စန်းထွန်း တောင်တက်နေသည် - ၄
လေဘာဒေးပိတ်ရက်မှာ မတက်လိုက်ရတဲ့တောင်ကို နောက်တပတ်မှ တက်ဖြစ်ပါတယ်။ စနေနေ့ မနက် ၈ နာရီ ဝါရှင်တန်ဒီစီ လမ်း ၁၆ နဲ့ အိုင်လမ်းမ ဆုံတဲ့နေရာမှာ စုရပ်ဖြစ်တာမို့ အိမ်ကနေ ၆ နာရီခွဲကတည်းက ထွက်တယ်။ ဘူတာရုံရောက်တော့ တံခါးပိတ်ထားတယ်။ ဟမ်းကမ်ရီကိုင်ပြီး စောင့်နေတဲ့ အမျိုးသမီးတယောက်ကို တွေ့တယ်။ ဖုန်းကနေ WMATA ဆိုဒ်ကို ကြည့်လိုက်တော့ လား...လား ရထားလမ်းတွေပြင်မှာမို့လို့ မနက် ၇ နာရီမှ ရထားတွေ ထွက်မယ်။ ရုပ်ဒီအိုက်လန်ဘူတာကနေ ဂျူဒီစနရီစကွဲဘူတာအထိ ရထားမရှိဘဲ ရှယ်တယ်တွေ ဆွဲပေးမယ်တဲ့။ ရထား၊ ရှယ်တယ်တွေ စီးပြီး ခရီးဆုံးဘူတာရောက်ဖို့ ၁ နာရီခွဲလောက် ကြာပါမယ်တဲ့။ မဖြစ်ချေဘူး ဆူနမ်တို့နားက အနီရောင်လိုင်း ဂိတ်စဘူတာ ရှယ်ဒီဂရုဘူတာဆီမောင်း ရထားစီး။ ၈ နာရီ မထိုးခင် ၁၅ မိနစ်အလိုမှာ ရောက်တယ်။ ဘယ်ဂိတ်ပေါက်က ထွက်ရသလဲ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း ဘယ်ကိုသွားမလို့လဲလို့ လေဒီတယောက်က လာမေးတယ်။ ကေလမ်းမဆိုတော့ ဒီအပေါက်တဲ့။ သေချာအောင် ဘူတာရုံဝန်ထမ်းကို သွားမေးတော့ ဒီအပေါက်ပါတဲ့။
စောနက လမ်းညွှန်သွားတဲ့ လေဒီနောက်ကို လိုက်နေရသလိုပဲ။ စုရပ်ရောက်တော့ သူလည်း တောင်တက်ဖို့လာတာကိုး။  ဘူတာမှာတွေ့တော့ တောင်တက်ဖို့လာမှန်း ဘယ်လိုလုပ်သိတာလဲဆိုတော့ ဒီအချိန် ဒီနေရာမှာ တောင်တက်ဖိနပ် စီးထားတော့ တောင်တက်ဖို့လာတာလို့ သူထင်တာတဲ့။ ၈ နာရီ လာမယ်ဆိုတဲ့ကားက နောက်ကျနေလို့ လီဒါတွေက ဖုန်းဆက်။ အရင်ဆို ၈ နာရီ မထိုးခင် ၁၅ မိနစ်ကတည်းက ဘတ်စ်ကားရောက်နေတတ်တာ ဒီတခါတော့ ထူးထူးဆန်းဆန်း နောက်ကျနေပါတယ်တဲ့။ စတားဘာ့ခ်ဆိုင်မှာ ကော်ဖီသွားသောက်တဲ့သူတွေက သွားသောက်၊ စာဖတ်တဲ့သူက ဖတ်၊ စကားလက်ဆုံကြတဲ့သူတွေက ကျ၊ ပါလာတဲ့မုန့်တွေကို ထုတ်စားတဲ့သူက စား၊ လီဒါက သူ့မှာပါတဲ့မုန့်တွေကို ဝေ။
Photo : Courtesy CHC
၉  နာရီခွဲမှာ ရောက်လာတဲ့ ဘတ်စ်ကားက ဗာဂျီးနီးယားပြည်နယ် ရိုစလင်းဘူတာနဲ့ဗီယက်နာဘူတာ စုရပ်တွေမှာ ဝင်ခေါ်။ ကားတစီးလုံး လူအပြည့်  ၄၇ ယောက် ဝိတ်တင်းလစ်မှာ စောင့်နေတဲ့သူတွေ ၂၀ ကျော်တယ်။ ပန်းခြံကဒ်တွေရှိရင် ယူခဲ့ပါဆိုလို့တနှစ်စာ ၈၀ ပေးပြီး ဝယ်ထားတဲ့ ကလဲရားရဲ့ အမေရိကန်ဗျူတီးပန်းခြံကဒ်ကို ငှားလားခဲ့ပြီး လီဒါကိုပေး။ လီဒါတွေက မြေပုံစာရွက်လေးတွေ ဝေပါတယ်။ လီဒါတွေရဲ့ ဖုန်းနံပါတ်တွေ၊ ပန်းခြံက အရေးပေါ်ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပါတ်တွေ ပါပါတယ်။ အစားအသောက်၊ ရေ လုံလုံလောက်လောက်သယ်ဖို့၊ မျှားပြတဲ့အတိုင်း တက်ဖို့၊ ၃ နာရီမှ short hike ကို မပြီးသေးရင် long hike ကို မတက်ဖို့ ညွန်ကြားပါတယ်။ အရင်တပတ် စနေနေ့က လီဒါတွေ ကင်းထောက်ချိန် ဝက်ဝံနက်နဲ့ မြွှေတွေ တွေ့ခဲ့တာမို့ ကံကောင်းရင် တွေ့နိုင်ပါတယ်တဲ့။
ကိုယ့်ဘေးနား လာထိုင်တာ လီလီယာနာဆိုတဲ့ ခပ်ချောချော မက်ဆီကန်မလေး။  ဘဏ်အလုပ်ကိစ္စတွေကြောင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းကို ရောက်ဖူးပေမဲ့ မြန်မာပြည်ကိုတော့ မရောက်ဖူးဘူးတဲ့။ ခုတခေါက်က သူရဲ့ တတိယမြောက်တောင်တက်တာ။ ဘူတာမှာတွေ့တဲ့ အမ်မလီဆိုရင်လည်း လေးခေါက်မြောက်တဲ့။ တောင်တက်မဲ့နေရာ မရောက်ခင် ၁၀ မိနစ်လောက်အလိုမှာ အင်္ကီျတွေလဲ၊ တောင်တက်ဖိနပ်တွေစီး အသင့်ပြင်ကြပါတယ်။ အသက် ၇၀ ဂရမ်မာဆိုရင် ဒီတောင်တက်အဖွဲ့နဲ့ တောင်တက်နေတာ ၂၅ နှစ်ကျော်ပါပြီတဲ့။  ဂုဏ်ထူးဆောင် အသင်းဝင်တစ်ယောက်။ တောင်တက်သူအများစု  လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေ များပါတယ်။
Photo : Courtesy CHC
တချို့လူတွေမှာ အပြာရောင်ပိုက်ကလေးတွေပါတော့ ဘာလဲလို့ စပ်စုကြည့်တော့ ရေဗူးပါတဲ့။ ရေဆာရင် ဗူးကိုဖွင့်စရာ မလိုတော့ဘဲ ပိုက်ကလေးကို စုပ်လိုက်ရုံပဲ ဟန်ကျသား။ sun scream တွေလိမ်း၊ အင်းဆက်ကာဆေးတွေလိမ်း။ လီဒါ မြေဖြူနဲ့ မြှားပုံသဏ္ဌာန် ပြထားတဲ့လမ်းကြောင်းအတိုင်း တက်ကြပါတယ်။ မတက်ခင်မှာ သစ်ပင်တွေကွယ်ကာ ရှူးရှူးပေါက်ကြ၊ မိန်းကလေးတွေ ကိစ္စပြီးလို့ ချွှီမှုတ်လိုက်မှ ယောက်ျားလေးတွေက လာကြပါတယ်။ နာရီဝက်လောက်အထိကတော့ မြေပြန့်ပဲ ရှိသေးပါတယ်။ သစ်ပင်တွေက စိမ်းညှို့နေတာ နေပြောက်မထိုး၊ လမ်းတွေကလည်း ကျောက်ခဲတွေများလို့ တောင်တက်ဖိနပ်ယူခဲ့ဖို့ မှာတာကိုး။ ကျေးငှက်သံတွေ တစီစီ၊ တောတောင်ရိပ်တွေ စိမ်းစိုစို၊ ရေစီးသံတွေ တသွင်သွင်နဲ့ အိမ်မှာကွန်ပျူတာရှေ့ မျက်နှာမခွာမဲ့အစား တောင်လာတက်တာ မှန်လိုက်တာလို့ တွေးမိတယ်။ သူတို့ကတော့ တောင်တက်နေကြမို့ လှစ်ခနဲ လှစ်ခနဲ ကျော်တက်သွားကြတယ်။
