နီးနေရက်နှင့် ဝေးနေခြင်း - ၂
မင်းကို သဘောကျနေလား မသိဘူး မင်းအကြောင်း ပြောနေလိုက်တာ ရွှန်းရွှန်းကို ဝေနေတာပဲဟု အသိအစ်မကြီးတစ်ယောက်က ပြောလာသောအခါ ဝမ်းသာအံ့သြမိသည်။ သူ ကိုယ့်အကြောင်းကို ဘယ်လိုများ သိနေပါလိမ့် သူနဲ့ကိုယ် အသိမိတ်ဆွေလည်းမဟုတ် ခင်မင်ရတဲ့ အစ်ကိုအစ်မတွေဆီက သိဟန်တူပါရဲ့။ မင်းတို့နှစ်ယောက် သမီးရည်းစားဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ပြောနေကြတာ။ ဒီကလည်း စိတ်ဝင်စားပါတယ် သဘောကျပါတယ် နောက်တခါတွေ့ရင် မျက်စိမှိတ်ပြလိုက်မယ် အတင်းလိုက်ချိတ်လိုက်မယ်လို့ မျက်နှာပြောင်စပ်စပ်နဲ့ အတည်နောက်တော့ ရယ်နေလေရဲ့။ နီးနေရက်နဲ့ ဝေးနေတဲ့ ပို့စ်ထဲကသူက သူများလားလို့ စုံထောက်ကြီး ဒေါ်စံရှားက အစ်မေးတဲ့အခါ မဟုတ်ရပါဘူးလို့ အတင်းငြင်းရသေးတယ်။ သူ ကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သိရတော့ ရင်ခုန်မိတယ်။ မနှစ်တုန်းက အသိမိတ်ဆွေအိမ်မှာ တွေ့ခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လင်းလက်တောက်ပတဲ့ မျက်ဝန်းပိုင်ရှင်။ အဲဒီတုန်းက သတိထားမိသွားပြီး ကိုယ့်စိတ်ထဲ တမျိုးလေး ခံစားရတယ်လို့ ပြောဖူးတဲ့တစ်ယောက်လေ မှတ်မိလား။ မှတ်မိတာပေါ့ မင်း ကိုယ့်ကို ဓာတ်ပုံတောင် ပြဖူးတယ်လေ။ အဲဒီတစ်ယောက်က ကိုယ့်ကို သဘောကျနေတဲ့ပုံပဲတဲ့။  ဟုတ်လား မင်း ထင်နေတာ မှန်နေတာပေါ့ မင်းတို့တွေ့ခဲ့တာ တစ်နှစ်တောင်ကျော်ပြီ။ ကိုယ်လည်း အဲဒါကို အံ့သြနေတာ အဲဒီတုန်းက ကိုယ်က ကျန်းမာရေးမကောင်းလို့ အတော့်ကို မလှမပ ဖြစ်နေတဲ့အချိန်။ မြင်မြင်ချင်း စိတ်ဝင်စားတာလား အဲဒါ မဖြစ်နိုင်ဘူး ထင်တယ်။ သူနဲ့ကိုယ် ပထမဆုံး စတွေ့တုန်းက ဘုန်းကြီးကျောင်းက အလှုတစ်ခုမှာထင်တယ်။ ကိုယ်က အစားအသောက်ငမ်းပြီး အသားကုန်တီးနေတာနဲ့ သူ့ကိုတောင် သတိမထားမိဘူး မင်းကတော့လေ ဖြစ်ရမယ်။
