ဂျီစီ ခရီကြမ်း - ၈

အလုပ်ပြုတ်ပြီဆိုတာနဲ့ ကျောင်းကို အရင်ဆုံး အကြောင်းကြားတော့ ကျောင်းက ကျောင်းလခအကြွေး  လစဉ်ဆပ်နေတာတွေကို ရပ်ပေးတယ်။ အလုပ်ရပြီဆိုတာနဲ့ ကုန်ကျစရိတ်၊ လခတွေပေါ်မူတည်ပြီး ကျောင်းလခအကြွေး တလကိုဘယ်လောက် ဆပ်ရမယ်ဆိုတာ ကျောင်းကဆုံးဖြတ်ပါတယ်။ အလုပ်ဝင်ပြီး ၂ လဆိုတာနဲ့ ကျောင်းအကြွေးတွေ စဆပ်ရပြီ။ အတိုးနူန်းက ၉  လား ၁၂ လား မမှတ်မိတော့ဘူး အတိုးနှုန်းများလို့ ဆပ်နိုင်သမျှ များများဆပ်နိုင်အောင် ကြိုးစားရတယ်။ ဖယ်ဒရယ်ခွန်၊ စတိတ်ခွန် (ပြည်နယ်ပေါ်မူတည်ပါတယ် တန်နက်ဆီ၊ တက္ကဆပ်ပြည်နယ်တို့က ပြည်နယ်ခွန် ပေးစရာမလို။ ပြည်နယ်ခွန် ပေးစရာမလိုတော့ လစာလည်း နည်းတယ်။ ကိုယ်နေတဲ့ ကန်တက်ကီပြည်နယ်ကတော့ ပြည်နယ်ခွန် ပေးရတယ်) ၊ Social Security (ပင်စင်ခွန်) ပေးရပြီး မက်ဒီကဲလ်ခွန် (ကျန်းမာရေးခွန်) တော့ ပေးစရာမလို။ အခွန်တလ တထောင်ကျော် နှစ်ထောင်နီးပါး ဆောင်ရတယ်။ ဆူရှီလိပ်တဲ့ကောင်လေးတယောက်က သူကတော့ ဆူရှီလိပ်တာ ဘယ်လောက်ရတယ် ဘယ်လောက်ကုန်တယ် ဘယ်လောက်ကျန်တယ် အစ်မလစာ ဘယ်လောက်ရလဲမေးတော့ ရတဲ့လစာထက် အများကြီးလျှော့ပြော ကျောင်းအကြွေး တလကိုဘယ်လောက်ဆပ်ရတယ် လကုန်ပိုက်ဆံကုန် တပြားမှမစုမိဘူးလို့ ပြောလိုက်ရဖူးတယ်။ သူ့လစာက အစိုးရကို ကိုယ်အခွန်ဆောင်နေသလောက်ပဲဆိုတာ သိသွားရင် စိတ်အားငယ်မှာစိုးလို့။

စတိတ်ကျောင်းကို ရောက်တာနဲ့ ပထမဆုံးသင်ရတာ အမေရိကန်ယဉ်ကျေးမှုသင်ခန်းစာ။ အမေရိကန်မှာ အသက်၊ အိမ်ထောင်ရှိလား၊ ကလေးရှိလား၊ ဘာလုပ်သလဲ၊ လစာဘယ်လောက်ရလဲမေးတာ အင်မတန်ရိုင်းပါတယ်တဲ့။ လစာအနည်းအများဆိုတာ ပညာ၊ အရည်အချင်း၊ ကံတရားပေါ် မူတည်ပါတယ်။ ဆူရှီလိပ်တဲ့သူရဲ့လစာနဲ့ အိုင်တီသမားလစာ အရမ်းကွာသလို အိုင်တီသမားရဲ့ တလဝင်ငွေဟာ ကလေးအထူးကု ဆရာဝန်တယောက်ရဲ့တရက်ဝင်ငွေပဲ ရှိတယ်။ ကိုယ့်ထက်တော်တဲ့သူက ကိုယ့်လောက်အလုပ်ကံမကောင်း ကိုယ့်လောက်မတော်တဲ့သူက အလုပ်ကံကောင်းတာတွေ တွေ့ရတော့ ကံတရားကို ယုံကြည်လာတယ်။ ၂၀၁၂ ဒီဇင်ဘာ ခရစ်စမတ်ပိတ်ရက် ၁၀ ရက် မေရီလန်းကို လာလည်တုန်းက ရာဂျတ် အိုင်ဘီအမ်မှာ အလုပ်ရတယ်ဆိုပြီး LinkedIn ဆိုဒ်မှာ တွေ့လိုက်တဲ့အကြောင်း ဆူနမ်တို့ကို ပြောပြတော့ ရာမားက အမှတ်မှားတာနေမှာပါလို့တောင် ပြောသေးတယ်။ မာစတာဘရိမ်းလို့ ကိုယ်တို့နာမည်ပေးထားတဲ့ မိုင်းဖန် အိုင်ဘီအမ်အင်တာဗျူး ၃ ဆင့်မှာကျ၊ ကန်တက်ကီအလုပ်က ဆူပါဗိုက်ဆာဝီလီယမ်ဂရင်းက အိုင်ဘီအမ်အင်တာဗျူး ၂ ဆင့်မှာကျ။ မိုင်းဖန်ဆီကနေ အိုင်ဘီအမ်အင်တာဗျူး အရမ်းခက်တယ်လို့ ကြားဖူးတယ်။

၂၀၁၃ ဖေဖေါ်ဝါရီ မေရီလန်းပြည်နယ်ကိုပြောင်းတော့ တန်နက်စီပြည်နယ်က အမ်းထရူးက ဆူနမ့်အိမ်မှာ ရောက်နှင့်နေပြီ။ ရာဂျတ်နဲ့အမ်ထရူးက တန်နက်စီပြည်နယ် မန်းဖစ်မြို့က ယူပီအက်စ်ရုံးမှာ အတူလုပ်ခဲ့တယ်။ သူ သိပ်မလုပ်နိုင်ဘူး သိပ်ခက်တာတွေ မခိုင်းပါနဲ့ လွယ်တာတွေပဲ ခိုင်းပါလို့ ဆူပါဗိုက်ဆာကို ပြောတဲ့ ရာဂျတ်။ ဆူနမ်၊ ရာမား၊ ဂင်္ဂါ၊ ရာဂျတ်တို့က နီပေါကနေ ကျောင်းတက်ဖို့ စတိတ်ကို အတူလာခဲ့ကြတာ။ ပိတ်ရက်တွေဆို ထရေလာမှာ ထမင်းစုချက်စားရင် ရာဂျတ်က အာလူးသုတ်ကို မဆလာတွေ အများကြီးထည့်လို့ သူပဲစားနိုင် ကျန်တဲ့သူတွေ မစားနိုင်။ ကျောင်းသား ၅ ယောက် စုဝယ်ထားတဲ့ကားကို ရာဂျတ်ပဲ မောင်းလွန်းလို့ သူငယ်ချင်းတွေ ငြိငြင်တာခံရတဲ့သူ။ ရာဂျတ်ဟာ ကိုယ်ချင်းစာစိတ်၊ မျှတတဲ့စိတ်မရှိလို့ သူ့ကိုဘယ်သူမှ ရင်းရင်းနှီးနှီး မပေါင်းဘူး။ အိုင်ဘီအမ်မှာလုပ်နေတဲ့ သူ့သူငယ်ချင်းအိန္ဒိယသားက အလုပ်သွင်းပေးတာဆိုပေမဲ့ အင်မတန်ခက်တဲ့ အင်တာဗျူး ၅ ဆင့်ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲမသိ။ သူ့အကြောင်း အမ်းထရူးဆီကနေ သိထားတော့ ရာဂျတ် အိုင်ဘီအမ်မှာ အလုပ်ရတာကို အံ့သြကြတာပေါ့။ ကိုယ်တို့လေးယောက် ခရီးတွေသွားကြတာကို မြောက်ဘက်အကျဆုံး ကနေဒါနဲ့ကပ်လျက် မင်နီဆိုးတားပြည်နယ်မှာနေတဲ့ ရာဂျတ်က အားကျတယ်လို့ပြောရင် ကိုယ်တို့ကလည်း အိုင်ဘီအမ်မှာ အလုပ်ရစမ်းပါ ဝေးလံခေါင်သီတဲ့နေရာမှာ နေနိုင်ပါတယ်လို့။

