တံခါးဆောင့်ပိတ်သံ...

ငယ်ငယ်တုန်းက အိမ်မှာ ဖိနပ်ကို ညီညီညာညာချွှပ်ဖို့၊ ထမင်းစားရင် အသံပျပ်ပျပ် မမြည်စေနဲ့၊ ဟင်းချိုသောက်ရင် ရှူးရှူးအသံ မမြည်စေနဲ့၊ ထမင်းစားတဲ့အခါ မဖိတ်စေနဲ့၊ ခြေနင်းတာ ဖွဖွလေးနင်းဖို့၊ တံခါးတွေပိတ်တဲ့အခါ အသံမမြည်စေဖို့၊ လက်နှစ်ဖက်နဲ့ယူဖို့ အမြဲဆုံးမတယ်။ တတ်နိုင်သမျှ လိုက်နာပါတယ်။ ဂျပန်အိမ်မှာတုန်းက အိမ်ရှင်ကောင်လေးဟာ မနက်၁နာရီလောက် အိမ်ပြန်ရောက်လို့ ချက်ပြုတ်ရင် နံရံကပ်ဗီရိုတံခါးကို တအားဆောင့်ပိတ်လေ့ရှိတယ်။ တံခါးဆောင့်ပိတ်သံကြောင့် တခါတလေ အိပ်ယာက လန့်နိုးတယ်။ နယူးဂျာဆီအိမ်မှာတုန်းက ကိုယ့်အိပ်ခန်းအပေါ်ထပ်က တရုတ်မဟာ ည ၁၁ နာရီခွဲလောက် ပြန်ရောက်တယ်။ ခြေနင်းသံပြင်းလွန်းလို့ ကိုယ့်ဘေးနား လာလျှောက်နေသလား ထင်ရတယ်။ အိပ်ယာကနေ လန့်နိုးတယ်။ ခဏနေရင် တရုတ်မအိပ်မှာပါဆိုပြီး သည်းခံနေတာ။ ဘာတွေလုပ်နေမှန်းမသိ ခုံရွှေ့သံ၊ ခြေနင်းသံ တဒုန်းဒုန်း တော်တော်နဲ့မအိပ်။ သည်းမခံနိုင်တဲ့အဆုံး အောက်ကနေ တံမြက်စည်းနဲ့ တဒုန်းဒုန်းထု။ တံမြက်စည်းနဲ့ တဒုန်းဒုန်းထုနေတာကို သိရဲ့လားမသိ။ နောက်ဆုံး တရုတ်မက ငြိမ်သွားလို့လား ကိုယ်တို့ကပဲ တအားအိပ်ချင်နေလို့လားမသိ အိပ်ပျော်သွားတယ်။ အိမ်ရှင်ကို တရုတ်မပြန်လာရင်သိတယ် ဟိုးအဝေးကြီးကနေ ခြေနင်းသံကြားရတယ်။ ခြေသံပြင်းလို့ အိပ်လို့မရဘူးလို့ တိုင်လိုက်တယ်။ အိမ်ရှင်ပြောလို့နဲ့ တူပါရဲ့ အခန်းထဲမဝင်ရင် ဖိနပ်ချွှပ်သံ ကြားရတယ်။ ခုအိမ်မှာလည်း အိမ်ရှင်လာရင် ခြေနင်းသံခပ်ပြင်းပြင်း ကြားရတယ်။ တော်သေးတာက အိမ်ရှင်က တပတ်မှာတရက် ခဏပဲလာလို့။ တရားစခန်းဝင်တော့ ဘုန်းကြီးကျောင်းမှာ မနက်လေးနာရီလောက်ကတည်းက ခြေနင်းသံ တဒုန်းဒုန်းကြားရလို့ နိုးတယ်။ လူသေးသလောက် ခြေနင်းသံကြမ်းတဲ့ အန်တီကြီးကို ဒေါ်ဒုန်းလို့ နာမည်ဝှက်ပေးထားတယ်။ ရုံးကမန်နေဂျာမဟယ်လင်လည်း  မိုက်ခရိုဝေ့၊ အိမ်သာတံခါး၊ အခန်းအဝင်ကတံခါးတွေကို ဆောင့်ပိတ်တာများ လန့်စရာ။ အတော်ကြမ်းတမ်းတဲ့ မိန်းမ။ ခြေသံပြင်းပြင်း၊ တံခါးဆောင့်ပိတ်သံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတော့ ခြေသံမပြင်းဖို့၊ တံခါးဆောင့်မပိတ်ဖို့ တတ်နိုင်သမျှ ရှောင်ကြည်မိတယ်။

Happy New Year !
ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၃၀၊ ၂၀၁၈။

Weekday vs Weekend ...

