ကိုယ်က အနီရောင်ဝတ်ထားတော့ ဓာတ်ပုံထဲမှာ အရမ်းပေါ်လွင်တယ်။ အပြင်မှာတော့ အတော်ကြောင်တောင်တောင် နိုင်တာပေါ့လေ။ ဘိုတွေဆိုရင် အဲ့ဒီလိုအနီရောင်ဝတ်ဖို့ ဘယ်တော့မှ စိတ်ကူးမှာမဟုတ်ဘူး။ အပြင်မှာ ကြောင်တောင်တောင်နိုင်ပေမဲ့ ဓာတ်ပုံထဲမှာပေါ်ဖို့ အဓိက။ ဓာတ်ပုံတွေ မပြီးနိုင်မစီးနိုင် ရိုက်နေသူတွေ ကြည့်လိုက်ရင် အေးရှန်းနဲ့လက်တီနိုတွေ။ ဘိုတွေက ရှုခင်းတွေခံစား သမိုင်းကြောင်းတွေဖတ် ဓာတ်ပုံနည်းနည်းပဲရိုက်တယ်။ ရိုက်ရင်လည်း သူတို့ပါတာနည်းတယ် ရှုခင်းပုံကများများ။ ကိုယ်တွေကတော့ ရှုခင်းပုံကနည်းနည်း ကိုယ့်ပုံကများများ။ ရောက်တုန်းလေး ဓာတ်ပုံရိုက်ရတာ ဓာတ်ပုံရိုက်ဖို့အဓိက ရှုခင်းကနောက်မှ ခံစားတယ်ဆိုတာမျိုး။ တိုးဂိုက်က ရှင်းပြနေတုန်း ကိုယ့်ကိုရှေ့ထွက်ခိုင်းတော့ အူကြောင်ကြောင်ဖြစ်သွားတယ်။ ကိုယ့်ဆွယ်တာအင်္ကီျမှာပါတဲ့ အရုပ်လေးတွေက အင်ကာလူမျိုးတွေရဲ့ အမှတ်အသားနဲ့ ဆင်တယ်လို့ရှင်းပြတယ်။ တိုးဂိုက်ကို တစ်ဖ်များများပေးလိုက်တယ်။ တောင်ထိပ်ရောက်တဲ့သူက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်တဲ့အခါ လူတချို့က အော်ဟစ်ကောင်းချီးပေးကြတယ်။ တယောက်တည်းလာတဲ့ ဘရာဇီးကောင်လေးက ဓာတ်ပုံရိုက်ခိုင်းတော့ ကိုယ်တို့တွေ ရိုက်ပေးကြတယ်။ မက်ချူးပီချူးဂိတ်ပေါက်ကနေ ထွက်လိုက်ရင် ပြန်ဝင်ဖို့ လက်မှတ်ထပ်ဝယ်ရမှာဆိုတော့ မထွက်ခင်တဝလည်ကြတယ်။ အထွက်မှာ အိမ်သာထပ်ဝင်ကြတယ်။ အင်ကာထရေးလမ်းကိုရှာတော့ လူတွေအများကြီး ဆင်းသွားတာ အင်ကာထရေးလမ်းဖြစ်မယ်။ အင်ကာထရေးက ၄ ရက်သွားရတယ် အင်မတန်ခက်ခဲပင်ပန်းတယ်။ ၆ လလောက် ကြိုတင်ဘွတ်ကင်းလုပ်ရတယ် အထမ်းသမားတွေက ပစ္စည်းသယ်ပေးတယ်။ ကိုယ်ကတောင်တက်ရုံပဲ ဒီတသက်တော့ အင်ကာထရေးလမ်းကနေ တောင်တက်နိုင်မယ်မထင်ဘူး။ လမ်းတဝက်လောက်ရောက်တော့မှ မက်ချူးပီချူးဂိတ်ဝမှာ ပတ်စ်ပို့ပေါ် တံဆိပ်တုံးထုဖို့ သတိရတယ်။ အမှတ်တရ souvenir အဖြစ်ပေါ့ လမ်းတဝက်ရောက်နေပြီဆိုတော့ ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး။ ဝိုင်းက သတိရတယ် သူ့ပတ်စ်ပို့စာအုပ်မှာ စာရွက်တရွက် အကုန်မခံချင်လို့တဲ့။ သူကတော့ ဟုတ်တာပေါ့လေ ခရီးအများကြီးသွား ကမ္ဘာပတ်နေတဲ့သူဆိုတော့ ပတ်စ်ပို့စာရွက်တရွက် ဘယ်အကုန်ခံချင်ပါ့မလဲ။ ကိုယ့်ပတ်စ်ပို့စာအုပ်မှာက စာရွက်လွတ်တွေ အများကြီး အမှတ်တရလိုချင်တာပေါ့။ မက်ချူးပီချူးရောက်ရင် အထွက်မှာ ပတ်စ်ပို့စ်ကို တံဆိပ်တုံးထုဖို့ မမေ့ပါနဲ့ လိုချင်ရင်ပေါ့လေ။ တောင်ဆင်းလမ်းက တကယ့်ကို မတ်မတ်ကြီး တက်လာတဲ့သူတွေကို မေးကြည့်တော့ တနာရီလောက်တက်ရတယ် အဆင်းဆိုရင် မိနစ် ၄၀ လောက်ပဲတဲ့။ ဟမ်မလေး … ဘယ်ကမိနစ် ၄၀ ကမလဲ တနာရီ ၄၅ မိနစ် ၂ နာရီနီးပါး ဆင်းယူရတယ်။ ရောက်ပြီထင်လို့ကြည့်လိုက် ထပ်ဆင်းရပြန်ပြီ ဆင်း…ဆင်း။ မြေပုံနဲ့ အမှတ်တရ ဓာတ်ပုံရိုက််တော့ ဖိလစ်ပိုင်လင်မယားနဲ့ဆုံတယ်။
Three Musketeers |
တောင်အမေရိကခရီးမှာ အေးရှန်းတွေ့ရနည်းတယ်။ ကိုရီးယားနဲ့ဂျပန် တိုးရစ်များတယ် ဗီယက်နမ်ကတော့ သိကြတယ်။ မြန်မာဆိုတာမသိ ကြားတောင်မကြားဘူးလို့ပြောတော့ စိတ်မကောင်းလိုက်တာ။ ကိုယ့်နိုင်ငံကို လူတိုင်းသိလေးစားအထင်ကြီး အားကျရတဲ့နိုင်ငံ ဖြစ်စေချင်တယ်။ တံတားကိုရောက်တဲ့အခါ ရောက်ပြီလို့ထင်တာ မရောက်သေးဘူး ခြေကုန်လက်ပန်း ကျနေပြီ။ ကိုယ်နဲ့အတူ ဆင်းတဲ့သူတွေက မြန်လိုက်တာ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။ ဝိုင်းက လမ်းမှားနေပြီထင်နေလို့ ကြည့် … တောင်တက်ကားတွေက ဒီလမ်းကနေ သွားနေတာ မမှားပါဘူးကွ။ ဘေးနားက ဖြတ်သွားတဲ့ကောင်မလေးကို မေးကြည့်တော့ လမ်းမှန်တယ်တဲ့။ သူက မက္ကဆီကန် ဗီယက်နမ်ကို ရောက်ဖူးတယ်တဲ့။ သူလည်း ကိုယ်တို့ကို ကျော်တက်သွားတာပဲ။ ကိုယ့်ကိုကိုယ် သာမန်လူတွေထက် ကြံ့ခိုင်တယ်ထင်နေတာ ဘယ်ကသာ ကိုယ်တွေက အတော်နှေးကွေးနောက်ကျ ကျန်းမာကြံ့ခိုင်မှု မရှိဘူးဆိုတာ သဘောပေါက်သွားတယ်။ လမ်းမှာတွေ့တဲ့သူတွေကို မေးကြည့်တော့ ဟိုမှာရွာလေတဲ့။ ကိုယ်ထင်တာမှန်တယ် ဒီလိုရွာသေးသေးလေးမှာ လမ်းတလမ်းပဲ ရှိမယ်ဆိုတာ။ ရွာရောက်တော့ နေ့လည် ၂ နာရီ ထိုင်နား ထမင်းဆိုင်ရှာကြတုန်း ကိုယ့်ကင်မရာအဖုံးက မြောင်းထဲကျသွားတယ်။ ကင်မရာအဖုံးကို မြင်ရပေမဲ့ မြောင်းပေါ်မှာ သံဇကာရှိလို့ မလို့မရ ကောက်လို့မရဘူး။ ရှိပါစေတော့ အသစ်ဝယ်လိုက်မယ်လို့ တွေးနေတာ ဘေးနားကအန်တီကြီးက လာကူပေးတယ်။ မလို့မရဘူးဆိုတာသိတော့ ဝန်ထမ်းကို သွားပြောပေးတယ်။ ဝန်ထမ်းက လာကူပေးလို့ ပြန်ရတယ်။ စိတ်ကောင်းစေတနာကောင်း ကူညီတတ်တဲ့လူတွေကြောင့် စိတ်ချမ်းမြေ့ရပါတယ်။ ဝိုင်းက ဘလော့ဂါတွေညွှန်းတဲ့ ငါးဟင်းချိုစားချင်လို့ ဝန်ထမ်းကိုမေးကြည့်တာ မသိဘူး။ ကောင်းတဲ့ဆိုင်ညွှန်ပါဆိုတော့ အကုန်ကောင်းတယ်တဲ့။ ပတ်ကြည့်နေကြတုန်း ဆိုင်တဆိုင်ရှေ့ရောက်တော့ ဟန်က