ကျွန်ုပ်နှင့် ကားတိုက်မှု...
ကျွန်ုပ်နှင့် ကားပျောက်မှုကျွန်ုပ်နှင့် ကားတိုးခြင်းကျွန်ုပ်နှင့် ကားမှတ်ပုံတင်ခြင်း ပြီးသည့်နောက် ခုတဖန် ကျွန်ုပ်နှင့် ကားတိုက်မှု ။ ကားစီးနေသရွေ့ အနှီကားဋီကာများလည်း ဆုံးနိုင်တော့မည်မထင်။
စတိတ်တွင် သွားလည်စရာ သူငယ်ချင်းဆို၍ ဆူနမ်၊ ရာမား တို့သာရှိရာ သူထို့ထံ သွားလည်ပတ်လျှင်လည်း သုံးယောက်သား သူတို့ဘာသာစကားနှင့် ငြင်းခုန်ရန်ဖြစ်နေကြရာ ကျွန်ုပ်ကား သူတို့နှင့် ပါဝင်ငြင်းခုန်ဖို့ထား အနားတောင် မသီနိုင်။ သူတို့အစားအစာများတွင် ကျွန်ုပ် စားဝင်မည်ထင်လျှင် ကပ်စား၊ မစားနိုင်လျှင် ခေါက်ဆွဲပြုတ်စား၊ သူတို့နှင့် အပြင်ထွက်စားလျှင် လိုက်၊ ကျွန်ုပ် စိတ်ဝင်စားမည်ထင်သော ရုပ်ရှင်ဆိုလျှင် ဝင်ကြည့်၊ သူတို့ဈေးဝယ်လျှင် လိုက်၊ ရေကန်နား ဂျော့ကင်းသွားပြေး၊ လမ်းလျှောက်၊ မေရီလန်းတွင် တခုတည်းသော ချဉ်ပေါင်ရတတ်သည့်နေရာဖြစ်သည့် သူတို့နားမှ Global Food ဆိုင်တွင် ချဉ်ပေါင်ဝယ်ပြီး ပါးစပ်ပိတ်ကာ ပြန်လာရသည်ချည်း ဖြစ်သည်။
စတိတ်တွင် မပျော်၊ ဆူနမ်တို့ဆီ သွားလည်လျှင်လည်း မပျော်ကြောင်း ကျွန်ုပ် ညည်းညူသောအခါ  မြန်မာဘုန်းကြီးကျောင်း၊ မြန်မာအသင်းဆီ သွားလည်ပတ်ဖို့ ကလဲရားကွမ်းမှ အကြံပေးသည်။ တခုသော စနေနေ့က မြန်မာဘုန်းကြီးကျောင်းထံ သွားရောက်ရာ မည်သူတဦးတယောက်မှ မတွေ့။ ဆရာတော်များ ခရီးသွားကြဟန် တူသည်။ မြန်မာအသင်းကိုလည်း ကျွန်ုပ် မသိ၊ မြန်မာမိတ်ဆွေလည်း တယောက်မျှမရှိရာ စတိတ်သည်ကား ကျွန်ုပ် တွက် အတော်ပျင်းစရာ ကောင်းလှလေသည်။
ဆူနမ်တို့နှင့်ဆိုလျှင် ပါးစပ်ပိတ်နေသလောက် သိသော တရုတ်စကားလုံးများ ညှပ်ညှပ်ပြောတတ်သော၊ အလွန်စကားများသော ကျွန်ုပ် အား ကလဲရားကွမ်းသည် အစ်မကြီးတယောက်ကဲ့သို့ စိတ်ရှည်သည်းခံ စောင့်ရှောက်တတ်သည်။ နေကာမျက်မှန် ပြုတ်ထွက်သွားသော ကလဲရားကွမ်းနှင့် အွန်လိုင်းမှ ၂ ခါ ဝယ်ဖူးသော်လည်း စိတ်တိုင်းမကျ ဆူနမ်တို့လို ရေဘမ်အေဗီရေတာမျက်မှန် လိုချင်သောကျွနု်ပ်တို့ လျှော့ပင်းကြရန် ကြံစည်ကြလေသည်။ လျှော့ပင်းမောလ်များက