credit to google
ကိုယ့်ပို့စ်နဲ့ မဆိုင်ပေမဲ့ သဘောကျလို့

ကိုယ်တို့ညီအစ်မတွေ ပြောကြတာက ရုံးသွားရင် ပိုကျန်းမာတယ်။ ရုံးပိတ်ရက် အိမ်မှာနေရင် မကျန်းမာဘူး။

ရုံးတက်ရက်...
မနက် ၆ နာရီကနေ ၇ နာရီအထိ တရားထိုင် (မိနစ် ၂၀ လောက်ထိုင်ပြီး ပြန်အိပ်နေတာ ခပ်များများ)။ ရေချိုး  ၇ နာရီ ၄၀ ဆို အိမ်ကထွက် ငှက်တွေကို အစာ‌ကျွှေး။ အိမ်ကနေ ဘူတာရုံကို ၁၅ မိနစ် လမ်းလျှောက်ရတယ်။ ဘူတာရုံမှာ ရထားပထဆုံးတွဲ အထိရောက်အောင် ၅ မိနစ်လောက်လမ်းလျှောက်။ ၇ နာရီ ၅၅ မိနစ်မှာလာတဲ့ R ရထားပထဆုံးတွဲစီး။ စာဖတ်၊ မျက်စိညောင်းရင်အိပ်။ ဘူတာရုံကနေ ရုံးကို ၁၀ မိနစ် လမ်းလျှောက်ရတယ်။ ၈ နာရီ ၅၀ ဆို ရုံးရောက်ပြီ။ ၉  နာရီကနေ ၉  နာရီခွဲအတွင်း မနက်စာစား။ ၂ နာရီတခါ ရေဘူးရေဖြည့်၊ ရှူးရှူးပေါက်။ အလုပ်ထဲမှာ စိတ်ဖိစီးတိုင်း ရေနင်းကန်သောက်၊ အသီးတွေစား။ နေ့လည် ၁၂ နာရီဆို ဗိုက်ကတဂွီဂွီ မြည်လာပြီ ပရိုဗိုက်ရိုတစ်ဆေးသောက်။ ၁၂ နာရီခွဲဆို ထမင်းစားပြီ ဗိုက်ဆာနေတော့ ဟင်းမကြိုက်ဘူး မစားချင်ဘူး လုပ်လို့မရဘူး အကုန်စားတယ်။ ဖေ့ဘွတ်ကြည့် နွေတုန်းကဆို နေ့လည် ၁ နာရီကနေ ၁ နာရီ ၂၀ အထိ ဝေါစထိလမ်း၊ ထရစ်နစ်တီဘုရားကျောင်းဖက် မိနစ် ၂၀ လမ်းလျှောက်တယ်။ ခုတော့ အေးလွန်းလို့ အပြင်မထွက်တော့ဘဲ ဖေ့ဘွတ်ကြည့်တယ်။ နေ့လည် ၂ နာရီကနေ ၃ နာရီကြား အသီးတွေစား။ ညနေ ၅ နာရီဆို ရုံးဆင်း အိမ်ကို ၆ နာရီခွဲလောက်ရောက်တယ်။ ယောဂလေ့ကျင့်ခန်း ၁၀ မိနစ်လောက်လုပ်၊ ပန်းသီးရှလကာရည် လက်ဖက်ရည်ဇွန်း တဇွန်းကို ရေတဖန်ခွက်နဲ့သောက်။ ညစာချက်ပြ ုတ် ထမင်းဘူးပြင်။ ဟင်းဝယ်နေကျ အန်တီကြီးက မြန်မာပြည်ခဏပြန်သွားတော့ ကိုယ်တိုင်ချက်ပြုတ်နေရတယ်။ စားချင်တာလေးတွေချက် ချက်ပြီးရင်မစားတာက ခက်တယ်။ ကိုယ့်နေရာကိုလာပြီး တရုံးလုံးကြားအောင် အော်ဟစ်ဆူပူတဲ့ အင်မတန်ရိုင်းပျတဲ့ မန်နေဂျာမကို သူဋ္ဌေးဆီသွားတိုင်။ သူဋ္ဌေးက ခေါ်ဆူတော့ ကိုယ့်ကိုအညှိုးထားပြီး ပညာပြနှိပ်စက် မလုပ်မထွက်ထွက်အောင် လုပ်နေတဲ့ မန်နေဂျာမကြောင့် စိတ်ဆင်းရဲပြီး လုပက်ပြန်ဖြစ် ပေါင် ၂၄ ပေါင်ကျတယ်။ ပါးစပ်ပျက်လို့ အစာစားချင်စိတ်မရှိ စားချင်တာလေးတွေ ရှာဖွေစားသောက်ပြီး ကျန်းမာအောင် ကြိုးစားနေထိုင်ပါတယ်။ တပတ် ၃၊ ၄ ရက် မိနစ် ၂၀ လောက် တယောတီးလေ့ကျင့်။ သတင်းတွေကြည့် ည ၁၀၊ ၁၀ နာရီခွဲလောက်ဆို မျက်ခွံပိတ်ကျလာပြီး ခေါင်းကဒေါင်ချာဆိုင်းနေပြီ မအိပ်လို့မရတော့ဘူး။ လုပက်စ်ကြောင့် ပင်ပန်းနွယ်နယ်မှု fatigue ဖြစ်တယ်။ တော်သေးတယ် insomia အိပ်မပျော်တာမဖြစ်လို့ အိပ်လည်းမပျော် စားလည်းမစားဆိုရင် မလွယ်ကြောဘဲ။