ကိုယ်ကတော့ စတိတ်ရောက်ပြီး ၂ နှစ်ခွဲအကြာမှ တောင်တက်တာဖြစ်သလို အားကစားလည်း မလုပ်။ ဒါတောင် တောင်တက်မလို့ဆိုပြီး လွန်ခဲ့တဲ့ တလလောက်က တပတ်လေးရက် နာရီဝက်လောက် အပြေးလေ့ကျင့်နေခဲ့တာပါ။ အတက်တွေဆို မောဟိုက်နေတာ စကားတောင်မပြောနိုင်။ တောင်တက်နေကြသူတွေမှာ စူးချွှန်တုတ်တွေ ပါပါတယ်။ အဲဒါတွေနဲ့ ကုပ်တက်တော့ သက်သာတာပေါ့။ ကိုယ်ကတော့ လျှာထွက်မတတ်ဘဲ။ ကျောပိုးအိတ်က ရေဗူးအစိမ်းရောင်လေးကို ကော်ဖီဘူးလားလို့မေးလို့ ရေနွေးကြမ်းဗူးလို့ ရှင်းပြလိုက်ရသေးတယ်။ အဲဒီအကိုကြီးက တလ နှစ်ခါ တောင်တက်၊ စက်ဘီးစီး၊ အပြေးလေ့ကျင့်တော့ မောတော့မောတယ် ကိုယ့်လောက် မမောဘူးရယ်။ မောလွန်းလို့ နားတော့ ဂရင်းတီး နားပြီလား ကျော်မယ်နော်နဲ့ ကျော်တက်သွားကြတယ်။
Photo : Courtesy CHC
တရုတ်မတယောက်ကို နိဟောင်လို့ နှုတ်ဆက်တော့ အဲဒီစကားလုံးကို သူနားလည်တယ် ဒါပေမဲ့ သူတရုတ်မဟုတ်ဘူးတဲ့။ ဘာလူမျိုးလည်းဆိုတော့ ကိုရီးယားတဲ့။ ကိုရီးယားကားကြည့်ပြီး သိထားသမျှ အနယ်ကဆိုင်ယို၊ ခမ်ဆာမည်တ၊ အိုနီး၊ အိုမား၊ အပူကျိ၊ ဟာရာပူကျိ၊ ဘီယာနယ်၊ အိုပါး ဆာရာနဲဆိုတော့ အိုး..နိုး ဆိုပြီး ကျော်တက်သွားတယ်။ ကားစောင့်နေရင်း ဆရာတော်ဦးဇောတိက စာအုပ်ဖတ်နေတာ့ မြန်မာလားတဲ့။ ဟင် မြန်မာမှန်း ဘယ်လိုသိတာလဲဆိုတော့ ထိုင်းဖက်ကနေ ကော့သောင်းကို တရက်လည်ဖူးတော့ မြန်မာစာလုံး ဝိုင်းဝိုင်းတွေကို သူမှတ်မိနေလို့ မြန်မာမှန်း သိတာတဲ့။ မြန်မာပြည်မှာ လည်ရတာ ဘယ်လိုနေလဲ မစပ်စုလိုက်ရပါဘူး ကားလာတာနဲ့။
Blue Ridge တောင်ရဲ့ ပေ ၆၀၀ အမြင့်ကနေ တက်လိုက်တာ Piney Branch ၊ Pole Bridge Link ၊ Sugarloaf Trail တွေ ဖြတ်ကျော်ကာ short hiker တွေက ၇မိုင် ပေ ၂၉၀၀ အတက် ပေ ၈၀၀ အဆင်း Skyline Drive က Hogback Overlook မှာ ဆုံးပြီး  long hiker တွေက ၁၀ မိုင်ဖြစ်အောင် နောက်ထပ် ၃ မိုင် ၁ နာရီ ထပ်တက် ပေ ၃၀၀၀ အတက် ပေ ၁၃၀၀ ဆင်းပြီး Gravel Spring Gap မှာ ဆုံးပါတယ်။ တောင်မတ်မတ်ကြီးတွေကို ဟိုက်နေအောင် တက်ရသလို တောင်အစွန်းပြေပြေလေးတွေကိုလည်း တက်ရတာလည်း ရှိတယ်။ တောလမ်းအောက်ဖက်က ချိုင့်ဝှမ်းကြီး။ ကိုယ့်ရှေ့ မနီးမဝေးမှာ အမည်းမလေး တီနာ။ သူက နှစ်ခေါက်တက်ဖူးပေမဲ့ ဒီလောက်မမက်ဘူး ပြေပြေလေးတဲ့ ဒီတခေါက်တော့ ဖားနေအောင် တက်ယူရတယ်။ ခြေထောက်မှာ သွေးထွက်နေတယ် ထင်တယ်တဲ့။ ဟုတ်တယ် နာနေတယ်။ ခု ငါတွေးနေတာ အိမ်မှာ အေးအေးဆေးဆေး မနေဘဲ ဘာလို့ဒီမှာ အပင်ပန်းလာခံပါလိမ့်။ ဘယ်သူမှလည်း မတိုက်တွန်းဘဲ ကိုယ့်ဒုက္ခကိုယ်ရှာပါလားနော်လို့ တွေးမိတယ်။ တီနာက သူလည်း ဒီအတိုင်း တွေးနေတာတဲ့။ မောလွန်းလို့ တောင်လာတက်တာ မှားလေခြင်းလို့ တွေးပေမဲ့ အိမ်မှာတနေကုန် နေပြန်ရင်လည်း ပျင်းလွန်းလို့ တောင်တက်ဦးမှလို့ တွေးပြန်ရောဆိုတော့ တီနာက အတူတူပဲတဲ့။
Photo : Courtesy CHC
လမ်းလျှောက်ပုံက ကွတွတွ၊ သွေးထွက်နေတော့ အစ်မတယောက်က အဆင်ပြေရဲ့လားလို့ လာမေးတယ်။ ခြေအိတ်အပိုပါလားဆိုတော့ ပါတယ်တဲ့။ ကိုယ့်ကို ခြေအိတ်မဝတ်ထားဘူးလားလို့ မေးတာ နှစ်ယောက်ရှိပြီ။ ပါတယ်ဆိုလို့ ငှားပြီးဝတ်မလို့ ဖိနပ်ချွှတ်လိုက်တော့ လား...လား သွေးတွေ ထွက်နေတာ မနည်းမနောပဲ။ ဘန်းဒစ်စပရေးဖျန်းတော့ စပ်လိုက်တာ၊ ပလာစတာကပ်၊ အပိုပါလာတဲ့ ခြေအိတ်ဝတ်၊ အစ်မဆီက ငှားတဲ့ ခြေအိတ်ထပ်ဝတ်။ ဖြတ်သွားတဲ့အုပ်စုက အကိုကြီးက ကျောပိုးအိတ်ကို ကူသယ်ပေးရမလားဆိုတော့ နေပါစေ ရတယ် ပေါ့ပေါ့လေး။ တို့တွေ short hike ဂိတ်ဆုံးနဲ့ တော်တော်နီးနေပြီ ဖြည်းဖြည်းတက်တဲ့။ ဆယ်ငါးမိနစ်လောက်မှာတော့ overlook လို့ ခေါ်ကြတဲ့ ဗျူးပွိုင့်မှာ ကားကရပ်ထားတယ်။ တောင်တက်သူတချို့ကိုလည်း တွေ့တယ်။
long hike ကြတဲ့တချို့ မှားပြီး ကားဖက်ဆီလာလို့ တောင်အောက်ဖက်ကို ဆင်းဖို့ ညွှန်ရသေးတယ်။ overlook ကနေ ကြည့်ရတဲ့  ရှုခင်းက တကယ်လှတယ်။ စိမ်းညှို့နေတဲ့ တောင်စဉ်တောင်တန်းတွေ၊ ပြာလဲ့နေတဲ့ ကောင်းကင်ကို မြင်လိုက်ရတာ မောပန်းသမျှ ယူပစ်သလို ပျောက်သွားတယ်။ ကျိုက်ထီးရိုးတောင်၊ ပုပ္ဗါးတောင်မကြီးက မြင်ရတဲ့ မြင်ကွင်းတွေနဲ့ တူတယ်။ မြန်မာစာကိုသိတဲ့ အကိုကြီးနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းက မြန်မာဆိုတဲ့ ဥပဒေကျောင်းသူ ကောင်မလေးတယောက်နဲ့ စကားတွေ ပြောဖြစ်ကြတယ်။ လူစုံတော့ အောက်ဖက်ကို မောင်းပြီး long hike ကြသူတွေကို စောင့်ပါတယ်။
ကားဘေးမှာ ဘီယာတွေ၊ အစားအသောက်တွေနဲ့ အောင်ပွဲခံကြပေမဲ့ ကိုယ်ကတော့ ပင်ပန်းလွန်းလို့ ကားပေါ်မှာပဲ နားနေဖြစ်တယ်။ ခြေအိတ်ငှားတဲ့အမကြီးက တောင်တက်ခြေအိတ်ဝတ်ဖို့ ဒီလိုဒဏ်ရာမျိုး သူမမြင်ဖူးဘူးတဲ့အကြောင်း၊ အမြန်ဆုံး သက်သာပြီး တောင်ပြန်တက်နိုင်ဖို့ ဆုတောင်းပေးတယ်။ ခြင်္သေ့ကွျှန်းမှာ တောင်တက်ခဲ့ပေမဲ့ ကွန်းဗတ်ဖိနပ်နဲ့ တောင်တက်ခဲ့တာ၊ လမ်းတွေကလည်း ကတ္တရာလမ်းတွေ။ ခုမှ တကယ်တောင်တက်တာ။ တင်းဘာလန်းတောင်တက်ဖိနပ်က အသစ်ဖြစ်သလို ခြေအိတ်ကလည်း ရိုးရိုးကော်တွန်ခြေအိတ်။
အပြန်မှာ ဝက်ဝံကိုတွေ့တော့ တကားလုံး ဝမ်းသားအားရ အော်လိုက်ကြတာ။ ရိုစလင်း၊ ဗီယက်နာစုရပ်ကလူတွေကို ပြန်ပို့။ ဒီစီစုရပ်ကိုရောက်တော့ ညနေ ၆ နာရီကျော်နေပြီ။ ကိုယ့်လိုပဲ ပထမဆုံး တောင်တက်တဲ့ အရပ်ရှည်ရှည် အမေရိကန်မလေးလည်း ကွတတ လမ်းလျှောက်သွားတာ တွေ့တယ်။ ဖိနပ်ကို နောက်ပိတ်မစီးနိုင်လို့ ကွင်းထိုးစီး။ ရှယ်ဒီဂရုဘူတာရောက်တော့ ည ၇ နာရီကျော် မှောင်နေပြီ။ အိမ်ကို နာရီဝက်လောက် ကားမောင်းရဦးမှာ လူကပင်ပန်း ညဖက်ဆိုရင် အမြင်မှားတတ်လို့ ကားမောင်းဖို့ကြောက်။ အနီးအနားက ဆူနမ်တို့အိမ်ကို မောင်း။ ကိုယ့်ဒဏ်ရာတွေ မြင်တော့ ဆူနမ်တို့က စိတ်မချမ်းသာ။ လေဘာဒေး ခရီးထွက်ကတည်းက အိမ်ထဲမရောက်သေးတဲ့ ကားပေါ်က First Aid ကို အမ်းထရူးက သွားယူ၊ ကိုယ်က ခြေထောက်ကို ဆေးကြော၊ ဆူနမ်က ကိုယ့်အတွက် အိပ်ယာပြင်။
Photo : Courtesy CHC
ဒဏ်ရာဆေးထည့်တော့ စပ်လိုက်တာ၊ ပလာစတာ ကပ်လို့ရမလားဆိုတော့ မရဘူးတဲ့။ မနက်ဖြန် ခြောက်သွားမှ ကပ်တဲ့။ သုံးနာရီလောက် လေဝင်လေထွက် မရှိ၊ တောင်တက်တဲ့ အလေ့အကျင့်ကလည်း မရှိလို့ ဖြစ်တာ။ ကိုယ့်ဒုက္ခကိုယ် ကျင်းတူးပြီး ရှာတဲ့ ကိုယ့်ကို ဆူနမ်တို့က စုပ်တသပ်သပ်။ ပလာစတာ အထပ်ထပ်နဲ့ ဝေါ့ကင်းရှူးဖိနပ် မစီးနိုင်လို့ ရာမားရဲ့ ခြေညှက်ဖိနပ် ငှားစီးပြီး အိမ်ပြန်ရတယ်။ တနင်္လာနေ့ ခြေညှပ်ဖိနပ်နဲ့ ရုံးသွားတက်တာ အားလုံးဝိုင်းကြည့်တာနဲ့ ညနေရုံးဆင်းတာနဲ့ မေစီလျှော့ပင်းမောလ်မှာ ဖိနပ်ရှာပုံတော် ဖွင့်ရတယ်။ နောက်ပိတ်စီးလို့မရတော့ ရှေ့ကိုစွပ်ရုံစွပ် နောက်ပွင့်ထားတဲ့ ဖိနပ်ကလည်း ရှားရှားပါးပါး Skechers ဖိနပ် ၂ ရံပဲတွေ့တယ်။ တရံက ဆိုဒ်တော်တော်ကြီးပြီး တရံက တဆိုဒ်ကြီးနေတယ်။ ဒါပေမယ့် cutting က သေးတော့ တော်တယ်။
အရင်ကဆို ဒီလိုဖိနပ်မျိုးများ အလကားပေးရင်တောင် စီးမှာမဟုတ်ဘူး ပုံတုံးလွန်းလို့။ ခုတော့ ပုံတုံးတာတွေ၊ မလှတာတွေ အသာထား စီးလို့ရတာဆိုလို့ ဒီဖိနပ်ပဲရှိတာကိုး။ စီးရင်းနဲ့မှ အဲဒီဖိနပ်ကို အတော်ကြိုက်သွားတယ်။ ဒဏ်ရာအနာဖေး တက်နေတုန်းမို့ ရေချိုးရင် ရေမထိအောင် သတိထားချိုး၊ နေ့တိုင်း ပလာစတာလဲ၊ အသားတက်ယားလာလို့ ဆေးဝယ်ပြီး လိမ်းရသေးတယ် ပိုးမဝင်အောင်။ ခြေမနှစ်ဖက်လည်း သွေးခြေဥလို့ မည်းနေတယ်။ တက်ချင်ဦးဟဲ့ တောင်။
Formal dress with sport shoes is weird
but the only shoes I can wear right now are Skechers Biker.
ကားနောက်ကျလို့ တချို့တွေက ကွန်ပလိမ်းကျပေမဲ့ လီဒါတွေက အခကြေးငွေမရဘဲ ဝါသနာသက်သက် ဦးစီးတဲ့သူတွေပါ။ လီဒါတွေက ကင်းထောက် လမ်းကြောင်းရွေး အားလုံးစီစဉ်။ သူတို့ကြောင့်သာ ကိုယ်တို့တွေ အသာလေး တောင်တက်လိုက်ရုံပဲမလား။ ကပ်ပီတန်ဟိုက်ကင်းကလပ်ကလူတွေက နွေးထွေးပျူငှာပြီး စီစဉ်တာတွေ အတော်စနစ်ကျပါတယ်။ အစကတော့ ဒီစီမှာ ရှိနေတုန်းလေး တောင်တက်ဦးမဟဲ့လို့ စိတ်ကူးနေတာ မကြီးက တောင်တက်လို့ မတော်တဆ ထိခိုက်မိရင် နင့်ကို ဘယ်သူကြည့်မှာလဲ အန္တရာယ်များတယ် တောင်မတက်နဲ့ဆိုလာတယ်။ ဟုတ်တော့ ဟုတ်သားနော်။ တောင်တက်ဖိနပ်ကလည်း တခါသာ တောင်တက်လိုက်ရတယ် ဆောင်းတွင်းစီးဖို့ ဖြစ်သွားတယ်။
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
ခုတော့ စန်းထွန်းတယောက် တောင်မတက်တော့ဘဲ လမ်းလျှောက်နေကြောင်းဗျား...
စန်းထွန်း
စက်တင်ဘာ  ၂၉  ၊ ၂၀၁၃။
Photos : Courtesy Capital Hiking Club (CHC)
P. S :  မမအိုင်အိုရာ ကွန့်မန့်လေးက တောင်တက်မဲ့သူတွေအတွက် မှတ်သားစရာ ကောင်းတာမို့ ကူးတင်လိုက်ပါတယ်။
စန်းထွန်းလေး..
ဖတ်ရတာမောပေမဲ့ကြည်နူးစရာပါ။
ဒီလိုတောင်တက်ခရီးတွေကအုပ်စုလိုက်စီစဉ်ပြီးအဲလိုတက်တာမှကောင်းတာ။ ပရော်ဖက်ရှင်နယ်သမားတွေပါလို့အရေးအကြောင်းဆိုလည်းဘာလုပ်ရမလဲသိတယ်။
တောင်တက်ဖိနပ်စီးရင် wool socks တွေ ထူတာတွေဝတ်ရတယ်။ တကယ်လို့သိပ်မထူရင် နှစ်ထည်ထပ်စွပ်ပြီးဝတ်ရတယ်။ တောင်မတက်ခင်ခြေသည်းတွေ ရှည်မနေအောင်လည်းညှပ်ထားရတယ်။ သိပ်လည်းအသားကပ်တဲ့ထိမတိုရဘူး။ နဲနဲရှည်တာနဲ့တောင်တက်ပြီးရင် ခြေသည်းတွေပုပ်ကုန်ရော။ တအားတိုရင်လည်းတောင်ဆင်းတဲ့အခါနာတယ်။
ခြေအိတ်ကို ဆိုဒ်မှန်တာသတိထားဝယ်။ ခြေအိတ်ချောင်နေရင်တောင်တက်ရင်းနဲ့ရှေ့မှာသွားစုနေပြီးအဲဒီမှာဖုနေတာကြောင့်ခြေချောင်းတွေကိုအရမ်းနာစေတယ်။ တောင်တကယ်တက်ရင် ဖိနပ်ကအရမ်းအရေးကြီးတယ်။ အောက်ခြေက grip line တွေကနက်နေမှ တောင်တက်တဲ့အခါ safe ဖြစ်တယ်။ အဆင်းကြမ်းတဲ့အခါတွေနဲ့ချောတဲ့နေရာတွေမှာ grip မကောင်းတဲ့ဖိနပ်က အရမ်းဒုက္ခပေးတယ်။ grip ကောင်းတဲ့ဖိနပ်ဆို ဆင်းတဲ့အခါ ယုံကြည်မှုအပြည့်နဲ့သွက်သွက်လည်းဆင်းရဲတယ်။
ဖိနပ်ကြိုးချည်တာလည်းအရေးကြီးတယ်။
