်ပန်းတော့ အသက်ကြီးသွားမှ တောင်အမေရိကသွားဖို့ဆိုတာ အတော်မလွယ်ဘူး။ ဥရောပက အသက်ကြီးမှ သွားလို့ရတယ် တောင်အမေရိက,ကတော့ ငယ်ရွယ်တုန်း သွားထားမှ။ ဒါတောင် ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ်က ကျန်းမာရေးလိုက်စား တက်ကြွတဲ့သူ။ ဆူနမ်နဲ့ရာမားဆို ဒီခရီးကို သွားနိုင်မယ် မထင်ဘူး။ ဗီယက်နမ်တွေ ချီလီကို ဆိုက်ရောက်ဗီဇာရပေမဲ့ ရွှေမြန်မာကတော့ ဗီဇာလိုတယ်။ အွန်လိုင်းမှာဖောင်ဖြည့် လိုအပ်တဲ့စာရွက်စာတမ်းတွေတင်။ ဗီဇာဝင်ဖို့ရုံးမှာ employment letter အလုပ်ခန့်စာတောင်းတာ ခရီးကပြန်ရောက်ပြီး ခုထိမရသေးဘူး။ အလုပ်ခန့်စာအစား အလုပ်အော်ဖာစာ offer letter နဲ့ တင်လိုက်တယ်။
ပီရူးနိုင်ငံ ကူစကိုမြို့ရောက်ရာက်ခါနီး Avianca လေယာဥ◌်ပေါ်ကနေ မြင်ရတဲ့ရှုခင်း |
ချီလီသံရုံးက background check သို့မဟုတ် certificate of conduct ပြစ်မှုကင်းရှင်းကြောင်း ရဲဌာနထောက်ခံချက် လိုတယ်တဲ့။ ရဲဌာနကိုသွားပြီး တောင်းလို့ရတယ် ဒေါ်လာ ၅၀ ပေးရတယ် ၁၀ ရက်ကြာမယ်။ ပီအေအလုပ်က အစိုးရအလုပ်ဆိုတော့ အလုပ်မဝင်ခင် နောက်ကြောင်းရာဇဝင် စစ်ရတယ်။ နောက်ကြောင်းရာဇဝင် ကင်းရှင်းမှ အလုပ်ဝင်လို့ရတယ်။ ဒီတော့ နောက်ကြောင်းရာဇဝင် စစ်တဲ့ကုမ္ပဏီကို စာရွက်စာတမ်းပို့ပေးပါလို့ပြောတော့ စာတိုက်ကနေ ပို့ပေးမယ် တပတ်ကြာမယ်တဲ့။ ဂျမားကို ပြောပြတော့ SWAC (Secure Worker Access Consortium Indentification) မရှိဘူးလား အဲ့ဒါလည်း နောက်ကြောင်းစစ်ပြီးမှ ထုတ်ပေးတာလေ။ အရင်ပီအေမှာ ကွန်ထရပ်တာလုပ်တုန်းက SWAC ကဒ် လုပ်ဖူးတယ် ၂၀၁၇ မှာ သက်တမ်းကုန်သွားပြီ။ ချီလီသံရုံးကို SWAC ကဒ်အကြောင်းပြောပြီး ပို့လိုက်တယ် နောက်ကြောင်းစစ်ဆေးတာလဲ နောက် ၇ ရက်ဆိုရပြီ ပို့လိုက်မယ်။ ချီလီသံရုံးက SWAC ကဒ်ကို လက်ခံတယ် ပတ်စ်ပို့ယူလာပြီး သံရုံးမှာ ဗီဇာတုံးလာထုပါ ဒေါ်လာ ၃၀ တန် money order (စာတိုက်မှာ ဝယ်လို့ရတယ်) ယူလာပါတဲ့။ စက်အခက်အခဲဖြစ်နေလို့ ချီလီသံရုံးမှာ ၂ နာရီလောက် စောင့်လိုက်ရတယ်။ ဂျမားက သူ့ကြောင့် ဒေါ်လာ ၅၀ သက်သာသွားတယ်မလား ဒီတော့ ၁၀ ရာခိုင်နှုန်း မုန့်ဝယ်ကျွှေးတဲ့ အဲ့ဒီလိုမိုက်ကြေးခွဲသေးတယ် :) ။ အမေရိကန်နိုင်ငံသားတွေအတွက် တောင်အမေရိကတိုက်မှာ ဗီဇာလိုတဲ့တခုတည်းသောနိုင်ငံက ဘိုလီးဘီးယာနိုင်ငံပါပဲ။ ဒေါ်လာ ၁၂၀ ပေးရတယ် ဒါကြောင့်လည်း ဘိုလီးဘီးယားနိုင်ငံဟာ တိုးရစ်တွေကြားထဲမှာ ပေါ်ပြူလာမဖြစ်တာ။ ရွှေမြန်မာတွေကတော့ ထုံးစံအတိုင်း ဘယ်သွားသွား ဗီဇာလိုပါတယ်။ နယူးယောက်မှာ ဘိုလီးဘီးယားသံရုံးရှိတယ် အွန်လိုင်းကနေလျှောက် စာရွက်စာတမ်းတွေကို စာတိုက်ကနေပို့။ ဗီဇာခပေးစရာမလိုဘူး တပတ်ကြာတယ် ပတ်စ်ပို့ပြန်ပို့ဖို့ prepaid return postage ပို့ပေးရတယ်။ ဟန်က ဗီယက်နမ်မှာ ဘိုလီးဘီးယားသံရုံးမရှိလို့ လျှောက်လို့မရဘူး။ ပီရူးသံရုံးမှာ လျှောက်ပြီးပြီ ဗီဇာရတယ်။ ဗီယက်နမ်အများစုက ဘိုလီးဘီးယားဗီဇာကို ပီရူးနိုင်ငံမှာ လျှောက်ကြတယ်။ ဒီတော့ ဝိုင်းက ဟန်နဲ့အတူ ဘိုလီးဘီးယားဗီဇာကို ပီရူးမှာလျှောက်မယ်။ ကိုယ်က ဘိုလီးဘီးယားဗီဇာကို နယူးယောက်မှာ လျှောက်သွားချင်တယ် ဒေါ်လာ ၁၂၀ သက်သာရာသက်သာငြားပေါ့။ ပီရူးဗီဇာကို အွန်လိုင်းမှာလျှောက် သံရုံးမှာလူကိုယ်တိုင် စာရွက်စာတမ်း သွားတင်ရတယ်။ ဒေါ်လာ ၃၀ ပေးရတယ် ၃ ရက်အကြာမှာလာထုတ်တဲ့ ကိုယ့်အစား ဝိုင်းသွားထုတ်လို့ရတယ်။
ဗုဒ္ဓဟူးနေ့နေ့လည် ပီရူးသံရုံးမှာ ပတ်စ်ပို့သွားထုတ်ပြီး ဘိုလီးဘီးယားသံရုံးမှာ ပတ်စ်ပို့သွားတင်တော့ ဗီဇာချက်ချင်းထုပေးလိုက်တယ်။ သံရုံးအများစုက ဝိုင်းတို့ရုံးနားမှာဆိုတော့ အဆင်ပြေတယ်။ သောကြာနေ့ ဟနွိုင်းကနေ ဟန်ရောက်လာတော့ လေဆိပ်ကနေ ဘိုလီးဘီးယားသံရုံးကိုတန်းသွား။ နေ့လည် ၂ နာရီမထိုးသေးဘူး သံရုံးတံခါးက ပိတ်နေပြီ။ ခဏနေတော့ သံရုံးတံခါးဖွင့်လာပြီး