အဆင်ပြေပါစေကွယ်...

အိပ်မပျော်သူတို့ထုံးစံအတိုင်း ဟိုဖက်လိမ့်လိုက် ဒီဖက်လိမ့်လိုက်နေရာက တခူးခူး အသံပေးကာ အိပ်ပျော်နေသည့် ညီငယ်ရဲရဲကို အမှောင်ဝိုးတဝါးထဲမှ လှမ်းကြည့်ပြီး ပြုံးမိသည်။ အိပ်မပျော်နိုင်သူများသည် အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူများကို အားကျသည်။ မနာလိုစိတ်တောင် ဝင်မိသည်။ အိပ်မပျော်သောညသည် ရှည်တာလွန်းလှသည်။ ဇွတ်မှိတ်ကာ အိပ်မပျော်သည့်အဆုံး ရဲရဲ မနိုးအောင် တံခါးကို အသံမမြည်အောင်ပိတ်ပြီး ဧည့်ခန်းဖက် ထွက်လာခဲ့သည်။ စာအုပ်ဖတ်လျှင်တော့ မျက်လုံးစင်းကာ အိပ်ချင်လာမည်။ အဲ... အရမ်းစိတ်ဝင်းစားဖို့ ကောင်းသည့်စာအုပ်ဆိုလျှင်တော့ အိပ်ချင်စိတ်ပျောက်ကာ မျက်စိတောင် ပိုကျယ်လာနိုင်သည်။

ကျွတ်... အရေးထဲ ဖတ်နေကျ စာအုပ်တွေက အိပ်ယာဘေးမှာ။ အခန်းထဲပြန်ယူစိတ်က မရှိ။ ရွှန်းမြသော လရောင်က ဧည့်ခန်းထဲ ဖြာကျနေသည်။ အိမ်ရှေ့တံခါးဖွင့်ကာ ဝရန်တာမှာ သွားရပ်တော့ လေနုအေးလေး တိုက်ခတ်လာသည်။ ခဏမျှ ပူလောင်အိုက်စက်မှု သက်သာသွားသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပြည့်ပြည့်ဝန်းဝန်း သာနေသည့် လမင်းကြီးကို တွေ့ရသည်။ သြော် ဒီနေ့ ကဆုန်လပြည့်နေ့။ ဘုန်းကြီးကျောင်းသွားခဲသော မိန်းကလေးကို ဖျပ်ခနဲ အဝေးကနေ တွေ့လိုက်ရသည်။  တချိန်က ကျွန်တော် အသည်းနင့်အောင် ချစ်ခဲ့ဖူးသော မီးငယ်......

************************************************************************

ဆယ်တန်းဖြေပြီးခါစ မီးငယ်နှင့် တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့တက္ကသိုလ်တွင် ဆုံတွေ့ခဲ့ခြင်း မဟုတ်ခဲ့ပါ။ မီးငယ်နေထိုင်သော ရက်ကွက်သို့ ကျွန်တော်တို့ မိသားစု ပြောင်းရွှေ့လာသောအခါ အိမ်နီးနားချင်းမို့ မျက်မှန်းတန်းမိသည်။ သွက်လက်ချက်ချာသော မီးငယ်၏ ဆွဲငင်အားတွင် ကျွန်တော် အရည်ပျော်သွားသည်။ မီးငယ်နှင့် သမီးရည်းစားဖြစ်ပြီး ၃လအကြာမှ ကျွန်တော့်ရည်းစား နေရီ့နှင့် ဇာတ်လမ်းပြတ်ခဲ့သည်။ မီးငယ် တောင်းဆိုမှုကြောင် ရည်းစားဟောင်း နေရီ့အိမ်ရှေ့ကို မျက်နှာပူပူဖြင့် ဖြတ်လျှောက်ရဖူးသည်။ မီးငယ်၏ အပြုံးသည် ကျွန်တော့အတွက်တော့ ဘယ်အရာနှင့်မျှ မလဲနိုင်သော ဆုလာဘ်ဖြစ်သည်။ မီးငယ်သည် တခါတရံ ထိုကဲ့သို့ ဆိုးနွဲ့တတ်သော မိန်းကလေးဖြစ်သည်။