ဘလော့ကနေ သိတာများလား မင်း ဘလော့ဖတ်ပုံရတယ်။ ဘလော့ကနေ စိတ်ဝင်စားတယ် ဟယ် မဖြစ်နိုင်တာ ကိုယ်ဖတ်တဲ့ ဘလော့တွေ၊ စာရေးဆရာတွေ၊ စာရေးသူတွေ အများကြီး။ ကိုယ် နယူးယောက်က အမေရိကန်ဂေးတစ်ယောက်ရဲ့ ဘလော့ကို ဖတ်လာတာ ကြာပြီ။ ကိုယ့်စိတ်ထဲမှာ သူ့ကို ရင်းရင်းနှီးနှီး သိနေသလို ကိုယ့်ဘော်ဒါတစ်ယောက်လို ခံစားရတယ်။ သူ့ရေးတဲ့စာတွေကနေ သူ့စိတ်ဓာတ်၊ အမူအကျင့်ကို ခန့်မှန်းလို့ရတယ်။ ဟင် ဟုတ်လား ဟန်ဆောင်ရင်ရော မရဘူးလား အကြာကြီး ဟန်ဆောင်လို့ရမယ် မထင်ဘူး။ စကားထဲက ဇာတိပြသလို စာတွေထဲကလည်း စိတ်ဓာတ်ကို ခန့်မှန်းလို့ရတယ်။ စာဖတ်ပရိတ်သတ်ကို ပေါ့သေးသေး မထင်နဲ့ ဘယ်လိုသဘောထားနဲ့ရေးတယ် စာက ဘယ်လိုအဆင့်အတန်းဆိုတာ စာဖတ်ပရိတ်သတ်က ပိုသိတယ်ကွ။ မင်း ထင်တာ မှန်မမှန် သူ့ကို မေးကြည့်ရမယ်။ မင်းရင်ကို ခုန်စေတဲ့ အမှတ်တရရှိနေတဲ့ ကောင်လေးဆိုတော့ မြင်ဖူးချင်မိသား။ တနေ့တော့ မင်းနဲ့ မိတ်ဆက်ပေးဖြ စ်နိုင်လိမ့်မယ် ထင်ပါတယ် ကိုယ်တို့ ဖူးစာဆုံခဲ့ရင်ပေါ့။ ခင်မင်ရင်းနှီးမှုဆိုတာ စကားတွေပြောကြည့် အတူတူသွားလာပြီးမှ ယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ရတာ။ သူနဲ့မင်းက နှစ်ဦးနှစ်ဖက် မိတ်ဆွေသူငယ်ချင်းတွေ ရှိပေမဲ့ ဖေ့ဘွှတ်မှာလည်း မိတ်ဆွေတွေမဟုတ်၊ အီးမေးလ်၊ ဘိုင်ဘာ၊ ဖုန်းနံပါတ်လည်းမသိ ဘယ်လိုလုပ် ခင်မင်ရင်းနှီးမှု တည်ဆောက်မလဲ တယ်လီပသီနည်းနဲ့သာ ဆက်သွယ်တော့။ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း ဖွင့်ဟပြောပြဖို့သတ္တိတွေ ရှိဖို့လိုသေးတယ်။ သူ မင်းကို တကယ်ချစ်မြတ်နိုးရင် မင်းဆီလာပြီး ဖွင့်ဟလာပါလိမ့်မယ်။
စိတ်ထဲ သဘောကျနေတယ်ဆိုရုံနဲ့ပဲ အဆုံးသတ်သွားမလား။ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကမ်းလင့်လာလေမလား အင်း စိတ်ဝင်စားစရာပဲ။ တက္ကသိုလ်ကျောင်းတော်ကြီးတွင် အတူတူ ပညာဆည်းပူးခဲ့သော်ငြား သူနဲ့ကိုယ် မသိခဲ့ကြ။ နိုင်ငံရပ်ခြားတွင် ပညာဆည်းပူးခဲ့သည့်အချိန် အတူတူလောက် ဖြစ်သော်ငြား သူနဲ့ကိုယ် မသိခဲ့ကြ။ နှစ်ဦးနှစ်ဖက် မိတ်ဆွေတွေနှင့် အသိမိတ်ဆွေ ဖြစ်သော်ငြား သူနဲ့ကိုယ် မသိခဲ့ကြ။ နေထိုင်သည့်အိမ်၊ အလုပ်လုပ်သည့်ရုံး သိပ်မဝေးသော်ငြား သူနဲ့ကိုယ် မဆုံခဲ့ကြ။ ဆုံစည်းဖို့ ရေစက်ပါဟန် မတူသော သူနဲ့ကိုယ် နီးနေရက်နှင့် ဝေးနေရလေသည်။
စန်းထွန်း
မေ ၆၊ ၂၀၁၇။
နီးနေရက်နဲ့ ဝေးနေခြင်း
4 comments:
Anonymous said...