ကိုယ်ဆို ဖိနပ်ကြိုးကို အဆုံးချိတ်ထိမချိတ်ဘူး။ အဆုံးထိချိတ်ထားရင် ခဲတွေဘာတွေနင်းလို့ခြေပွတ်တိုင်လည်သွားတတ်တဲ့အခါမျိုးမှာ အထဲကခြေထောက်က မထိန်းနိုင်ပဲ လည်ပြီးလဲတဲ့အခါရှေ့ဆက်လျှောက်ဖို့ခက်တယ်။ ဖိနပ်ကြိုးကိုမလျော့မတင်းလေးချည်ထားမှ အဆင်ပြေတယ်။ ချောင်နေအောင်တော့မဟုတ်ဘူးနော်။ တချို့ဖိနပ်တွေကဈေးကြီးပေမဲ့ ဂရစ်ပ်လိုင်းက သိပ်မနက်ဘူး။ အဲဒါမျိုးက မြင့်တဲ့မတ်တဲ့တောင်တွေ ရေစိုပြီးချောတဲ့နေရာတွေတက်လို့ဆင်းလို့မကောင်းဘူး။
ရေခဲတောင်တက်ကိုယ်တွေ့အတွေ့အကြုံကြောင့်ပြောပြနိုင်တာပါ။
ချစ်သောမမအိုင်အိုရာ
CHC link
စန်းထွန်း တောင်တက်နေသည် - ၃
စန်းထွန်း တောင်တက်နေသည် - ၂
စန်းထွန်း တောင်တက်နေသည် - ၁
6 comments:
ဟန်ကြည် said...
အဟမ်း...
မီးမီးငယ် said...
မလေးး said...
ညီလင်းသစ် said...
Anonymous said...
စန်းထွန်းလေး..
ချစ်သောမမအိုင်အိုရာ
San San Htun said...
ဟန်ကြည် said...
မစွမ်းလှေလှော် မစွံတောင်တက် ဆိုတောကာ...ဆိုတော့ကာ...
အဟမ်း...
စန်းထွန်းတောင်တက်နေပါပြီခင်ဗျား... း)
ဖိနပ်ပေါက်တဲ့ ဒဏ်ရာက နည်းနည်းနောနော မဟုတ်ပါလား...ဖိနပ်အသစ်ဝယ်ပြီး မစီးခင်မှာ ဖိနပ်အတွင်းပိုင်း အနားသားတွေကို ဆီတစ်ခုခု သုတ်ပြီး တစ်ညလောက်နှပ်ထားလိုက်ရသဗျို့...
ပုံကြည့်ပြီး တောင်တက်ဖို့တောင် ခပ်လန့်လန့်...ဟဲ ဟဲ ဦးဟန်ကြည်တို့ကတော့ တောင်တက်ဖို့ မလိုတော့ဘူးကိုး...
October 1, 2013 at 5:50 AM
မီးမီးငယ် said...
တောင်တက်တာ..စိတ်ဝင်စားစရာဘဲဒါပေမဲ့ခြေထောက်ဒဏ်ရာကိုကြည့်ပြီးလန့်သွားပါတယ်ကိုယ်တော့ old fashion lady ဆိုတော့Skechers Biker ပုံစံမျိုးတွေဘဲကြိုက်တတ်တယ် နေ့တိုင်းသွားလာတာဒီလိုဘဲစီးတာ..အသေးဆုံးဆိုက်လည်းရှိတယ်လေ..US 4/5 size ဆိုတာခလေးတန်းထဲမှာဘဲရှာလို့ရတယ်တောင်တက်ဖိနပ်တွေဈေးကြီးတယ်နော်..ဒဏ်ရာမြန်မြန်ပျောက်ပါစေကွယ်...
October 12, 2013 at 5:16 PM
မလေးး said...
ညီမစန်းထွန်းရေ မလေးလည်းတောင်တက်ရတာ သဘောကျတယ်။ ခြေမနောင့်ဒဏ်ရာ တော်တော်ကြီးတာပဲ။ မလေးလည်း အဲလိုဖြစ်ဘူးတော့ ကိုယ်ချင်းစာတယ်။ မြန်မြန်သက်သာပါစေ။ချစ်ခင်တဲ့မလေးမြတ်
October 12, 2013 at 5:17 PM
ညီလင်းသစ် said...
