ပေါ်တိုရီကိုသွား တောလား - ၂

မေ ၁၉  တနင်္ဂနွေနေ့ ဟိုတယ်က မနက်စာကို မနက် ၇ နာရီကနေ ၁၀ အထိ ‌ကျွှေးပါတယ်။ မနက် ၆ နာရီလောက်နိုးတော့ ရေချိုး ပြီးတော့ ဟိုတယ်ကနေ ၅ မိနစ်လောက် လမ်းလျှောက်ရင် ပင်လယ်ကမ်းခြေကို ရောက်ပါတယ်။ အပြေးလေ့ကျင့်တဲ့သူ အတော်များများတွေ့တယ်။ ပေါ်တိုရီကန်တွေ ကျန်းမာရေး လိုက်စားကြတယ်။ ပေါ်တိုရီကို ရာသီဥတုက ခန့်မှန်းရခက် အပြောင်းအလဲမြန်တယ်။ ချက်ချင်းနေပူရာကနေ မိုးဖွဲဖွဲလေးရွာတယ်။ ပင်လယ်ကြီးက လှိုင်းတဝုန်းဝုန်း လေထန်လို့ ဦးထုပ်မလွှင့်သွားအောင် ခပ်ငိုက်ငိုက်ဆောင်းရတယ်။ လေထန်လွန်းလို့ ဓာတ်ပုံရိုက်ပြီးတာနဲ့ ဟိုတယ်ဆီပြန် မနက်စာကို ဗိုက်ကားအောင်စား။ မနက် ၉  နာရီခွဲ လာခေါ်မယ်ဆိုလို့ ၉  နာရီ ၅ မိနစ်လောက်ကတည်းက ဟိုတယ်ဝနားမှာ စောင့်နေတယ်။ ၉  နာရီမခွဲခင် ဟိုတယ်ရှေ့မှာ ဗန်ကားလာရပ်တော့ ဝိုင်းကသွားမေးတော့ ကိုယ်တို့တိုးကားတဲ့။ ကိုစကာရီကာမှာတုန်းက တိုးတွေက ဟိုတယ်ဧည့်ကြိုကောင်တာမှာ လာခေါ်တယ်။ ဝိုင်းကျတော့ လာမခေါ်ဘူးတဲ့။ ကိုယ့်ဖုန်းစစ်လိုက်တော့ missed call တွေ့တယ်။ ကိုယ့်ဖုန်းက အမြဲဆိုင်းလင့်လုပ်ထားတော့ ဖုန်းတခြား လူတခြား။ တခြားအုပ်စု ၂ ခုကို သွားခေါ်တယ်။ စုစုပေါင်း ၁၃ ယောက် တိုးဂိုက်က non disclosure agreement စာရွက်ဖတ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ တစုံတခုထိခိုက်မှုဖြစ်ရင် တိုးအပြစ်မဟုတ်ဘူး၊ ကိုယ့်တာဝန်သာ ဖြစ်ပါတယ်ပေါ့။ ဒီနေ့တိုးကတော့ El Yunque Rain Forest hiking အယ်လ်ယွန်းကေ မုတ်သုံသစ်တောမှာ တောင်တက်ပြီး ညနေ Bioluminescent Bay Kayaking ကာယက်လှေလှော်တဲ့တိုးပါ။ ပေါ်တိုရီကိုနိုင်ငံရဲ့ တခုတည်းသော မုတ်သုံတော အယ်လ်ယွန်းကေကို တနာရီ ၁၅ မိနစ်လောက် မောင်းရတယ်။ တိုးဂိုက်က ပေါ်တိုရီကိုသမိုင်းကြောင်း ရှင်းပြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က ခရစ္စဆိုဖာကိုလံဘတ် နယ်မြေသစ်ရှာဖွေရင်း ပေါ်တိုရီကိုကျွှန်းကို ရောက်လာခဲ့တယ်။ ဒေသခံအင်ဒီးယန်းတိုင်းရင်းသားတွေကို နှိပ်ကွပ်တာ၊ ဘာသာပြောင်းခိုင်းတာတွေ ရှိခဲ့တယ်။

မုတ်သုံတောတွေက ကမ္ဘာမြေကြီးအတွက် အရေးပါလို့ သေသေချာချာ ထိန်းသိမ်းဖို့လိုပါတယ်။ သစ်တောသစ်ပင်တွေ မရှိရင် မြေကြီးရေတိုက်စားတာတွေ၊ ကမ်းပါးပြိုတာတွေ၊ ရေကြီးတာတွေ ဖြစ်ပါတယ်။ အမေဇုန်သစ်တောက ကမ္ဘာကြီးအတွက် အရေးပါတယ် လူသားတွေ လိုအပ်တယ့် အောက်ဆီဂျင်ထုတ်ပေးလို့ပါ။ မနက်စာအတွက် ဈေးလေးတခုမှာ ရပ်ပေးတယ်။ ဟိုတယ်ကနေ ဗိုက်ကားအောင် စားလာတဲ့ကိုယ်တို့က ဗိုက်မဆာလို့ ဘာမှမဝယ်စားဘူး။ နာနတ်သီးဖျော်ရည် သောက်ချင်ပေမဲ့ ဒီဟာနောက်ဆုံးအိမ်သာပဲလို့ တိုးဂိုက်ကပြောတော့ နာနတ်သီးဖျော်ရည်သောက်ပြီးရင် ရှူးပေါက်ချင်မှာ။ တောင်တက်နေတုန်း ရှူးပေါက်ချင်မှဒုက္ခ မသောက်တာအကောင်းဆုံးဆိုပြီး နာနတ်သီးဖျော်ရည် မသောက်တော့ဘူး။ တောင်ခြေရောက်တာနဲ့ နေရောင်ပြင်းလို့ နေလောင်ကာခရမ်တွေလူး တောင်တက်ဖို့ ပြင်ဆင်ကြတယ်။ ရာသီဥတုက ခန့်မှန်းရခက်တော့ မိုးရွာနိုင်လို့ ကာယက်လှေလှော်ပြီးရင်ဝတ်ဖို့ ယူလာတယ့်အဝတ်တွေကို ကားပေါ်မှာ ထားခဲ့ဖို့၊ မလိုတာတွေ ကားပေါ်မှာ ထားခဲ့ဖို့၊ ကင်မရာရေစိုနိုင်လို့ ပလတ်စတစ်အိတ်သယ်ဖို့ တိုးဂိုက်က မှာပါတယ်။ ရွှံ့ဗွှက်တွေထတဲ့လမ်း မတ်မတ်တက်ရပြီး အသေအချာလမ်းဖောက်ထားတဲ့ လမ်းမဟုတ်ဘဲ လူတွေသွားတာများလို့ လမ်းဖြစ်နေတဲ့လမ်း။ အသေအချာကြည့် ခြေကုတ်နင်းပြီး တက်ရတယ်။ စမ်းချောင်းလေးကို ဖြတ်ရတဲ့အခါ အောက်ခြေကကျောက်တုံးကိုစမ်း မချော်ဘူးဆိုမှ ခြေတလှမ်းချ ခြေကုတ်ပြီးမှ နောက်တလှမ်းနင်း။ ခြေမခိုင်တဲ့ဝိုင်းကိုလက်ကမ်း ကိုယ်ပါယိုင်လဲမလိုဖြစ်တော့ တိုးဂိုက်ကကူညီပေးတယ်။ လမ်းတလျှောက်မှာတွေ့ရတဲ့ ဂျင်းပင်၊ ပန်းပင်၊ အဆိပ်ပင်၊ ဝါးပင်တွေအကြောင်း ရှင်းပြတယ်။ ရေတံခွန်တခုရောက်တော့ တော်တော်များများ ရေကူးကြတယ်။ ကိုယ်တို့နှစ်ယောက်က ရေကူးဝတ်စုံ အောက်ခံဝတ်မလာတော့ ရေမကူးဘူး။



တိုးဂိုက်နဲ့တခြားကောင်လေး ၂ ယောက်က စမ်းချောင်းတဖက်ကမ်းကိုကူး ကျောက်တောင်ကိုတက်ပြီး ဒိုက်ဗင်ထိုးဆင်းကြတယ်။ သစ်ပင်ကနေ တွဲလောင်းကျနေတဲ့ ကြိုးကိုလှမ်းယူပြီး ဒိုက်ဗင်ဒိုးကြတယ်။ အသက် ၆၀ ကျော်အန်တီကြီး၊ အသက် ၄၂ နှစ် ကလေး ၄ ယောက်မွေးထားပေမဲ့ ခန္ဓာကိုယ်က အဆီပိုတွေမရှိ ကျစ်လစ်နေတဲ့ မလေးတရုတ်မလို့ထင်ရတဲ့ တရုတ်မ၊ ဖိလစ်ပိုင်ကောင်မလေးတွေ ဒိုင်ဗင်ပစ်ကြတယ်။ တရုတ်ကျောင်းသားစုံတွဲ ၃ တွဲကတော့ အစပ်နားလေးမှာပဲ ရေကူးကြတယ်။ ရေမစိုတာဝိုင်းနဲ့ကိုယ် ရေစိုစိုနဲ့ အအေးမိမှာကိုစိုးရိမ်တာ။ ရေကူးကန်မှာ ရေကူးတာထက် မြစ်ချောင်းအင်းအိုင် ပင်လယ်မှာရေကူးတာ ကျန်းမာရေးအတွက်ကောင်းတယ်။ ခြေထောက်ကိုပဲ စမ်းချောင်းထဲ နစ်ထားလိုက်တယ်။ ရေအေးအေးတွေ ခြေထောက်ကို ဖြတ်စီးသွားတာ ပေါ့ပါးသွားသလိုပဲ။ ကိုစကာရီကာရေပူစမ်းမှာ ၂ နာရီလောက်စိမ်တာ ဆူနမ်က စားသောက်ဆိုင်ပိတ်တော့တယ် ညစာငတ်လိမ့်မယ်လို့ သတိပေးမှတက်တာ။ အဲ့ဒီနောက်ပိုင်း တောင်တက်ရတာ အင်မတန်ခက်တယ်။ တယောက်ကိုတယောက် မကူနိုင် တယောက်ချင်းစီ တန်းစီပြီး တက်ရတာ။ တချို့နေရာတွေဆို တိုးဂိုက်က ဘယ်ခြေထောက်ကို ဘယ်လိုထားဆိုပြီး ပြောပြတယ်။ တောင်တက်ရတာ ခဲရခဲဆစ် ဖက်တက်ရတယ်။ လူတောင် မနည်းကုတ်ဖက်တက်ရတဲ့အထဲ ကင်မရာထိမှာစိုး။ တောင်တက်တဲ့အချိန် ကင်မရာအလေးကြီး သယ်လာတာကို နောင်တရမိတယ်။ တော်ပြီ နောက်ဆို wide angle lens ပေါ့ပေါ့ပါးပါးလေးပဲ သယ်တော့မယ်။ အထက်ပိုင်းက ရေတံခွန်က ရေတွေတဝေါဝေါ ထိုးဆင်းနေပြီး ပိုလည်းမြင့်တယ်။ တိုးဂိုက်ကတော့ ဒိုင်ဗင်တဒိုင်းဒိုင်း ထိုးဆင်းတယ်။ ရေတွေတဝေါဝေါ ထိုးဆင်းတဲ့နေရာကနေ လျှောဆင်းတယ်။ အသက် ၆၀ ကျော် အန်တီကြီး၊ မလေးတရုတ်မတွေကို အတင်းအားပေးပြီး ဆင်းခိုင်းတယ်။ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ယှက်ပြီး လျှောဆင်းဖို့ ညွှန်ပြပေးတယ်။ ရေတံခွန်အောက်ရောက်တဲ့အခါ တိုးဂိုက်ကလာတွဲပြီး ကမ်းအစပ်နားကို ပို့ပေးတယ်။

ဖိလစ်ပိုင်မလေးကျတော့ တိုးဂိုက်နောက်ကနေ ဖက်တွယ်ပြီး လျှောဆင်းတယ်။ တိုးဂိုက်က သူ့တူမငယ်လေးနဲ့ အဲ့ဒီလိုလျှောဆင်းနေကျတဲ့။  အန္တရာယ်များတယ် မတော်တဆထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။ အပြန်ကျတော့ အတက်တုန်းကလို  တယောက်ခြင်းတန်းစီ တရွေ့ရွေ့ သတိထားပြီး သွားရတယ်။ ဒီလောက်ခဲရခဲဆစ် တောင်ရမယ်ဆိုရင် ဒီတိုးကိုရွေးဖြစ်ပါ့မလားမသိ။ ဝိုင်းကို ကူဆွဲပေးရတော့ ပြိုလဲလို့ ဒူးမှာညိုမည်းစွဲ။ တိုးမှာရေးထားတော့ family friendly တိုးတဲ့ ဘယ်ကသာ ကလေးတွေ ဘယ်တက်နိုင်ပါ့မလဲ။ ယောကျာ်းလေးတွေတောင် ကုတ်ဖက်တက်ရတယ်။ တိုးဂိုက်သာ မကူပေးရင် ဘယ်လိုမှတက်ဖို့ မလွယ်ဘူး။ ကိုယ်နဲ့ဝိုင်းဆိုတာ ၃ မိုင်ကနေ ၈ မိုင်အထိ တောင်တက်နေကြ။ ဝက်ဝံတောင်၊ ဂျော့ဝါရှင်တန်တံတားနားက Palisades ပလစ်ဆိုဒ်အမျိုးသားဥယျာဉ်က ကျောက်ဆောင်တွေကို ဆင်းတက်နေကြသူ။ ၂၀၁၂ မေရီလန်းပြည်နယ် Shenandoah ရှန်နယ်ဒိုးဝါးအမျိုးသားဥယျာဉ်မှာ တောင် ၃ မိုင် တက်ဖူးတယ်။ ကိုယ်တက်ဖူးသမျှအထဲမှာ ဒီအယ်လ်ယွန်းကေ တောင်တက်တာ အခက်ဆုံးပဲ။ Reviews တွေမှာ ဖတ်ရတာ ဒီလိုခက်တယ်လို့ ဘယ်သူမှမရေးကြဘူး။ အယ်လ်ယွန်းကေ မုတ်သုံသစ်တောက အကြီးကြီး တိုးဂိုက်က ခက်တဲ့အပိုင်းကို ခေါ်လာတာဖြစ်မယ်။ ညှိမည်းစွဲရုံမို့လို့ တော်သေးတာပေါ့ ခြေခေါက်သွားလို့၊ တခုခုဖြစ်လို့ လမ်းမလျှောက်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူများကိုတွဲဖို့မပြောနဲ့ ကိုယ့်ဘာသာတောင် မနည်းလျှောက်နေရတာ။ တောင်တက်နေတုန်းက သတိအရမ်းထားပြီး တောင်တက်နေရလို့ ဗိုက်တောင်မဆာဘူး။ ခုမှ ဗိုက်ဆာလာပြီ ဗိုက်ဆာမှာပေါ့ ၂ နာရီတောင် ထိုးနေပြီ။ နေ့လည်စာစားဖို့ ၁ နာရီလောက် ထပ်မောင်းရဦးမယ်။ အင်း ဒီနေ့လည်း မနက်စာနဲ့ညစာ ပေါင်းစားရတော့မယ် ထင်ပါရဲ့။ ကာယက်လှေစီးတဲ့ အကြောင်းကတော့ နောက်ပို့စ်မှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မေ ၃၁၊ ၂၀၁၈။

ဂျင်းပင်
ဘယ်ဖက်အစွန်ဆုံးက အသက် ၄၂ နှစ် ကလေး ၄ ယောက်အမေ မလေးတရုတ်မ၊ ဘေးက တိုးဂိုက်
အပေါ်ကနေ အောက်ကို လျောဆင်းကြတယ်

ပေါ်တိုရီကိုသွား တောလား - ၁

ဝိုင်းက မနှစ်ကတည်းက ပေါ်တိုရီကိုသွားရအောင် ပြောနေတာ ပေါ်တိုရီကိုက စတိတ်ပိုင်နက် ဗီဇာမလိုဘူးလို့ ပြောကြပေမဲ့ စတိတ်ပြန်ဝင်ရင် ဗီဇာအခက်အခဲ ကြုံမှာစိုးရိမ်လို့ မသွားဖြစ်ခဲ့ဘူး။ မေ ၂၈ တနင်္လာနေ့ မန်မိုရီယမ်ဒေးပိတ်ရက် ပေါ်တိုရီကိုနဲ့ မက္ကဆီကို ဘယ်သွားရင်ကောင်းမလဲ။ မက္ကဆီကိုမှာ ဖယ်ရီမှောက်လို့ အမေရိကန်တွေ မသွားဖို့သတိပေးနေလို့ ပေါ်တိုရီကို,ကို ရွေးလိုက်တယ်။ မန်မိုရီယမ်ဒေးပိတ်ရက်က စတိတ်မှာ ခရီးသွားကြတဲ့အချိန်ဆိုတော့ လေယာဉ်ခဈေးကြီးတယ်။ ၃၅၀ နဲ့ ၄၀၀ ကြား တပတ်စောသွားရင် ၂၅၀ ပဲ ကျတော့ တပတ်စောသွားလိုက်တယ်။ ဝိုင်းက ဈေးအသက်သားဆုံး လေယာဉ်နဲ့ဟိုတယ်ရှာပြီး ကိုယ်က viator ဆိုဒ်မှာ တိုးတွေရှာတယ်။ နှစ်ယောက်စလုံးက တောတောင်ရေမြေတွေကို နှစ်သက်ပြီး တောင်တက်ဝါသနာပါတဲ့သူတွေဆိုတော့ ရွေးချယ်တဲ့တိုးတွေကလည်း တောတောင်ရေမြေ သွားတဲ့တိုးတွေကြီးပဲ။ ကိုယ်က Snorkeling ရေအောက်က သတ္တဝါလေးတွေ ကြည့်ရတာကို စိတ်ဝင်စားပေမယ့် ဝိုင်းက ရေမကူးတတ်။ ကိုယ်က ဟိုယက်ဒီယက်လောက်ပဲ ကူးတတ်တော့ snorkeling တိုးကို ပယ်လိုက်ရတယ်။ ဝိုင်း ကိုစကာရီကာသွားတုန်းက တိုးတွေက ဘယ်အချိန်လာခေါ်မယ်ဆိုတာ အတိအကျပြောတယ်။ ပေါ်တိုရီကိုကတိုးတွေက ဘာမှလည်းအကြောင်းမကြားတော့ ပေါ်တိုရီကိုမသွားခင် တစ်ရက်အလို ဟိုတယ်မှာလာကြိုမယ့်အချိန်တွေကို ဖုန်းဆက်မေးကြည့်ရတယ်။ မေ ၁၈ ရက်နေ့ သောကြာနေ့ Delta လေယာဉ်က နေ့လည် ၁၂ နာရီဆိုတော့ တာမင်နယ် ၂ မှာ မနက် ၉  နာရီခွဲဆုံဖို့ ချိန်းထားတယ်။ ဝိုင်းက ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်နဲ့လာတယ် ကိုယ်က ဟမ်းကယ်ရီနဲ့။ စတိတ်ထုံးစံအတိုင်း ကွန်ပျူတာ၊ ကင်မရာ၊ ဖုန်း၊ အိုင်ပတ်၊ သော့၊ နာရီ၊ အနွှေးထည်၊ ဖိနပ်၊ မုန့်တွေထုတ်ပြီး စစ်တယ်။

ကိုယ့်ဘေးပတ်ဝန်းကျင် ဟမ်းကယ်ရီအိတ်တွေက ကိုယ့်အိတ်ထက် သေးနေလို့ ကိုယ့်ဟမ်းကယ်ရီက ခေါင်းပေါ်က ပစ္စည်းထည့်တဲ့နေရာမှာ ဆန့်ပါ့မလားလို့ စိတ်ပူမိတယ်။ ကိုယ့်ဟမ်းကယ်ရီအိတ်နီးပါးလောက် ကြီးတဲ့အိတ်ကို တွေ့တော့မှပဲ အဖော်ရှိသဟဆိုပြီး စိတ်အေးသွားတယ်။ အဲ့ဒီလို မဟုတ်ကဟုတ်က ကြံဖန်ရှာဖွေပူပင် စိတ်ဖိစီးမူ ယူတတ်တယ်။ ဗိုက်ဆာလို့ သယ်လာတဲ့ ပေါက်စီစားတယ်။ Delta လေကြောင်းလိုင်းက ရေ၊ အအေးပဲတိုက်တယ် ဘာမုန့်မှမ‌ကျွှေးဘူး။ ကိုယ်က nuts တွေ သယ်လာတယ်။ ဝိုင်းက မကြာခဏခရီးသွားတဲ့သူမို့mileage benefits တွေရှိတော့ လေယာဉ်ခုံနံပါတ် ၁၆ ဇုန်၁ မှာရတယ်။ ကိုယ်ဝယ်ရင် လေယာဉ်အမြီးပိုင်းနားမှာပဲရတယ်။ လေယာဉ်ပေါ်မှာ အိပ်လိုက်၊ ငိုက်လိုက်၊ နိုးလိုက် ပေါ်တိုရီကိုကို ၄ နာရီစီးရတယ်ဆိုပေမဲ့ ၃ နာရီခွဲလောက်နဲ့ ရောက်တယ်။ လေဆိပ်တက္ကစီဆိုတဲ့နေရာမှာတန်းစီ၊ သွားမဲ့ဟိုတယ်ကိုပြောတော့ flat rate ၁၆ ကျပ်၊ ဓာတ်ဆီဖိုး ၂ ၊ လေဆိပ်ခ ၁ ကျပ် ၁၉  ကျပ်ကျတယ်။ ဟိုတယ်အားလုံးက Conado မှာ ရှိပါတယ်။ ဟိုတယ် El Canario Lagoon ကြယ် ၂ ပွင့်ပဲရှိတဲ့ဟိုတယ် တည ၈၀ - ၉၀ လောက်ပဲ ကျတယ်။  ညနေ ၄ နာရီလောက် ရှိပြီဆိုတော့ ဗိုက်ကတဂွီဂွီ ဆာနေပြီ။ ဒီနားမှာစားရမှာလား၊ old san juan (အိုးဆန်ဟွမ်) ကို ဘယ်လောက်ဝေးလဲဆိုတော့ ဘတ်စ်ကားစီးရင် မိနစ် ၂၀ ကွားတား  (၂၅ ပြား) ၃ စေ့ ပေးရတယ်။ လမ်းလျှောက်လို့မရဘူးလား တနာရီလောက်လျှောက်ရမယ်။ အိုးဆန်ဟွမ်မှာ စားသောက်ဆိုင်တွေ အများကြီး၊ ညဖက်ရှုခင်းလှတယ်၊ ည ၈ နာရီလောက်မှ ညစာစားကြတာတဲ့။ မိန်းလမ်းမကြီးကို ငါးမိနစ်လောက်လျှောက် ကားမှတ်တိုင်မှာစောင့်။ စပိန်စကားသင်နေတဲ့ဝိုင်းက ဘတ်စ်ကားစောင့်နေတဲ့ အဘွားကို အိုးဆန်ဟွမ်ကို ဘယ်ဘတ်စ်ကားတွေရောက်လဲ မေးတယ်။


၂၁ နဲ့ ၅၃ ကောင်တာက ပြောလိုက်တာက ၂၂ နဲ့ ၅၃။ ၁၅ မိနစ်လောက်စောင့်ပြီးတဲ့အခါ ဘတ်စ်ကားရောက်လာတယ် ကွားတား ၃ စေ့ထည့်။ ခဏကြာတဲ့အခါမှာ လမ်းက အကွေ့အကောက်များပြီး လမ်းလျှောက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတယ်။ ဂိတ်ဆုံးက အိုးဆန်ဟွမ်ပဲ ဘတ်စ်ကားဂိတ်ကနေ တောင်ကုန်းမြင့်လေးကို တက်လိုက်တာနဲ့ အိုးဆန်ဟွမ်ပဲ။ လမ်းနာမည်တွေ မတွေ့လို့ ဒေသခံတယောက်ကို ဆန်ဖရန်စစ္စကိုလမ်းဘယ်မှာလဲလို့မေးတော့ အသေအချာလမ်းညွှန်တယ်။ ဟိုတယ်ကောင်တာကအန်တီကြီးက စားသောက်ဆိုင်တွေက ဆန်ဖရန်စ္စကိုလမ်းမှာ၊ ဘားတွေက ဆန်ဖရန်စစ္စကိုလမ်းအထက် ၂ လမ်းမြောက်မှာ။ ခံတပ်တွေ့လို့ ဓာတ်ပုံသွားရိုက်ကြတယ်။ ဘားတွေရှိတဲ့လမ်းမှာ ဘာမှမရှိဘူး။ ဆန်ဖရန်စစ္စကိုလမ်းမှာလည်း  ဘာမှမတွေ့ ဗိုက်ကတဂွီဂွီ ဆာနေပြီ။ စားချင်တာက ပေါ်တိုရီကိုအစားအစာ တွေ့တာက Burger King ၊ Subway။ ဒေသခံဆိုင်တွေလည်း ရှာမတွေ့။ လှမ်းခေါ်တဲ့ဆိုင်က ဈေးကြီးမဲ့ဆိုင် ကမ်းခြေနားကဆိုင်မှာ ဘာရနိုင်မလဲကြည့်လိုက်တော့ pasta ။ ဈေးကြီးတဲ့ဆိုင်ကို ပြန်သွားကြည့်တော့ ဈေးကြီးတယ်။ ကမ်းခြေနားက ပေါ်တူဂီအလံလွင့်ထားတဲ့ဆိုင်ကို ဝင်ကြည့်တော့ ပေါ်တိုရီကို ပင်လယ်စာတွေ ရနိုင်တော့ ဝင်လိုက်ကြတယ်။ ကိုယ်တို့ကို ဝန်ဆောင်မူပေးတဲ့ အန်ကယ်ကြီးက မက်ချယ်လို အီတလီသား။ အီတလီမှာ ၇ နှစ်နေတဲ့ ဝိုင်းနဲ့ အီတလီလိုပြောလိုက်၊ စပိန်လိုပြောလိုက်ဆိုတော့ ဘာ,ဘာသာစကားပြောနေမှန်းတောင် မသိတော့ဘူး။ စားသောက်ဆိုင်ရဲ့စပါယ်ရှယ်ဟင်း လော့စတာတွေပါတဲ့ Pealla မှာလိုက်တာ တပွဲနှစ်ယောက်စားလို့ရတယ်။ ခုမှ လော့စတာဖမ်းနေတုန်းထင်တယ်၊ ဗိုက်ဆာပါတယ်ဆိုမှ တမေ့တမော မိနစ် ၂၀ လောက်စောင့်ရတယ်။

ဝိတ်တာကြီးက ကိုယ်တို့နှစ်ယောက်ကို အမှတ်တရဓာတ်ပုံရိုက်ပေးတယ်။ ပန်းကန်ထဲ ညီတူမျှတူခွဲထည့်ပေးတယ်။ ည ၆ နာရီခွဲမှာ မနက်စာနဲ့ညစာပေါင်းစား ဗိုက်ဆာလွန်းလို့ပဲလား၊ အရသာရှိလို့ပဲလား အတော်စားကောင်းတယ်။ ပန်းကန်ပြောင်နေအောင် စားလိုက်ကြလို့ ဘေးစားပွဲကကောင်လေးက your guys did good job လို့ ပြောသွားတယ်။ တစ်ဖ် ၁၈ ရာခိုင်နှုန်းပေးပြီး ၈၉ ကျပ်ကျပါတယ် ဈေးကြီးပေမဲ့ အတော်စားကောင်းတယ် မနက်စာနဲ့ညစာပေါင်းစားလိုက်တဲ့ သဘောမျိုးဆိုတော့ တန်ပါတယ်။ ဘတ်စ်ကားဆီပြန်တဲ့လမ်းက ပန်းခြံလေးထဲမှာ သီချင်းဆိုနေတာတွေ့လို့ ဝင်နားထောင်ကြတယ်။ သီချင်းကမြူးကြွတယ် လက်တင်အကထုံးစံအတိုင်း ဂါဝန်ကားကားကြီးကို ယမ်းခါပြီး တလွှားလွှားကကြတယ်။ ကောင်လေးတယောက်ကတာ ကြည့်ကောင်းတယ်။ ဂါဝန်အနက်ဝတ်ထားတဲ့ ခေါင်းဆောင်ဖြစ်ပုံရတဲ့ မိန်းကလေးကတာ သိပ်ကြည့်ကောင်းတာပဲ။ sasa အကသင်နေတဲ့ဝိုင်းက အဲ့ဒီမိန်းကလေး ခြေထောက်ရွေ့တာ၊ လှုပ်ရှားတာတွေ ပရော်ဖက်ရှင်နယ်ပဲ။ ဘတ်စ်ကားစီးဖို့ ကွားတားစေ့မရှိတော့လို့ ရေခဲခြစ်ရောင်းတဲ့ဆိုင်မှာ ရေသန့်ဘူးဝယ်ပြီး ကွာတားစေ့လဲတော့ မရှိဘူးတဲ့။ ကူညီတတ်တဲ့ အန်တီကြီးတယောက်က တကျပ်ဖိုးလဲပေးပြီး ကွာတား ၂ စေ့ အပိုပေးပြီး ကူညီသွားတယ်။ ကိုယ်က နေရာအမှတ်အသား၊ မြေပုံကြည့်တာ ကျွှမ်းကျင်တော့ ဘတ်စ်ကားဂိတ်ဆီ ဦးဆောင်တယ်။ ည ၈ နာရီခွဲ ဟိုတယ်ဆီပြန်တဲ့လမ်းက မှောင်နေပြီဆိုတော့ လမ်းမမှတ်မိဘူး။ ခေါင်းပတ်ချာလည်ရမ်း အပြင်ဖက်ကို မှန်ပေါက်ထွက်မတတ် ကြည့်နေတယ့် ကိုယ့်တို့ကို တိုးရစ်မှန်းသိလို့နဲ့တူပါရဲ့ ကောင်လေးတယောက်က  တံတားကျော်ရင် conado ရောက်ပြီလို့ ပြောသွားတယ်။ ဘတ်စ်ကားဂိတ်နားက ဖရာမင်းကိုးဆိုင်ကို မှတ်ထားလို့ ဖရာမင်းကိုးတွေ့တာနဲ့ ဝိုင်းက ရပ်ဖို့နှိပ်တော့တာပဲ။ ကိုယ်က ကာတီယားဆိုင်ရှာနေတာ ကိုယ်ပဲမတွေ့သေးတာလား၊ ကျော်သွားတာလား မတွေ့ဘူး။ ဆင်းပြီးသိပ်မကြာခင် ဟိုတယ်နားမဟုတ်မှန်းသိလို့ ဂူဂယ်မတ်မှာရှာကြည့်လိုက်တော့ ကိုယ်တို့က တမှတ်တိုင်အလို စောဆင်းလိုက်တာ။ မဆိုးဘူးဟ သိပ်အဆိုးအရွားကြီး မဟုတ်ဘူး။ နောက်နေ့ El Yunque (အယ်ယွန်းကေ) မုတ်သုံသစ်တောမှာ တောင်တက်တာနဲ့ Bioluminescent Bay မှာ kayaking တဲ့အကြောင်းကတော့ နောက်ပို့စ်မှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မေ ၂၇၊ ၂၀၁၈။

မီးတောက်နေတယ် ...

ည ၉  နာရီခွဲ ဘွိုင်လာခန်းနားဖြတ်ရင်း မီးတွေ့လိုက်လို့ ဘွိုင်လာအိုးအောက်ကို ငုံ့ကြည့်လိုက်တော့ မီးတောက်မီးလျှံတွေ တွေ့တယ်။ ဘုရားရေ မီးလောင်နေတာလား ဒိတ်ခနဲဖြစ်သွားပြီး ဖုန်းယူ အိမ်သော့ယူပြီး အပြင်ထွက်ဖို့ပြင်။ မဖြစ်သေးပါဘူး အခြေအနေ စောင့်ကြည့်ပြီး အိမ်ရှင်ကို ဖုန်းဆက်ပြောမှပဲဆိုပြီး ဖုန်းဆက်လိုက်တော့ အိမ်ရှင်လည်း လန့်သွားတယ်။ နောက်တော့ သေချာရှင်းပြတော့မှ ဟဲ့ကောင်မလေး အဲဒါ ရေပူမရှိတော့လို့ ရေအိုးအောက်ကနေ ဂတ်စ်မီးတောက်တွေ ထွက်လာပြီး ရေနွှေးကြိုနေတာလို့ ပြောနေတုန်း ဒုန်းဆို မီးတောက်နေတာ ရပ်သွားတယ်။ သြော် မသိလို့ ဆောရီးနော်။ နောက်နေ့မနက် အိမ်ရှင် လာစစ်ပေးတယ်။ နယူးယောက်ကအိမ်တိုင်း အဲ့ဒီလိုပဲတဲ့။ တောသူမြို့တက်ဆိုတော့ မသိ။ နယူးဂျာဆီအိမ်ခန်းရှေ့မှာ ဘွိုင်လာအိုးခန်း ရှိပေမဲ့ ယောင်လို့တောင်မကြည့်။ တစ်နေ့က ဟိုင်းကြီးအိမ်နားမှာ မီးလောင်လို့ အိမ်တလုံးပါသွှားတယ်။ အိမ်ကအစွန်အဖျားမှာ တခြားအိမ်တွေနဲ့ ဝေးနေပြီး လေမတိုက်လို့ တော်သေးတယ်။ ကမ်းနားတန်းက အိမ်အများစုက စက်လှေပိုင်ရှင်တွေဆိုတော့ အိမ်တိုင်းနီးပါး ဒီဇယ်ပေပါတွေ ရှိတယ်။ ကိုယ်ဆယ်တန်းဖြေတယ့်နှစ်က မီးလောင်လို့ ဦးလေးနဲ့အဒေါ်အိမ် မီးထဲပါသွားတယ်။ သူခိုးခိုးလို့မပြောင် မီးခိုးလို့ပြောင်။ အရေးကြီးတဲ့ စာရွှက်စာတမ်းတွေ ထည့်ထားတဲ့ အိတ်လုပ်ထားလားလို့မေးတော့ အဖေက လုပ်ထားတယ်။ အရေးကြီးတဲ့ စာရွှက်စာတမ်း၊ ရွှေထည်၊ စာရင်းစာအုပ်တွေ ထည့်ထားတဲ့အိတ်ကို အမေ့ကိုပြထားတယ်။ အရေးအကြောင်းဆို အဲ့ဒီအိတ်ကိုဆွဲပြေးလို့ မှာထားတယ်တဲ့။ အဖေ ဆေးတွေပါထည့်ထားလို့ မှာတယ်။ အိုင်အိုဝါပြည်နယ်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းကို နင့်ဆီမှာတော့ မီးဘေးသိပ်မကြောက်ရဘူး။ တော်နေဒိုးတော့ ကြောက်ရတယ် တခုခုဆို အရေးပေါ်အိတ်ကို ယူပြီးပြေးပေတော့လို့ မှာတော့ ဒင်းက တော်နေဒိုးတိုက်တုန်းက ဘေးအိမ်ကလူတွေကကြောက်လို့ သူက နိုးတောင်မနိုးဘူးတဲ့။ ဟဲ့ အရေးပေါ်အိတ်ပြင်ထားလို့ သတိပေးမှ အေးဟယ် နင်ပြောမှပဲ ပြင်တော့မယ်တဲ့။

ရုံးမှာ အရေးပေါ်သင်တန်း တက်ရတယ် ရုံးက ဝေါထရိတ်စင်တာနဲ့ ၃ ဘလောက်ဝေးတယ်။ အကြမ်းဖက်သမားတွေက ဝေါထရိတ်စင်တာ၊ တိုင်းစကွဲတို့လို  နေရာမျိုးကို ပစ်မှတ်ထားတော့ အကြမ်းဖက်မှုဖြစ်ခဲ့ရင်၊ သေနတ်ပစ်ခဲ့ရင်၊ မုန်တိုင်းတိုက်၊ ရေကြီးရင် ဘယ်လိုပြင်ဆင်ရမလဲ၊ Emergency Kit တွေ ပြင်ထားဖို့ သင်တန်းတွေ ပို့ချပေးတယ်။ တလောက  နယူးယောက်ကနေ Dallas သွားတဲ့ South West လေကြောင်းလိုင်း မိနစ် ၂၀ အကြာ မှာ အင်ဂျင်တလုံးပျက်ပြီး ဖီလာဒဲဖီးယားကို အရေးပေါ်ဆင်းသက်ရတယ်။ အင်တာနက်ခေတ်ဆိုတော့ ဖေ့ဘွတ်ကနေ Live လွှတ်၊ ဓာတ်ပုံတင်။ လေယာဉ်ခရီးသည် တော်တော်များများ အောက်ဆီဂျင် Mask ကို နှာခေါင်းအထိ မတပ်ဘူး မှားနေတယ်လို့ လေယာဉ်ဝန်ထမ်းတစ်ယောက် ထောက်ပြတယ်။ သတင်းတွေမှာ ပါတော့မှပဲ အောက်ဆီဂျင် Mask ကို နှာခေါင်းပေါ်အထိ တပ်ရမှန်း သိသွားတော့တယ်။ ၂၀၁၃ ဂျူလှိုင် ၄ ကန်တက်ကီပြည်နယ် လီဝီဗီလ်မြို့ကနေ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကိုသွားတော့ ကိုယ့်ရဲ့ပထမဆုံးပြည်တွင်းခရီးဆိုတော့ အိမ်ရှင်က အပိုအင်္ကီျတစုံ၊ မုန့်၊ ရေဘူး၊ စောင်ပါးပါးတထည်၊ ပိုက်ဆံအကြွေတွေ ယူသွားဖို့၊ ရာသီဥတုဆိုးလို့ လေယာဉ်လွတ်ခဲ့ရင် လူဝီဗီလ်မြို့နဲ့နီးတဲ့ လက်ဆီတန်မြို့၊ အိုဟိုင်းရိုးပြည်နယ် စီစီနာတီမြို့တွေကို စီးဖို့မှာတယ်။ နှင်းမုန်တိုင်းတိုက်တော့မယ်ဆိုရင် အဆင်သင့်စားသုံးနိုင်တဲ့ ကန်ဗူးတွေ၊ ၂ ရက်၊ ၃ ရက်စာလောက် ချက်ပြုတ်၊ ရေတွေ ဆောင်ထားရတယ်။ မီးပျက်ခဲ့ရင် ဂျင်နရေတာ၊ ဓာတ်ခဲနဲ့ဖွင့်လို့ရတဲ့မီး၊ အပူမလာတော့လို့ စောင်၊ နွှေးထွေးတယ့် အဝတ်အစား ဆောင်ရတယ်။ ဘာတွေဖြစ်မလဲ ကြိုတင်ခန့်မှန်းလို့ မရတော့ တတ်နိုင်သလောက်တော့ ကြိုတင်ပြင်ဆင်ရတာပေါ့လေ။

စန်းထွန်း
မေ ၂၂၊ ၂၀၁၈။

မီးတောက်နေသော ဘွိုင်လာအိုး
ဘွိုင်လာအိုး ထားတဲ့အခန်း

ပျောက်ဆုံးသွားသော တူနာ ...

ရုံး pantry ထဲက ရေခဲသေတ္တာပေါ်မှာ tacoll ညနေ ၂ နာရီခွဲအထိ ရှိသေးတယ် ပျောက်သွားတယ်။ ဘယ်နေရာ၊ ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး တောင်းပန်လို့ ရေးထားတဲ့ နိုးတစ်စာတွေ့တော့ ပြုံးမိသေးတယ်။ ခိုးစားပါတယ်ဆိုမှ ဘယ်တောင်းပန်ပါ့မလဲ။ တနေ့ ကိုယ့်ထမင်းဘူး အဖုံးပွင့်နေတော့ ထိတ်ခနဲဖြစ်သွားတယ်။ ထမင်းဘူး အဖုံးမပိတ်ဘဲ သယ်လာတာလား မဖြစ်နိုင်ဘူး။ ထမင်းဘူးအဖုံး ဖွှင့်လိုက်တော့ အပေါ်မှာတင်ထားတဲ့ တူနာတွေ လျှော့နေတယ်။ ဟွန်း ကိုယ့်တူနာတွေ ပျောက်နေတယ်။ နို့တစ်စာရေးတာ အမှန်ပဲ ခိုးစားတဲ့သူရှိတယ်။ ဆူပါဗိုက်ဆာ၊ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြပြီး သတိထားဖို့ပြောတယ်။ ဆူပါဗိုက်ဆာတစ်ယောက်နားမှာ ရေခဲသေတ္တာလေးရှိတယ် အဲဒီမှာထည့်လို့ရတယ်တဲ့။ pantry ထဲက ရေခဲသေတ္တာမှာ ထမင်းဘူးထားနေတဲ့ ကိုယ့်ကိုတွေ့တော့ လုပ်ဖော်ကိုင်ဖက်က ဟင် ဒီမှာထားနေတုန်းလား။ ဟုတ်တယ် ဒါပေမယ့် အသားတွေကို အောက်မှာဖွှတ်ထားပြီး အပေါ်မှာ ထမင်းနဲ့ ဟင်းသီးဟင်းရွှက်ထားတယ်။ ဟေ ကောင်းလိုက်တဲ့အကြံ။ အင်း အဲဒါကိုမှ ခိုးစားရင်တော့ တနည်းတဖုံ ကြံရတော့မယ်။ ကိုယ့်သူငယ်ချင်းတစ်ယောက် အဆောင်နေတုန်းက အဆောင်သူတစ်ယောက်က လိုရှင်းနည်းနည်း၊ ပိုက်ဆံနည်းနည်း ခိုးတတ်တယ်တဲ့။ ခိုးတတ်တဲ့သူတစ်ယောက်ရှိတာ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။

စန်းထွန်း
မေ ၁၇၊ ၂၀၁၈။

ဘယ်ဖက်အပေါ်က ထမင်းပေါ်က တူနာနဲ့ ညာဖက်အောက်နားက တူနာ ပျောက်သွားတယ်

နွှေဦးချယ်ရီ - ၃

နေ့လည်ထမင်းစားပြီးချိန် ဝေါစတိလမ်းမှာရှိတဲ့ ထရစ်နစ်တီဘုရားကျောင်းဖက် လမ်းလျှောက်ထွက်လေ့ရှိပါတယ်။ ဆောင်းရာသီတုန်းက ဘုရားကျောင်းထဲ ဝင်ပြီးဆုတောင်းလေ့ရှိပေမဲ့ အခုလုံခြုံရေးတင်းကျပ်လိုက်လို့ အိတ်တွေစစ်ပြီးမှ အထဲဝင်ခိုင်းတယ်။ ဘုရားကျောင်းဘေးက ပန်းခြံထဲမှာ ဖူးပွင့်နေတဲ့ ပန်းရောင်စုံတွေက လှပလွန်းတော့ ဘုရားကျောင်းထဲ မဝင်တော့ဘဲ ပန်းခြံထဲမှာ လမ်းသွားလျှောက်တယ်။ ပန်းရောင်စုံ ဖူးပွင့်ဝေဆာပြီး မကြာခင် မြေပေါ် ကြွေကျသက်ဆင်းကြတယ်။ တနေ့တမျိုး မရိုးရအောင် ဖူးပွင့်နေတဲ့ ပန်းရောင်စုံတောထဲက ပန်းတွေရယ်၊ ဘူတာဆီသွားတဲ့လမ်းတလျှောက်က ပန်းတွေရယ် နွှေဦးဟာ အင်မတန် လှပတယ်။

စန်းထွန်း
မေ ၁၄၊ ၂၀၁၈။

နှင်းတွေကျတဲ့နေ့  ဘူတာဆီသွားတဲ့လမ်းက အပင်လေးတွေ
ရုံးနားကလမ်းမှာ
အိမ်ရှေ့ က Daffodils ပန်းး
ခုတော့ ကြွေကျ မြေခ