လမ်းဆက်မလျှောက်နိုင်တော့ဘူးဆိုတာနဲ့ ဝင်စားကြတယ်။ ကိုယ်နဲ့ဝိုင်းက ငါး ဟန်က အမဲသား ရှယ်စားကြတယ်။ နေ့လည်စာနဲ့ညစာ ပေါင်းစားကြတယ်။ ရွာလေးက သေးသေးလေး မက်ချူးပီချူးတောင်ခြေဆိုတော့ အစစအရာရာ စေ◌ျးကြီးတယ်။ ဆွယ်တာအင်္ကီျဝယ်မလားလို့ ကြည့်တာ အရောင်မကြိုက်၊ အဆင်မကြိုက်၊ ကြိုက်ပြန်တော့လည်း ဆိုဒ်မရှိနဲ့ ဘာမှမဝယ်ဖြစ်ဘူး။ တရွာလုံးအနှံ့ပတ်တယ်လို့ ပြောလို့ရတယ်။ ည ၇ နာရီကျတော့ ဟိုစတယ်ကနေ ချက်ကောက်လုပ်ပြီး ရထားဘူတာရုံရှာတာ မြေပုံကျွှမ်းတဲ့ကိုယ်တောင် လည်ထွက်တယ်။ မေးမြန်းတော့ မက်ချူးပီချူးဘတ်စ်ကားဂိတ်နားက တောင်ကုန်းပေါ်တက်။ လှေကားထစ်တွေဆိုတော့ ဟိုက်နေအောင် တက်ရတယ်။ အပေါ်ရောက်ောတ့ စေ◌ျးတန်းကိုမေးလိုက် လက်ညှိုးညွှန်ရာလျှောက် ထပ်မေးလိုက် လျှောက်လိုက် မေးလိုက် လျှောက်လိုက် အယ်မလေး …. နောက်ဆုံးမှာ ဘူတာရောက်တယ်။ ဘူတာရောက်တော့ စောနေသေးတော့ တနာရီလောက် ထိုင်စောင့်ရတယ်။ ဘူတာဆိုင်းဘုတ်မှာ ရထားခရီးစဥ◌်၊ အချိန်တွေ ကြေငြာတော့ အဆင်ပြေတယ်။
ကိုယ်တို့က ဂိတ်ဝနားမှာကို စောင့်နေတာ ဘရာဇီးကောင်လေးနဲ့ဆုံတယ်။ တောင်ဆင်းတာ ဘယ်လောက်ကြာလဲလို့ မေးကြည့်တော့ နှစ်နာရီကြာတယ်တဲ့။ ဘေးပတ်ပတ်လည်ကြည့် အောက်ဆင်းဆိုတော့ဆင်း ဘေးကြည့်လိုက် အောက်ဆင်း ဆုံးကိုမဆုံးတော့ဘူးလို့ပြောလို့ ရယ်လိုက်ရတာ။ ဟန်က ဘရာဇီးကောင်လေးက အသက် ၂၀ ကျော် ငယ်ငယ်လေး သူတောင် နှစ်နာရီတက်ရတယ်။ ကိုယ်တို့တွေက အသက် ၄၀ နီးပါးနဲ့ အသက် ၄၀ ကျော် မိန်ကလေးတွေက ဘရာဇီးကောင်လေးနဲ့ တန်းတူဆိုတော့ ဟန်က သူ့ကိုယ်သူ ဂုဏ်ယူတယ်တဲ့။ ဝိုင်းက ဘဝမှာ ပျော်ရွှင်ချင်ရင် နည်းနှစ်ခု လိုက်နာကျင့်သုံးရမယ်။ နံပါတ်တစ် ဘယ်တော့မှ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့တဲ့။ နံပါတ်နှစ် ကိုယ်နဲ့တန်းတူ ကိုယ့်ထက်နိမ့်တဲ့သူကိုကြည့် ကိုယ့်အထက်ကသူတွေကို မကြည့်နဲ့။ ကိုယ်တို့ ခုနံပါတ်နှစ်ကို ကျင့်သုံးနေတယ် ဘရာဇီးကောင်လေးနဲ့ယှဥ◌်ပြီး စိတ်ချမ်းသာနေကြတယ် ဂုဏ်ယူနေကြတယ်လေ။ ဘာပဲလုပ်လုပ် We always make the right choice ဆိုပြီး ကိုယ့်ကိုကိုယ် ချီးကျူးလေ့ရှိတယ်။ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း ဖတ်ဖူးတဲ့စာအုပ်က ဆရာထင်လင်း ဘာသာပြန်တဲ့ ပေါ်လီယာနာစာအုပ်။ ပေါ်လီယာနာကောင်မလေးက ဘယ်အရာပဲဖြစ်ဖြစ် စိတ်ချမ်းသာတာကိုရှာဖွေတဲ့ ဂိမ်ဆော့တဲ့အကြောင်း ရေးထားတဲ့စာအုပ်။ မကြာသေးခင်က အင်္ဂလိပ်မူရင်းဝထ္ထုစာအုပ် ဖတ်ပြီးတယ်။ ဖတ်ပြီးတိုင်း စိတ်ချမ်းသာစေတဲ့စာအုပ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကိုယ်တို့က နောက်နေ့ပူနို puno အဲ့ဒီကနေ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ် la paz ၊ Sala de Urini ယူရီနီဆားကွင်း၊ ချီလီနိုင်ငံ San Pedro de Atacama ဆန်ပတ်ထရိုဒီအာတာကမာ၊ ချီလီနိုင်ငံမြို့တော် ဆန်တီရာဂို Santiago သွားမှာ။ သူလည်း ကိုယ်တို့နဲ့ လမ်းကြောင်းတူတယ် ကံမကုန်ရင် ပြန်ဆုံကြတာပေါ့။ ဒီတခေါက် ရထားပေါ်ကို ချောချောမောမောရောက်တယ်။ တတွဲလုံး နိုင်ငံခြားသားချည်းပဲ မက်ချူးပီချူးကို ရထားနဲ့ပဲ လာလို့ရတယ်။ ရထားတနာရီမိနစ် ၄၀ စီးပြီးတဲ့အခါ အိုလန်တေတန်ဘိုရွာ ရောက်တယ်။ ဒီတခါတော့ ရထားက ရောက်ပါပြီလို့ ကြေငြာတယ်။ ဘူတာမှာ ကိုယ်တို့နာမည်ရေးထားမဲ့ ဆိုင်းဘုတ်ကိုလိုက်ရှာတော့ တွေ့တယ်။ ကိုယ့်နာမည်ကို အော်ခေါ်နေတာ ဟွမ်စမ်တဲ့။ တနာရီလောက်စီးပြီးတဲ့အခါ ကူစကိုမြို့ကို ည ၁၀ နာရီကျော်မှာ ရောက်တယ်။ ကားနှစ်စီး ကိုယ်တို့ကားက မြို့လယ်ကောင် ပလာဇာဒီအာမန့်မှာ ဆုံးတယ်။ ဟိုတယ်ကို လမ်းလျှောက်သွားလို့ရလား၊ ဘယ်လိုသွားရမလဲလို့ မေးကြည့်တော့ ဝေးတယ် ၅ ဆိုး တက္ကစီငှားပေးတယ်။ ဟိုတယ်ရှေ့ရောက်တာ သေချာပြီဆိုတော့မှ ပိုက်ဆံပေးတော့ တက္ကစီသမားက ဟေ့ … ဒါ ပြား ၅၀ အကြွေစေ့ ၅ ဆိုး ပေးရမှာ။ ဝိုင်းက ပိုက်ဆံတွေကို မှတ်မိတယ် ကိုယ့်အိတ်ထဲကနေ ရှာပေးတယ်။ စားသောက်ကျသင့်သမျှကို ဝိုင်းကရှင်းတယ် ကိုယ်က ညကျမှ ပြန်ပေးတယ် တနေ့ဘယ်လောက်ကျလဲဆိုတာ မှတ်တယ်။ သနားစရာ ကားသမားခမျာ စစ်ကြည့်လိုက်လို့ မကြည့်များမကြည့်လိုက်လို့ကတော့လား။ စန်းစန်းရယ် … ၅ ဆိုးနဲ့ ပြား ၅၀ မှားရတယ်လို့ မှားတဲ့အခါလည်း မှားပေမပေါ့။ တော်သေးတယ် ကားသမားက တမင်ညစ်တာမဟုတ်မှန်းသိလို့။ ဟိုစတယ်ဆိုပေမဲ့ ရေချိုးခန်း၊ အိမ်သာတွဲလျက် သန့်တယ်။ ဝိုင်းက အိမ်သာနံ့ရတယ်တဲ့ ဒီမြို့ရဲ့ မိလ္လာစနစ်ကြောင့် ဖြစ်ရမယ်တဲ့။ အတော်လေး ပင်ပန်းနေကြပြီဆိုတော့ ခဏလေးနဲ့ အိပ်ပျော်သွားကြတာ မနက် ၅ နာရီအထိ တရေးပဲ။ နောက်နေ့ ဘယ်ကိုသွားလည်ကြသလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ ဆက်ပါဥ◌ီးမယ်။
Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၁၅၊ ၂၀၁၉။
ကိုယ်တို့ဘွတ်တဲ့တိုး
No comments:
Post a Comment