ရုံးပိတ်ရက်...
မနက် ၆ နာရီ အိပ်ယာထ၊ ၇ နာရီ ၄၀ ငှက်တွေကို အစာ‌ကျွှေး။ အလုပ်လျှောက်၊ အင်တာဗျူးဖြေဖို့ စာကြည့်၊ အဝတ်လျှော်၊ နေ့လည်တရေးတမော အိပ်ချင်အိပ်၊ ရုပ်ရှင်ကြည့်၊ စာဖတ်၊ စာရေး၊ တယောတီးလေ့ကျင့်။ အဖေ့လို အိမ်ရှုပ်ပွရင် မနေတတ်သူမို့လို့ တပတ်တခါ၊ ၂ ပတ်တခါ အိမ်ရှင်း။ ခန္ဓာကိုယ်က လှုပ်တောင်မလှုပ်လို့ ဗိုက်မဆာ ဗိုက်ဆာတဲ့အချိန်မှစား ဝမ်းမမှန်။ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားဖြစ်တာများတယ်။ နွေရာသီတုန်းက တရက်အပြင်ထွက်၊ တရက်အိမ်မှာနေပေမဲ့ ခုဆောင်းရာသီမှာ အပြင်မထွက်ဘဲ အိမ်မှာနေတာများတယ်။ ရာသီဥတုက အေးလွန်းတဲ့အပြင် ကိုယ်ကလည်း တနာရီလောက်ပဲ လမ်းလျှောက်နိုင်တယ်။ ၁၁၀ ပေါင်ပဲရှိလို့ အားနည်းတယ် ပုံမှန်အလေးချိန် ၁၂၄ ပေါင်ဖြစ်ဖို့လိုတယ်။ မကြီးဆို ပေါင် ၁၀၀ ပဲရှိတယ် ဘယ်လိုများနေတယ်မသိ။ ကိုယ်ကတော့ ပေါင် ၁၁၀ ကိုတောင် အားနည်းနေတယ် ထင်နေလို့။ ကိုယ်က ဘယ်တော့မှ ပိန်ခဲ့တဲ့သူမဟုတ်တာကိုး။ ကိုယ်က မော်ဒယ်လေးလို ပိန်ပိန်လေးဆိုတဲ့ ခန္ဓာကိုယ်ထက် မော်ဒယ်သန္တာလှိုင်လို တောင့်တောင့်တင်းတင်း ကျစ်လစ်သန်မာ ကျန်းမာတဲ့ခန္ဓာကိုယ်မျိုးကို သဘောကျတာ။ အရင်လိုဒေါင်ဒေါင်မြည် ၈မိုင် တောင်တက်နိုင်ဖို့ အချိန်ယူရဦးမယ်။

