လက်စွပ်ကလေး၏ မူပိုင်ရှင်..

နေ့လည်စာ ထွက်စားခဲသည့် မေ ပထမဆုံး နေ့လည်စာထွက်စားသည့်နေ့မှာပင် သူနှင့် ဆုံတွေ့ခဲ့သည်။ ယောက်ျားလေးများကြား တဦးတည်း ဖြစ်နေသည့် မေ့ကို အရေးတယူ ရှိရှာသည်။ မြန်မာစကားပြောတတ်သလားဟု မေးလာသည့်အခါ ပြောတတ်တာ သိပ်သေချာတာပေါ့ဟု ဆိုသောအခါ သူ ကျေနပ်စွာ ပြုံးနေခဲ့သည်။

သူသည် မေတို့ရုံးက မဟုတ်ပါ။ မေနှင့် ဌာနချင်းတူသော တူရကီလူမျိုး မူဆာဖာ၏ သူငယ်ချင်း ဖြစ်သည်။ ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် အစ္စလာမ်ဘာသာဝင်ဖြစ်သည့် မူဆာဖာနှင့် ခရစ်ယာန်ဘာသာဝင်ဖြစ်သည့် သူတို့ ဆုံတွေ့ရာမှ မေနှင့် သိကျွမ်းဖို့ ဖြစ်လာခဲ့သည်။ မြန်မာလူမျိုး မိသားတစုကို ကူညီနေတာ၊ မေများ တွေ့ချင်မလားဟု မေးလာသောအခါ ကိုယ့်လူမျိုးနှင့် မတွေ့တာ ကြာပြီဖြစ်သည့် မေ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

ဘာသာစကားအခက်အခဲရှိသော သူများအတွက် ဘာသာပြန်ပေးခြင်း၊ ကလေးငယ်များနှင့် ဆော့ကစားခြင်း၊ ဘုရားကျောင်းတွင် ကူညီလုပ်ကိုင်ပေးခြင်းဖြင့် တနင်္ဂနွေနေ့တိုင်း  မေနှင့်သူ ဆုံဖြစ်သည်။ မူးယစ်ဆေး၊ ပြည့်တန်ဆာ၊ ရန်ပွဲ၊ သေနတ်ပစ်၊ ခုနစ်လွှာချွှတ်ကလပ်များရှိသည့် ထိုရက်ကွက်သို့ တယောက်တည်း မသွားရဲသည့် မေ့ကို သူက လာရောက်ခေါ်ဆောင်ပြီး ပြန်ပို့ပေးရသည်။


ဆိုမားလီးယား၊ ကျူးဘား၊ နီပေါ၊ ဘူတန် ကလေးငယ်များသည် သူလာမည့်အချိန်ကို စောင့်နေတတ်သည်။ ဆိုမားလီးယား မိသားစု အများစုတွင် ကလေးငယ်များ၏ ဖခင်များက မလိုက်လာဘဲ သူတို့တိုင်းပြည်တွင် ကျန်နေခဲ့သည်။ ထို့ထက် ဘာမှ မသိရဟု သူပြောပြသည်။ ကလေးငယ်များနှင့် ဆော့ကစားနေသော သူ့ဟန်ပန်၊ အသားအရောင်၊ အဆင့်အတန်း မခွဲခြားဘဲ တလေးတစား ပြောဆိုဆက်ဆံသော သူ့ဟန်ပန်က မြင်ရသူကို အေးချမ်းစေသည်။ သူ့အချိန်အားလုံးကို သာသနာပြုလုပ်ငန်းအတွက် မြှပ်နှံထားသူ ဖြစ်သည်။