နောက်ဆုံးပေါ်ဒီဇိုင်းများကို တင်ပြီး အောက်လက် ( Outlet ) များက ဒီဇိုင်းနည်းနည်းအောက်ကာ ဈေးသက်သာသည်။ အောက်လက်ကို မသိသော ကျွန်ုပ် အား ကလဲရားကွမ်းက အထူးအဆန်းဖြစ်သည်။ ကျွန်ုပ် နေထိုင်ခဲ့သော အိုင်အိုဝါနှင့် ကန်တက်ကီပြည်နယ်တွင် အောက်လက်မရှိသောကြောင့် အောက်လက်ဆိုသည်ကို ကျွန်ုပ် မသိ။
ရာသီဥတု သာယာပြီး ခြေခင်းလက်ခင်း သာယာသော တခုသော စနေနေ့တွင် ကလဲရားနှင့် ကျွန်ုပ် တို့ ဝါရှင်တန်ဒီစီမြိ ု့တော်မှ တောင်ဖက်စူးစူး ၂၅ မိုင် နာရီဝက်ခန့်ကားမောင်းရသော ဗာဂျီးနီးယားပြည်နယ် ဝုဘရချ့်အောက်လက်ဆီသို့ ခြေဆန့်ကြသည်။ အချိန်ကား နေ့လယ် ၁၁ နာရီ ကျော် ။  မြေအောက်လှိုဏ်ခေါင်း Interstate 395 South လမ်းသို့ဝင်သောအခါ ကလဲရားက ဒါ ဒီအိုအယ်လ် DOL ( Department Of Labor ) ရုံးအောက်လေ ဆိုသောအခါ တောသားမြို့တက် ကျွနု်ပ်မှာ အထူးအဆန်းတွေဖြစ်ကာ ဓာတ်ပုံရိုက်တော့သည်။ ကားပေါင်းမြောက်များစွား၏ တုန်ခါမှုကို ခံနိုင်ဖို့ ဒီအိုအယ်လ်ရုံးကြီး၏ ဖောင်ဒေးရှင်းသည် အတော်ခိုင်ခန့်ရပေလိမ့်မည်။ မြေအောက်လှိုဏ်ခေါင်းမှတဆင့် ပတ်တိုးမတ်စ်မြစ်ကို ဖြတ်ကျော်သည်နှင့် ဗာဂျီးနီးယားပြည်နယ်ထဲသို့ ရောက်လေသည်။
ဗာဂျီးနီးယားပြည်နယ် အာလင်တန်အရပ်တွင်ရှိသော နာမည်ကြီး Pho 75 တွင် တထောက်နားကာ တဂွီဂွီမြည်နေသော ဝမ်းကို ဖြည့်ကြသည်။  မြန်မာလူမျိုးများသည် မုန့်ဟင်းခါးကို နေ့ညမရွေး စားကြသလို ဗီယက်နမ်လူမျိုးများသည်လည်း ဖော်ကို နေ့ညမရွေး စားကြသည်။ Pho 75 သည် Pho တမျိုးသာ ရောင်းပြီး ဒီစီ၊ ဗာဂျီးနီးယား၊ မေရီလန်းတွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။ အူ၊ မျက်လုံး၊ ဗိုက်သား စသည်ဖြင့် အမဲသားကို အမျိုးမျိုးရွေးချယ်နိုင်သည်။
ပဲနို့မှာယူသောအခါ Yeo တံဆိပ်သံဘူးကို ရေခဲဖြင့် လာချပေးသည်။ ခြင်္သေ့ကျွှန်းတွင် Mr.Bean ဆိုင်မှ ပဲနို့ကို အသေကြိုက်သော ကျွန်ုပ် ရယ်ဒီမိတ်ဘူးသာရသော စတိတ်တွင် ပဲနို့အသေငတ်သည်။ လက်ဖျော်လမွန်နိတ်အား ပြောင်းလဲမှာယူရသည်။ ထိုဆိုင်မှ လမွန်နိတ်နှင့် ဖော်သည် အတော့်ကို ခံတွင်းတွေ့ပြီး စာမြိန်လှသည်။
