Software Enginnering အတန်းတုန်းက တအုပ်စုထဲကျ ကျောင်းတော်ကရန်စရှိတဲ့ တက်စဖာမိခေးလ်နဲ့ ပြန်ဆုံတယ်။ ဟိုင်းလို့ ဝတ်ကြေတမ်းကြေ နှုတ်ဆက်ပေမဲ့ စိတ်ထဲအမြင်ကတ်နေတုန်းပဲ။ ဂျူနီယာမွန်ဂိုလီးယားမလေးနဲ့ဆုံတော့ ကိုယ်တို့ရုံးတွေကလည်း နီးတော့ တခါတလေ နေ့လည်စာ အတူထွက်စားကြတယ်။ စီနီယာခဲတန်က ရုံးချုပ်ကိုပြန်သွားပြီး MTA ရုံးမှာ ပတ်ထရီရှာနဲ့ကိုယ် နှစ်ယောက်တည်း ကျန်ခဲ့တယ်။ ပြီးခါနီး ပရောဂျက် ၄ ခုလောက်ကို တယောက်တည်းလုပ်ရတော့ အရမ်းပင်ပန်းပေမဲ့လည်း ပျော်တယ်။ ဂရမ်းစင်ထရယ်ဘူတာနားက MTA ပရောဂျက်ပြီးတော့ ရုံးချုပ်ကို ပြန်သွားရတယ်။ နယူးယောက်ပြည်နယ် အစိုးရရုံးတခုအတွက် ပရိုပိုဆယ်ပရောဂျက်ရေးပြီးတော့ presentation ပြခါနီးတရက်အလို P6 database နဲ့ ချိတ်ပေးရမယ်ဆိုတော့ ဘယ်ကနေ ဘယ်လိုချိတ်ရမှန်းမသိ။ စီနီယာခဲတန်က Port Authorithy မှာလုပ်နေတဲ့ တွန်မီကိုဖုန်းခေါ် ချိတ်ဆက်ခိုင်းတော့မှ အဆင်ပြေသွားတော့တယ်။ ဆန်ဖရန်စစ္စကိုရုံးက ဆန်ဖရန်စစ္စကို SFMTA ပရောဂျက်ကို ကူလုပ်ပေးရတယ်။ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်က ၃ နာရီကွာတော့ ကိုယ့်နေ့လည်ထမင်းစားချိန်က သူတို့ဆီမှာ ရုံးတက်ချိန် အစည်းအဝေးတွေ ထိုင်ကြတဲ့အချိန် တခါတလေ နေ့လည်ထမင်းစားဖို့ နောက်ကျတယ်။ အစည်းအဝေးတွေမှာ သူတို့လိုချင်တာတွေနားထောင် စီနီယာခိုင်းတဲ့အတိုင်းလုပ်။ ဒီနေ့SFMTA ဆာဗာဆိုဒ်မှာ တင်ထားတဲ့ Excel ဖိုင်ကို ဒေါင်းလုပ်ချပြီး database ထဲသွင်း။
ဒီနေ့ဒေတာနဲ့ မနေ့ကဒေတာ မတူတဲ့ဒေတာတွေကို Excel ထဲတည့် C# Windows application ရေးပြီး SFMTA ဆာဗာမှာစမ်းရတာ။ ပရောဂျက်တိုင်း ပညာရတယ်။ Port Authority က ရေးဖြေစာမေးပွဲအောင်ပြီး အင်ဂျင်နီယာဋ္ဌာနက ပရောဂျက်ကိုလုပ်ရတော့ နယူးဂျာဆီပြည်နယ် Newark မှာ အလုပ်ဆင်းရတယ်။ အသွား ၁ နာရီခွဲ အပြန် ၁ နာရီခွဲ တခါတလေ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။ အလုပ်နဲ့နီးတဲ့နေရာကို ပြောင်းမလားလို့ အိမ်ရှင်ဂျပန်မကမေးတော့ မပြောင်းဘူးလို့။ ပရောဂျက်က ၆ လ တစ်နှစ်ဆိုပြီးပြီ အိမ်ကောင်းကောင်းရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ Port Authority မှာ အလုပ်လုပ်ရတာ အင်မတန်ပျော်စရာကောင်းတယ်။ ခန့်မှန်းတွက်ချက်တဲ့ဋ္ဌာနက အင်ဂျင်နီယာတွေက သဘောကောင်းကြတယ်။ ၂၀၁၄ ဒီဇင်ဘာ ကိုယ်လက်တွေနာတော့ ရုံးအသစ်ကဝေးလို့ ပင်ပန်းတာနေမှာပါ အနားယူလိုက်ရင် ပျောက်မှာပါ။ လက်ချောင်းအဆစ်တွေ ကြီးလာတော့ ဂေါက်လားမသိ၊ တလောက ဝက်သားနဲ့မျှစ်ချဉ်တွေ စားလို့လားမသိ။ ဆရာဝန်က သေသေချာချာ စမ်းသပ်စစ်ဆေးပြီး လုပက်စ်လို့ထင်တယ် သွေးတွေစစ်ရမယ်တဲ့။ သွေးအဖြေထွက်လာတော့ လုပက်စ်ရောဂါလို့ နာမည်ထပ်ပြီး rheumatologist ဆီလွှတ်တယ်။ ဆရာဝန်က mild lupus ဆိုပြီး ဆေးတွေတိုက်ပေမဲ့ တချိန်လုံးကိုယ်လက်တွေ နာနေတာပဲ။ အရင်တုန်းကလို ပိတ်ရက်ဆိုရင် လမ်းလျှောက်ထွက်၊ တောင်တက်ပေမဲ့ ခုတော့ ကုတင်ပေါ်မှာပက်လက်။ တဖြည်းဖြည်းပိန်လာ လမ်းလျှောက်ရင် ကွတတ၊ အထိုင်အထ၊ အတက်အဆင်း နာတယ်။
ရုံးက နယူးယောက်တဖက်ကမ်း Exchange Place ကိုပြောင်းတော့ အိမ်ကနေ ၁ နာရီ ၁၅ မိနစ်စီးရတယ်။ Pantry မှာ နေ့လည်စာစာရင်း ဂျော်ဒန်ကြီးဂျမားနဲ့ ခင်သွားတယ်။ ဂျမားဟာ အင်မတန်ဗဟုသုတနဲ့ ပြည့်စုံတဲ့သူ သူနဲ့အကြောင်းအရာအားလုံး ဆွေးနွေးလို့ရတယ်။ ကွတတ ထော့နဲ့နဲ့ လမ်းလျှောက်နေတဲ့ ကိုယ့်ကို ငယ်ငယ်လေးနဲ့ လေးဖက်နာဖြစ်ရလားလို့ ပြောကြတယ်။ လုပက်စ်ဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံကြောင့် ဖြစ်ရတာ။ မျိုးရိုးထဲမှာ လေးဖက်နာဖြစ်တဲ့သူလို့မကြားမိ၊ ကချင်၊ ကရင်ပြည်နယ်လို စစ်ဖြစ်တဲ့ဒေသမှာ ကြီးပြင်းခဲ့တာမဟုတ်၊ အစားအသောက်ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေစား၊ အားကစား ကိုယ်လက်လှုပ်ရှားမှု လိုက်စားတဲ့သူဆိုတော့ စိတ်ဖိစီးမှုကြောင့် လုပက်စ်ဖြစ်တယ်လို့ထင်တယ်။ စိတ်ဖိစီးတာကတော့ မပြောနဲ့တော့ စတိတ်ရောက်ကတည်းက ဖိစီးလိုက်တဲ့စိတ်ဆိုတာ တချက်ကလေးမှ စိတ်အေးချမ်းသာ နေရတယ်ကို မရှိဘူး။ ၂၀၁၅ ဇူလှိုင် အဖေ၊ အမေ ဘွဲ့ယူဖို့ လာလည်တော့ ဘာဆိုဘာမှ မစားနိုင်၊ လမ်းမလျှောက်နိုင်၊ ပိန်ညောင်နေတဲ့ ကိုယ့်ကိုကြည့်ပြီး အဖေက မျက်ရည်ကျတယ်။ ဘော်စတွန်ဟာဘားခရူကို အပေါ်ဆုံးထပ်ကနေစီးလို့မျက်နှာမှာ butterfly rush ဖြစ်ပြီး မည်းကျန်ခဲ့တာ ၂ နှစ်လောက် ကုယူရတယ်။ အရင်လို တောင်တက်ဖို့ဝေးစွ လမ်း ၁၀ မိနစ်လောက် လျှာက်တာတောင် မောလို့။ ကီမိုသရဖီဆေးတွေကြောင့် အဆုတ်ကိုထိပြီး ညာဖက်ဘယ်ဖက် စောင်းအိပ်လို့မရ။ လူက တဖြည်းဖြည်း ပိန်ညောင်လာပြီး ပိန် ၂၀ ကျသွားလို့ ခန္ဓာကိုယ်က လေတိုက်ရင် လွင့်သွားမတတ် ပါးလှပ်လှပ်ပဲ ကျန်တော့တယ်။
နိုင်အာဂရာ ရေတံခွန် မေ ၂၀၁၃။ |
အားလုံးက ခွင့်ယူပြီး အိမ်မှာနားလို့ ပြောကြပေမဲ့ အိမ်မှာနားရင် ပိုကိုက်တယ်။ ရုံးမှာဆိုရင် တလှုပ်လှုပ်နဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ နာလို့နာမှန်းမသိ။ ခြေကျင်းဝတ်တွေ ယောင်လို့ ဖိနပ်အမာတွေ မစီးနိုင်ဘူး။ ဟင်းမချက်နိုင်ဘူး မြန်မာဆိုင် ၂ ဆိုင်က ဝယ်စားရတယ်။ မကြီးက ဂျပန်အိမ်မှာ မဖြစ်ဘူး မေ့လဲနေရင်တောင် သိမှာမဟုတ်ဘူး မြန်မာအိမ်ပြောင်းဆိုလို့ အခန်းရှာတော့ အသိအစ်မ၊ မွေးစားအမေတို့ နေတဲ့တိုက်က မြန်မာအိမ်မှာ အခန်းရတယ်။ သားအမိသားအဖ ၄ ယောက်ကတခန်း၊ ကိုယ်ကတခန်း။ အဆင်ပြေပေမဲ့ ရုံးကနေပြန်ရောက်ချိန် ည ၇ နာရီဆိုရင် အိမ်ရှင်သားအမိ ၃ ယောက်က တန်းစီရေချိုးခန်းဝင်ကြတဲ့အချိန်ဆိုတော့ အိမ်သာနည်းနည်း ဒုက္ခရောက်တယ်။ ဆရာဝန်အသစ် ပြောင်းပြတာ သက်သာတယ်။ H1B ရတာ ခြောက်လပြည့်ပြီးတဲ့အချိန်မှာ ဂရင်းကဒ်လျှောက်ပေးဖို့ ရုံးကိုပြောတော့ လျှောက်ပေးမယ် ရှေ့နေခ၊ လျှောက်ခ ကိုယ့်ဘာသာ ပေးရမယ်တဲ့။ H1B လျှောက်တဲ့တရုတ်ရှေ့နေက ရှေ့နေခ ခြောက်ထောင်တောင်းတယ်။ ရှေ့နေမှာတောင်မှ H1B ဦးစားပေးလုပ်တဲ့ရှေ့နေ၊ အဆိုင်လမ် ဦးစားပေးလုပ်တဲ့ရှေ့နေ၊ မိသားစု ဦးစားပေးတဲ့ရှေ့နေ အမျိုးမျိုးရှိသေးတယ်။ ဒုက္ခသည်တွေက ရောက်ပြီးတစ်နှစ်ကြာတာနဲ့ ဂရင်းကဒ်ရတယ်။ ဒုက္ခသည်ဆိုတာ နာမည်သာဆိုးတာ ပိုက်ဆံတပြားမှ မကုန်ဘဲ ဂရင်းကဒ်ရတယ်။ အစိုးရက မိသားစုကို ထောက်ပံ့တယ်၊ ကျောင်းတက်ရင် အစိုးရကတောင် ပိုက်ဆံပြန်ပေးသေးတယ်။ အဆိုမ်လမ်က တစ်နှစ်အတွင်း EAD ကဒ်ရပြီး ဂရင်းကဒ်ရမရတာကတော့ case ပေါ်မူတည်တယ်။ ဂရင်းကဒ်ကို လက်ထပ်လို့၊ မိသားစုကခေါ်ရင် ၂ နှစ်အတွင်း ဂရင်းကဒ်ရတယ်။
ဂရင်းကဒ်တွေထဲမှာ အလုပ်ကနေလျှောက်တဲ့ ဂရင်းကဒ်က အခက်ဆုံးပဲ။ အဆင့် ၃ ဆင့်ရှိပြီး တရုတ်၊ အိန္ဒိယတွေက အနည်းဆုံး ၆ နှစ်၊ မြန်မာတွေကတော့ ၂ နှစ်ခွဲလောက်ကြာတယ်။ စတိတ်ရောက်တာ ၁၀ နှစ်ရှိပြီ အလုပ်အဆင်မပြေလို့ ဂရင်းကဒ်မရသေးတာလည်း ရှိတယ်။ Stage 1 : PERM Labor Certification အဆင့်က ၆ လကနေ တစ်နှစ်လောက်ကြာတယ်။ ဒီအလုပ်အတွက် သင့်တော်တဲ့ စီတီဇင်၊ ဂရင်းကဒ်တွေ မရှိလို့ ဂရင်းကဒ်လျှောက်ပေးရတယ်ဆိုတဲ့ သဘော။ ဘယ်ရာထူး၊ လစာဘယ်လောက်ဆိုတာကို HR ၊ ဒါရိုက်တာမက ဆုံးဖြတ်ပြီး job description ကို ရှေ့နေကရေး၊ ဒါရိုက်တာမနဲ့ကိုယ်က ထပ်ဖြည့်။ စိတ်တိုင်းကျပြီဆိုမှ အလုပ်သမားဋ္ဌာနကို တင်တယ်။ အဲဒါ 1. Prevailing Wage Request ပထမအဆင့်။ နောက် 2. Recruitment Period ဒုတိယအဆင့်လုပ်ဖို့အလုပ်ရာထူးကို နယူးယောက်တိုင်းသတင်းစာမှာ ကြေငြာခ ၁၆၀၀ ပေးပြီး ကြေငြာရတယ်။ ဘူတာရုံတွေမှာကမ်းတဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ကမ်းတတ်တဲ့ သတင်းစာမှာ ကြေငြာခက ၂၀၀ ပေးရတယ်။ ရုံးက website မှာ အလုပ်ကြေငြာရတယ်။ ရုံးတွင်း အီးမေးလ်ပို့ပြီး အလုပ်ရှိတယ် စိတ်ဝင်စားရင် အီးမေးလ်ပို့ပေးပါလို့ ကြေငြာတယ်။ ရုံးက အလုပ်ကြေငြာတဲ့အီးမေးလ်ရတော့ အလုပ်ရှာနေတဲ့ သူငယ်ချင်း ၂ ယောက် စီဗွီတွေ ပို့ပေးလိုက်တာ နယူးယောက်မှာ နေတဲ့တယောက်ကိုတော့ လူတွေ့အင်တာဗျူးတယ်။ နယ်မှာနေတဲ့တယောက်ကိုတော့ ဖုန်းနဲ့ဗျူးတယ်။ ဒါရိုက်တာမက ဖုန်းဆက်ပြီး စီဗွီတွေမပို့နဲ့လို့ ကြိမ်းမောင်းတော့ ကိုယ့်မှာ နားမလည်နိုင်ဘူး။
