ချက်ပြုတ်ရတယ် ဝယ်စားဖို့ အဆင်မပြေဘူး။ စာမေးပွဲနီးရင် တရုတ်ဆိုင်က ဝယ်စားတယ် တရုတ်စာဆိုပေမဲ့ အမေရိကန်တရုတ်စာဆိုတော့ ချိုတယ် မစားနိုင်ဘူး။ ပိတ်ရက်တွေဆို ကိုရီးယား၊ ဗီယက်နမ်ဆိုင် ဈေးသွားဝယ်။ ဆိုင်မှာတယောက်တည်း ထိုင်မစားချင်လို့ အမြဲတမ်း take out လုပ်တယ်။ လူဝီဗီလ်မှာနေတဲ့အချိန်အတွင်း ဘွတ်ဖိနပ်ဝယ်ဖို့၊ မျက်မှန်လုပ်ဖို့ ၂ ခါပဲ လျှော့ပင်းမောလ်ရောက်တယ်။ ရုံးမှာလည်း အပေါင်းအသင်းမိတ်ဆွေမရှိ အတော်ပျင်းစရာကောင်းတယ်။ အိမ်ရှင်မန်ဒီက နင် ဘားလည်းမသွားတော့ ဘယ်လိုလုပ်မိတ်ဆွေ ရမလဲတဲ့။ မြိ ု့တောင်ဖက်ပိုင်းကလူတွေဆိုရင် နိုင်ငံခြားသားတွေကို မကြိုဆိုဘူးတဲ့။ ရုံးက တူရကီလေးမူဆာဖာက မြန်မာဒုက္ခသည်တွေကို ဘာသာပြန်လုပ်ပေးမဲ့ ဘော်လန်တီယာလူလိုတယ်ဆိုလို့ ခရစ်ယာန်ဘုရားကျောင်းကလူတွေနဲ့ မြိ ု့အနောက်ဖက်ပိုင်းက မွန်၊ ဟိန္ဒူမိသားစုကို ဘာသာပြန်လုပ်ပေးတယ်။ မြို့အနောက်ဖက်ပိုင်းမှာ ဘော်လန်တီယာလုပ်မယ်ဆိုတော့ မန်ဒီက စိတ်မချဘူး မသွားနဲ့တဲ့။ မြို့အနောက်ပိုင်းက ပြည့်တန်ဆာ၊ မူးယစ်ဆေး၊ မူခင်းတွေပေါတဲ့ အမည်းရောင်နယ်မြေ လုံခြုံစိတ်ချမှုမရှိဘူးတဲ့။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကသူတွေ ကြိုပို့လုပ်ပေး၊ သူတို့နဲ့အတူတူ ရှိနေမှာဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ယောကျာ်းကဟိန္ဒူ၊ မိန်းမကမွန် မိသားစုက မလေးရှားကမ့်ကနေ ရောက်လာတာ ဗုဒ္ဓသာသာဝင်တွေ။ ခရစ်ယာန်လို့ ပြောပေမဲ့ ခရစ်ယာန်နဲ့မတူဘူးလို့ ဘုရားကျောင်းကလူတွေက ပြောတယ်။
ဒုက္ခသည်တွေကို အစိုးရက လေယာဉ်လတ်မှတ်ပေး၊ အိမ်ငှားပေးထားတယ်၊ စားဖို့ food stamp ပေးတယ်။ ဒုက္ခသည်အစ်ကိုကြီး အလုပ်ရတော့ ဘုရားကျောင်းက ပါတီပွဲလေး လုပ်ပေးတယ်။ ဘုရားကျောင်းကလူတွေက အပတ်တိုင်း ဈေးဝယ်ဖို့ လိုက်ပို့ပေးတယ် မြန်မာ၊ ဆိုမာလီယား၊ အာဖရိကဒုက္ခသည်တွေ လိုအပ်တာတွေ ကူညီတယ်။ ဘုရားကျောင်းကလူတွေ ဒုက္ခသည်တွေကို မေတ္တာစေတနာနဲ့ကူညီပေးတာ တကယ်ချီးကျူးတယ် ကိုယ်ဆို အဲဒီလိုမလုပ်နိုင်ဘူး။ တလတခါ မိုင် ၁၀၀၊ ၂ နာရီအဝေးက အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာနေတဲ့ ဆူနမ့်ဆီကို သွားလည်တယ်။ ၂၀၁၂ ဂျူလှိုင် ၄ မှာ ရာမားရှိတဲ့ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကနေ ၁ နာရီအဝေးမှာရှိတဲ့ ဂလော်ချက်စတာမြို့ကို သွားလည်တယ်။ ကိုယ့်ရဲ့ ပထမဆုံးပြည်တွင်းခရီးဆိုတော့ မန်ဒီက အဝတ်တစုံအပို၊ ပိုက်ဆံအကြွေ၊ မုန့်နည်းနည်းယူသွားဖို့၊ ရာသီဥတုဆိုးလို့ လူဝီဗီလ်မြို့ကို လေယာဉ်မရှိရင် အနီးအနားက လက်ဆင်တန်၊ စင်စင်နာတီမြို့ကိုသွား ပြီးမှတက္ကဆီနဲ့လာလို့ မှာကြားတယ်။ လေဆိပ်သွားဖို့ ရုံးကအထွက်မှာ ကားတစီးကို ပွတ်တိုက်ခဲ့သေးတယ်။ သောကြာနေ့ည ကန်တက်ကီပြည်နယ် လူဝီဗီလ်ကနေ နယူးဂျာဆီပြည်နယ် Newark ၊ ညဉ့်နက်သန်းခေါင် ဘော်စတွန်ကို ကိုယ်က ချောချောမောမော ရောက်တယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြိ ု့မှာ မိုးသီးတွေကြွေလို့ လေယာဉ်နောက်ကျ၊ ဝါရှင်တန်ဒီစီမှာ လေဆင်နှာမောင်းဝင်တိုက်လို့ ဘော်စတွန်သွားမဲ့ လေယာဉ်ကိုမမှီ နောက်နေ့လေယာဉ်အတွက် တညလုံးတန်းစီ စားစရာ၊ သောက်စရာမရှိ။
၄၅ မိနစ်အဝေးမှာရှိတဲ့ ပြည်တွင်းလေဆိပ်ကနေ လေယာဉ်စီးပြီး စနေနေ့ နေ့လည်မှ ဘော်စတွန်ရောက်လာတဲ့ ဆူနမ်ကို ထမင်းဘူးနဲ့ သွားကြိုကြတယ်။ ဘော်စတွန်မှာ ဟားဗတ်၊ အမ်အိုင်တီတက္ကသိုလ်တွေဆီ သွားလည်ကြတယ်။ ဘော်စတွန်ကပြန်ရောက်တော့ ကားမှာစာလာကပ်သွားတယ် ကိုယ်ပွတ်ခဲ့ကားပိုင်ရှင်ဆီက။ သူက ကိုယ်တို့ရုံးက ကန်တက်ဆိုတဲ့ သာမယ်အင်ဂျင်နီယာမလေး။ သူ့ကားပြင်နေတုန်းက ရုံးလာဖို့ကို ကိုယ်ကပေးရမှာ ကန်တက်က ကားပြင်ဆင်ခက ၉၀၀ ပဲတောင်းတယ်။ အာမခံသုံးရင် ၃ နှစ်အထိ record ထဲမှာရှိနေပြီး အာမခံကြေးလည်း တက်မှာဆိုတော့ အားလုံးက အာမခံမသုံးဘဲ အိပ်စိုက်ပေးဖို့အကြံပေးတယ်။ စန်းစန်း အဲဒီလိုတိုက်မိပြီးရင် ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်ပါဆိုပြီး စာရေးထားခဲ့ရမှာ ဘာမှမပြောဘဲထားခဲ့တာ hit and run ပြစ်မှုမြောက်တယ် ရဲကလိုက်ဖမ်းပြီး ထောင်ချလို့ရတယ်သိလားလို့ ပီတာ ပြောပြတော့မှ ကြောက်လိုက်တာ။ အလုပ်က တနှစ်ကွန်းထရပ်စာချုပ်ပြီးရင် ထပ်မတိုးနိုင်ဘူးဆိုတော့ အလုပ်စရှာရပြီ။ အင်တာဗျူးတွေရှိရင် ခွင့်ယူလို့ရတယ်။ ၂၀၁၂ စက်တင်ဘာ အမေစု အမေရိကန်ကိုလာတော့ လူဝီဗီလ်မြို့မှာ မိန့်ခွန်းပြောတယ်။ လတ်မှတ်မရတော့ မြန်မာဝတ်စုံဝတ်ပြီးသွားရင် အထဲကိုဝင်ခွင့်တော့ ရမယ်ထင်တယ်လို့ ဆူပါဗိုက်ဆာဂျရတ်က ပြောတယ်။ လူဝီဗီလ်ပြီးရင် ဖို့ဝိန်းမြို့က ခန်းမဆောင်မှာ မြန်မာတွေကို မိန့်ခွန်းပြောမှာဆိုတော့ ဖို့ဝိန်းကအစ်မနဲ့လည်း တွေ့ရအောင် ခွင့် ၂ ရက်ယူပြီး မိုင် ၂၃၀၊ ၄ နာရီ မောင်းရတဲ့ ဖို့ဝိန်းမြို့ကို ချီတက်တယ်။
ဆူနမ်၊ ရာမား၊ စန်းထွန်း မန်ဆာချူးဆက်ပြည်နယ် ဂလော့ချက်စတာမြို့နားက ပင်လယ်ကမ်းခြေ ၂၀၁၂ ဂျူလှိုင် ၅ |
နှင်းကျတဲ့နေ့၊ ဆူနမ်တို့နဲ့ အပြင်သွားတဲ့နေ့လောက်သာ အိမ်မှာနေပြီး မနက်ဆိုရာမားက ကိုယ့်ကိုဘူတာရုံမှာချပေး ရထားစီးပြီးဒီစီကိုသွား ကယ်ပီတန်ထဲဝင်လည်၊ ကယ်ပီတယ်မောလ်တလျှောက်က ပြတိုက်တွေ၊ ဝါရှင်တန်နေရှင်နယ်ကသီဒရယ်တွေကိုသွားလည် ညနေစောင်းမှပြန်လာ။ တနှစ်ကွန်းတရပ်စာချုပ်မပြည့်ခင် ၂ လအလို ဒီသောကြာနေ့က မင်းရဲ့နောက်ဆုံးနေ့လို့ မန်နေဂျာကပြောလာတော့ ဝမ်းနည်းလိုက်တာ။ မင်း အလုပ်လုပ်တာ မကောင်းလို့မဟုတ်ဘူး စီးပွားရေးမကောင်းလို့ ကွန်းထရပ်ဝန်ထမ်းအားလုံး လေးအော့ဖ်ဖြစ်တာ။ reference letter လိုတယ်ဆိုရင် အချိန်မရွေးပြော။ တလောက ကိုယ်စိတ်ဆိုးလွန်းလို့ရန်ဖြစ်ထားတဲ့ ဆူပါဗိုက်ဆာဂျရတ်က သတင်းကြားကြားခြင်း စိတ်ပူလို့ ပြေးလာတယ်။ နောက်ဆုံးနေ့ နှုတ်ဆက်နေ့လည်စာစား ရုံးနားကရေကန်ဘေးမှာ အတော့်ကိုဝမ်းနည်းပက်လက် ငိုတယ်။ လူဝီဗီလ်မှာ အင်တာဗျုးတခုက သဘောကျပေမဲ့ H1B စပွန်ဆာဆိုတာ တခါမှမကြားဖူးဘူးတဲ့။ ၂ နာရီအဝေးက မြို့တော်ဖရန့်ဖွတ်က အစိုးရရုံးမှာ အိန္ဒိယသားတွေနဲ့ အင်တာဗျုးတာ အော်ဖာကမ်းတောင် မယူဘူးလို့ ဒေါသထွက်ရဖူးတယ်။ အင်တာလည်းမဗျူးဘဲ အလုပ်အော်ဖာရတာလည်း ရှိသေးတယ်။ လစာလည်းမဆိုးဘူး သူက ကိုယ်လုပ်နိုင်တယ်ဆိုတာသိတော့ ကိုယ့်ကိုအလုပ်အရင်ခန့် သူ့မှာကွန်းထရပ်အလုပ်ရတော့မှ ကိုယ့်ကိုသွင်း သူက ၂ ဆရ အဲဒီလို။ နောက် ၁ လနေလို့မှ အလုပ်မရရင် မေရီလန်းကိုပြောင်းခဲ့တော့ အမ်းထရူးလည်း တန်နက်ဆီပြည်နယ်မှာ ကွန်းထရပ်အလုပ်ပြီးလို့ ဆူနမ်တို့ဆီမှာလာနေပြီး အလုပ်ရှာမှာ။
ဆူနမ်တို့က အမ်းထရူးကို ကိုယ့်ဆီလာခိုင်း ပြီးမှမေရီလန်းကိုမောင်းလာ တန်နက်ဆီပြည်နယ် မန်းဖစ်မြို့က ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့အထိလေယာဉ်ခက ဝါရှင်တန်ဒီစီလေယာဉ်ခထက် ဈေးကြီးနေ၊ ကိုယ်နဲ့အမ်းထရူးကလည်း သိပ်မခင်တော့ အကူအညီမတောင်းတော့ဘူး။ ကားက အင်ဂျင်ဝိုင်ဆီတွေယိုလို့ မန်ဒီက တနေရာတည်းမှာ သတ်သတ်မှတ်မှတ် ရပ်ခိုင်းတယ်။ မိုးရွာတဲ့နေ့ ရုံးအဝင်အကွေ့နားမှာ ကားတပတ်လည်ထွက်သွားလို့ကားတာယာကို လဲထားတယ်။ ကားအင်ဂျင်အပူချိန်တက်လို့ ပြင်ရင်ဘယ်လောက်ကျမလဲမေးတော့ မပြင်တော့နဲ့ အသစ်ဝယ်တဲ့။ မေရီလန်းခရီးအတွက် ကားကြံ့ခိုင်မှုစစ်ဆေး ကားပြင်ဆိုင်ကတော့ ဖောက်သည်ကြီးတယောက် လျော့သွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေမှာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀၊ ၉ နာရီမောင်းရတဲ့ခရီးကတော့ တကယ့်ကို အမှတ်တရပဲ။ မနက် ၆ နာရီကနေ မောင်းလာလိုက်တာ ကန်တက်ကီပြည်နယ်ကတော့ မြေပြန့်ဆိုတော့ မောင်းရတာအဆင်ပြေတယ်။ ၂ နာရီမောင်းပြီးရင် ကားရပ်နားနေရာမှာ ကားပြင်ဆိုင်က ပြလိုက်တဲ့အတိုင်း အင်ဂျင်ထဲထည့် ကားလည်းနား လူလည်းနား။ မန်ဒီကမှာတယ် ကားရပ်နားနေရာမှာနားရင် ကားတံခါးကို လော့ချထားတဲ့။ အနောက်ဗာဂျီးနီးယားပြည်နယ်ထဲကို ဝင်တာနဲ့ တောင်တန်းတောင်ကုန်းတွေ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်။ တခါတလေ တောင်ကြောကိုဖြတ်ရင် ကားတစီးတလေတောင် မတွေ့ဘူး။ ကားကို လီဘာတင်ပြီး အရှိန်မြှင့်တာ မိုင် ၄၀ ကနေ မတက်တော့ဘူး ဟိုင်းဝေး မိုင် ၆၀ နဲ့ မောင်းရမှာ။ ဆီကုန်ခါနီးဆိုတော့ အနီးအနားက ဆီဆိုင်မှာဝင်ထည့်တော့ ကားကိုဘယ်လိုရပ်လိုက်လဲမသိဘူး။
ကားက ဘယ်လိုမှ စက်နှိုးလို့မရတော့ဘူး ခေါင်းနားပန်းကြီးသွားတယ်။ ဆီလာထည့်တဲ့ လူကြီး ၂ ယောက်ကို အကူအညီတောင်းပြီးပြကြည့်တော့ သူတို့လည်းမသိဘူး။ စိတ်အေးအေးထားပြီး စက်နှိုးကြည့်လို့ နှိုးတော့မှ သက်ပြင်းချနိုင်တယ်။ တချို့နေရာတွေ့မှာ မြူတွေဝေ့ဆိုင်း နှင်းတွေကျ ကားကြောပြတ် အင်ဂျင်စက်သံက ခပ်ယဲ့ယဲ့ ကားကလီဘာတင်လို့မရ ဖုန်းစစ်ကနယ်ကမမိ ကားထိုးရပ်သွားရင်ဒုက္ခ ကားအိုကားဟောင်းကို တယောက်တည်းမောင်းလာမိတာ မှားလေခြင်း။ ဆီဆိုင်ကို ဝင်ထည့်တော့ ဆီဆိုင်မတွေ့ လမ်းကတောလမ်းလေး ဘာကားမှမတွေ့ အတော်ကြောက်သွားတယ်။ လမ်းမပေါ်ရောက်လို့ ကားတွေအများကြီးတွေ့မှ စိတ်နည်းနည်းအေးတယ် အရေးအကြောင်းဆို အကူအညီတောင်းလို့ရမှာကိုး။ အရေးပေါ်အချက်ပြစစ်ကနယ်ပြပြီး ဖုန်တွေညစ်ပေနေတဲ့ ကားမှန်ဆင်းသုတ်။ မေရီလန်းပြည်နယ်ထဲဝင်တာနဲ့ မြေပြင်ကပြန့်ပြူးနေပြီး ကားတွေက အများကြီး။ ဆူနမ့်အိမ် ညနေစောင်းရောက်တော့ ဆူနမ်တို့က အံ့သြနေတော လမ်းမှာတညအိပ်ပြီး နောက်နေ့မှရောက်လာမယ် ထင်နေတာ။ ကိုယ်က မောင်းလို့ရသမျှမောင်း မမောင်းနိုင်ရင် အနီးအနားကဟိုတယ်မှာအိပ် ဆက်မောင်းမယ်လို့ စဉ်းစားထားတာ တနေ့တည်း ရောက်လာတာပဲ ကောင်းပါတယ်။ ခရီးအဝေးကြီးကို ကားအစုတ်လေးနဲ့မကြောက်မရွံ့ မောင်းလာပြီးတော့မှ လမ်းမှာတခုခုဖြစ်ခဲ့ရင် မကြောက်မလန့်တော်ဆိုပြီးတော့ ကြောက်နေတော့တာ။ ကားကောင်းလို့ကတော့ ခရီးအဝေးမောင်းရလည်း မမှုပါဘူး။ နောက်နောင် ဘယ်တော့မှ ကားအစုတ်နဲ့ ခရီးအဝေးကို တယောက်တည်း မမောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အဲ အရှေ့အနောက် အမေရိကန်နိုင်ငံဖြတ်ကျော်ခရီးတော့ မောင်းချင်သေးတယ် ကားအကောင်းနဲ့။ မေရီလန်းပြည်နယ်မှာ အလုပ်ရှာဖွေတဲ့ အပိုင်းကတော့ နောက်အပိုင်းမှ တင်ပါဦးမယ်။
စန်းထွန်း
နိုဝင်ဘာ ၁၉ ၊ ၂၀၁၇။
1 comment:
Always interesting!!
Ma Ma Iora
Post a Comment