သူနှင့်မေ မတူညီတာတွေ တော်တော်များသည်။ သူက ထမင်းမကြိုက်၊ မေက ပေါင်မုန့်လုံးဝမကြိုက်။ သူက အရက်မကြိုက်၊ မေက ဝိုင်ကြိုက်သည်။ သူက ဝိုင်းဒိုင်းကြဲ ပေါက်ကွဲတတ်သော သီချင်းကြိုက်သည်၊ မေက သီချင်းစာသားမပါ တီးလုံးသက်သက် သီချင်းတွေ ကြိုက်သည်။ မေ့သီချင်းကလည်း ပျင်းစရာကြီးဟု ဆိုသောအခါ ရှင့်သီချင်းကလည်း နားကွဲမယ့်သီချင်းဟု ဆိုတတ်သည်။ ရာသီဥတုပူတာ အကြောင်းပြ၍ မေက အတိုတွေ ဝတ်သော်လည်း သူကတော့ လုံလုံခြုံခြံခြုံ ဝတ်ဆင်တတ်သည်။ မေက အရောင်တောက်တောက် ကြိုက်သလောက် သူကတော့ မှုန်မှိုင်းသောအရောင်ကြိုက်သည်။ သူက coke ကြိုက်သလောက် မေကတော့ Green Tea ကြိုက်သည်။

သူက ယောက်ျားလေးမဆန်စွာ အသားအရည် ဝင်းမွတ်နေပြီး မေကတော့ ငယ်ငယ်က သောင်းကျန်းထားသည့် ဒဏ်ရာအမာရွတ် ဗလပွနှင့် ဖြစ်သည်။ သူ့လက်ကလေးများက စန္ဒရားပညာရှင်လက်လို သွယ်ပျောင်းနေပြီး မေကတော့  မိန်းကလေး မဆန်စွာ မနူးညံ့သူ ဖြစ်သည်။ မေ့ကားဘေးမှ အသီးသီး ကျော်တက်သွားသည့် ကားများကို ကြည့်ကာ မေ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ဝင့်သင့်သည်ဟု မှတ်ချက်ပေးတတ်သည်။ ရှိသမျှ ကားအားလုံးကို ကျော်တက်သည့် သူ ကားမောင်းလျှင်တော့  မေ ဘုရားတနေတတ်သည်။


မေကတော့ ကလေးဆိုလျှင် မိန်းကလေးကို ပိုချစ်သည်။ ပြောဆိုရလွယ်၊ မျောက်ရှုံးအောင် မဆော့သောကြောင့် ဖြစ်သည်။ သူကတော့ ကလေးဆိုလျှင် ယောက်ျားလေး ပိုချစ်သည်။ ယောကျ်ားလေးက အကုန်အကျ သက်သာသည်။ အင်္ကျီတစုံ၊ ဖိနပ်တရန်ဆို ပြီးရော။ မိန်းကလေးဆို အင်္ကျီဆယ်စုံ၊ ဖိနပ်ဆယ်ရန်၊ အလှပြင်ပစ္စည်းများနှင့် ရှုပ်နေတာပဲဟု အသံနေအသံထားဟု လုပ်ပြသောအခါ မေ သဘောကျစွာ ရယ်မောခဲ့ရလေသည်။

အမြဲတည်ငြိမ်အေးဆေးနေတတ်သော်လည်း တခါတရံတွင်တော့ သူသည် ခေတ်လူငယ်လေးတယောက်လို ပေါ့ပါးနေတတ်သည်။ သူအကြိမ်ကြိမ် ကြိုးစားမှ ကလေးတွေ၏ တုံ့ပြန်မှုအပြုံးကို ရသော်လည်း မေကတော့ ခဏလေးနှင့်ပင် ကလေးတွေ၏ ချစ်ခင်ရင်းနှီးမှုကို ရတတ်သည်။ ကလေးများသည်  မြန်မာစကားပြောသော မေ့ကို သူတို့လူမျိုးဟု သိကြဟန်တူသည်။

