ပီရူးသွား ‌တောလား - ၂

၂၀၁၉ အောက်တိုဘာ ၃၁ ကြသပတေးနေ့ မနက် ၈ နာရီ တိုးကားလာခေါ်တယ်။ ကား တနာရီမိနစ် ၂၀ လောက်စီးပြီးတဲ့အခါ Pisac ပိဆက်ရွာလေးကို ရောက်ပါတယ်။ ရှေးဟောင်းအဆောက်အဥ◌ီးဝင်းတွေထဲ ဝင်လည်ဖို့ လက်မှတ်ဝယ်ရတယ်။ အင်ကာလူမျိုးတွေရဲ့ လှေကားထစ်စိုက်ပျိုးနည်း၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အဥ◌ီးပျက်တွေ၊ တောင်တန်းတွေနဲ့ အင်မတန်လှတယ်။ ဟိုးအမြင့်အထိ တက်လို့ရပေမဲ့ မတက်နိုင်တော့ဘူး high altitude sickness ကြောင့် မောတယ် လမ်းမြန်မြန်‌‌‌လျှောက်လို့မရဘူး နှလုံးခုန်မြန်တယ်။ ကားပေါ်မှာ အိန္ဒိယမျိုးနွယ်မိသားစု၊ ရိုမေးနီးယားကောင်လေး၊ မနေ့က tour briefing မှာဆုံခဲ့တဲ့ ဘရာဇီးကောင်လေးကိုတော့ မျက်မှန်းတန်းမိတယ်။ ပိဆက်ကနေ တနာရီလောက်စီးပြီးတဲ့အခါ Urubamba အူရူဘန်ဘာရွာလေးမှာ နေ့လည်စာစားဖို့ ခဏနားတယ်။ ဒီဆိုင်ကတော့ တိုးရစ်ဆိုင် ဘူဖေးရတယ် ဟိုဖက်ဆိုင်က ဒေသခံဆိုင်။ ဒေသခံဆိုင်မှာစားဖို့ ရွေးလိုက်တယ်။ ဝိုင်းက မီနူးမေးတော့ မီနူးမရှိဘူးတဲ့ ရနိုင်တဲ့သုံးမျိုးကို ရွတ်ပြတယ်။ ဘေးမှာစားနေတဲ့လူတွေကို အကဲခတ်ကြည့်တော့လိုက်တော့ ဟင်းအမယ်တွေက အတူတူပဲ။  ပထမဆုံး အာလူးဟင်းချို၊ နောက်ထမင်းကြော် လာချပေးတယ်။ ကိုယ်တို့စားပွဲကိုလည်း အဲ့ဒီအတိုင်းလာချပေးတယ်။ မဆိုးပါဘူး စားလို့ရတယ် အကောင်းကြီးတော့ မဟုတ်ဘူး။ ဟန်က မစားနိုင်ဘူး ဝိုင်းကို ဂျီကျတယ် ဝိုင်းက အဲ့ဒါဆိုဘူဖေးဆိုင်မှာ ထပ်စားမလားဆိုတော့ မဟုတ်ပြန်ဘူး။ ဝိုင်းနဲ့ကိုယ်က ဘာမဆိုစားနိုင်တယ်။ ပြီးတော့ အချိုရည်၊ ယောဂ လာချပေးတယ်။ ပီရူးဆိုး ၈ ကျပ် ဒေါ်လာ ၃ ကျပ်တောင် မကျဘူး တန်လိုက်တာ။ အိပ်သာသိပ်မသန့်ဘူး တစ်ရှူးဆောင် hand sanitizer ဆောင်ရတယ်။ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်တွေကို လက်နဲ့လုပ်တဲ့ဆိုင်မှာ မက်ချူးပီချူးက ကျောက်တွေမှာ positive energy အများဆုံးဆိုတာ စက်ကလေးနဲ့ပြတယ်။ စေ◌ျးဆစ်လို့ရတယ် အမှတ်တရဝယ်ချင်ပေမဲ့ ဘာမှမကြိုက်ဘူး။ ဟန် ဝယ်သလို မက်ဂနက်နဲ့ ပို့စကဒ် လိုက်ဝယ်တယ်။ မိနစ် ၄၀ လောက် ကားစီးပြီးတဲ့အခါ Ollantaytambo အိုလန်တေတန်ဘိုရွာလေးကို ရောက်တယ်။ အမြင့်ဆုံးနေရာဖြစ်တဲ့ Temple of the Sun ကို လှေကားထစ်တရာကျော် တက်ရတယ်။ မောလိုက်တာ ဟိုက်နေအောင် နားလိုက်တက်လိုက်။ ဟန်က မတက်နိုင်လို့ တောင်အောက်ခြေနားမှာ ကျန်ခဲ့တယ်။ ကိုယ်ဆိုမောလွန်းလို့ စကားတောင် မပြောနိုင်ဘူး။ ပြီးတော့ Temple of water နဲ့ Temple of wind ဆီ သွားလည်တယ်။ Sacred Valley တိုးခရီးစဥ◌်က ည ၄ နာရီခွဲမှာပြီးတယ်။ မက်ချူးပီချူးကို ဆက်သွားမဲ့သူတွေက ည ၇ နာရီထွက်မဲ့ ရထားစီးရမှာ။ ကူစကိုမြို့ကို ပြန်မဲ့သူတွေက တိုးကားနဲ့ပါသွားတယ်။ လက်ကေ့အိတ်တွေကို ကော်ဖီဆိုင်မှာ အပ်ထားပြီး ရွာလေးတခွင် အနှံ့လည်ကြတယ်။ လမ်းဘေးမှာ တူးမြောင်းတွေနဲ့ လမ်းကကျောက်စရစ်တွေနဲ့။ တိုးအဖွဲ့နောက် မယောင်မလည် ကပ်လိုက်ကြတယ်။ တိုးအဖွဲ့က တောင်ပေါ်တက်သွားတော့ မလိုက်နိုင်တော့ဘူး။ တို့အဖွဲ့ထဲက ရိုမေးနီးယားကောင်လေးနဲ့ဆုံတယ် ဟိုင်းလို့မနှုတ်ဆက်ဘူး။

စေ◌ျးဆိုင်တွေဝင်ကြည့် ဘုရားရှိခိုးကျောင်းထဲဝင်ကြည့်။ လမ်းဘေးမှာရောင်းတဲ့ အကင်ဝယ်စားတယ် တခု ၃ ကျပ်။ မနက်ဖက်ဆို ကိုကာတီးသောက်သင့်တယ် ကိုကာတီးကပြင်းလို့ ညဖက်ဆို မူညာတီးသောက်သင့်တယ်တဲ့။ ကော်ဖီဆိုင်က ဝန်ထမ်းကောင်မလေးကညွှန်းလို့ မူညာတီးသောက်ကြတယ်။ ကိုယ်က မူညာတီးကြိုက်တယ် အနံ့လေးက မွှေးမွှေးလေး။ ည ၆ နာရီထိုးတာနဲ့ ရထားဘူတာဆီ သွားကြတယ်။ သူတို့ပြောတော့ နီးနီးလေးတဲ့ လျှောက်လိုက်ရတာ နာရီဝက်လောက် လျှောက်ရတယ်။ ဘူတာနဲ့တူတာမတွေ့လို့ မေးကြည့်တော့ ရှေ့မှာတဲ့ ဟမ်မလေး သူတို့တပြကလည်း ဆယ်ဘလောက်,လောက် လျှောက်ရတယ်။ ဘူတာရုံမှာတန်းစီ မေးကြည့်တော့ လက်မှတ်ဝယ်တဲ့နေရာတဲ့။ တိုးရစ်တွေ ရုံလေးထဲကို ဝင်မေးကြည့်တော့ မဟုတ်သေးဘူး ဟိုးဘူတာဖက်ကိုသွားတဲ့။ ဘူတာမှာ တိုးရစ်တွေအများကြီး လာရပ်တဲ့ရထားပေါ်က ဝန်ထမ်းတွေကို မေးကြည့်တော့ အချိန်မရောက်သေးဘူး ခေါင်းခါပြတယ်။ ဆိုင်းဘုတ်လည်းမရှိ ကြေလည်းမကြေငြာ လာရပ်သမျှရထားပေါ်က ဝန်ထမ်းတွေကို လက်မှတ်ပြပြီး မေးကြည့်တော့ ခေါင်းခါပြတယ်။ ခေါင်းကိုလည်ထွက်နေတာပဲ ညာဖက်ကြည့်လိုက် ဘယ်ဖက်ကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်။ ကျွှပ်ကျွှပ်ညံနေတယ် ကိုယ်နဲ့ခရီးအတူသွားမဲ့ တိုးကားပေါ်က ဘရာဇီး၊ ရိုမေးနီးယား၊ အိန္ဒိယမိသားစုကို ကြည့်နေရတယ်။ ဘရာဇီး၊ ရိုမေးနီးယား ကောင်လေးတွေနဲ့  စကားပြောကြတယ်။ ရိုမေးနီးယားကောင်လေးက မက်ချူးပီချူးရောက်ရင် ဘတ်စ်ကားမစီးဘူး တောင်တက်မှာ မနက် ၄ နာရီလောက်ကတည်းက တောင်တက်ရမှာ။ ဘရာဇီးကောင်လေးက ဘတ်စ်ကားနဲ့တက်မှာ သူလည်း ပီရူး၊ ဘိုလီးဘီးယား၊ ချီလီသွားမှာ။ ဘိုလီးဘီးယားတိုးခရီးစဥ◌်တွေအကြောင်း မေးနေလို့ ပြောပြရသေးတယ်။ သူက ဘာမှမစီစဥ◌်ရသေးဘူး ရောက်တဲ့နေရာမှာ ကြည့်စီစဥ◌်မှာ။ ကိုယ်တို့က အချိန်မရှိဘူး သေချာစီစဥ◌်ပြီးမှလာတာ။ ကြေငြာသံကြားလို့ နားထောင်လိုက်တော့ ကိုယ်တို့ရှေ့က တခြားပလက်ဖောင်းမှာ ရပ်ထားတာ မက်ချူးပီချူးရထားတဲ့။ လက်ကေ့အိတ်ဆွဲပြီးပြေးတော့ အိန္ဒိယမိသားစုထဲက ကောင်လေးကလာမေးတယ် ဘာဖြစ်တာလဲတဲ့။ ဟဲ့ … အဲ့ဒီရထားက မက်ချူးပီချူးရထား ကိုယ်တို့စီးမဲ့ရထား ကိုယ်စီးရမဲ့တွဲကိုရှာ ငါတို့ဘီအတွဲ ဟိုးဖက်မှာတဲ့။ ရထားပေါ်မတက်ခင် ပတ်စ်ပို့ပြရတယ်။ တောင်အမေရိကခရီးစဥ◌်တခုလုံး ဘာပဲဘွတ်ဘွတ် ပတ်စ်ပို့နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ နိုင်ငံဖြည့်ရတယ်။ ကိုယ်တို့နဲ့ထိုင်ရသူက မက္ကဆီကိုကတဲ့။ ရထားပေါ်မှာလည်း ဝယ်စားလို့ရတယ်။ ကိုယ်တို့က ရိက္ခာအပြည့်နဲ့လာတာ။ ပါလာတဲ့ ဆီးသီး၊ စပျစ်သီး၊ ပဲမုန့်၊ သီဟို၌သီးခြောက်စားပြီး အိပ်ပျော်သွားလိုက်တာ ဝိုင်းနှိုးမှပဲနှိုးတော့တယ်။

Pisac - Sacred Valley, Peru


မျက်လုံးဖွင့်ကြည့်လိုက်တော့ အားလုံးကအထုပ်ပြင်ပြီး ဆင်းဖို့ပြင်နေကြပြီ။ ရောက်ပါပြီလို့လည်း မကြေငြာဘူး။ အိုလန်တေတန်ဘိုကနေ မက်ချူးပီချူးတောင်ခြေက Aguas Calientes ရွာလေးကို တနာရီ မိနစ် ၄၀ စီးရပြီး ည ၈ နာရီ ၄၀ မိနစ်မှာ ရောက်ပါတယ်။ လက်ကေ့အိတ်ဆွဲ ဆိုင်းဘုတ်ကိုင်ပြီး စောင့်နေတဲ့သူတွေထဲမှာ ကိုယ့်နာမည်ပါလားလို့ ပြူးပြဲရှာ။ တိုးဂိုက်က ဟိုစတယ်ကို ခေါ်သွားတယ် လမ်းမှာ မနက်ဖြန်မနက် စီးရမဲ့ဘတ်စ်ကားနေရာကို ပြပေးတယ်။ ကိုယ်တို့နေရမဲ့အခန်းမှာ လူ ၆ ယောက် ဝိုင်းတို့ညီအစ်မက အပေါ်အောက်ထပ်စင်၊ ဘရာဇီးကောင်လေးက ကိုယ့်အပေါ်ထပ်စင်မှာ၊ ဘေးကထပ်စင်မှာ စုံတွဲတတွဲက အိပ်နှင့်နေပြီ။ ညဖက်ဗိုက်သိပ်မဆာတာနဲ့ ညစာမစားတော့ဘူး