ရုံးတက်ရက်ဆို ၃ မိုင် တနာရီ မဖြစ်မနေ လမ်းလျှောက်ရတယ်၊ ရှူးမှန်မှန်ပေါက်တယ်၊ ရေများများသောက်တယ်၊ ဝမ်းမှန်တယ်၊ စားချိန်အိပ်ချိန်မှန်တယ်။ ရုံးပိတ်ရက်ဆို တမိုင်တောင် လမ်းမလျှောက်ဖြစ်၊ ဝမ်းမမှန်၊ စားချိန်အိပ်ချိန်မမှန်။ အဲ့ဒါကြောင့် ပြောပါတယ် ရုံးသွားရင် ကျန်းမာပါတယ်လို့။ ကျေးဇူးတော်နေ့ ဈေးချလို့ fibit alta hr ဝယ်ဖြစ်တယ်။ ဝိုင်းကလည်း fibit charge 2 ဝယ်တယ်။ သူ့ bpm နှလုံးခုန်နှုန်းက ရုံးပိတ်ရက်ဆို ၇၀ ကျော်တယ် ရုံးတက်ရက်ဆို ၈၀ ကျော်တယ် မကောင်းဘူးတဲ့။ ကိုယ့် bpm နှလုံးခုန်နှုန်းက ၆၀ - ၆၉  ကြားမှာရှိလို့ ကောင်းတယ်တဲ့။ စိတ်ဖိစီးမှုများလွန်းလို့ ၂ နာရီတခါ မျက်စိမှိတ်ပြီး ဝင်ထွက်ထွက်လေ ၁၀ခါလောက် မှတ်တာကိုး။ ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှု daily activities ကို ဖစ်ဘစ်ကနေ စစ်ကြည့်လိုက်တော့ ဝိုင်းကတောင်ပြောတယ် မင်း ဘာလေ့ကျင့်ခန်းမှ လုပ်စရာမလိုဘူး ရုံးသွားနေရင်ကို ကျန်းမာတယ်တဲ့။ ၂၀၁၅ လုပက်စ် အတော်ဖြစ်တုန်းက ကိုယ့်ကို ရုံးမသွားဘဲ အိမ်မှာအနားယူဖို့ မိတ်ဆွေတွေက အကြံပေးတယ်။ အိမ်မှာနေရင် ကုတင်ပေါ်မှာပက်လက် ပိုပြီးနာကျင်ကိုက်ခဲ စိတ်ဓာတ်ပိုကျတယ်။ ကွတကွတ တလှုပ်လှုပ်နဲ့ ရုံးသွားရင် နာကျင်တာတွေကို မေ့ပျောက်လို့ ပိုကျန်းမာတယ်ဆိုတာ ကိုယ်ပဲသိတယ်။ ဒီပို့စ်ဖတ်ပြီးရင် ရုံးသွားဖို့မပျင်းတော့လေမလား...

Merry Christmas ! Happy Holidays!
စန်းထွန်း
ဒီဇင်ဘာ ၂၂၊ ၂၀၁၈။

Merry Christmas ! Happy Holidays !

ငှက်ကလေးများတို့ရယ် ...

ငှက်ကလေးများတို့ရယ်
မနက်ခင်း မိုးလင်းတိုင်းကွယ်...

၂၀၁၈ မတ်လ ကိုစကာရီကာနိုင်ငံ မုတ်သုန်သစ်တောထဲမှာ ငှက်ကြည့်ပြီးကတည်းက ငှက်တွေကို ချစ်သွားတယ်။ ငှက်တွေကို အစာ‌ကျွှေးချင်ပေမဲ့ ငှက်အစာ‌ကျွှေးတဲ့အိမ်လုပ်ဖို့ မဖြစ်နိုင်။ တနေ့ Wallgreens မှာ ငှက်စာတွေ့လို့ ဝယ်လာပြီး မနက်တိုင်း အိမ်ခေါင်းရင်းက မြေကွက်လပ်မှာ ကျဲချပေမဲ့ ငှက်တွေလာစားတာလည်း မတွေ့ဘူး။ တပတ်လောက်ကြတော့ ကိုယ်အစား‌ကျွှေးတဲ့အချိန် မနက် ၇ နာရီ ၄၀ မိနစ် စာကလေးငှက်တွေ လာစောင့်နေတာတွေ့တယ်။ ဓာတ်ပုံရိုက်ဖို့ ကြိုးစားရင် ပျံပြေးကြတယ်။ Daylight Saving စတဲ့နေ့ အချိန်တနာရီ နောက်ဆုတ်လိုက်တော့ အရင်‌ကျွှေးနေကျအချိန်ထက် တနာရီနောက်ကျပြီးမှ သွား‌ကျွှေးတော့ ငှက်တွေမတွေ့ဘူး။ နောက်နေ့ ဇွဲကောင်းတဲ့ငှက်ကလေးတချို့ စောင့်နေကြတယ်။ ကိုယ်အစာကျွှေးဖို့လာတာကိုမြင်ရင် နီးစပ်ရာသစ်ပင်တွေကနေ ပြေးလာကြတယ်။ တချို့ငှက်တွေက အသံပေးပြီး သူ့အဖော်တွေကို ခေါ်တတ်တယ်။ ကိုယ့်ကိုမကြောက်ကြတော့ဘူး ကိုယ့်နားအထိလာပြီး ကြိုတတ်ကြတယ်။ ရုံးတက်ရက် ရုံးသွားတဲ့အချိန် မနက် ၇ နာရီ ၄၀ အိမ်ကထွက်ရင်း အစာ‌ကျွှေးလေ့ရှိတယ်။ ရုံးပိတ်ရက်မှာတော့ မနက် ၇ နာရီ ၄၀ နှိုးစက်ပေးပြီး ငှက်တွေအစာ‌ကျွှေးတယ်။ မနက်တိုင်း ငှက်ကလေးတွေ အစာစားနေတာကို မြင်ရတာ စိတ်ချမ်းသာစရာ။

စန်းထွန်း
ဒီဇင်ဘာ ၁၅၊ ၂၀၁၈။

ငှက်စာ


ကိုယ်အနားယူတဲ့အချိန်တွေမှာ နားထောင်လေ့ရှိတဲ့ Relaxation Music တွေ။



ဖီလင် ၃၅ ...

နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကိုယ့်အသက် ၃၅ နှစ်ပြည့်ပြီ။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်တုန်းက ဟိုင်းကြီးကွျှန်းမှာ ရှိနေတဲ့ ကိုယ့်မိဘတွေ တိမ်းပါးသွားရင် ဒုက္ခပါပဲလို့တွေးတဲ့ မိန်းမငယ်လေးကနေ အတော်အတန် ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမကြီးတယောက် ဖြစ်လာပြီ။ ဒုက္ခတွေကိုလည်း ဘာလဲဟဲ့ လောကဓံလို့ ခါးဆီးခံနိုင်ပြီ။ လစာများများ ရတဲ့အခါ ငါကွလို့ မာန်တက်ဖူးပြီ။ အလုပ်ပြုတ်တဲ့အခါ ငါ့ကျမှ ကံဆိုးလိုက်လေခြင်းလို့ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ဖူးပြီ။ အကြီးကြီး ပေးဆပ်ရတဲ့ အမှားတွေလည်း မှားခဲ့ဖူးပြီ။ အမှားတွေဆီက သင်ယူတတ်ခဲ့ပြီ။ ချစ်ခင်သူတွေနဲ့ ခွဲခွာရလို့ ငိုကြွေးခဲ့ဖူးပြီ။ ကျန်းမာရေးမကောင်းတဲ့အခါ ငါ့ကျမှ ဖြစ်ရလေခြင်းလို့ မချိတင်ကဲဖြစ်ခဲ့ဖူးပြီ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရဲ့ ကူညီစောင့်ရှောက်မှုကိုလည်း ရရှိဖူးပြီ။ နင့် မျက်နှာကို တသက်မမြင်ချင်တော့ဘူးလို့ ပြောသွားတဲ့သူငယ်ချင်းကို ရေစက်ကုန်သွားပြီလို့ သဘောထားနိုင်ပြီ။ ပညာပြနှိပ်စက်တဲ့ မန်နေဂျာမကိုလည်း ဟိုဘဝက ဝဋ္ဋ်ကြွေးရှိလို့ ဆပ်နေရတာလို့ တွေးတတ်နေပြီ။ ကိုယ်ဘာမှလုပ်လို့မရ ကံတရားလက်ထဲမှာ ရှိတဲ့အချိန်တွေမှာ ဘုရားရိပ်၊ တရားရိပ် ခိုလှုံတတ်ပြီ။ မွေးနေ့ကိတ် တခါမှမခွဲဖူးသူမို့လို့ မွေးနေ့ကိတ်ခွဲဖို့ကိုလည်း တခါမှမတွေးဖူးခဲ့။ မွေးနေ့လက်ဆောင် ပေးမဲ့သူဆိုလို့ ဝိုင်းတယောက်ပဲ ရှိပေမဲ့ ဟတ်ပီးဘတ်ဒေးတူမီ၊ မယ်ရီခရစ်စမတ်တူမီ၊ ဟတ်ပီးနယူးယားတူမီ၊ ငါလေးဟာ အတော်ပင်ပန်းတာပဲ ဆုချဦးမှဆိုပြီး ကိုယ့်ကိုကိုယ်ပြန်ပေးတဲ့ လက်ဆောင်တွေက ခပ်များများ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ ကိုယ်တတ်နိုင်သမျှ ကြိုးစားတာပဲ ဖြစ်မလာတာ ကံတရားလို့ ဖော့တွေးတတ်ပြီ။ ဖေ့ဘွတ်မှာလည်း မျက်စိရှုပ်တဲ့သူတွေကို အန်ဖရင့်၊ မျက်စိနောက်တဲ့သူတွေကို အန်ဖော်လိုး။ အသက်အရွယ်နဲ့မလိုက် ကလက်တက်တက် ဝတ်စားပြီး ကလေးကလားပုံတွေကိုလည်း အားနာပါးနာနဲ့ လိုက်ခ်မပေးဘူး။ အသက်ကြီးလာလို့လား မသိဘူး ဆူဆူညံညံ သီချင်းတွေကို နားထောင်လို့မရတော့ဘူး နားအေးပါးအေး နေချင်မိတယ်။ အရင်လို အလုပ်တွေကို တရစပ်တခါတည်း အပြီးမလုပ်တော့ဘဲ နားနားပြီး လုပ်တတ်ပြီ။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းနည်းနည်း၊ မိသားစု၊ မိတ်ဆွေကောင်းတွေ ရှိနေရင် လုံလောက်ပြီ။ ကျန်းမာရေးက အရေးကြီးတာမို့ စာတွေဖတ်ပြီး ကျန်းမာအောင် နေထိုင်ဖို့ ကြိုးစားနေတယ်။ မနက် ၆ နာရီ ၇ နာရီအထိ နှိုးစက်ပေးထားပေမဲ့ နာရီဝက်လောက် တရားထိုင်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်ကို ပြင်ရဦးမယ်။ ဓာတ်ပုံပညာစာအုပ်ဖတ်ပြီး နားလည်သလိုလိုနဲ့ မလည်တာတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ကြိုးစားရဦးမယ်။ တယောဘိုးတံထိုးတဲ့အခါ လက်ချောင်းတွေကို အသုံးမပြုဘဲ လက်ကောက်ဝတ်ကို အသုံးပြုပြီး သက်တောင့်သက်သာ ညင်ညင်သာသာ ထိုးတတ်ဖို့ လေ့ကျင့်ရဦးမယ်။ အေကြိုးကို ဘိုးတံထိုးတဲ့အခါ ဒီကြိုးကိုသွားထိမိပြီး နှစ်သံထွက် လက်မငြိမ်တာတွေ လေ့ကျင့်ရဦးမယ်။ သူများအထင်ကြီးဖို့၊ သူများလုပ်လို့ လိုက်လုပ်တာမဟုတ်ဘဲ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလုပ်ပြီး ဘဝကိုအဓိပ္ဗာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် နေသွားဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။