ဗာဂျီးနီးယား ၊ မြောက်ကာရိုလိုင်းနား ၊ တောင်ကာရိုလိုင်းနားပြည်နယ်များကို ဖြတ်ကျော်ကာ ဂျော်ဂျီယာပြည်နယ်အထိ ဖောက်လုပ်ထားသော I 95 ဟိုင်းဝေးလမ်းသည် ဒီစီအဝင် ဗာဂျီးနီးယားပြည်နယ်အစတွင် ကားကြောအလွန်ပိတ်သည်။ ဟေ့ စန်းစန်း အလယ်က HOV - 3 Lane (High Occupancy Vehicle) ။ HOV 3 ဆိုတာ မနက် ၆ နာရီကနေ ၉ နာရီအတွင်း ၊ ညနေ ၃ နာရီခွဲကနေ ၆ နာရီ တနင်္လာနေ့မှ သောကြာနေ့ ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားမှာလူသုံးယောက်ရှိရင် အဲဒီအမြန်လမ်းကနေ မောင်းခွင့်ရှိတယ်။  လူ ၃ ယောက် မပြည့်ဘူးဆိုရင် ကားကြုံစီးဖို့စောင့်တယ့်နေရာက လူတွေကို ခေါ်လေ့ရှိတယ်။ Hybrids ( လျှပ်စစ်ဖြင့် မောင်း၍ပါရသော ) ကားတွေဆိုရင် တယောက်တည်းနဲ့ မောင်းခွင့်ရှိတယ်။ Rush Hours ချိန်တွေမှာ လူ ၃ ယောက် မပြည့်ဘဲ အဲဒီလမ်းက မောင်းရင် ရဲက ဖမ်းပြီး တစ်ကဒ် ( ဒဏ် ) ပေးလို့ရတယ်။ သြော်...ဒီလိုလား...လူနေကျဲ ၊ ယဉ်ကြောပိတ်မှု နည်းသော MidWest ဖက်တွင်သာ နေထိုင်ဖူးသော ကျွနု်ပ်မှာ လူနေထူထပ်သော အရှေ့ဖက်ကမ်းခြေဆီမှ ယဉ်ကြောပိတ်မှု ဖြေရှင်းနည်းကို တအံ့တသြ။
credit to Google
credit to Google
အဲဒီအခွဲကျော်သွားရင်တော့ နည်းနည်းရှင်းသွားလိမ့်မယ်။ တရွေ့ရွေ့ ခရီးနှင်နေသော ကားရေစီးတွင် စီးမျောနေရင်း...
ဝုန်း..ဂလုန်း...
ကားသည် ရှေ့သို့ရွေ့သွားပြီး မေးစေ့တွင် ပူခနဲ ဖြစ်သွားသည်။ ဗုံးများပေါက်သည်လော၊ ကားဘီးပေါက်သည်လော။ စန်း အိုကေလား...ဘယ်ထိသွားသေးလဲ.. တို့များကားကို ဝင်ကျုံးတာဟေ့... ဘေးရပ်မှ။ နောက်သို့လှည့်ကြည့်လိုက်သောအခါ လား..လား...ထရပ်ကားတစ်စီး။
စန်း..၉၁၁ ခေါ်..
ဖုန်းကိုင်ပြီး ငေါင်နေသော ကျွန်ုပ် အား...
ဖုန်းခေါ်လေ..ဘာလုပ်နေတာတုန်း...ဘာလဲ ၉၁၁ မခေါ်တတ်ဘူးလား...
၉၁၁ ကို တခါမှ မခေါ်ဖူးဘူး...ခေါ်ချင်ဘူး...တို့နိုင်ငံမှာ ရဲခေါ်လိုက်ရင် လက်ဖက်ရည်ဖိုး ပေးရလို့ ရဲမခေါ်ဘဲ ကိုယ့်ဘာသာ ဖြေရှင်းကြတယ်...