ပုံမှန်ဆိုရင်တော့ တောင်တက်ဖိနပ်တွေကို ဝတ်နေကျထက် တစ်ဆိုဒ်ကြီးတာမျိုး၊ တောင်တက်ခြေအိတ်အထူတွေ ဝတ်တာမျိုး လုပ်ကြတာ သတိရတယ် ညီမစန်းထွန်းရေ...၊ း) ပြီးတော့ ကိုဟန်ကြည် ပြောသလိုပဲ.. ဖိနပ်အတွင်းဖက် ထိပ်နဲ့၊ ဖနောင့် နေရာကို vaseline နည်းနည်း သုတ်ထားပေးရင်လည်း စီးတဲ့အခါ သက်သာတယ်...၊ း)ဘာပဲဖြစ်ဖြစ် စိမ်းစိုလှပတဲ့ မြင်ကွင်းတွေနဲ့မို့ ဖိနပ်ပေါက်ရကျိုး နပ်တဲ့ တောင်တက်ခရီးပါပဲလေ..၊ အဲဒီက တောင်တွေကို ရိုးသွားရင် ဒီဖက်က Alps တောင်တန်းတွေကိုလည်း လာတက်လှည့်ပါဦး... နော။ း))
October 12, 2013 at 5:18 PM
Anonymous said...
စန်းထွန်းလေး..
ဖတ်ရတာမောပေမဲ့ကြည်နူးစရာပါ။
ဒီလိုတောင်တက်ခရီးတွေကအုပ်စုလိုက်စီစဉ်ပြီးအဲလိုတက်တာမှကောင်းတာ။ ပရော်ဖက်ရှင်နယ်သမားတွေပါလို့အရေးအကြောင်းဆိုလည်းဘာလုပ်ရမလဲသိတယ်။
တောင်တက်ဖိနပ်စီးရင် wool socks တွေ ထူတာတွေဝတ်ရတယ်။ တကယ်လို့သိပ်မထူရင် နှစ်ထည်ထပ်စွပ်ပြီးဝတ်ရတယ်။ တောင်မတက်ခင်ခြေသည်းတွေ ရှည်မနေအောင်လည်းညှပ်ထားရတယ်။ သိပ်လည်းအသားကပ်တဲ့ထိမတိုရဘူး။ နဲနဲရှည်တာနဲ့တောင်တက်ပြီးရင် ခြေသည်းတွေပုပ်ကုန်ရော။ တအားတိုရင်လည်းတောင်ဆင်းတဲ့အခါနာတယ်။
ခြေအိတ်ကို ဆိုဒ်မှန်တာသတိထားဝယ်။ ခြေအိတ်ချောင်နေရင်တောင်တက်ရင်းနဲ့ရှေ့မှာသွားစုနေပြီးအဲဒီမှာဖုနေတာကြောင့်ခြေချောင်းတွေကိုအရမ်းနာစေတယ်။ တောင်တကယ်တက်ရင် ဖိနပ်ကအရမ်းအရေးကြီးတယ်။ အောက်ခြေက grip line တွေကနက်နေမှ တောင်တက်တဲ့အခါ safe ဖြစ်တယ်။ အဆင်းကြမ်းတဲ့အခါတွေနဲ့ချောတဲ့နေရာတွေမှာ grip မကောင်းတဲ့ဖိနပ်က အရမ်းဒုက္ခပေးတယ်။ grip ကောင်းတဲ့ဖိနပ်ဆို ဆင်းတဲ့အခါ ယုံကြည်မှုအပြည့်နဲ့သွက်သွက်လည်းဆင်းရဲတယ်။
ဖိနပ်ကြိုးချည်တာလည်းအရေးကြီးတယ်။
ကိုယ်ဆို ဖိနပ်ကြိုးကို အဆုံးချိတ်ထိမချိတ်ဘူး။ အဆုံးထိချိတ်ထားရင် ခဲတွေဘာတွေနင်းလို့ခြေပွတ်တိုင်လည်သွားတတ်တဲ့အခါမျိုးမှာ အထဲကခြေထောက်က မထိန်းနိုင်ပဲ လည်ပြီးလဲတဲ့အခါရှေ့ဆက်လျှောက်ဖို့ခက်တယ်။ ဖိနပ်ကြိုးကိုမလျော့မတင်းလေးချည်ထားမှ အဆင်ပြေတယ်။ ချောင်နေအောင်တော့မဟုတ်ဘူးနော်။ တချို့ဖိနပ်တွေကဈေးကြီးပေမဲ့ ဂရစ်ပ်လိုင်းက သိပ်မနက်ဘူး။ အဲဒါမျိုးက မြင့်တဲ့မတ်တဲ့တောင်တွေ ရေစိုပြီးချောတဲ့နေရာတွေတက်လို့ဆင်းလို့မကောင်းဘူး။
ရေခဲတောင်တက်ကိုယ်တွေ့အတွေ့အကြုံကြောင့်ပြောပြနိုင်တာပါ။
ချစ်သောမမအိုင်အိုရာ
October 12, 2013 at 5:19 PM