ဆယ်တန်းဂိုက်ဖြစ်သော မီးငယ်၏ စာသင်ရာနေရာများသို့ အကြိုအပို့ ဘယ်တော့မှ ဘာအကြောင်းနှင့်မှ မပျက်ကွက်စေရ။ ဖိနပ်ဆိုင်လေးကို သူငယ်ချင်းတယောက်နှင့် စပ်တူဖွင့်ထားသော ကျွန်တော့်အတွက် မီးငယ်လိုအပ်သော အချိန်တိုင်း မီးငယ်ဘေး အမြဲတမ်း ကျွန်တော်ရှိနေခဲ့သည်။ အကိုတွေကြား တွယ်ရာမဲ့သော မီးငယ်အတွက် ကျွန်တော်သည်သာ မီးငယ်၏ တွယ်တာရာ ဖြစ်သည်။ ကျွန်တော့်ရင်ဘတ်ထဲက မြဲမြံသော အချစ်များကို မြင်ကြဟန်တူသည်။ မီးငယ် အဖေ၊ အကိုများသည် မီးငယ်နှင့် ကျွန်တော့်ကို သဘောတူသည်။ ကျွန်တော့် အမေကတော့ မီးငယ်ကို သဘာကျပုံမရ။ ကျွန်တော် ချစ်မှန်းသိတော့လည်း  အလိုက်သင့် ဆက်ဆံရှာသည်။

မီးငယ် တက္ကသိုလ်တက်တော့ မီးငယ်တို့ ကျောင်းတော်ကြီးတွင် ကျွန်တော့် ခြေရာ ထပ်နေခဲ့သည်။ မီးငယ်၏ ကို ကို တကျောင်းလုံးက မသိသူမရှိ။ မီးငယ်သူငယ်ချင်းများက ကျွန်တော့်ကို မီးငယ်အိုပါးဟု ခေါ်ကြသည်။ မီးငယ် ဖြစ်ချင်သည်၊ လိုချင်သည်များကို တချက်မှ မျက်နှာမညှိုးစေရ။ ကျွန်တော့်ရင်ခွင်သည် မီးငယ် မောပန်းသမျှ ခိုနားဖို့ ဖြစ်သည်။ မီးငယ်အတွက် ကျွန်တော်သည် ချစ်သူတယောက်၊ အကိုတယောက်၊ မိတ်ဆွေတယောက်၊ သူငယ်ချင်းတယောက် ဖြစ်သည်။ မီးငယ်သည် ကျွန်တော့်ကို တွယ်တာလွန်းသော မိန်းကလေး ဖြစ်သည်။

နိုင်ငံခြားတွင်ရှိသော မီးငယ်၏ အကိုများက နိုင်ငံခြားတွင် ကျောင်းတက်ရန် စီစဉ်လာချိန် ကျွန်တော် ခွင့်မပြုလျှင် မီးငယ် မသွားမှန်း သိသော်လည်း ကျွန်တော် တားမြစ်ငှာ မစွမ်းနိုင်ခဲ့။ အမြဲတတွဲတွဲ ရှိနေရာကနေ ခွဲခွာသွားတော့ ကျွန်တော့်မှာ ယောင်ချာချာ ဖြစ်နေခဲ့သည်။ မီးငယ်နှင့် တွေ့ရဖို့ အင်တာနက်ဆိုင် ကျွန်တော် ပိုထိုင်ရသည်။ မီးငယ်၏ အခက်အခဲများကို ကြားရသောအခါ မီးငယ်ဘေးနား ကျွန်တော်ရှိချင်ခဲ့သည်။ မျက်ရည်ဝေ့နေသော မီးငယ်ရဲ့ မျက်ဝန်း၊ ကို့ကို လွမ်းလိုက်တာဟု ဆိုလာသော မီးငယ် စကားသံကို ကြားရတော့ ကျွန်တော့်ရင်ထဲ နာကျင်မိသည်။ ခဏလေးပါ၊ ကျောင်းပြီးတာနဲ့ ပြန်ခဲ့မယ် ပြောသော်လည်း ကျွန်တော် မစောင့်နိုင်တော့ပါ။ မီးငယ် ပြန်အလာ စောင့်နေရင်း ကျွန်တော်တို့ ဝေးသွားနိုင်သည်။ မီးငယ်နှင့် နီးဖို့ကျွန်တော် ကြိုးစားမှ ဖြစ်တော့မည်။


ကျွန်တော် မီးငယ်ဆီ ရောက်ဖို့ ကြိုးစားနေချိန် မီးငယ်လည်း စာမေးပွဲတွေ အောင်ဖို့ ကြိုးစားနေသည်။ တပတ်တခါမှ နှစ်ပတ်တခါ၊ နှစ်ပတ်တခါမှ တလတခါ တွေ့ချိန်တွေ နည်းလာသည်။ ကျောင်းအားချိန် အချိန်ပိုင်းလုပ်ရင်း မီးငယ် အပိုဝင်ငွေရှာရသည်။ မီးငယ်နောက်လိုက်ရန် ကြိုးစားနေမှန်း သိသောအခါ ကျွန်တော့်သူငယ်ချင်းများက ဟားကြသည်။ ဟားချင်သလောက် ဟားကြပစေ ကျွန်တော် ဂရုမစိုက်ပါ။ ရူးလောက်အောင်မှ သူတို့ မချစ်ဖူးတာ။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး နှစ်နှစ်အကြာမှ မီးငယ်နေထိုင်သောတိုင်းပြည်ကို ကျွန်တော် ရောက်ရှိခဲ့သည်။ မီးငယ် ရုတ်တရတ် အံ့သြဝမ်းသာသွားအောင် ဖုန်းဆက်သောအခါ မီးငယ် အံ့သြသွားသည်။ သို့သော် ဝမ်းသာပုံတော့ မရ။ မအားလို့ နောက်မှ လာတွေ့မည် ဆိုသည်။ ကိစ္စမရှိပါ ကျွန်တော် မီးငယ်နေသောမြို့ကို ရောက်နေလေပြီ။

မီးငယ်ဆီ ဖုန်းဆက်တိုင်း မအားလို့ လာမတွေ့နိုင်ဟု ဆိုသောအခါ ကျွန်တော် စိုးရိမ်လာသည်။ အရင် မီးငယ်စိတ်နှင့်ဆိုလျှင် အပြေးရောက်လာမှာ သေချာပေါက် ဖြစ်သည်။ တခုခုတော့ မှားယွင်းနေပြီ။ နောင် သိရသည်က မီးငယ်မှာ ရည်းစားရှိနေပြီ။ မီးငယ်တို့ထက် အတန်းကြီးသည်။ မီးငယ်ချစ်သူသည် မီးငယ်နှင့် လိုက်ဖက်သော တည်ကြည်သော လူငယ်တယောက်ဖြစ်သည်။ မီးငယ်ကို မေးကြည့်သောအခါ မီးငယ်ကို ခွင့်လွှတ်ပါဟု ဆိုလာသည်။ ခွင့်လွှတ်သည် ဆိုသည်မှာ အပြစ်လုပ်ထားတဲ့သူတွေအတွက် အသုံးအနှုန်းဖြစ်သည်။ ခွင့်လွှတ်ရအောင်  ဘာအပြစ်မှ မီးငယ် လုပ်မထားပါ။ မီးငယ်ပိုင်သည့် ဘဝလမ်းကို မီးငယ်ကိုယ်တိုင် ရွေးချယ်နိုင်ခွင့် ရှိသည်။ မသာယာသည့် ကျွန်တော့်ဘဝထဲ မလာဖြစ်တာလည်း ကောင်းပါသည်။ မီးငယ် ဆုံးဖြတ်ချက် မမှားပါ။ မှန်ကန်သည်။  ရည်မှန်းချက်ကြီးသော မီးငယ်နှင့် မီးငယ်ရည်မှန်းချက်ကို မဖြည့်ဆည်းနိုင်သော ကျွန်တော်တို့ ဝေးကွာရခြင်းသည် မီးငယ်ကြောင့်လည်းမဟုတ်၊ ကျွန်တော်ကြောင့်လည်းမဟုတ်၊ ကံကြမ္မာကြောင့်သာ ဖြစ်သည်။ ကျွန်တော် မီးငယ်ကို အပြစ်မမြင်ရက်ပါ။


ကျွန်တော်တို့ အကြောင်းကို သိကြသူများက မီးငယ်ကို အသည်းခွဲခဲ့သူ၊ ရက်စက်လွန်းသူဟု မြင်ကြသည်။ ကျွန်တော် မပြစ်မမြင်မှန်းသိတော့ ကျွန်တော့်ကို စိတ်ဆိုးကြပြန်သည်။ ကျွန်တော် သူတို့ကို နားလည်ခွင့်လွှတ်ပါသည်။ ကျွန်တော် နစ်နာသည်ဟုထင်ကာ သူတို့ ခံပြင်းနေခြင်းသာ ဖြစ်သည်။ မီးငယ်နေရာမှာ သူတို့ဆိုလည်း မီးငယ်ကဲ့သို့ပင် ရွေးချယ်ပါလိမ့်မည်။ ညီမငယ်ကတော့ ကျွန်တော့်ကို တခါက မချင့်မရဲ ရေရွတ်ဖူးသည်။ မီးငယ်သာ ကိုလေးကို လက်မထပ်ဖြစ်ခဲ့ရင် ကိုလေး ပေးဆပ်ခဲ့တဲ့ အရာတွေအတွက် နှမြောစရာကြီးဟု ဆိုသည်။ ကျွန်တော် မီးငယ်အတွက် ပေးဆပ်ခဲ့သော အရာများသည် ကျွန်တော်ကိုယ်တိုင် လိုလိုလားလား ပေးဆပ်ခဲ့ခြင်းဖြစ်သည်။ မီးငယ်ဖက်မှ မချစ်သောနိုင်သောအခါ နစ်နာသည်၊ ဆုံးရှုံးသည်ဟုလည်း ကျွန်တော် မမြင်ပါ။ အဲဒီအချိန်တုန်းက မီးငယ် ကျွန်တော့်ကို ချစ်ခဲ့တာတော့ အသေအချာဖြစ်သည်။

ကျွန်တော်တို့ မတွေ့ကြသော်လည်း ကျွန်တော်လိုအပ်မည်ထင်သော အရာများကို သူငယ်ချင်းများကတဆင့် ပို့ပေးသည်။ ကျွန်တော် ငြင်းမည်ကြံသော်လည်း ကို့ကျေးဇူးတွေ မီးငယ်အပေါ်မှာ ရှိသည်။ နောက်ဆုံးအနေနဲ့ လက်ခံပါဟု ဆိုလာသောအခါ ကျွန်တော် မငြင်းဆန်နိုင်ခဲ့။ မီးငယ် မင်္ဂလာပွဲကို ကျွန်တော် တက်ရောက်ဖို့ မသင့်ဟု ထင်သည်။ မီးငယ်ကလည်း ကျွန်တော့်ကို မဖိတ်ပါ။ တချိန်တုန်းက မီးငယ်နှင့်တူသော သမီးလေးတယောက် ကျွန်တော် စိတ်ကူးယဉ်ခဲ့ဖူးသည်။ မီးငယ်ခင်ပွန်းနှင့် ချွပ်စွပ်တူလှသော သားသား မီးငယ် မွေးဖွားခဲ့သည်။ မြန်မာအများစုဆုံလေ့ရှိသော နေရာတွင် မီးငယ်တက္ကသိုလ်တုန်းက တွဲခဲ့သော သူငယ်ချင်းများဖြစ်သော မေ၊ ဇူးဇူးတို့နှင့် တခါတရံ ဆုံမိသည်။ အားနာဟန်တူသော အမူအယာများကို မြင်ရတော့ ကျွန်တော့်မှာ ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ထားရသည်။ ဘာမှမဖြစ်သလို နေပြသောအခါမှ သူတို့ သက်သာရာ ရသွားတတ်သည်။ ကာယကံရှင်များက ဘာမှမဖြစ်ဘဲ ဘေးလူများက မျက်နှာထားရ ခက်ဟန်တူသည်။