နင့် ဘိုးအေမှပဲ..အဲဒါ နင့်တို့နိုင်ငံ...ခုက ယူအက်စ်မှာလေ..
ဘယ်ထိသွားသေးလဲဟင်..တကယ့်ကို ဆောရီးပါနော်...
မိန်းမငယ်လေးတယောက် ပျာပျာသလဲ တောင်းပန်ရှာသည်။ နောက်ထပ် မိန်းကလေး ၂ ယောက် ထပ်ရောက်လာသည်။ ဘာလိုဖြစ်သွားတာလဲ မေးမြန်းသောအခါ သူလည်း ဘာဖြစ်သွားမှန်းမသိဟု ဆိုသည်။ နယူးယောက်ရှိ ဆွေမျိုးများထံ လည်ပတ်ပြီး မြောက်ကာရိုလိုင်းနားအထိ ၁၀ နာရီ ကားမောင်းလာခြင်း ဖြစ်သည်။ ကားကြောပိတ်နေသောကြောင့် တရွေ့ရွေ့မောင်းနေချိန် ပင်ပန်းသောကြောင့် သတိလက်လွတ်ဖြစ်ကာ ကားဘရိတ်လွတ်သွားပုံရသည်။ ကားအကြီးက နောက်ဖက်မှ ဝင်ကျုံးလိုက်သည့်အတွက် ကျွန်ုပ်တို့ကားသည် အရှေ့ဖက်သို့ ရွေ့သွားသည်။  ကျွန်ုပ် တို့ကားနှင့် ရှေ့ကားတွင် နေရာအနည်းငယ် လွတ်နေသည့်အပြင် သတိရှိသော ကလဲရားက ဘရိတ်အုပ်လိုက်သည့်အတွက် ရှေ့ကားများကို ဆင့်ကာဆင့်ကာ မတိုက်ခြင်း ဖြစ်သည်။
ကားနောက်ဖက် ချိုင့်ဝင်သွားသည်၊ နေကာအမိုးကာဗာ နောက်သို့ဝင်သွားသည်၊ ရှေ့ထိုင်ခုံကြားမှ အံဆွဲပြုတ်ထွက်သွားသည်၊ ကားနောက်ဖုံး ဖွင့်စစ်ရာ ပိတ်မရတော့၊ Check စစ်ကနယ် ပေါ်သွားသည်။ လိပ်နှုန်းဖြင့် မောင်းနေသောကားကို ဝင်ကျုံး၍သာ တော်တော့သည်။ အရှိန်ဖြင့် မောင်းနေသောကားကို ဝင်ကျုံးလျှင် အသက်ပါသွားနိုင်သည်။ ကလဲရား၏ ဖိုက်စီးရီး ဘီအမ်ဒဘလျူသည် ချိုင့်ဝင်သွားသော်လည်း သူတို့ကားက အရာလေးသာ ထင်သည်။
ကုန်ကျသမျှ သူတို့ပေးပါမည် ရဲမခေါ်ပါနှင့်ဟု ဆိုသောအခါ  ၉၁၁ အား ခေါ်ဆိုနေသော ကျွန်ုပ် က ဖုန်းချလိုက်သည်။ သို့သော် မီးရောင်တလက်လက်ဖြင့် ဗာဂျီးနီးယားရဲမေများ ရောက်ချလာလေသည်။ ဘာနေရာမှာ မောင်းနေတာလဲ၊ ဘယ်လိုတိုက်တာလဲ၊ ကားခါးပတ် ပတ်ထားလား၊ လူတွေက ဘယ်နေရာမှာထိုင်သလဲဖြင့် ရဲစစ်ချက်ယူလေသည်။ ကားတိုးဖို့ မလိုသောကြောင့် နာရီဝက်ခန့်အကြာ ရဲမေမှ ကားများကို ရှင်းပေးပြီး ကျွန်ုပ် တို့ကို ထွက်ခွာစေသည်။ ထိုမိန်းကလေး၏ ပထမဆုံး ကားတိုက်မှုဖြစ်သလို ကျွန်ုပ် ၏ ပထမဆုံး ကားတိုက်မှုဖြစ်သည်။ ထိုမိန်းကလေးသည်လည်း လန့်ဖျပ်ကာ ကျန်ခရီးအား  ဆက်မမောင်းတော့ဟု ဆိုသည်။
စတိတ်တွင် နှစ်ပေါင်း၂၀ ကျော်နေပြီဖြစ်သော ကလဲရားသည် ကားအတွေ့အကြုံစုံသည်။ တခါတုန်းက သူ့ကား အတိုက်ခံရရာ ကားတိုက်သူက ရဲမခေါ်စေချင်သောကြောင့် ကိုယ့်ဘာသာ ဖြေရှင်းကြသည်။ ကားတိုက်သူက သဘောကောင်းသော်ငြား ကားအာမခံက ညစ်ချင်သောကြောင့် ကလဲရား၏ အမှားပါ ပါသည်ဟု ပြောဆိုသည်။ သို့ပါသောကြောင့် ရဲမှတ်တမ်းရယူခြင်းသည် ကောင်း၏ဟု ဆိုသည်။
ကားတိုက်သည့်မိန်းကလေးသည် ကားပိုင်ရှင်၏ သမီးမဟုတ်သောကြောင့် အာမခံကိစ္စအတွက် ကလဲရားမှာ ရှေ့နေနှင့် တိုင်ပင်လိုက်ရသေးသည်။ ဘော်ဒီရုံ ၃ ခုဆီသွားပြီး ခန့်မှန်းတွက်ချက်ခိုင်းရသည်။ အာမခံ၏ Network တွင်ရှိသော ဘော်ဒီရုံတွင် သွားပြင်ဖို့ ပို့ထားရသည်။ ပြန်ပြင်၍ ကုန်ကျသောငွေသည် ကားတန်ဖိုး၏ ၇၀ ရာခိုင်နှုန်း ကျော်နေသောကြောင့် ကားတန်ဖိုး ၇၀၀၀ တန်ဖိုးဖြတ်ကာ ပေးမည်ဆိုသည်။ ကားတိုက်မှုဖြစ်ပြီးလျှင် ကားတန်ဖိုး လျှော့သောကြောင့် ၇၀၀၀ ယူကာ ကားမပြင်တော့ဟု ကလဲရား ဆုံးဖြတ်လိုက်သည်။
၂၀၁၂ ဂျူလှိုင် ဘောစတွန်ခရီးအတွက် လေဆိပ်ဆီသို့အသွား ရုံးကားပါကင်တွင် ဘေးကားကို ပွတ်မိသည်။ ခရီးမှ ပြန်ရောက်သောအခါ ကားမှန်တွင် စာလာကပ်သွားသည် သူ့ကားကို တိုက်သည်မှာ ကျွန်ုပ် ဟူ၍။ ကားတိုက်မိသော်ငြား ပိုင်ရှင်အားအသိမပေးဘဲ မောင်းသွားခြင်းသည် Hit & Run ပြစ်မှုမြောက်ပြီး ရဲဖမ်းနိုင်သည်။ ကားပိုင်ရှင် မရှိလျှင် စာရွက်ပေါ်တွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အကျိုးအကြောင်း ရေးထားသင့်သည်ဟု ပီတာမှ ရှင်းပြသည်။ ကားပွတ်ခံရသူမှာ ကျွန်ုပ် နှင့် တရုံးတည်းဖြစ်သည့် သဘောမနောကောင်းသည့် ကန်တက်ဖြစ်သည်။ သူ့ဘာသာ ကားပြင်ဆိုင်များသို့သွားကာ ခန့်မှန်းတွက်ချက်သည်၊ ကားပြင်သည်၊ ကားဘော်ဒီဆိုင် ရောက်နေချိန်တွင် သူ့သူငယ်ချင်းမှ ရုံးတက်ရုံးဆင်း အကြိုအပို့ လုပ်ပေးသည်။ ကုန်ကျငွေ ၉၀၀ ကိုသာ ဘေလ်ပြပြီး တောင်းခံသည်။ ကျွန်ုပ် ၏ ကားအာမခံကို သုံးလျှင် အာခမံကြေးနှစ်ဆ တက်သွားအပြင် ၃ နှစ်အထိ Record တွင် ရှိနေမည်ဟု ဆိုသည်။ ယူအက်စ်ကားမောင်းသက် တနှစ်အောက်ဖြစ်သည့်အပြင် လူဝီဗီလ်သည် ကန်တက်ကီပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သောကြောင့် ကျွန်ုပ် ၏ ကားအာမခံသည် သူများထက် ဈေးကြီးနေရာ အားလုံးက ကားအာမခံကို မသုံးဘဲ ကိုယ့်ဘာသာပေးဆောင်ဖို့ တိုက်တွန်းကြသည်။ ပိုက်ဆံကုန်သွားသောအခါမှ ကျွန်ုပ် သည် ကားမောင်းသောအခါ သတိထားလာလေသည်။
အိုဟိုင်းရိုးပြည်နယ် နေအိမ်ကားပါကင်ဝင်းတွင် ရပ်နားထားသော ဆူနမ့်ကားသည်လည်း အတိုက်ခံရဖူးသည်။ မေရီလန်းသို့ ပြောင်းသောအခါမှ ဘာတီမိုးမြို့ တိုရိုတာဆိုင်တွင် သွားပြင်သည်။ ကားဘော်ဒီဆိုင်တွင် ပြင်နေသည့်အချိန် စီးရန် အာမခံကုမ္ဗဏီမှ ၂၀၁၃ Yaris တိုရိုတာတစ်စီး ပေးသည်။ သေးငယ်ပြီး ဂျီပီအက်စ်ထည့်ရန် နေရာပင်မပါသော အဆိုပါကားကို ကျွန်ုပ် တို့ မကြိုက်ကြ။
မိုးရွာနေချိန် အရှိန်ပြင်းပြင်းဖြင့် မောင်းသော စပေါ့ကားသည် တပတ်လည်ပြီး  မြှောက်လာသည်ကို တွေ့သော်ငြား မီးနီနေသောကြောင့် မောင်းပြေး၍မရဖြစ်ကာ ရုံးမှ ဗီယက်နမ် သက်ငုယင်တို့ကားကို ဝင်အောင်းလေသည်။  ဟိုနားကနာတယ် ဒီနားကနာတယ်ဖြင့် ဆေးခန်းသို့ တလနီးပါး သွားရောက်ကာ စစ်ဆေးခံသည်။ ကားတိုက်သည့်သူ၏ အာမခံသည် ဆေးခန်းသွားသည့်အချိန်အတွက် အလုပ်ဝင်ငွေ နစ်နာကြေး၊ ဆေးခန်းသို့ ၂၀၀၀၊ သက်ငုယင်အား ၂၀၀၀ ပေးချေရသည်။ သက်ငုယင်က  ဆေးခန်းသွားရန် အကြံပေးသော်ငြား ဒဏ်ရာသည်လည်း မပြောပလောက်၊ အလုပ်မရှုပ်ချင်၊ ကားတိုက်၍ အာမခံကြေးတက်နေသည့် ထိုမိန်းကလေးအား  ကိုယ်ချင်းစာသောကြောင့် ဆေးခန်းသို့ မသွားကြ။
ကားတိုက်မှုဖြစ်ပြီး လန့်ဖျပ်သွားကာ နောက်အပတ်တွင် ကားဘရိတ်ကို သွားစစ်ဆေးသည်။ ကားဘရိတ်သည် ကောင်းနေပြီး မကောင်းသည်က အင်ဂျင်အေးစေသည့်အပိုင်း၊ မောက်အပိုင်း၊ ထရန်မစ်ရှင်းအပိုင်း။ ထိုကားအင်ဂျင်အပိုင်းများအတွက် ပြင်ခ တထောင်ကျော်ဟူ၍ မှတ်ချက်ပေးလိုက်သည်။ သြဇီမှ ဘလော့ဂါများ၊ ဘော့စတွန်သားများ အသည်းစွဲသည့် မီနီကူးပါးလို ကားသေးလေးဝယ်မည်ဟု ကြံစည်ထားသော်ငြား အဆိုပါ ကားတိုက်မှုအပြီး စိတ်ကူးပြောင်းသွားလေသည်။ ကိုယ်ကပဲ ဝင်အောင်းအောင်း သူကပဲ ဝင်အောင်းအောင်း အရာမယွင်းသော အထက်ပါကားမျိုးကိုသာ ဝယ်တော့မည်ဟူ၍။
စန်းထွန်း
စက်တင်ဘာ ၉ ၊ ၂၀၁၃။
11 comments:
Vista said...