အိုရှင်းစီးတီး၊ မေရီလန်းပြည်နယ်၊ ဂျူလှိုင် ၇၊ ၂၀၁၃။

စတိတ်မှာ အရင်ဆုံး ဖုန်းအင်တာဗျူး၊ ရေးဖြေစာမေးပွဲအောင်မှ လူတွေ့အင်တာဗျူး ခေါ်ပါတယ်။ မေရီလန်းကို ရောက်တာနဲ့ လူတွေ့အင်တာဗျူး ၃ ၊ ၄ ခုလောက် ရတယ်။ အလယ်ပိုင်းထက်စာရင် အရှေ့၊ အနောက်ကမ်းခြေ၊ တောင်ဖက်ပိုင်းတွေမှာ အလုပ်ပိုပေါတော့ အလုပ်မြန်မြန် ရလွယ်တယ်။ အဲဒါကြောင့် ကွန်ပျူတာသိပ္ဗံဋ္ဌာန ဒါရိုက်တာအီလင်းက ကိုယ့်ကို မြို့ကြီးတွေမှာ အလုပ်သွားရှာလို့ အကြံပေးတာ။ ရာမားသွင်းပေးလို့ အမ်းထရူးက ရာမားလုပ်နေတဲ့ ကုမ္ဗဏီမှာ အလုပ်ရတယ်။ စတိတ်မှာ networking အဆက်အသွယ်က အရမ်းအရေးပါတယ်။ သူငယ်ချင်း၊ စီနီယာတွေက သွင်းပေးရင်၊ ဆူပါဗိုက်ဆာ၊ ပရော်ဖက်ဆာတွေက ထောက်ခံချက်ရေးပေးရင် မြန်မြန်အလုပ်ရတယ်။ အလုပ်ပြုတ်တာ ၃ လခွဲရှိပြီဆိုတော့ ကျောင်းမှာ ပရောဂျက်စီမံခန့်ခွဲရေး ၁ လသင်တန်း သွားတက်ရတယ်။ လေယာဉ်ခမတတ်နိုင်လို့ ဘတ်စ်ကား နေ့လည် ၂ နာရီ မေရီလန်းပြည်နယ်ကထွက် ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာ့ဂ်မြို့ မှာကားပြောင်း အိုဟိုင်းရိုးပြည်နယ်ကိုဖြတ် အီလီနွိုက်ပြည်နယ် ချီကာဂိုမြိ ု့မှာ ကားပြောင်း အိုင်အိုဝါပြည်နယ် ဘာလင်တန်မြို့မှာ ကားပြောင်း နောက်နေ့ညနေစောင်း ၄ နာရီလောက်မှာ အိုင်အိုဝါပြည်နယ် ဖဲလ်ဖီးမြို့ကိုရောက်တယ်။ ပစ်စဘာ့ဂ်မြို့လေးက ကလောမြို့လေးလို အင်မတန်သာယာတယ်။ ဘတ်စ်ကားဂိတ်ကနေ ကျောင်းကို နာရီဝက်လောက် လမ်းလျှောက်ရတယ်။ ကျောင်းသားရေးရာဋ္ဌာနကို လာကြိ ုဖို့ အကူအညီတောင်းလို့ရပေမဲ့ လမ်းလျှောက်ချင်လို့။ ဒီတခေါက် ကျောင်းပြန်ရတာ ကိုယ့်မြို့ကိုယ့်ဇာတိကို ရောက်သလို ခံစားရတယ်။