ဗီဇာထုပေးလိုက်တယ် ကံကောင်းချက်။ ပီရူးနိုင်ငံ ပူနိုမြို့မှာ တရက်နေပြီး ဘိုလီးဘီးယားဗီဇာလျှောက်ရမှာ ခုတော့ လျှောက်စရာမလိုတော့ဘူး။ ပူနိုမှာ လည်ပတ်နိုင်တဲ့ တိုးတွေရှာဖွေကြည့်တော့ မတွေ့တာနဲ့ ပူနိုကနေ တရက်စောပြီးထွက်ခွာမယ်။ ဒီတော့ ပီရူးနိုင်ငံ ပူနိုမြို့ကနေ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ်မြို့ကို သွားမဲ့တိုးကားကို တရက်စောသွားမဲ့အကြောင်းဆက်သွယ်၊ ဟိုတယ်တွေကို ရက်ပြန်ချိန်းရတယ်။ အောက်တိုဘာ ၂၉ အင်္ဂါနေ့ ည ၁၂ နာရီ နယူးယောက် ဂျွှန်အက်ဖ်ကနေဒီလေဆိပ် အာဗန်ယန်ကာ Avianca လေကြောင်းလိုင်း။ အစက ဝိုင်းက တယောသင်တန်းရှိလို့ ည ၁၀ နာရီ တာမင်နယ်မှာဆုံဖို့ ချိန်းထားတာ။ ဟန်က စောစောသွားဖို့ တိုက်တွန်းတာနဲ့ ဝိုင်းက တယောသင်တန်းဖျက်ပြီး ည ၉ နာရီဆုံဖို့ ချိန်းတယ်။ ဝိုင်းတို့ညီအစ်မနဲ့ air train မှာဆုံတယ်။ အမလေး … စောစောလာတာ မှန်သွားတယ် လူတန်းကြီးက အရှည်ကြီး။ ကိုလံဘီယာနိုင်ငံမြို့တော် ဘိုကိုတာ Bogota ကို ၆ နာရီစီးရပြီး မနက် ၅ နာရီမှာ ရောက်ပါတယ်။ ကိုလံဘီယာနိုင်ငံကို သွားလည်မယ်လို့ တွေးနေတာ ခုတော့ရောက်သွားပြီ ထရန်စစ် :) တနေ့တော့ သွားလည်ဖြစ်အောင် လည်ဥ◌ီးမယ်။ Avianca လေကြောင်းလိုင်းနဲ့ အီကွေဒေါခရီး မသွားဖြစ်လိုက်တော့ လေယာဥ◌်လက်မှတ်ကို cancel လိုက်တဲ့အခါ ခရက်ဒစ်ရတယ်။ အဲ့ဒီခရက်ဒစ်နဲ့ ကိုလံဘီယာသွားမယ်လို့ ကြံစည်နေတယ်။ ကိုလံဘီယာကော်ဖီက နာမည်ကြီးတယ် ကော်ဖီအထုပ်လေး ၄ ခုပါတဲ့ဟာ ဝယ်လိုက်တယ်။ ဒေါ်လာ ၁၄ ကျပ်ပေးရတယ် ဂျမားနဲ့ဝမ်ကို လက်ဆောင်ပေးလိုက်တယ်။ လေဆိပ်မှာ ဒေါ်လာ ၂၀၀ လဲတယ် တဒေါ်လာကို ပီရူးဆိုး sole ၃ ကျပ်ခွဲ။ ကျူးဘားမှာ ခံခဲ့ရဖူးတော့ ငွေကိုစစ်ယူတယ်။ ဟိုတယ်ကို လာကြိုဖို့ပြောထားတော့ တက္ကစီမှာ ကိုယ့်နာမည်တွေ့တယ်။ အဲ့ဒီလို လာကြိုခိုင်းတဲ့အခါ ဝိုင်းနာမည်က ရှည်လွန်းခေါ်ရခက်လို့ ကိုယ့်နာမည်သုံးတယ်။ ဟိုတယ်က သိပ်မဝေးဘူး ၁၅ မိနစ်လောက်ပဲ။ ကားသမားက ဟိုတယ်အဝကိုသွား သေချာပါတယ်လို့ ပြောတော့မှ ကားပေါ်ကဆင်း လိပ်စာအသေအချာကြည့် မှန်တော့မှ တက္ကစီခပေးတယ်။ ကျူးဘားမှာတုန်းက ကားပေါ်မှဆင်းပြီးမှ လိပ်စာမှားချပေးခဲ့မှန်းသိတယ်။ ခံရဖူးလို့ မှတ်သွားပြီ အမှားထဲက သင်ခန်းစာယူ နောက်ထပ်အဲ့ဒီလို ထပ်မမှားရအောင်လုပ် ဒါ ဘဝသင်ခန်းစာပဲ။
guest house အိမ်အပေါ်ထပ်က အခန်းလေး။ ခဏနေတော့ ဝိုင်းက အိမ်သာအနံ့နံလို့တဲ့ ကိုယ်ကအနံ့မရဘူး။ ဟိုတယ်ပိုင်ရှင်ကိုပြောတော့ လာဖြန်းပေးတယ်။ ပင်ပန်းလို့ အိပ်ယာကမထချင်ဘူး ညစာသွားဝယ်ရမယ် နေ့လည်စာနဲ့ညစာ ပေါင်းစားရမှာ။ ဟန်က ဘယ်လိုမှမထနိုင်ဘူး အိမ်နားကဆိုင်တွေမှာ သွားစားမယ် လမ်းနည်းနည်းလျှောက်ပါဆိုတာ ဘယ်လိုမှပြောလို့မရဘူး။ ဝိုင်းနဲ့ကိုယ်က ရေဘူး၊ ဒိန်ချဥ◌်၊ အသီးအနှံ၊ ကိုကာကန်ဒီ၊ high altitude sickness ပျောက်ဆေး သွားဝယ်ကြတယ်။ ခဏနားပြီး မြို့လယ်ကောင်က Plaza de Armas သွားလည်ကြတယ်။ ကူစကိုမြို့ရောက်ရင် မဖြစ်မနေသွားလည်ရမဲ့နေရာက Plaza de Armas ။ ဘုရားကျောင်းထဲက ရွှေရောင်ထုံမွှန်းနေတဲ့ လက်ရာတွေက အံ့မခန်းဘဲ။ ဓာတ်ပုံရိုက်ခွင့်မရှိဘူး ချွှေးတွေထွက် ခေါင်းမူးလာလို့ ထိုင်နားရတယ်။ တအေ့အေ့နဲ့ လေတက်လာလို့ အိမ်သာပြေးရတယ်။ အထွက်ကျတော့ အန်တော့တာပဲ တော်သေးတယ် ဘုရားကျောင်းအထွက်မှာဖြစ်လို့။ ဘုရားကျောင်းက တာဝန်ရှိသူတယောက်က ရှုရှိုက်ဖို့ အော်ဒီဂလုန်းဆွတ်ထားတဲ့ ဂွမ်းလာပေးတယ်။ ဝိုင်းနဲ့ အဲ့ဒီသူက ကိုယ့်အန်ဖတ်တွေကျုံး။ ဝိုင်းရေ နောက်ထပ်ဘုရားကျောင်းနှစ်ကျောင်း သွားလည်ဖို့ မဖြစ်နိုင်တော့ဘူး ဟိုတယ်ပြန်ရအောင်။ လမ်းမှာတွေ့တဲ့ စားသောက်ဆိုင်မှာ အစားအသောက်မှာရင်း ခေါင်းတွေမူး ချွှေးတွေထွက် အန်ပြန်ရော။ လူက အိပ်ယာပေါ် ဒိုင်ဗင်ထိုးပစ်လိုက်ချင်ပြီ။ အိမ်တွေကဆင်တူတွေ ဟိုတယ်ကိုမမှတ်မိလို့ maps.me ကနေရှာ။ ဟိုတယ်ရောက်တော့ ကုတင်ပေါ် ထိုးပစ်လဲတယ်။ ဟန်က နိုးလာပြီး အန်ပြန်ရော။ ဆေးသောက်ပြီးအိပ် နိုးလာတော့ ဒိန်ချည်၊ ငှက်ပျောသီး၊ ကြက်စွပ်ပြုတ်သောက်၊ ကြက်ဥကြော်စား။ ထမင်း၊ ခေါက်ဆွဲမစားချင်ဘူး ထပ်အန်မှာစိုးလို့။ ဝိုင်းက လန့်နေတယ် ကိုယ်တို့နှစ်ယောက်အန်ပြီး ပစ်လဲနေလို့။ ည ၇ နာရီမှာ tour briefing ရှိတယ် ဝိုင်းက တယောက်တည်းမသွားရဲဘူး တက္ကစီနဲ့သွားဆိုတော့လည်း မသွားချင်ဘူး။ ကိုယ်နည်းနည်းသက်သာလာလို့ နှစ်ယောက်လမ်းလျှောက်သွားကြတယ်။ ကိုယ်က မြေပုံကျွှမ်းကျင်လို့ ချောချောမောမော လမ်းမမှားဘဲရောက်တယ်။ မက်ချူးပီချူး Machu Picchu ဝင်ခွင့်လက်မှတ်၊ ရထားလက်မှတ်၊ တိုးခရီးစဥ◌်အကြောင်း မြေပုံဆွဲပြီး သေသေချာချာရှင်းပြတယ်။ လာလိုက်တာ မှန်သွားတယ် အဲ့ဒီမှာ ကိုယ်တို့တွေ အမြဲအမှတ်ရနေမဲ့ ဘရာဇီးကောင်လေးတယောက်နဲ့ ဆုံတယ်။ ဘာလို့ အမြဲအမှတ်ရနေကြမှာလဲဆိုတာကတော့ နောက်ပို့စ်တွေဖတ်ပြီးရင် သိလာပါလိမ့်မယ်။ နောက်နေ့မနက်ကျတော့ ဝိုင်းက ဗိုက်ဆာလွန်းလို့ လှုပ်တောင်မလှုပ်နိုင်ဘူးတဲ့။ မနေ့ညက ညစာအကုန် အများဆုံးစားတဲ့သူကဝိုင်း။ မနက်စာအဖြစ် ပေါင်မုန့်၊ ဆန်မုန့်၊ ယောဂ၊ ကိုကာတီး သောက်ကြတယ်။ မနက် ၈ နာရီမှာ တိုးကားလာခေါ်တယ် ဘာတွေသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၈၊ ၂၀၂၀။
ညဖက် tour briefing ဟိုတယ်ဆီအသွားလမ်းက ဘုရားကျောင်းတွေ |
ဟိုတယ်အခန်းထဲက ပန်းချီလက်ရာ |
မက်ချူးပီချူး တိုးခရီးစဥစဥ◌် ၂ ရက် သွားလည်မဲ့နေရာနဲ့ အချိန်တွေကို တိုးဂိုက်က ဒီလိုပုံလေးဆွဲပြီး ရှင်းပြတယ် |
ကိုလံဘီယာနိုင်ငံမြို့တော်ဘိုကိုတာမှာ ထရန်စစ် ၂ နာရီ စောင့်နေတုန်း နာမည်ကြီး ကိုလံဘီယာကော်ဖီ ဝယ်လိုက်တယ် ဂျမားနဲ့ဝမ်ကို နှစ်ထုပ် လက်ဆောင်ပေးပြီးလို့ နှစ်ထုပ်ကျန်သေးတယ် လိုချင်ရင်ပြော ပေးမယ်နော်:) |
No comments:
Post a Comment