ညီလင်းသစ် said...
ညိမ်းနိုင် said...
ဖတ်ရတာ သဘောကျသဗျ...။ကားတိုက်မှုက လူတွေ
မလေး said...
ချစ်ခင်တဲ့
မလေး
Anonymous said...
စန်းထွန်းလေး..
ချစ်သောမမအိုင်အိုရာ
ရွှေအိမ်စည်မေ said...
ဟန်ကြည် said...
AMK said...
မီးမီးငယျ said...
San San Htun said...
Vista said...
အသေးစိတ်ရေးတတ်လွန်းလို့အမြဲသဘောကျဖတ်ရ
September 10, 2013 at 12:56 AM
ညီလင်းသစ် said...
HOV 3 lane အကြောင်း တခါမှ မကြားဖူးလို့ တအံ့တသြနဲ့ ဖတ်သွားတယ် ညီမရေ..၊ ညီမစန်းထွန်းရဲ့ ကားစီးရီးစ်တွေလည်း တဖြေးဖြေးနဲ့ များလာပြီနော်..၊ း) ဒါနဲ့ ကားတိုက်တော့ Airbag မပွင့်ဘူးလား? ကားနဲ့ ပတ်သက်တဲ့ အဲဒီက ဓလေ့တချို့ကို သိရလို့ ဒီပို့စ်လေးကို နှစ်သက်မိတယ်..။
September 10, 2013 at 4:02 AM
ညိမ်းနိုင် said...
စတိတ်ရဲ့ အကြောင်းလေးတွေကို ပို့စ်တိုင်းလိုလိုမှာ
ဖတ်ရတာ သဘောကျသဗျ...။ကားတိုက်မှုက လူတွေ
ဘာမှမဖြစ်တာတော်သေးဗျနော်....။
September 10, 2013 at 9:15 AM
မလေး said...
ညီမစန်းထွန်းက အသေးစိတ်ကိုရေးတတ်တယ်နော်။
ဘာမှမဖြစ်တာတော်သေးတယ်။ အစစအရာရာဂရုစိုက်နော်။
ချစ်ခင်တဲ့
မလေး
September 10, 2013 at 9:36 AM
သူကြီးမင်း (တုံးဖလား) said...
စားသတိ သွားသတိ မောင်းသတိ လုပ်မှပေါ့ ဆန်းထွန်းရယ်။ အဲလေ.. အခုဟာက ကိုယ်က အဆောင့်ခံရတာဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ။ ကားမောင်းရတာလဲ မလွယ်ဘူးနော်။ ဒါကြောင့် သူကြီးမင်းကတော့ အခုထက်ထိ ဘတ်စ်ကား ရထား စီးလို့ကောင်းနေတုန်း။
September 10, 2013 at 1:29 PM
Anonymous said...
စန်းထွန်းလေး..
အတွေ့အကြုံတွေကတော့တမျိုးပြီးတမျိုးဘဲနော်။ လူဘာမှမဖြစ်တာတော်သေးတာပေါ့။
ကယ်လီဖိုးနီးယားဘက်မှာ HOV လိုမျိုးကို car-pool လို့ခေါ်တယ်။ တူတူပါဘဲ။ သုံးယောက်တစီးဆိုရင် အဲဒီအမြန်လိန်းကိုသုံးလို့ရတယ်။
ကိုယ်ကယ်လီဖိုးနီးယားမှာနေတုန်းကဆို တချို့ရက်တွေမှာ ရုံးမှာတောင် အဲလို car-pool လုပ်ပြီးစီးကြဖို့ကိုဆော်သြကြတယ်။ လမ်းကြောပိုချောင်စေတဲ့အပြင် environmental friendly ဖြစ်စေတာလည်းတကြောင်းပေါ့။ ကာဗွန်လျှော့တာမျုးိပေါ့။သဘာ၀၀န်းကျင်သန့်ရှင်းရေးနဲ့ထိန်းသိမ်းရေးကိုကယ်လီဖိုးနီးယားကအရမ်းဦးစားပေးတာကြောင့်ခဏခဏ ကားပူးလ် စီးဘို့လှုံ့ဆော်တယ်။
စန်းထွန်းရောက်တဲ့နေရာမှန်သမျှကိုယ်ရောက်သလိုခံစားရအောင်ရေးတတ်လို့မချီးမွမ်းဘဲကိုမနေနိုင်ဘူးကွယ်။
ချစ်သောမမအိုင်အိုရာ
September 10, 2013 at 9:45 PM
ရွှေအိမ်စည်မေ said...
မသိရှိ မရင်းနှီးတဲ့ နေရာဒေသကအကြောင်းတွေကို နားလည်သိမြင်လာအောင်၊ မျက်လုံးထဲ ပုံပေါ်လာအောင် အသေးစိတ်ရေးပြတာကို တော်တော် သဘောကျသွားတယ်..။
နောက် အမြဲ လာဖတ်ဖြစ်ဦးမှာပါ...။
September 11, 2013 at 12:45 AM
ဟန်ကြည် said...
သူရို့ဆီက ကားဓလေ့ကို သိတော့ ကိုယ့်ဆီက ကားဓလေ့ကို သဘောကျလိုက်တာ စန်းထွန်းရေ...ဦးဟန်ကြည်တို့ မြို့မှာတော့ တိုက်ဆဲပဲ...တိုက်လည်း တိုက်သွားမယ်...ဘာဖြစ်လို့ မရှောင်တာလဲလို့ ဆဲလည်းဆဲသွားမယ်...အသာငြိမ်နေလိုက် မငြိမ်ရင် ပါလာတဲ့ သေနတ်ဒင်နဲ့ အဆောင့်ခံရတာ အဆစ်ရမယ် း)
နောက်တစ်ခါ ကားဝယ်ရင် ဟမ်းဗီးတွေ ဝယ်စီး...စိတ်ကြိုက်တိုက်လို့ရအောင် း)
September 11, 2013 at 2:59 AM
AMK said...
ကားကြီးလေ safe ဖြစ်တာပေါ့ နောက်တခါဝယ်ရင် ကားကြီးကြီး အင်ဂျင်ကြီးကြီးဝယ် အစ်မရေ ဆီစားပေမဲ့မောင်း၇တာကောင်း safe ဖြစ်ပါတယ်
September 12, 2013 at 3:02 AM
မီးမီးငယ် said...
ဟင်း..ကားတိုက်တာလောက်တော့၊
ကိုယ်တို့၃ခါကြုံဖူးပြီးသွားပြီ
သူများလာဆောင့်မိတာက ၂ခါ
ကိုယ်ကသူများကိုပွတ်တာက ၁ခါ
သူတို့ရဲတွေကချစ်စရာလေးတွေနော်..
မုန့်ဖိုးတွေ၊လဘ္ဘရည်ဖိုးတွေမတောင်းလို့လေ..ဟီး
September 16, 2013 at 9:47 PM