Be strong. Be yourself. Be independent. Don't listen other people's judgements.
Travel more. Read more. Learn something. Follow your dreams. Never give up your dreams.
Be happy. Be healthy.

Happy belated birthday to me !
စန်းထွန်း
ဒီဇင်ဘာ ၈၊ ၂၀၁၈။
၁၂၄ ပေါင် ၁၀ ပေါင်ချထားတဲ့အချိန် ခုတော့ မန်နေဂျာမ နှိပ်စက်လို့ပေါင် ၁၁၀ ပဲ ရှိတော့တယ်
အက်ပီတန်မော်ဒယ်လုပ်လို့ရပြီ

အလာစကာသွား ‌တောလား - ၁၆

ဟိုတယ်ရောက်တော့ တရေးအိပ် နိုးလာတော့ ရေချိုးပြီးတော့ ဘယ်ကိုသွားလည်ကြမလဲလို့ တိုင်ပင်ကြတယ်။ ညနေစောင်းဆိုတော့ ဆီရာတယ်မြို့ထဲ ကမ်းနားဖက်တလျှောက် လမ်းလျှောက်ကြမယ်။ Pike Place Market ကို သွားလည်ကြတယ်။ လမ်းလျှောက်ရင် ၄၅ မိနစ်လောက်ပဲ လျှောက်ရမှာဆိုတော့ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လမ်းမှားဖို့အကြောင်းမရှိဘူး လမ်းမကြီးတွေဟာ တန်းတန်းဖြူးဖြူးကြီးတွေ။ ပင်လယ်ကမ်းခြေ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆီရာတယ်ဟာ အင်မတန်သာယာပါတယ်။ ကမ်းနားလမ်းတလျှောက် ဆိုင်တန်းတွေအများကြီး ပင်လယ်ကမ်းခြေမြို့ဆိုတော့ ပင်လယ်စာပေါတယ်။ တိုက်အမြင့်ကြီးတွေ မရှိဘူး သန့်ရှင်းအေးချမ်းတဲ့ မြို့ကလေး။ ကိုယ်ကျောင်းတက်နေတုန်းက ကျောင်းမြိ ကလွဲရင် ကျန်တဲ့မြို့ အကုန်ကြီးတယ်။ နယူးယောက်မှာနေတော့ နယူးယောက်ကလွဲရင် ကျန်တဲ့မြို့ အကုန်သေးတယ်။ ရေသတ္တဝါပြတိုက်၊ ခရူသင်္ဘောတွေ မစီးတော့ပါဘူး အလာစကာမှာ စီးခဲ့ပြီးပြီ။ Seattle Eye လို့ ထင်နေတာ Seattle Great Wheel တဲ့ မစီးရဲပါဘူး။ ကမ်းစပ်တလျှောက်က စားသောက်ဆိုင်တွေမှာ ကြိတ်ကြိတ်တိုး။ ကမ်းနားဖက်က ဘုတ်တွေ၊ ကမ်းခြေအလှကို ဓာတ်ပုံရိုက်ပြီးပြီဆိုတော့ တောင်ကုန်းပေါ် ပြန်တက်ကြတယ်။ တောင်ကုန်းပေါ်တက်ဖို့ ဓာတ်လှေကားတွေ၊ လှေကားတွေရှိတယ်။ တောင်ကုန်းပေါ်က စားသောက်ဆိုင်လေးတွေက သေးသေးကျဉ်းကျဉ်းလေးတွေ။ ရှုခင်းကောင်းတော့ ဈေးကြီးမှာ အဲ့ဒီမှာမစားဘူး။ နာမည်ကျော် Pike Place Market ကို သွားလည်ကြတယ်။ စတာ့ဘာ့ခ်ဆိုင်မှာ လူတန်းကြီးက အရှည်ကြီး ဟန်က အဲ့ဒီဆိုင်က ပထမဆုံးဖွင့်တဲ့ စတားဘာ့ခ်ဆိုင်။ ဟာ ... အဲ့ဒါဆို တခုခုသွားစားမလား ကော်ဖီမကြိုက်တဲ့သူတွေ၊ တန်းစီပြီးအချိန်မကုန်ချင်တာနဲ့ မဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ ရေခဲမုန့်ဆိုင်တွေ့တော့ ရေခဲမုန့်ဝင်စားကြတယ် မဆိုးပါဘူး။ အလာစကာ Portage မှာ စားခဲ့တဲ့ Mountain Huckleberry ရေခဲမုန့်ဟာ ကိုယ်စားဖူးသမျှ ရေခဲမုန့်တွေထဲမှာ အကောင်းဆုံးပဲ။ ဈေးတန်းထဲကို လျှောက်ကြည့် လော့စတာတွေတွေ့လို့ ဓာတ်ပုံရိုက်တာကို သူများတွေအလုပ်ရှုပ်နေတာကို ဓာတ်ပုံရိုက်တယ် ဘာညာနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။ အသီးဝယ်ဖို့ ကိုင်ကြည့်တာကို မထိနဲ့မကိုင်နဲ့ပြောလို့ အရင်က ၆ လုံးလောက် ဝယ်မလို့ဟာ ခုတော့၃လုံးပဲဝယ်တော့တယ်။ အသီးဝယ်ပါတယ်ဆိုမှ အနာအဆာပါမပါ ကိုင်ကြည့်တာ ပုံမှန်ပဲကို။ အဲ့ဒီဈေးကလူတွေ အင်မတန်ရိုင်းတယ်။ ဗိုက်ဆာလာပြီမို့လို့ စားသောက်ဆိုင်ရှာတာ ဂျပန်ဆိုင်တဆိုင်တွေ့တယ်။ ဝိုင်းနဲ့ဟန် တိုင်ပင်ပြီးမှာတယ် စားကောင်းတယ်။ ကမ်းခြေတလျှောက် လမ်းလျှောက်ပြီးပြန်တော့ နေဝင်ဆည်းဆာကို တွေ့ရတယ်။

စန်းစန်း မင်း ခရီးသွားဘလော့ဂါဆို ဘလော့ကနေ ပိုက်ဆံမရဘူးလား။ ဟင့်အင်း ... တပြားမှမရဘူး ခုတောင် ဘလော့ကိုလူလာမဖတ်တာ တခါလာဖတ် တကျပ်ကောက်ရင် ဘယ်သူမှလာဖတ်မှာ မဟုတ်ဘူး။ ဗီယက်နမ်မှာဆို ခရီးသွားဘလော့ဂါတွေ သိပ်ဝင်ငွေကောင်းတာ။ အစ်ကိုကြီးတယောက်ဆို ခရီးသွားကုမ္ဗဏီထောင်၊ သူ့ဘလော့ဂါမှာ ကြေငြာပေးရင် ကြေငြာခရတယ်။ သူက အလာစကာ iditarod ပြိုင်ပွဲမှာ ဝင်ပြိုင်တာ။ Central America ဖက်ကို ဆိုင်ကယ်နဲ့ခရီးသွားနေတဲ့ ဘလော့ဂါဆိုရင် followers တွေ သောင်းချီတယ်။ မင်း ဖေ့ဘွတ်မှာ အရင်နာမည်ကြီးအောင် လုပ်ရမယ် ပြီးရင် ခရီးသွားကုမ္ဗဏီထောင်။ အေး ... ကိုယ် ခရီးသွားကုမ္ဗဏီထောင်ရင် မင်းတို့ကို MD ရာထူးပေးမယ်။ ဟိုတယ်ရောက်တာနဲ့ အထုပ်သိမ်း တချိုးတည်းအိပ်တော့တာပဲ။ နောက်နေ့မနက် မနက်စာကို ဒီဟိုတယ်ရဲ့ ပါတနာ တခြားဟိုတယ်မှာ သွားစားရတယ်။ ပြီးတော့ ဆီရာတယ်အိုင်ကွန် Space Needle ဆီကို လမ်းလျှောက်သွားကြတယ်။ အဝေးကနေပဲ ဓာတ်ပုံရိုက်ပြီး အပေါ်မတက်တော့ပါဘူး။ Pop Culture ပြတိုက်ဒီဇိုင်းက ထူးဆန်းတယ်။ Duck boat ကို ဓာတ်ပုံစောင့်ရိုက်တယ် Duck boat တခါမှမစီးရသေးဘူး။ ပြီးတော့ ဟိုတယ်ကိုလမ်းလျှောက်ပြန် ကားလမ်းတွေရှင်းတယ် သန့်ရှင်းသန့်ရပ်တယ်။ ဟိုတယ်ကနေ အူဘာစီးပြီး မြို့ထဲကဘူတာဆင်းတာ ၉ ကျပ်ပေးရတယ်။ မြို့ထဲကနေ လေဆိပ်ကို ရထားခ ၃ ကျပ်။ တက္ကစီငှားရင် အနည်းဆုံး ၆၀ ကျော်။ တက္ကစီခဈေးကြီးမှာပေါ့ မြို့ထဲကနေ လေဆိပ်ကို တော်တော်ဝေးတာကိုး ရထားနဲ့တောင် နာရီဝက်ကျော်ကျော် မောင်းရတယ်။ ချက်ကင်ဝင်တော့ ဝင်လို့မရဘူး။ လိုင်းတိုတဲ့နေရာကိုစီပြီးမှ ချက်ကင်ဝင်လို့မရတဲ့သူတွေက အစိမ်းလိုင်းမှာစီတဲ့။ လုံးဝမရွေ့တဲ့လိုင်းကနေ ဟိုဖက်လိုင်းပြော။ အတူထိုင်ချင်ရင် နောက်ဆုံးခုံပဲရတယ် ကိုယ့်ဟမ်းကယ်ရီက နည်းနည်းကြီးနေလို့ ချက်ကင်ဝင်ရမယ် ၂၅ ကျပ်တဲ့။ ဝန်ထမ်းက သဘောကောင်းတယ် ကိုယ်တို့ကနောက်ဆုံးခုံ အပေါ်မှာတင်စရာ ကေဘင်မရှိလို့ ကိုယ့်လက်ကေ့အိတ်ကို ဖရီးချက်ကင်ဝင်ပေးမယ်တဲ့။ ဝိုင်းက ဟာ ... အဲ့ဒါဆိုရင် သူတို့လက်ကေ့အိတ်လည်း ချက်ကင်ဝင်လို့ရလာလို့မေးတော့ ရတယ်တဲ့။
လုံခြုံရေးဖြတ်ဖို့ တန်းစီတာ လူတန်းကြီးက အရှည်ကြီး။ ကြည့်ရတာ လေဆိပ်ထဲမှာတင် ကိုယ်တို့ တမိုင်ခွဲလောက် လျှောက်ပြီးနေပြီထင်တယ်။

အလာစကာ အဲယားလိုင်းက ပေးထားတဲ့ အစားအသောက်ကူပွန် ၃ ရှိတယ်။ Beagle ၊ ငှက်ပျောသီး၊ ရေသန့်ဗူး၊ ဆူရှီ၊ စတားဘာ့ခ်က ကိတ်မုန့်တွေဝယ်တယ် ဗိုက်ကားနေအောင် စားရပါတယ်။ လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာမို့လို့ အာမခံဆီမှာ ကလိမ်းလို့ရပါတယ်။ ကလိမ်းတင်တော့ လေယာဉ်ဖျက်သိမ်းတယ်ဆိုတဲ့ အထောက်အထားလိုတယ်။ လေကြောင်းလိုင်းကလည်း ထုတ်မပေး။ flight tracker ဆိုဒ်မှာ လေယာဉ်နံပါတ်၊ နေ့ရက်အချိန်ရိုက်ထည့်လိုက်တာနဲ့ လေယာဉ် status ကိုပြတယ်။ အဲ့ဒါကို screen shot ရိုက်ပြီးတင်၊ ဟိုတယ်ခ၊ အူဘာခ၊ ရထားခ အကုန်ပြရတော့ ကိုယ်တို့တွေ ဆီရာတယ်ကို ပိုက်ဆံတပြားမှ မကုန်ကျဘဲ လည်ပတ်ခဲ့ရတယ် ဆိုပါတော့။ ဆီရာတယ်ကနေ နေ့လည် ၂ နာရီထွက်ခွာလာတဲ့ လေယာဉ်ဟာ နယူးယောက်ကို ည ၈ နာရီမှာ ရောက်ပါတယ်။ အိမ်ရောက်တော့ ည ၁၁ နာရီ ရုံးထဗင်းဘူးအတွက် မြန်တာလေးလုပ်။ ခွင့်တွေမရှိတော့လို့ ခွင့်ယူပြီးနားခွင့်မရှိ။ အလာစကာ ၁၂ ရက်ခရီးစဉ် ဒီမှာပဲပြီးဆုံးပါပြီ။ အင်္ဂလန်သွားတောလားကတော့ နောက်မှပဲတင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဒီဇင်ဘာ ၁၊ ၂၀၁၈။