ရေသွားဝယ်ကြတယ်။ သွားတိုက်တဲ့အခါ ရေသန့်နဲ့ပလုတ်ကျင်းရမယ်လို့ ဝိုင်းကမှာထားတယ်။ ဝိုင်းက အာဖရိကကို အမြဲသွားရတဲ့သူဆိုတော့ အတွေ့အကြုံများတယ်။ အင်တာနက်က အခန်းထဲမှာဆို မရဘူး။ ဧည့်ခန်းမှာပဲ အင်တာနက်ရလို့ Sacred Valley ဓာတ်ပုံကို အပြေးအလွား ဖေ့ဘွတ်မှာချက်ကင်ရသေးတယ် မကြီးမှာထားလို့။ ဘရာဇီးကောင်လေးက နောက်ကျပြီးမှ ရောက်လာတယ်။ ဘရာဇီးကောင်လေး၊ ဝိုင်းနဲ့ကိုယ်တို့ အိပ်မပျော်ဘူး။ ဟိုစတယ်မှာ လူအများကြီးနဲ့ ရှယ်အိပ်ရတာ ပထမဆုံးပဲ။ ဝိုင်းက လန်ဒန်ကဟိုစတယ်မှာ လူ ၁၆ ယောက်နဲ့ ရှယ်အိပ်ဖူးတယ်။ မနက် ၄ နာရီထိုးတာနဲ့ စုံတွဲက မျက်နှာသစ် အဝတ်လဲပြီး ထွက်သွားတယ်။ ၄ နာရီခွဲတော့ ထရတယ် ဘတ်စ်ကားဂိတ်ကို မနက် ၅ နာရီခွဲ အရောက်သွားရမယ်လို့ တိုးဂိုက်က မှာထားတယ်။ လက်ကေ့အိတ်တွေကို ချက်ကောက်လုပ်ပြီး သိမ်းထားခိုင်း ဘတ်စ်ကားဂိတ်ရောက်တော့ အမလေး … လူတန်းကြီးက အရှည်ကြီးပါလား ဘတ်စ်ကားပေါ် တက်လို့မှရပါ့မလား။ မက်ချူးပီချူးကို ဘယ်လိုသွားခဲ့ရတယ် ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၁၁၊ ၂၀၂၀။

တောင်ထိပ်‌ပေါ်က က Temple of the Sun ဆီ တက်ရမှာ ဟမ်မလေး...
Temple of the Sun လမ်းတဝက်... မောလို့ စကားတောင် မပြောနိုင်...
ဒါ Temple of the Sun တဲ့
Temple of Water
Ollamtaytambo ရွာလေးတခွင် အနှံ့လည်
Temple of the Sun ကို Ollantaytambo ရွာကလေးကနေ မြင်ရစဥ်
lama လား alpacha လား မသိဘူး အေးအေးလူလူပဲ
‌တောင်အလယ်ကဟာတွေကို storage လို့ခေါ်တယ် လူတွေနဲ့ ပစ္စည်းတွေကို မြုပ်ထားတာ
သူတို့‌လေး‌တွေနဲ့ ဓာတ်ပုံတွဲရိုက်လို့ရတယ်...ပိုက်ဆံ‌ပေးရတယ်...ပိုက်ဆံမပေးရအောင် အဝေးကနေပဲ ရိုက်လိုက်တယ်
ပဒိုင်းပန်းတဲ့ ပဒိုင်းသီးစားရင် ရူးတတ်တယ်လို့ ကြားဖူးတယ်
အူရူဘန်ဘာရွာ ဒေသခံကဆိုင် ‌နေ့လည်စာ အာလူး၊ ပီလောပီနန် ဟင်းရည် အရင်လာချပေးတယ်
ထမင်း‌ကြော်
ပျားရည်ရေ‌နွေး
‌ကော်ဖီဆိုင်မှာ လက်‌ကေ့အိတ်အပ်ခ မူညာတီးသောက်ကြတယ်...အနံ့‌လေးက ‌မွှေးမွေးလေး...
high altitude sickness  သက်သာအောင် မနက်ဖက်ဆိုရင် ကိုကာတီး‌သောက်သင့်ပြီး
ညဖက်ဆိုရင် မူညာတီး‌သောက်သင့်တယ်တဲ့                          

No comments: