စာမေးပွဲရမှတ်ဆိုတာတွေက ပရော်ဖက်ဆာ လက်ထဲမှာရှိတယ်။ ကိုယ်က TM ကိုမကြိုက် ကျောင်းကိုမကြိုက်ဘူးဆိုတာ သိတယ်နဲ့တူပါရဲ့။ ကျောင်းမှာဆက်နေရင် နေစားစရိတ်တွေ တက်နေမှာမို့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ရပ်ဆွေရပ်မျိုး အမျိုးလိုခင်တဲ့ အစ်မဆီမှာနေပြီး စောင့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီကျောင်းကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကြုံးဝါးခဲ့တယ်။ ကျောင်းလခတွေ စာရင်းရှင်းတော့ အကြွေး ၆၀၀၀ တင်နေပြီ။ ကျောင်းအပ်တုန်းက ၆၀၀၀ ပေးပြီးသားအပြင် ကျောင်းမှာ ၂ လလောက်ပဲ နေရသေးတယ် ဘယ်နှယ့်ကျောင်းစရိတ်တွေ များနေပါလိမ့်။ နောက်တကျောင်းပြောင်းဖို့ဆိုရင် အရင်ကျောင်းက ကျောင်းအကြွေးတွေဆပ် ကျောင်းကနေ အကြွေးကင်းရှင်းပါတယ်ဆိုတဲ့ စာရွက်ထုတ်ပေးပြီးမှ ရမယ်တဲ့။ နောက်ကျောင်းပြောင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန် အချိန်တွေကုန်မှာ ဒီကျောင်းကို ပြန်တက်တာက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်တယ်။ အမေနဲ့မကြီးက ပိုက်ဆံကိစ္စ စဉ်းစားမနေနဲ့ မပျော်ရင်ပြန်လာလို့ ပြောပေမဲ့ ကိုယ် ကြိုးစားချင်တာ။ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောတဲ့စကားမှားမှန်း သက်သေပြချင်တာ။ လဲကျရင် ပြန်ထနိုင်အောင် ကြိုးစားချင်တာ။ သူများတွေလည်း ဒီလိုပဲရုန်းကန်နေကြတာပဲ ကိုယ်က သူများထက် ညံ့နေလို့လား။ ကိုယ် ဒီလောက် မညံ့ပါဘူး သူများထက် ပိုကြိုးစားအားထုတ်ရင် ဖြစ်ပါတယ်။
ကိုယ့်ရွှေးခြယ်ခဲ့တဲ့လမ်းကို အဆုံးထိ ဆက်လျှောက်ရမယ်။ အဲဒီ ၂ လ စောင့်ဆိုင်းနေချိန်ဟာ ကိုယ့်ဘဝရဲ့ အခက်ခဲဆုံး အပင်ပန်းဆုံး အချိန်တွေပါပဲ။ အသိအစ်မမှာလည်း အဆင်ပြေတာမဟုတ်တော့ ကပ်နေရတာ အားနာမိတယ်။ problem solving skills ကောင်းအောင် ပရော်ဖက်ဆာမိခဲလ်ညွှန်တဲ့ စာအုပ်တွေဖတ်၊ ပရိုဂရမ်းမင်းတွေ လေ့လာ၊ ဆူနမ်ပေးတဲ့ သင်ခန်းစာ၊ အိမ်စာတွေဖတ်။ NGO အဖွဲ့အစည်းရဲ့ ဝက်ဆိုဒ်ကို Joomla လေ့လာပြီး ပြင်ပေး။ မြန်မာဘာသာပြန်ပေးရင် ပိုက်ဆံရမယ်ဆိုလို့ ဇော်ဂျီဖောင့်လေ့ကျင့်။ စာမေးပွဲကျ ကျောင်းကထွက်လာရလို့ စိတ်ဓာတ်တွေ ကျနေတဲ့ကိုယ်ဟာ ဒုက္ခသည်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ယှဉ်ရင် ကိုယ့်ဒုက္ခဆိုတာ ဘာမှမဟုတ်ပါလားလို့ သဘောပေါက်သွားတယ်။ Why me လို့ အဆိုးတွေ မြင်နေရာကနေ blessing တွေ မြင်လာတယ်။ ဒုက္ခသည်ဆိုတာ နာမည်သာဆိုးတာ အခွင့်အရေးတော့ တော်တော်ရတယ်။ အသိအစ်မဆို စတိတ်ကိုလာဖို့ လေယာဉ်စရိတ်၊ နေဖို့တိုက်ခန်း ငှားထားပေးတယ်၊ စားသောက်ဖို့ food stamp ပေးတယ်။ နောက်တော့ ပြန်ဆပ်ရတယ်။ ဟာ ဒါဆို ဒုက္ခသည်လျှောက်ရင်ကောင်းမလား စတိတ်ကို ရောက်နေပြီဆိုတော့ ဒုက္ခသည်လျှောက်လို့မရဘူး အဆိုင်လမ်တော့ လျှောက်လို့ရတယ်။ ခုတော့ မလျှောက်သေးပါဘူး ကျောင်းပြီးမှလျှောက်ရင်ရော။ အဆိုင်လမ်က တစ်နှစ်အတွင်း လျှောက်ရတာတဲ့။ ကျောင်းကိုပြန်ရောက်တော့ ဘေးမှာရာမားအခန်း၊ ရာမားအခန်းရှေ့က မိုင်းဖန်အခန်း၊ ကိုယ့်အခန်းရှေ့က ဆူနမ်အခန်း။
မိုင်းဖန်၊ စန်းထွန်း၊ ရာမား၊ ဆူနမ် နီပါလီ Dashain ပွဲတော် အောက်တိုဘာ ၁၁၊ ၂၀၁၁။ |
ညနေတိုင်း ဆူနမ်က ကားမောင်းသင်ပေးတယ်။ ကိုယ် ပင်ပန်းလို့အိပ်နေရင်တောင် ဆူနမ်က လာနိုးပြီး ကားမောင်းကျင့်ပေးတယ်။ lane change ၊ parallel parking လို ခက်တဲ့ဟာတွေဆိုရင် ဂင်္ဂါ လာသင်ပေးတယ်။ တညနေ ကားမောင်းကျင့်ဖို့ စက်နိုးတော့ မနိုးဘူး။ မိုင်းဖန်ကိုခေါ် ကားဘေးမှာ လေးကောင်းသား ကားအဖုံးကိုဖွင့် ဟိုဟာနှိပ်ကြည့် အင်ဂျင်ဝိုင်၊ ရေတွေစစ်ကြည့် ခေါင်းကုတ်လက်မှိုင်ချ။ ဂင်္ဂါလာကြည့်ပေးတော့မှ ဘတ်ထရီ အားမရှိတာတဲ့။ ယန်ဇီ မနေ့ညက ကားမောင်းလေ့ကျင့်ပြီး မီးပိတ်ဖို့မေ့သွားလို့ ဘတ်ထရီအားကုန်သွားတာ။ သူ့တရုတ်ဘော်ဒါတွေ ရောက်လာပြီး ကားစက်နိုး ဘတ်ထရီသွင်းတယ်။ စတိုင်ပင်လခရရင် pizza ranch ကြက်ကြော်ဆိုင်မှာ သွားစားကြတယ်။ ဝေသာလီပြည် ဘီလူးစီးသလို စားကြတာ ကျောင်းမှာငတ်တာကိုး။ ကြက်ပေါင် ၆၊ ၇ ခု အသာလေးပဲ။ တရုတ်ဘူဖေး၊ အိန္ဒိယဘူဖေး ၂ဘူးဝယ် ထမင်းတအိုးတည်ပြီး စားကြတယ်။ ဘိုင်ကျတဲ့အခါ မက်ဒေါနယ်က mac chicken စားကြတယ်။ လေဘာဒေးပိတ်ရက်တုန်းက ဗာဂျီးနီးယားပြည်နယ်မှာနေတဲ့ ရာမားဆီ သွားလည်တော့ ဆူနမ်နဲ့ ကျောင်းတုန်းကအကြောင်းတွေ ပြောနေကြသေးတယ်။ pizza ranch ဆိုင် ပိတ်သွားပြီတဲ့ ကိုယ်တို့ကျောင်းကလူတွေကြောင့်ဖြစ်မယ်။ ၈ ကျပ်ပေးပြီး ၃၀ ဖိုးလောက် စားကြတာကိုး ဈေးတက်လို့လည်းမဖြစ် ကြက်ကြော်ဆိုင်ကို သနားလိုက်တာ။
ဆူနမ်တို့ကျောင်းက ထွက်ခါနီး ညတိုင်းနီးပါး နှုတ်ဆက်ပွဲ ကျင်းပတယ်။ ကိုယ့်ကိုဖဲရိုက်သင်ပေးပြီး ဖဲရိုက်တယ်။ အဆောင်မှုး RA က နှုတ်ဆက်ပွဲတွေ လုပ်နေမှန်းသိတော့ အသံသိပ်မကျယ်ဖို့ သတိပေးရုံးလောက်ပဲ။ တခါတလေ ဘီယာ၊ ဝိုင် သောက်ကြတယ်။ အဆောင်တွင်း ဘီယာ၊ ဝိုင် သောက်ခွင့်မရှိ ထမင်းချက်ခွင့်မရှိ။ ကိုယ်တို့က ပေါင်းအိုးနဲ့ ခိုးကြောင်ခိုးဝှက် ချက်ကြတယ် ပြီးရင် အမွှေးတွေဖြန်း။ မီးဖိုချောင်ရှိပေမဲ့ သတ်သတ်လွှတ်ပဲ ချက်ခွင့်ရှိတယ် တရုတ်မတွေက ချက်ပြီးရင် မရှင်းလင်း နည်းနည်းဝေးတော့ သိပ်မချက်ဖြစ်ဘူး။ ယောကျာ်းလေးအဆောင်ကြတော့ ဆေးလိပ်ခိုးသောက်ကြလို့ fire alarm မြည်တာ ရိုးနေပြီတဲ့။ မိုင်းဖန်က အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမှာ အလုပ်ရတယ်။ ဆူနမ်နဲ့ရာမားက မေရီလန်းပြည်နယ် ဘာတီမိုးမှာနေတဲ့ ဆူနမ်နဲ့အဆောင်အတူတူ၊ တက္ကသိုလ်အတူတူ၊ အလုပ်ဝင်တော့လည်း ကုမ္ဗဏီအတူတူ၊ နီပေါတက္ကသိုလ်မှာလည်း စီနီယာ ယူအက်စ်ကျောင်းမှာလည်း စီနီယာ ညီအစ်မလိုချစ်ကြတဲ့ အက်စမီတာမန်ချေးဆီမှာ သွားနေပြီး အလုပ်ရှာကြမှာ။ ဆူနမ်တို့ ထွက်ခွာသွားတော့ အတော်ဝမ်းနည်းတာ။ ဖေဖေါ်ဝါရီအသုတ် ကျောင်းသား ၅၀ ကျော်မှာ မိန်းကလေးက ၅ ယောက်၊ ကိုယ်၊ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့က ညီအစ်မလိုခင်တယ်။ အီသီယိုးပီးယားကနေ ခွဲထွက်တဲ့ အက်စတီရာနိုင်ငံကနေ ဒီဗွီပေါက်လို့ စတိတ်ရောက်လာတဲ့ အာရီယန်နဲ့ က မခင်ဘူး။ ဇူလှိုင်အသုတ်ကျတော့ ကျောင်းသား ၄၀ ကျော်မှာ မိန်းကလေးဆိုလို့ တရုတ်မလေးယန်းဇီပါတယ်။
ယန်ဇီဟာ တဦးတည်းသောသမီး ငယ်ငယ်ကတည်းက စန္ဒရားတီးသင်ခဲ့တာဆိုတော့ စန္ဒရားကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်တယ်။ သူဋ္ဌေးသမီးဆိုတော့ သူ့အဖေရဲ့ ခရက်ဒစ်ကဒ်ကိုင်ပြီး ဝယ်ချင်တာဝယ် စားချင်တာစား။ တရုတ်ဘော်ဒါတွေလည်းများတော့ နေ့တိုင်းလိုလို အပြင်ထွက်စားတယ်။ ဒီဇင်ဘာမှာ ကျောင်း ၁၀ ရက် ပိတ်တော့ တခြားကျောင်းသားတွေက လျှောက်လည်ကြတယ်။ ကိုယ်ကတော့ လည်စရာပိုက်ဆံမရှိ ဆူနမ်တို့ကလည်း သူများအိမ်မှာ ကပ်နေရတာမို့ မခေါ်နိုင်။ ဒီလိုနဲ့ ပင်ပန်းအထီးကျန်တဲ့ နေ့ရက်တွေကို ဖြတ်သန်းလို့ စာမေးပွဲတွေအောင်၊ ကားမောင်းလိုင်စင်ရအောင် ကြိုးစားရတယ်။ ဇန်နဝါရီမှာ အလုပ်ရှာဖို့ ပြင်ဆင်တဲ့သင်တန်းပေးတယ်။ ဖုန်းအင်တာဗျုးမှာ ပထမဆုံးမေးမဲ့မေးခွန်းက legal status က ဘာလဲ။ ကျောင်းသားဗီဇာလို့ဖြေရင် တခါတည်းဖုန်းချသွားရော။ work authorization ရှိပါတယ် ကျောင်းသားဗီဇာ ၂ နှစ်ခွဲ အလုပ်လုပ်ခွင့်ရှိတယ်။ အစိုးရကို ဘာစာရွက်စာတမ်းမှ တင်စရာမလိုဘူး အလုပ်ရရင် ကျောင်းကနေ I 20 form ရဲ့ နောက်ဆုံးတတိယစာမျက်နှာမှာ ဘယ်ကုမ္ဗဏီ၊ ဘယ်နေရာ၊ ဘာရာထူး၊ ဘယ်နေ့ကနေ ဘယ်နေ့အထိဆိုတာ ထုတ်ပေးလိုက်ရင် အလုပ်လုပ်လို့ရပြီ။ တချို့ကုမ္ဗဏီတွေက ကျောင်းမှာအင်တာလာဗျူးတယ်။ ရေးဖြေ၊ လူတွေ့အင်တာဗျူးဖြေပြီး ပထမဆုံးအင်တာဗျူးနဲ့ ယန်ဇီက အိုဟိုင်းရိုးပြည်နယ်မှာ အလုပ်ရသွားတယ်။ ကိုယ့်ဘော်ဒါ တရုတ်ကလေး ပေါင်လည်း ယန်ဇီနဲ့ ကုမ္ဗဏီတခုတည်းမှာ အလုပ်ရတယ်။ အင်တန်းရှစ်အလုပ်ကို ကိုယ်ဘယ်လိုရှာဖွေရခဲ့ရသလဲတွေကို နောက်အပိုင်းမှ တင်ပါဦးမယ်။
စန်းထွန်း
နိုဝင်ဘာ ၄၊ ၂၀၁၇။
3 comments:
Post becomes more and more interesting. Waiting for new post sis !!
Anonymous said...
Blogger တွေ အကုန်နီးပါး facebook ပေါ်ရောက်သွားပြီး blog တွေပေါ်မှာ ခြေရာမတွေ့တာကြာသွားပေမယ့် စန်းထွန်းကတော့ အမြဲတမ်းပဲ ပိုစ်အသစ်တွေနဲ့၊၊ High school senior ကတည်းက ဖတ်လာခဲ့တာ ခုဆို ကျနော်လည်း college မှာ senior ရောက်နေပြီ၊၊ နောက်နှစ်ဆို ဘွဲ့ရတော့မှာမို့ အင်းတမ်းရှစ်တွေရှာနေတုန်း၊၊ အတွေ့အကြုံလေးတွေ ဖတ်ချင်မိပါတယ်
November 9, 2017 at 5:53 PM
Post a Comment