ထိုင်းကမ့်မှာက အပြင်ထွက်ခွင့် မရှိဘူး၊ မလေးမှာက အလုပ်လုပ်၊ အပြင်ထွက်ခွင့် ရှိတယ်ဆိုသည့် ခွဲခြားမှုများ၊ ၅၀ခန့်ရှိသည့် လူဦးရေအတွင်း ချင်း၊ ကချင်၊ ကရင် ခွဲခြားနေမူများ၊ အာလူးကြော်စက်ရုံ၊ ငါးစက်ရုံ၊ ဝက်သတ်စက်ရုံ၊ မွေ့ယာစက်ရုံများတွင် ပင်ပန်းဆင်းရဲစွာ ရုန်းကန်းရမှုများ၊ ဘာသာစကား၊ ရာသီဥတု၊ အစားအသောက် အခက်အခဲမျိုးစုံကို နားထောင်ရင်း မေ ရင်မောမိသည့်အခါလည်း ရှိသည်။ အစိုးရက အထောက်အပံ့ပေးသော်လည်း မကြိုးစားသူများကို မြင်ရသောအခါ အားမလို အားမရ ဖြစ်မိသည့်အခါလည်း ရှိသည်။


ဒုက္ခသည်ဆိုတာ နာမည်သာဆိုးတာ အခွင့်အရေးက အတော်ရတယ်။ လေယာဉ်လက်မှတ်၊ အိမ်၊ အစားအသောက် ဖရီး၊ ကျောင်းတက်မလား အကုန်ထောက်ပံ့တာ။ တပြားမှ မကုန်ဘူး ဆိုသောအခါ ပိုက်ဆံအမြောက်အမြား အကုန်ခံပြီး ဒီနိုင်ငံတွင် ကျောင်းလာတက်ရသော မေ့ခမျာ မချိပြုံးသာ ပြုံးနိုင်သည်။ တချိန်ကျရင် အဲဒီ ဖရီးဆိုတာတွေ၊ ထောက်ပံ့ထားတွေ ပြန်ဆပ်ရမည်၊ ပညာဖြင့် အသက်မွေးဝမ်းကြောင်းမှ ပိုက်ဆံပိုရသော၊ သူတို့တိုင်းပြည်မှဘွဲ့ကိုသာ ဦးစားပေးသော ဒီနိုင်ငံအကြောင်း တနေ့တော့ နားလည်အောင် မေ ရှင်းပြနိုင်မည် ထင်ပါသည်။

သူတို့နှင့် နှိုင်းယှဉ်လျှင် မေ့ဒုက္ခမှာ စာဖွဲ့ဖွယ်မရှိ။ သေချာသည်ကတော့ မေ အရင်ကလောက် မညည်းညူတော့ခြင်းပင်။ စိက်ပျက်လက်ပျက် ဖြစ်နေသည့် မေ့ကို သူက အားပေးတတ်သည်။ ကိုယ့်လောက် မပြည့်စုံသူများကို စာနာနားလည်တတ်အောင် တနင်္ဂနွေနေ့ရက်များက သင်ကြားပေးခဲ့သည်။  မေ့အတွက်တော့ တနင်္ဂနွေနေ့ရက်များသည် ဘဝကျောင်း တက်ရသလို  အချစ်ကျောင်းလည်း တက်နေသည်။

သူ့ခံစားချက်ကို အမြဲဖုံးကွယ်နိုင်သော်လည်း မေကတော့ မေ့ ခံစားချက်မှန်သမျှ မျက်နှာပေါ်တွင် ထင်းထင်းကြီး ထင်ဟပ်နေတတ်သည်။ မေ သိပ်ဟန်ဆောင်ကောင်းတာပဲဟု ပြုံးစစဖြင့် သူက မှတ်ချက်ပေးသည်။ သူက ဘုရားသခင်ကို ယုံကြည်သက်ဝင်သူဖြစ်ပြီး မေက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူဖြစ်သည်။ သမ္မာကျမ်းစာ သင်မလားဟု မေးတိုင်း တွေဝေတွန့်ဆုတ်ခြင်းမရှိ မေက ခေါင်းခါသလို ပဋ္ဌာန်းကျမ်းသင်မလားဟု မေးသောအခါ  တွေဝေတွန့်ဆုတ်ခြင်းမရှိ  သူ ခေါင်းခါသောအခါ မေတို့ နှစ်ယောက် ပြိုင်တူရယ်မောခဲ့ရဖူးသည်။

လူမျိုးခြားတွေကြား တယောက်တည်း အထီးကျန်စွာ နေရသည့်အဖြစ်ကို သူ ကိုယ်ချင်းစာသည်။ တနင်္ဂနွေ ဘုရားကျောင်းမှ အပြန် တခါတလေ ရေကန်ဘေးတွင် မေတို့ထိုင်ပြီး စကားပြောတတ်သည်။ တခါတလေ ရေကန်ဘေးနား လမ်းလျှောက်သည်။ တခါတလေ စက်ဘီးစီးကြသည်။ တခါတလေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် ကြယ်လေးတွေကို ရေတွက်ကြသည်။ မေ့ကတော့ သံယောဇဉ်ကြိုး တိုးရစ်လာသော်လည်း သူ့ကိုတော့ ခန့်မှန်းရခက်သည်။ သူသည် ခံစားချက်ကို တခြားသူ မမြင်အောင် ဖုံးကွယ်ရာ၌ အတော်ပိရိလွန်းသည်။


မေ...

ကားလာသည်ကို မမြင်ဘဲ ဖြတ်ကူးနေသည့် မေ သူ့ရင်ခွင်ကျယ်ကြီးထဲ ခဏ ရောက်သွားချိန် လောကကြီးတခုလုံး ဘာသံမှ မကြားရအောင် တိတ်ဆိတ်သွားခဲ့သည်။ မော့ကြည့်လိုက်စဉ် ချစ်ရည်ရွှန်းလဲ့သည့် မျက်ဝန်းလဲ့ပြာပြာကို မြင်တွေ့လိုက်သော်လည်း ခဏသာဖြစ်သည်။ ထိုနေ့ကတော့ အပြန်လမ်းတွင် စကားသံတွေ ထူးထူးဆန်းဆန်း ဆိတ်သုဉ်းနေခဲ့သည်။

နေ့တာတို၍ ညတာရှည်သော ဆောင်းနေ့ရက်များတွင် ညနေ၅နာရီဆိုသည်နှင့် အလင်းရောင် မရှိတော့။ လူပြတ်သော လမ်းကြားလေးမှ သွားမိသော မေ လူရမ်းကားလေး သုံးယောက်နှင့် ရင်ဆိုင်မိသောအခါ ထိတ်လန့်တုန်ယင်သွားခဲ့သည်။ အားတင်းကာ ဘာမှမဖြစ်သလို ရှေ့ဆက်မည်ကြံသော်လည်း လမ်းပိတ်ထားသည်။ သူ့ဆီ ဖုန်းခေါ်တော့လည်း လိုင်းမအား။ တမိနစ်အတွင်း ရောက်လာမည့် ရဲကား မလာမှီအချိန်အထိ ဒီကလေးတွေကို မေဟန့်တားနိုင်ရမည်။ သူတို့ မေ့ပိုက်ဆံအိတ်ကို လိုချင်တာ ဖြစ်ရမည်။ ပိုက်ဆံအိတ်ကို သူတို့နား ပစ်ပေးလိုက်သည်။ တယောက်က ကောက်ကိုင်လိုက်သော်လည်း နောက်နှစ်ယောက်က ရှေ့တိုးလာသည်။ ဘုရားရေ... လူကို အန္တရာယ် ပေးမလို့ပါလား။ အသံကုန်ဟစ် အကူအညီတောင်းလျှင်တော့ ပတ်ဝန်းကျင်က ကြားနိုင်ကောင်းတယ် ထင်ပါရဲ့။


မေ...

သူ့အသံကို ကြားရသည်နှင့် မေ လုံခြုံစိတ်ချသွားသည်။ သူ့ရင်ခွင်မှာ မျက်နှာအပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ မေ့မျက်ရည်တွေ သုတ်ပေးရင်း နောက်နောင် ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရဟု ကတိပေးသည်။ မလွတ်တမ်း ဖက်ထားသောအခါ မေ့ နဖူးလေးကို ခပ်ဖွဖွလေး နမ်းရင်း နှစ်သိမ့်ပေးခဲ့သည်။ ထိုနေ့မှ စ၍  စောစော ပြန်ဖို့ မေ့ကို သတိပေးနေတတ်သလို  ညနေမိုးချုပ်ထိ နေရလျှင် မနီးမဝေးကနေ စာင့်ရှောက်နေတတ်သည်။

မေတို့နှစ်ယောက် တယောက်ကိုတယောက် သံယောဇဉ်ရှိကြမှန်း သိသော်လည်း တယောက်ကို တယောက် မဖွင့်ဟခဲ့။ သာသနာပြုနေသော သူ့အတွက် ဘာသာမတူသော မိန်းမတယောက်ကို လက်ထပ်ခြင်းသည် ကြီးကျယ်သော စွန့်လွတ်မှု ဖြစ်သည်။ ဘာသာတူ၊ လူမျိုးတူကိုသာ ယူစေချင်သော မေ့ အသိုင်းအဝိုင်းကြားတွင်လည်း ကြီးကျယ်သော စွန့်စားခန်းဖြစ်သည်။

သာသနာပြုခရီးအတွက် သူ ထွက်ခွာသောအခါ လေယာဉ်ကွင်းကို မလိုက်ပို့ဖို့ တောင်းဆိုလာသည်။ မေ့မျက်နှာကို မြင်လျှင် သူ့ဆုံးဖြတ်ချက်၊ ရည်မှန်းချက်တွေ ယိုင်လဲသွားမည်ကို သူ စိုးရိမ်ဟန်တူသည်။ အချစ်ထက် ရည်မှန်းချက်၊ တာဝန်ကို ပိုချစ်သောသူတယောက်ကို ချစ်မြတ်နိုးရခြင်းသည် ပို၍ လွမ်းမောဖွယ်ကောင်းသည်။ ဘာကတိစကားမှ မခွန်းဟသော သူတယောက်ကို တွယ်တာရခြင်းသည် ပို၍ ဆွတ်ပျံ့ဖွယ်ကောင်းသည်။

များမြောင်လှသော တာဝန်များကြား သူ မေ့ကို မေ့လျော့နေဟန် တူသည်။ ဖေ့ဘွတ်တွင် လွန်ခဲ့သော သုံးနှစ်ခန့်က ဓာတ်ပုံများကိုသာ တင်တတ်သော၊ ဘယ်တော့မှ အပ်ဒိတ် မလုပ်တတ်သော၊ ရံဖန်ရံခါမှ တွတ်တာတွင် တွတ်တတ်သော သူ့စကားလုံးများကို စောင့်မျှော်ရသူအဖို့ ကြာရှည်လှသည်။ ချစ်ရသူ ကိုယ်တိုင် ရေးသားထားသော စကားလုံးများကို မြင်တွေ့ရသည်မှာ ချစ်မြတ်နိုးရသူကို တွေ့ရသည့်ပမာ ကြည်နူးရသည်။


မေ...

သူ့ခေါ်သံကို ကြားလိုက်ရသည့်ခဏ မေ လန့်နိုးလာခဲ့သည်။ သူများ မေ့ရှေ့မှောက် ရောက်နေမည်လား။ ဟင့်အင်း... မဖြစ်နိုင်ပါ။ မိုင်ပေါင်းများစွာ အဝေးကြီးကနေ သူ မေ့ဆီ ဘယ်နည်းနှင့်မျှ ရောက်မလာနိုင်ပါ။ မေ့လည်ပင်းမှာ ဆွဲစေချင်သော်လည်း စာကြည့်စားပွဲ အံဆွဲလေးထဲတွင် သိမ်းထားသော  လက်ဝါးကပ်တိုင်လေးကို သူ့ကို သတိရ၍ ထုတ်ကြည့်နေကျအတိုင်း မေ ထုတ်ကြည့်မိသည်။

ဆက်အိပ်၍ မပျော်တော့သည့်အတွက် ဘုရား သောက်တော်ရေ၊ ဆီမီး၊ သစ်သီး၊ ပန်းကပ်ကာ သူ ကျန်းမာပျော်ရွှင်စေဖို့ ဆုတောင်းသည်။

ကလင်..ကလင်...

မနက် ၇နာရီကျော်မှ အိပ်ယာထတတ်သည့် မေ့အကြောင်း သိသည့်မိတ်ဆွေများက မနက်၇နာရီကျော်မှ ဖုန်းခေါ်တတ်သော်လည်း ဒီနေ့တော့ ထူးဆန်းစွာ စောစောစီးစီး ဖုန်းမြည်လာခဲ့သည်။

ဟယ်လို မေ စကားပြောနေပါတယ်...

မေ...စိတ်ခိုင်ခိုင် ထားနော်..သူ..

သူ..ဘာဖြစ်လို့လဲဟင်..

မေ့ဆီလာသည့်လမ်းမှာ သူ...


အဖြူရောင်မျက်နှာကြက်ကို တွေ့ရသည်။ ငါ ဘယ်ဆီကို ရောက်နေပါလိမ့်။ အမြင်အာရုံ တဖြည်းဖြည်း ကြည်လင်လာသည်။

မေ... သက်သာရဲ့လားဟင်...

စိုးရိမ်ပူပန်နေသည့် မျက်နှာများကို တွေ့ရသည်။

 သူ ..

မြင်ရသည့်မြင်ကွင်းသည် အိမ်မက်သာ ဖြစ်ပါစေဟု မေ ဆုတောင်းမိသည်။ ပတ်တီးအဖွေးသားနှင့် သူသည် အရင်အတိုင်း မပြောင်းမလဲ။ အိပ်ပျော်နေသည့်အလား။

မေ ငိုချင် ငိုချလိုက်..ချုပ်မထားနဲ့...

စိတ်နှလုံးမသာယာဖွယ်များကို ကြားရတိုင်း မျက်ရည်ဝဲတတ်သော၊ ရုပ်ရှင်ကားတွေကြည့်ရင်း ငိုတတ်သော၊ အသည်းငယ်လိုက်တာဟု သူ တခါက ပြောဖူးသော မေ ဒီတခါတော့ မျက်ရည် ခန်းခြောက်နေခဲ့သည်။

မေ့ကို ဒါလေး ပေးချင်ခဲ့တယ်နဲ့တူတယ်..သူ့လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်..

ဖွင့်ကြည့်လိုက်သောအခါ...


ပလက်တီနမ် ဆင်တူ လက်စွပ်တစုံ...

မေ နောက်ထပ်မျက်ရည်တွေ မကျန်တော့လောက်အောင် ငိုကြွေးမိသည်။ ဘယ်ဖက်ရင်အုံဖက်က တဆစ်ဆစ် နာကျင်နေသည်။ သေခြင်းတရားသည် လူကောင်းများအတွက် အချိန်မနှေးသော်လည်း မကောင်းသည့်သူများအတွက် နောက်ကျနေတတ်သည်။

သူကိုယ်တိုင် ဝတ်ဆင်မပေးခဲ့သော်လည်း မေ့လက်တွင် ဝတ်ဆင်ထားသည့် လက်စွပ်လေးနှင့် ဆင်တူစွာ လည်ပင်းတွင် ဆွဲထားသည့် ပိုင်ရှင်မဲ့နေသည့် လက်စွပ်လေးကို သတိထားမိသူများကတော့ ထိုပုံစံတူ လက်စွပ်လေးတစုံ၏ ရာဇဝင်ကို သိလိုကြသည်။ ချစ်ခွင့်ပန်လာသူတိုင်း လက်စွပ်လေးပြကာ မေ ငြင်းပယ်နေခဲ့သည်။



ပန်းရောင်စုံ  ဖူးပွင့်ကာ သာယာလှပသော နွေဦးကာလတွင် ကျရောက်သော သူ့မွေးနေ့တိုင်း တော်ဝင်ပန်းများထက် လမ်းဘေးအလေ့ကျပေါက်သော ပန်းများကို နှစ်သက်သော မြေကြီးဆန်သူတယောက်အတွက်  ပန်းစည်းတခြင်း  နှစ်စဉ်နှစ်တိုင်း မပျက်မကွက် မေ သွားရောက်ပို့နေတတ်သည်။ မှတ်မှတ်ရရ သူ မေ့ကို ပန်းစည်းလှလှ မပေးဘူးပါ။ လမ်းဘေးအပင်မှ ပန်းကို နှုတ်ယူကာ မေ့အတွက်ဟု နောက်ပြောင်ကာ ပေးခဲ့ဖူးသည်။

ဘဝဆက်တိုင်း သေကွဲခြင်း ကင်းကွာ၍ ဆုံစည်းခွင့်ကို ဗုဒ္ဓဘုရားရှင်ထံတွင် မေ ဆုတောင်းမိသလို ဘုရားသခင် ကောင်းချီးပေးသောအချစ် ဖြစ်ပါစေဟု သူ ယုံကြည်သော ဘုရားသခင်ထံတွင် ဆုတောင်းမိသည်။ မေ့ရင်ထဲ သူ့ကို မေ့ပျောက်နိုင်သည့် တချိန်ချိန်  ပိုင်ရှင်ထံသို့လက်စွပ်လေးကို ပြန်ပေးကောင်း ပေးအပ်နိုင်ပါသည်။ စိတ်ထားမွန်မြတ်သော သူ ကောင်းကင်ဘုံမှ ကျေနပ်စွာ ပြုံးနေလိမ့်မည် ထင်ပါသည်။

စန်းထွန်း
မေ ၂၅၊ ၂၀၁၂။

(ဓာတ်ပုံများကို ဂူဂယ်မှ ရယူပါသည်။)

17 comments:

ဖြိုးဇာနည် said...

လက်စွမ်းထက်တယ်ဗျာ


မျောသွားတယ်

Anonymous said...

မေရေ..
အိုင်အိုရာ



ညီရဲ said...


Anonymous said...



ခမင်လျှက်
ဆောင်းနှင်းရွက်

စံပယ်ချို said...

ဇာတ်အိမ်ခိုင်လာတယ်

mstint said...


မေတ္တာဖြင့်
အန်တီတင့်

San San Htun said...


Mrs. Bagel said...

ရင်ကိုနင့်သွားတာပဲ။ :(

ပစ်ပစ် said...

အထွန်းရယ်
မကွဲစေချင်ဘူး
ကြည့်ပြီးခံစား၇တာ၇င်ကွဲမတတ်ဘဲလေ..



Anonymous said...

အိမ်းးးးးးး...

မြသွေးနီ said...


သိင်္ဂါကျော် said...


မီးမီးငယျ said...


Anonymous said...

a yan ko good tal..

San San Htun said...

ဖြိုးဇာနည် said...
လက်စွမ်းထက်တယ်ဗျာ

တကယ်ဆွဲဆောင်မူရှိတယ်

မျောသွားတယ်
May 26, 2012 at 12:38 AM
Anonymous said...
မေရေ..
ဘယ်ဖက်ရင်အုံဖက်ကမနာဘူးလား။
ဖတ်လို့အရမ်းကောင်းတယ်။
အိုင်အိုရာ
May 26, 2012 at 1:09 AM
လွင်ပြင်လှိုင်းငယ် said...
အရမ်းဖတ်လို့ကောင်းတယ်။စာဖတ်ရင်း ဆွဲခေါ်သွားနိုင်တယ်
May 26, 2012 at 1:29 AM
ညီရဲ said...
ဖတ်ရင်းနဲ့မျောသွားတာ... နောက်ဆုံးကို ရောက်မှ ဖတ်ပြီး စိတ်မကောင်း ဖြစ်သွားရတယ်... ချစ်သူတွေကို ဘယ်လို အကြောင်းကြောင့်မှ မကွဲစေချင်ပါဘူးလေ... ဖတ်လို့တကယ်ကောင်းတယ်...
May 26, 2012 at 1:44 AM
Anonymous said...
ဖတ်လို့ကောင်းလိုက်တာ ...


ခမင်လျှက်
ဆောင်းနှင်းရွက်
May 26, 2012 at 8:14 AM
စံပယ်ချို said...
စန်းထွန်းရေ ကောင်းလိုက်တာဟယ်
ဖတ်ပြီတော့ရင်ထဲမှာဟာနေတယ်
coke ကိုမဂျက်လဲမကြိုက်ဘူး တခါတရံလောက်သာ
သောက်ဖြစ်တယ် Green Tea ကို ကြိုက်တယ်
အမြဲသောက်တယ် ကော်ဖီခါးသက်သက်လေးကိုလဲ
ကြိုက်တယ် စန်းထွန်းလက်သွက်လာတယ်
ဇာတ်အိမ်ခိုင်လာတယ်
May 26, 2012 at 8:31 AM
mstint said...
ဒီလိုမှန်းစောစောကသိရင် တစ်ဝက်လောက်မှာ ဖတ်တာလေးအဆုံးသတ်လိုက်ပါတယ် စန်းစန်းရေ။
ိအဆွေးလေးနဲ့ နိဂုံးချုပ်တဲ့ဇာတ်လမ်းလေးတွေဆိုရင် စိတ်မကောင်းဖြစ်တတ်လို့ပါ း) စာရေးကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
May 26, 2012 at 9:25 AM
San San Htun said...
ဘယ်ဖက်လို့ ပြင်လိုက်ပြီ မမအိုင်အိုရာ...ထောက်ပြပေးတာ ကျေးဇူး...
May 26, 2012 at 10:44 AM
Mrs. Bagel said...
ရင်ကိုနင့်သွားတာပဲ။ :(
May 26, 2012 at 12:32 PM
ပစ်ပစ် said...
အထွန်းရယ်
ဖတ်ပြီးတော့ စိတ်မကောင်းလိုက်တာကွယ်..
ချစ်သူတွေကို ဘယ်လိုအကြောင်းနဲ့မှ
မကွဲစေချင်ဘူး
အမှတ်တရကျန်ခဲ့တဲ့ ပစ္စည်းတွေကို
ကြည့်ပြီးခံစား၇တာရင်ကွဲမတတ်ဘဲလေ..
May 26, 2012 at 1:36 PM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ဖတ်ပြီးစိတ်မကောင်းဘူးဆန်းထွန်းရယ်...
May 27, 2012 at 8:48 AM
Anonymous said...
အိမ်းးးးးးး...
May 28, 2012 at 7:46 AM
မြသွေးနီ said...
ဖတ်လို့လည်းပြီးရော ဟင်းခနဲ သက်ပြင်းချမိလျှက်သားဖြစ်သွားတယ်။ အဲ့လို အလွမ်းဇာတ်သိမ်းရတဲ့ ချစ်သူတွေဆို အရမ်းသနားမိတယ်..။
May 29, 2012 at 3:27 AM
သိင်္ဂါကျော် said...
ရင်နင့်စရာလေး.. ဖတ်လို့ ကောင်းတယ်..
May 29, 2012 at 3:44 AM
မီးမီးငယ် said...
ကိုယ်တိုင်ခံစားချက်လေးမဖြစ်ပါစေနဲ့လို့နော်..။
စိတ်ကူးယဉ်လေးဘဲဖြစ်စေချင်တာ..။
လွှမ်းဆွေးရတာကိုမကြိုက်ဘူး။
တနေ့ကွဲသွားကြမှာဆိုတာသိပေမဲ့၊
တကယ်တန်းကြုံလာရင် ကြေကွဲရတယ်နော်..။
May 31, 2012 at 5:59 PM
Anonymous said...
a yan ko good tal..
July 15, 2013 at 4:22 PM