မီးငယ်နှင့် ကျွန်တော် ရေစက် တကယ်ကုန်သွားပုံရသည်။ တမြို့ထဲနေကြသော်လည်း ဘယ်သောအခါမှ မတွေ့မိ။ ဒီနေ့မှ ဘုန်းကြီးကျောင်းတွင် အဝေးကနေ ဖျပ်ခနဲ တွေ့လိုက်ရခြင်း ဖြစ်သည်။ မီးငယ်သည် အရင်အတိုင်း မပြောင်းလဲ။ တသားမွေးကာ တသွေးလှနေဆဲ။ မီးငယ်အမျိုးသားသည် မီးငယ်ကို အတော်ကြင်နာသည်။ သာယာပျော်ရွှင်သော မီးငယ်တို့ မိသားစုလေးကို ကြည့်ရင်း ကျွန်တော့်ရင်ထဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိသည်။

ရှေ့ဆက်မယ့် ဘဝရဲ့လမ်းထဲ အဆင်ပြေပါစေကွယ်...။


♪ ♫ ခဏလေးပါ ချစ်သူရယ်...သေချာဆက်ဆက် စောင့်နေကွယ်...
ပြန်ခဲ့မယ်ပြောခဲ့လည်း အပြီးနင်ထွက်သွားခဲ့တယ်...
လုံခြုံမှုအပြည့် မပေးနိုင်တဲ့..မသာယာတဲ့ ငါ့ဘဝအိမ်ထဲ မလာဖြစ်တာ ကောင်းပါတယ်...
နင် ထားရစ်ခဲ့နိုင်ပါတယ်...♪ ♫ ♩ ♬
အသည်းခွဲခဲ့တဲ့သူလို့ အပြစ်မပြောရက်ဘူးကွယ်...
ရက်စက်လွန်းတဲ့သူလို့ မစွပ်စွဲရက်ဘူးကွယ်....
နင်ပိုင်တဲ့ နင့်ဘဝရဲ့ လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်...
မင်းက မချစ်တော့ပေမယ့်...ငါ မုန်းမရဘူးကွယ်...
မင်းသတိမရတော့ပေမယ့်..ငါက မမေ့ဘူးကွယ်...
ငါ ဆုတောင်းပေးလိုက်ပါ့မယ်..အဆင်ပြေပါစေကွယ်...♪ ♫ ♩ ♬
တကယ်ဆို အချစ်နဲ့ ဘဝဟာကွယ်...
အကြွေစေ့ခေါင်းနဲ့ပန်းလို အမြင်မှာကျောချင်း ကပ်နေလည်း...
ဆန့်ကျင်ဖက် အရပ်သို့လှည့်... ရွှေမှုန်ကြဲတဲ့လမ်းတွေထက်...
နင် လျှောက်လှမ်းသွားလိုက်ပါကွယ်...♪ ♫ ♩ ♬
နင် ဆုံးဖြတ်ခဲ့သမျှလည်း...မမှားဘူး..မင်း မှန်ပါတယ်...
အသည်းခွဲခဲ့တဲ့သူလို့ အပြစ်မပြောရက်ဘူးကွယ်...
ရက်စက်လွန်းတဲ့သူလို့ မစွပ်စွဲရက်ဘူးကွယ်...
နင်ပိုင်တဲ့ နင့်ဘဝရဲ့ လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်...
မင်းက မချစ်တော့ပေမယ့်...ငါ မုန်းမရဘူးကွယ်...
မင်းသတိမရတော့ပေမယ့်..ငါက မမေ့ဘူးကွယ်...
ငါ ဆုတောင်းပေးလိုက်ပါ့မယ်..အဆင်ပြေပါစေကွယ်..♪ ♫ ♩ ♬
ရှေ့ဆက်မယ့် ဘဝရဲ့လမ်းထဲ အဆင်ပြေပါစေကွယ်...
ရှေ့ဆက်မယ့် ဘဝရဲ့လမ်းထဲ အဆင်ပြေပါစေကွယ်...
ရှေ့ဆက်မယ့် ဘဝရဲ့လမ်းထဲ အဆင်ပြေပါစေကွယ်... ♪ ♫ ♩ ♬