အလုပ်ရှိတယ် ကြေငြာပြီး စီဗွီပို့ပေးတာကို မကြိုက်ရင် မဗျူးနဲ့ပေါ့ အဲ့ဒါ စိတ်ဆိုးစရားလားဆိုပြီး စိတ်တိုနေတာ။ တရုတ်မယန်းကို ပြောပြတော့မှ ဟဲ့ အဲ့ဒါဂရင်းကဒ်အတွက် ကြေငြာနေတာ။ နင်က စီဗွီတွေပို့ပေးတော့ သူတို့မှာ အင်တာဗျူးရတယ်၊ documents တွေ လုပ်ရတယ်၊ ဘာလို့ရီဂျက်လုပ်ရတယ်ဆိုတာ အလုပ်သမားဋ္ဌာနကို တင်ရတော့ အလုပ်ရှုပ်တာပေါ့။ အဲ့ဒါကြောင့် နင့်ကို စီဗွီတွေ မပို့ပေးနဲ့လို့ ဆူတာ။ ဒီတော့မှ ဒါရိုက်တာမ ကိုယ့်ကိုဘာလို့ စိတ်တိုမှန်းသိတော့တယ်။ ကိုယ်လား အဲဒီလို ဒူပါတယ် တုံးပါတယ် အပါတယ်ဆို။ အလုပ်သမားဋ္ဌာနက လစာပေးတာနည်းလို့လား၊ သင့်တော့်တဲ့ စီတီဇင်၊ ဂရင်းကဒ်တွေ ရှိရဲ့သားနဲ့ မခေါ်တာလားလို့ သံသယရှိလို့ Audit ဝင်ရင် သူတို့ရှေ့မှာ အင်တာဗျူးပြရတယ်။ စီနီယာ ၂ ယောက် Audit ထိတယ်ကြားတယ်။ ကိုယ့်အတွက် လျှောက်ပေးတဲ့ job description ကို ကြည့်ပြီးတော့ တရုတ်မယန်းက လူတိုင်းလျှောက်နိုင်တဲ့အလုပ်ပဲ။ သူ့အလုပ်ဆို Cognos ပါတော့ တော်ရုံလူမလျှောက်ဘူးတဲ့။ ကိုယ့်ရာထူးအတွက် လျှောက်တဲ့သူမရှိဘူးဆိုပြီး ဝမ်းသာနေတာ တရုတ်မယန်းက Audit ဝင်နိုင်တယ်လို့ သတိပေးတော့ ပျော်တာတွေပျောက်ပြီး စိုးရိမ်မိတယ်။ တတိယအဆင့်က 3. File PERM Application (Priority Date) အလုပ်သမားဋ္ဌာနမှာ လေဘာ certificate လျှောက်ပြီး PD ယူရတယ်။ PD ကအရေးကြီးတယ် လူများတဲ့တရုတ်၊ အိန္ဒိယက PD ရဖို့ ၂ နှစ်လောက် ထပ်စောင့်ရတယ်။ ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။
စန်းထွန်း
ဒီဇင်ဘာ ၁၈၊ ၂၀၁၇။
2 comments:
ဆုမြတ်
Anonymous said...
ကောင်းခန်းကောင်းခန်း နောက်ပိုစ့်ကိုအကြီးကြီးမျှော်နေတယ်နော် အမစန်းထွန်း..။ဒီမှာလည်း ပီအာတွေ အွန်လိုင်းကနေ လျှောက်လို့ရတော့မယ်ပြောတယ်...။ အမစန်းထွန်းကြည့်ပြီး ပီအာတောင်ထလျှောက်ချင်သလိုဖြစ်လာတယ်...။ တစ်ခါထရိုင်း တခါဂျတ်ပြီးတည်းက ထပ်ကိုမစမ်းတော့ဘူး..။ အစိမ်းရောင်ကတ်လေး လွယ်လွယ်ကူကူရပါစေ အမရယ်..။
ဆုမြတ်
December 18, 2017 at 8:10 PM
Post a Comment