ကျောင်းသားရေးရာဋ္ဌာနကိုသွား စာရင်းသွင်း အခန်းသော့၊ ထမင်းစားလက်မှတ်တောင်း။  ပရောဂျက်စီမံခန့်ခွဲမှုသင်တန်းမှာ ကယ်လီဖိုးနီးယားပြည်နယ်ကလာတဲ့ တရုတ်၊ ဝါရှင်တန်ပြည်နယ်ကလာတဲ့ မွန်ဂိုလီးယား၊ မေရီလန်းကလာတဲ့ ကိုယ် သုံးယောက်တည်း။ အားလုံးက ၃ လအတွင်း အလုပ်မရလို့ ကျောင်းသားဗီဇာ စတေးတပ်ကို ထိန်းတဲ့အနေနဲ့ ကျောင်းကိုပြန်လာရတာ။ သူတို့ ၂ ယောက်မှာ ကားပါလာတယ်။ မွန်ဂိုလီးယားကျောင်းသားက ကားကို shipping နဲ့ပို့၊ တရုတ်ကျောင်းသားက ကားမောင်းလာတာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀ မောင်းတဲ့အကြောင်း ပြောပြတော့ နင့်မှာ ချိန်းပါလား၊ ကားတာယာမှာ ရေခဲခွဲတဲ့ဟာတွေပါလား မပါဘူး ကားအကြောင်း နားလည်လား နားမလည်ဘူး။ အဲဒါတွေမပါဘဲ မိန်းကလေးတယောက်တည်းမောင်းတာ တော်တော်မိုက်မဲတာပဲလို့ ကောင်းချီးပေးကြတယ်။ သူတို့ ၂ ယောက်က အာဂျီရိုဆောင်မှာ မနက်နဲ့နေ့လည်စာပဲစားတယ် ညနေစာကို အပြင်မှာစားတယ်။ တနှစ်လုံး အာဂျီရိုဆောင်မှာ ဖြစ်ညှစ်စားခဲ့ပြီးပြီ တော်ပါတော့ နောက်ထပ်မစားနိုင်တော့ဘူးတဲ့။ အာဂျီရိုဆောင်က အော်ဂင်းနစ်အသီးအနှံတွေက အင်မတန်ကောင်းတယ်။ ဒါကြောင့် မြို့ထဲကအငြိမ်းစားတွေ ကျောင်းမှာလာစားကြတာ။ ကိုယ်ရဲ့မက်ဘုတ်ကွန်ပျူတာထဲကို ကျောင်းကအင်တာနက်ကေဘယ်သွင်းလို့မရလို့ ဆူနမ့်ကို လှမ်းမေးတော့ အဲ့ဒီအကြောင်း ခုပဲပြောနေကြတာတဲ့။ ဝေါမတ်ဆိုင်မှာ router သွားဝယ်ပြီး အင်တာနက်ကေဘယ်ကို router ထဲထည့်တော့မှ အဆင်ပြေတယ်။ ကျောင်းရောက်ပြီး တပတ်အကြာ အလုပ်အော်ဖာရလို့ မေရီလန်းကို ပြန်ခဲ့တယ်။ အဲဒီ router ကို ဝေါမတ်ဆိုင်ပြန်ပို့ တပတ်အလကားသုံးလိုက်ရတယ်။

အပြန်ဘတ်စ်ကားမှာ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပိုလစ်မြို့က တက်လာတဲ့ မြန်မာမလေးနဲ့ မိတ်ဆွေဖွဲ့ သူက နယူးယောက်သွားမှာတဲ့။ အဲဒီလိုနဲ့ ချီကာဂိုမြို့လည်ခေါင်ကို ထရန်စစ်အနေနဲ့  ဘတ်စ်ကားနဲ့ လေးခေါက်ဖြတ်ဖူးပေမဲ့ ချီကာဂိုမြို့ထဲ တခါမှမလည်ဖူးခဲ့ဘူး။ အလုပ်က ဝါရှင်တန်ဒီစီမြို့ထဲက ကယ်ပီတယ်ဘေးနားမှာ။ အင်တာဗျုးတဲ့သူက hazel မျက်လုံးအရောင်လှလှနဲ့ လူမည်းစပ်တဲ့သူ၊ အလုပ်က အလုပ်သမားဋ္ဌာနကို လုပ်ပေးရမှာဆိုတော့ စီတီဇင်လိုချင်တာ၊ တစ်နှစ်ပြည့်ရင် H1B လျှောက်ပေးမယ်တဲ့။ တရုတ်မ ကလဲယားနဲ့ကိုယ်က တခန်းတည်း၊ အမေရိကန် ၂ ယောက်၊ အိန္ဒိယတယောက်၊ ပရောဂျက်မန်နေဂျာ၊ business analyst ၊ office staff ၊ HR ဒီစီရုံးမှာ ၁၀ ယောက်လောက်ပဲရှိတယ်။ ဆူနမ်တို့အိမ်ကနေ ဘူတာရုံကို ငါးမိနစ်မောင်း၊ ကားကိုဘူတာရုံမှာထား၊ ရထား ၁ နာရီ ၂၀ မိနစ်စီး။ အလုပ်ဝင်ပြီး တလမပြည့်ခင် အိမ်ခန်းရှာတယ်။ Rockville က မြန်မာအိမ်၊ အိန္ဒိအိမ် သွားကြည့်တယ်။ မြန်မာအိမ်ရှင်က သဘောကောင်းပေမဲ့ ရေချိုးခန်းကို ယောကျ်ားလေး ၂ ယောက်နဲ့ ရှယ်သုံးရမယ်။ Silver Springs က townhouse အိမ်ရှင်က အမည်းမ၊ ရေချိုးခန်းအိမ်သာ တယောက်တည်းသုံးရတယ်၊ ဈေးနည်းနည်းကြီးပေမဲ့ အဲဒီအိမ်ပဲ ရွေးဖြစ်တယ်။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်မောင်း၊ ဘူတာရုံမှာ ကားထားခဲ့၊ အနီရောင်လိုင်းအစ Glemont ဘူတာကနေ ဝါရှင်တန်ဒီစီမြိ ု့ထဲကို နာရီဝက်လောက်စီး။ ဆူနမ်တို့က အနီရောင်အဆုံး Shady Grove ဘူတာနားမှာနေတာ။ ရထားအစအဆုံးဆိုရင် ၁ နာရီခွဲလောက်ကြာပေမဲ့ အိမ်ကနေ ဆူနမ့်အိမ်ကို မိနစ် ၂၀ လောက်ပဲ မောင်းရတယ်။

ဂရိတ်စမုတ်ကီတောင်၊ တန်နက်ဆီပြည်နယ်၊ စက်တင်ဘာ ၂၄၊ ၂၀၁၃။

ဆူနမ်တို့နဲ့ နိုင်အာဂရာရေတံခွန်၊ နယူးယောက်၊ တန်နက်စီပြည်နယ်က ဂရိတ်စမုတ်ကီးတောင်၊ အိုရှင်းစီးတီး၊ ဗာဂျီးနီးယားပြည်နယ် ခရီးတွေသွားဖြစ်တယ်။ အလုပ်သမားဋ္ဌာနက ငါးနှစ်ကွန်းထရပ်ကို ၃ နှစ်နဲ့ရပ်ပြီး တခြားကုမ္ဗဏီကို ပေးချင်နေတာဆိုတော့ အလုပ်သိပ်မရှိဘူး။ ကုမ္ဗဏီကလည်း ကွန်းထရပ်မရပ်ဖို့ ကြိုးစားနေတယ်။ သောကြာနေ့ဆို တရုတ်မ ကလဲယားကွမ်း၊ စင်္ကာပူသူ နီကိုးတို့နဲ့ နေ့လည်စာစား။ ပိတ်ရက်ဆို နေရှင်နယ်မောလ်က ပြတိုက်တွေသွား။ နေရှင်နယ်မောလ်မှာ ကိုယ်မရောက်ဖူးတဲ့ ပြတိုက် ၂ ခုပဲ ကျန်တော့တယ်။ ကလဲယားကွမ်းနဲ့ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား ပြည်နယ် ၃ ခုဆုံတဲ့ ဟာပါးဖယ်ရီမှာ တောင်သွားတက်ကြတယ်။ ၂၀၁၃ အောက်တိုဘာ ၁ ကနေ ၁၆ အထိ အစိုးရပိတ်လိုက်တော့ ရုံးတော်တော်များများ ပိတ်ကြတဲ့အထဲ ကိုယ်တို့ရုံးလည်းပါတယ်။ ရာမားနဲ့ အမ်းထရူးတို့ရုံး NIH (National Institute of Health) ကတော့ အောက်တိုဘာ ၁၇ မှာ ပြန်ဖွင့်ပေမဲ့ ကိုယ်တို့ရုံးကတော့ ဖွင့်မလာခဲ့ဘူး။ ကွန်းထရပ်ကို တခြားရုံးက ရသွားပြီမို့  အလုပ်ပြုတ်ပြန်ပြီပေါ့ နှစ်ခါ။ ကလဲယား၊ စီနီယာတွေကို ကွန်းထရပ်ရသွားတဲ့ရုံးက ပြန်ခေါ်တယ်။ ကလဲယား၊ ဗီယက်နမ်လေး သက်ငုယင်က ထောက်ခံပေးပေမဲ့ စီတီဇင်မဟုတ်၊ ပရောဂျက်အစကတည်းက ပါခဲ့တဲ့သူမဟုတ်လို့ ကိုယ့်ကိုမခေါ်ဘူး။ ကိုယ့် resume ကို monster ဆိုဒ်မှာတွေ့လို့ နယူးယောက်အလုပ်ကို စိတ်ဝင်စားလားတဲ့။

ဖုန်းအင်တာဗျူးအောင်ပြီး နယူးယောက်မှာ ရေးဖြေ၊ လူတွေ့စာမေးပွဲ လာဖြေဖို့ခေါ်တယ်။ အိမ်ရှင့်တူမ ဇာရာလည်း နယူးယောက်ကို ရောက်ဖူးချင်တော့ ဘတ်စ်ကားနဲ့ နယူးယောက်ကို မနက်သွားညပြန် သွားကြတယ်။ Port Authority Bus Terminal ကနေ မြို့ထဲလမ်းလျှောက် Bryant Park ဝင်လည် နေ့လည် ၂ နာရီထိုးတော့ ၃၆ လမ်းရုံးကိုသွား ရေးဖြေလူတွေ့အင်တာဗျူးဖြေ။ ဂရမ်းစင်ထရမ်နားလျှောက်လည် ညနေ ၅ နာရီထိုးခါနီး ဘတ်စ်ကားဂိတ်ကိုပြေး ညဉ့်နက်မှ ဝါရှင်တန်ဒီစီရောက်တယ်။ ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်တခုက အော်ဖာကမ်းချင်တယ်။ အကြီးအကဲတယောက် ပြန်ရောက်ပြီး ဆုံးဖြတ်တာကို စောင့်နေတာတဲ့။ နယူးယောက်အလုပ်က အော်ဖာကမ်းလားတော့ နယူးယောက်အလုပ်ကို ယူရမလား၊ ကော်လိုရာဒိုအလုပ်ကို စောင့်ရမလား။ ဆူနမ်တို့ကတော့ နင် တောင်တက်တာ ဝါသနာပါတော့ ကော်လိုရာဒိုပြည်နယ်မှာဆို တက်စရာတောင်တွေမှ အများကြီး။ ဒါပေမဲ့ နင် တယောက်တည်း ဖြစ်နေမှာနော် အာရှသားနည်းလိမ့်မယ် နယူးယောက်ကတော့ ပိုကောင်းမယ်ထင်တယ်။ အိမ်ရှင်ရှယ်ရွန်က နယူးယောက်မှာ ၁၈ နှစ်နေခဲ့ဖူးတော့ နယူးယောက်ကိုရွေးဖို့ အားပေးတယ်။ နယူးယောက်က the city that never sleep ၊ if you can make in NYC, you can make it anywhere လို့ပြောလာတော့ နယူးယောက်က အော်ဖာကို လက်ခံလိုက်တယ်။ အိမ်ရှင်ကို ပီဇာဝယ်‌ကျွှေးတော့ ဝိုင်တိုက်ပြီး ဂုဏ်ပြုတယ်။ ကန်တက်ကီမှာတုန်းကလို craglist မှာရှာ အီးမေးလ်နဲ့အဆက်အသွယ်လုပ်၊ သွားမကြည့်ဘဲ တခါတည်းပြောင်းဖို့တော့ နယူးယောက်မှာ မလုပ်ရဲဘူး။

နယူးယောက်မှာ အသိမိတ်ဆွေတွေ ဘယ်သူရှိလဲလို့ ရှာဖွေတော့ ဖို့ဝိန်းကအစ်မရဲ့ မိတ်ဆွေရဲ့အမျိုး အစ်မမိသားစု နယူးယောက်မှာရှိတယ်။ သူတို့ကို အကူအညီတောင်းပြီး အခန်းရှာခိုင်းတော့ သူတို့တိုက်ရှေ့မှာ အခန်းရတယ်။ မီးဖိုချောင်သုံးပစ္စည်း၊ အင်္ကီျတွေ ပေးသင့်တာပေး၊ ပစ်သင့်တာပစ်။ ကားကိုသွားရောင်းတော့ dealer တွေက ဒီလောက်အိုဟောင်းတဲ့ကားကို မဝယ်ဘူး CarMax မှာ သွားရောင်းပါတဲ့။ CarMax က ၃၀၀ ပေးတယ် ၄၅၀၀ နဲ့ဝယ် ပြင်ဆင်ခနဲ့ ၆၀၀၀ လောက်ကုန်တဲ့ကားကို ၃၀၀ ပဲပေးမယ်ဆိုတော့ ဝမ်းနည်းလိုက်တာ။ ကားကလည်း အပြင်ကသာလှတာ ၁၉၉၆ မိုင်တသိန်းသုံးသောင်း အင်ဂျင်ချက်ဆိုင်းပေါ် အင်ဂျင်ကနေ ဆီတွေယိုကျ ၂ နာရီလောက်မောင်းပြီးရင် အင်ဂျင်ပူလို့ လီဗာဖိနင်းရင်တောင် မိုင်မတက် နောက်ဖက်ဘယ်ဖက်တံခါးဖွင့်လို့မရ နောက်ညာဖက်မှန်ဖွင့်လို့မရ နောက်ဖုံးဖွင့်လို့မရတဲ့ကားကို ဘယ်သူက တထောင်ပေးချင်ပါ့မလဲ။ အဲဒီလိုမှ မရောင်းရင် ဘယ်ကိုသွားပစ်ရမလဲ ၃၀၀နဲ့ ဝယ်တာကိုပဲ ကျေးဇူးတင်ရတယ်။ ဆူနမ်တို့က ဖို့ဝိန်းကအစ်မကို ပြန်ရောင်းခိုင်းတဲ့။ ကိုယ်တို့ကားတွေအကြောင်း ပြောရရင် ကိုယ့်ရဲ့ money