စန်းထွန်း
မေ ၁၃၊ ၂၀၁၂။

(မီးငယ်သည် အစ်မတော် မီးမီးငယ် နှင့် လုံးဝ လုံးဝ မသက်ဆိုင်ကြောင်း သိစေအပ်ပါသည် :P။ မည်သူတဦးတယောက်ကိုမှ မရည်ရွယ်ပါ။ နာမည်၊ ဇာတ်လမ်း တိုက်ဆိုင်မှုများရှိပါက နားလည်ပေးစေလိုပါသည် :D။ ဓာတ်ပုံများကို ဂူဂယ်မှ ယူပါသည်။ ပို့စ်နှင့် လိုက်ဖက်မည်ထင်သော ရန်နိုင်အောင်၏ အဆင်ပြေပါစေ သီချင်းကို Youtube မှ ယူပါသည်။)

11 comments:



လေးစားစွာဖြင့်
မြတ်

Iora said...

Good job!
Iora

rose of sharon said...


sosegado said...


သီရိရတနာ said...



San San Htun said...

ကျေးဇူး မမြတ်

San San Htun said...

Thanks, Ma Ma Iora.

San San Htun said...


San San Htun said...


San San Htun said...


San San Htun said...

မြတ်ပန်းနွယ် (Myat Pan Nwe) said...
ဝတ္တုလေးရော၊ သီချင်းလေးပါ ကောင်းလိုက်တာ။

လေးစားစွာဖြင့်
မြတ်
May 13, 2012 at 10:55 PM
Iora said...
Good job!
Iora
May 14, 2012 at 2:42 AM
rose of sharon said...
ဇာတ်လိုက်ကောင်လေးရဲ့စိတ်ဓာတ်ကိုချီးကျူးမိပါတယ်... စိတ်ဓာတ်အဆင့်အတန်းမြင့်တယ်... တကယ့်အပြင်မှာ အဲလိုမျိုးကောင်လေး မမြင်ဖူးခဲ့ဘူး
May 14, 2012 at 11:11 PM
sosegado said...
ဒါဆိုမီးငယ်ကို မချစ်ခဲ့ဘူးပေါ့၊ တွဲဖြစ်ခဲ့တာပဲ မဟုတ်လား
May 16, 2012 at 9:04 PM
သီရိရတနာ said...
♪ ♫ ငါ ဆုတောင်းပေးလိုက်ပါ့မယ်..အဆင်ပြေပါစေကွယ်.. ♪ ♫ ♩ ♬ ♭ ♮ ♯

♪♫ ရှေ့ဆက်မယ့် ဘဝရဲ့လမ်းထဲ အဆင်ပြေပါစေကွယ်... ♪ ♫ ♩ ♬
May 17, 2012 at 6:23 PM
San San Htun said...
ကျေးဇူး မမြတ်
May 18, 2012 at 9:20 PM
San San Htun said...
Thanks, Ma Ma Iora.
May 18, 2012 at 9:20 PM
San San Htun said...
ရှိပါတယ် မရို့စ်..ဒါပေမယ့် ရှားတယ်..
May 18, 2012 at 9:21 PM
San San Htun said...
တကယ်ချစ်ခဲ့တာကတော့ လုပ်ဇာတ်မဟုတ်ရပါဘူး ပိတ်သတ်ကြီးရယ်...:P
May 18, 2012 at 9:22 PM
San San Htun said...
အဆင်ပြေပါစေကွယ်..မသန္တာဆီက တီးလုံးပုံလေးတွေ ယူလိုက်တယ်..ဒန်..ဒန့်..ဒန်
May 18, 2012 at 9:23 PM