San San !!
Finally I read it!!
Ma Khine
Lorem Ipsum said...
Lorem Ipsum said...
အောင်သွယ်တော်ဆု
San San Htun said...
ဆုမြတ်မိုး said...
ပထမပိုစ့်မှာဖတ်မိတည်းက အမစန်းထွန်းပုံတွေလိုက်ကြည့်ပြီး စသုံးလုံးလုပ်လိုက်သေးတယ် ။ အဟိ။
လူတစ်ယောက်နဲ့တစ်ယောက် မေတ္တာချင်းထပ်တူကျ ၊ အချစ်ချင်းထပ်တူညီပြီးတော့ ရင်ဘတ်ချင်းနီးဖို့က အရမ်းခဲယဉ်းတယ် ။ တကယ်လို့ ကိုယ်နဲ့ရင်ဘတ်ချင်းမကွာမဝေးတစ်ယောက်ကို ကံကောင်းပြီးတွေ့မိတယ်ဆိုရင်...
မရှက်ဘဲ နှလုံးသားချင်းထပ်တူကျဖို့ အနည်းအကျဉ်းကြိုးစားကြည့်စေချင်တယ်..။ signal လေးဘာလေးပြပေါ့...။
ဘဝဆိုတာ တိုတိုလေး..အခက်အခဲတွေ ပြသနာတွေ အဆင်မပြေမှုတွေ ပျော်ရွှင်မှု အောင်မြင်မှုတွေအတွက် ကိုယ်နဲ့ထပ်တူ ပျော်ရွှင်မယ့်သူတစ်ယောက်လောက် အနည်းဆုံးရှိသင့်တယ်.။ ဒါမှလည်း ဘဝကြီးကနေပျော်မယ်လေ ။ နီးလျက်နဲ့ဝေးကနေ... နီးနီးလေးနေပါ အဆင့်ကို အမြန်ဆုံးတိုးတက်လာပါစေ ..။ မရှက်နဲ့နော်..။ ဒီကော့မက်ကိုဖတ်ပြီးရင် ဖုန်းခေါ်ပြီး ကော်ဖီသောက်ဖို့ချိန်းလိုက်ပါလား :)
May 15, 2017 at 12:43 AM
ဆုမြတ်မိုး said...
ရေးပြီးတော့မှ နံပါတ်မရှိတာ သတိရတယ်..။ သူ့ဖေ့ဘုတ်သိနေတာပဲ အတ်လိုက်ပေါ့..။ ရှက်မနေနဲ့ ပျိုကြီးရေ...။အတ်လိုက်တော့ ။ ဒါမှသူ့မှာ ရည်ရွယ်သူရှိနေလား...ကိုယ့်လိုပဲဝေးဝေးကလွမ်းနေလားသိရမှာပေါ့..။ တစ်နှစ်ကျော်ကြာတဲ့အထိ အဆက်သွယ်မလုပ်တာ မရှိတာတော့ ထူးဆန်းတယ် ။ တွေးနေတာကြာတယ်လေ..။ add လိုက်ပါ..။ အနည်းဆုံး မိတ်တွေတစ်ယောက်တိုးတာပေါ့ ။
အောင်သွယ်တော်ဆု
May 15, 2017 at 12:51 AM