eater ကားအကြောင်း ပြောကြပြီး ဟားကြတော့တာပဲ။ ဆူနမ်နဲ့ ရာမားကားက ၄၅၀၀ နဲ့ဝယ်ပြီး ဘာပြသနာမှမဖြစ်သလို  ၄၀၀၀ ကျော်နဲ့ ပြန်ရောင်းတော့ ဘာမှအရှုံးသိပ်မရှိဘူး။ ကျောင်းမှာတုန်းက ဆူနမ်တို့ကားဟာ ဆူနမ်တို့ဆီမှာတုန်းက ပြသနာများသလောက် ကိုယ့်ဆီရောက်တော့ ဘာပြသနာမှမရှိဘူး။ ကိုယ်နဲ့ ယန်းဇီ သိပ်မမောင်းတာလည်းပါတယ်။ ဖို့ဝိန်းအစ်မဆီမှာတုန်းက ဘာပြသနာမှမရှိပေမဲ့ ကိုယ့်ဆီရောက်မှ ပြသနာပေါင်း သောင်းခြောက်ထောင်ဖြစ်တာ ကိုယ့်ကံပေါ့။

တစ်ထောင်ကျော် ၂ ထောင်လောက်သာ တန်ဖိုးရှိတဲ့ကားကို ပြင်ဆင်ပြီး ၄၅၀၀ နဲ့ရောင်းမှန်းသိရက်နဲ့ ဝယ်တာ ကိုယ့်အမှား။ ဘတ်စ်ကားနဲ့ လက်ကေ့စ်အိတ်တွေအများကြီး သယ်လို့ရပေမဲ့ ကိုယ်က ၂ အိတ်ပဲသယ်နိုင်တော့ ကျန်တဲ့အိတ်တွေကို USPS နဲ့ပို့။ အိမ်ရှင်က ရထားဂိတ်အထိ လိုက်ပို့ပေးတယ်။ ဘတ်စ်ကားပေါ်မှာ မလေးတရုတ်မ ပီနန်မြို့မှာနေတဲ့ အဘွားကြီး ၅ ယောက်ထဲက တယောက်နဲ့ စကားလက်ဆုံကြတယ်။ သူတို့က ကမ္ဘာပတ်နေကြတာ အသံထွက်က ဗြိတိသျှလေသံ။ သူတို့ဘာသာ ခရီးအစီအစဉ်ဆွဲ ဈေးပေါတဲ့ hostel မှာနေ ဒီစီပြီးတော့ နယူးယောက်၊ ဘော်စတွန်ကို လည်မလို့တဲ့ အာဂအဘွားကြီးတွေ။ ယူအက်စ်ဗီဇာ ၁၀ နှစ်ရတော့ မနှစ်က အနောက်ဖက်ခြမ်း၊ ဒီနှစ်အရှေ့ဖက်ခြမ်း လည်တာတဲ့။ ကိုယ့်ကုမ္ဗဏီက တရုတ်ဆိုတော့ တရုတ်တွေမကောင်းဘူး မတရားခိုင်းတယ် ကောင်းတဲ့ကုမ္ဗဏီရှာတဲ့။ နယူးယောက်ကို ၂၀၁၃ ဒီဇင်ဘာ ၇ ရက်နေ့ပြောင်း ဒီဇင်ဘာ ၉  ရက်မှာ ရုံးတက်။    နယူးယောက်က မေရီလန်းထက် အများကြီးပိုအေးတယ်၊ အင်မတန် ဆူညံတယ်၊ လူနေထူထပ်တယ်၊ မြေအောက်ရထားတွေ ညစ်ပတ်တယ်၊ အစားအသောက် ပေါတယ်။ နယူးယောက်ကအစ်မ မိသားစုက ကိုယ့်ကို ကူညီစောင့်ရှောက်တယ်။ နယူးယောက်မှာ ကြုံတွေ့ရတာတွေကတော့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဒီဇင်ဘာ ၆၊ ၂၀၁၇။

နိုင်အာဂရာရေတံခွန် ဇူလှိုင် ၂၀၁၃။

No comments: