ဝေးသွားတဲ့အခါ...

မိုင်း၊ ဆူနမ်နဲ့ ရာမားတို့က ကျောင်းကို တနေ့တည်း ရောက်လာကြပြီး ကျောင်းကနေ ထွက်ခွာတော့လည်း တနေ့တည်း ထွက်ခွာသွားကြပါတယ်။ သူတို့ထက် ၃ရက် နောက်ကျပြီးမှ ရောက်လာတဲ့ စန်းထွန်းကတော့ စာမေးပွဲမှာ အမှတ်နည်းသွားလို့သူတို့ထက် ၃လ နောက်ကျပြီးမှ ကျောင်းကနေ ခွာရမှာပါ။ မိုင်းကတော့ သူကျောင်းကိုလာတဲ့နေ့က ဝတ်လာတဲ့အင်္ကျီကို ကျောင်းကနေ ထွက်ခွာတဲ့အချိန်မှာ မရည်ရွယ်ဘဲ ဝတ်ထားမိတယ်တဲ့။

စီနီယာတွေ ရှိတုန်းကတော့ မိုင်းကလည်း သူ့ဗီယက်နမ်စီနီယာနား၊ ဆူနမ်တို့ကလည်း သူတို့စီနီယာ အက်စမီတာနဲ့ကပ်နေတာပေါ့။ စီနီယာတွေလည်း ကျောင်းက ခွာတော့ ကပ်စရာလူမရှိတော့ လေးကောင်သား ကပ်ကြတာပေါ့။ အမြဲ ရထားကြီးလို တတွဲတွဲ။ မိုင်းနဲ့ ဆူနမ်က အခန်းကပ်လျက်၊ သူတို့နဲ့ မျက်နှာချင်းဆိုင်က စန်းထွန်းနဲ့ ရာမား။ မိုင်းအခန်းဆီသွားပြီး တံခါးခေါက်စရာမလိုပါဘူး။ ဆူနမ်က သူ့အခန်းထဲကနေ မိုင်းလို့ လှမ်းအော်လိုက်ရုံပါ။

မော်ဒန်အလားပိန်တဲ့ ဗီယက်နမ်မလေး မိုင်းကို Chopsticks လို့ နာမည်ပြောင်ပေးထားပါတယ်။ သူ့ခြေတံလေးက Chopsticks နဲ့တူလို့။ ပန်းရောင်ကြိုက်တာများ အကုန်လုံး ပန်းရောင်။ တခါတလေ သူ့အတွင်းခံ ဘောင်းဘီကပါ ပန်းရောင်ဆိုတဲ့အကြောင်း ပြမယ်ဆိုလို့ အားလုံးက No ရတယ်။ သူရတဲ့ အင်္ဂလိပ်သီချင်း တကြောင်း၊ နှစ်ကြောင်းကို ထပ်ခါထပ်ခါ ဆိုပြီး အသံနဲ့ နှိပ်စက်တတ်သူပါ။ Beyonce ရဲ့ I am single lady. I am single lady အစား I am pink lady. I am pink lady လို့ ဆိုတတ်သူပါ။

သူ့အင်္ဂလိပ်စာကိုတော့ အမေရိကန်တွေကလွဲရင် တို့တွေအားလုံးက နားလည်ပါတယ်။ မလေးရှား HP မှာ အလုပ်လုပ်ခဲ့ပြီး ကယ်လီဖိုးနီးယားက ကုမ္ပဏီအခွဲကို ပို့ပါတယ်။ Recession ဖြစ်တော့ ပြန်လာရတယ်။ အလုပ်အရမ်းလုပ်ရတဲ့ ဗီယက်နမ်တွေပါ။ ကွန်ပျူတာနဲ့ ပတ်သက်ရင် သူမသိတာ ဘာမှမရှိလို့ မိုင်းကပဲ အားလုံးကို စာရှင်းပြရတာပါ။ စိတ်ရင်းကောင်းတာမို့ လူချစ်လူခင်များပါတယ်။ အဲ သူမကြိုက်တဲ့သူဆိုရင်တော့ စကားတောင် ဟဟ မပြောဘူးဗျား။

အွန်လိုင်းမှာ အမြဲ  Invisible နဲ့ နေပြီး ဖုန်းကလည်း သူ့ဘဲဘဲနဲ့ တချိန်လုံး ပြောနေတတ်သူမို့ အမြဲ Inavailable ။ Invisible and Inavailable မိုင်းလို့ ခေါ်လေ့ရှိပါတယ်။ အချက်အပြ ုတ် မကွျှမ်းတဲ့သူမို့ အမြဲ ရေလုံပြုတ်။ လူပိန်သလောက် အစားကတော့ တို့တွေထက် စားနိုင်ပါတယ်။ ဗီယက်နမ်တွေ အစားသောင်းကျန်းပုံအကြောင်း Yummy ! ဆိုပြီး ပို့စ်ရေးဖူးပါတယ်။ လူက ပိန်ညောင်နေတော့ ရာသီဥတု နည်းနည်းအေးရင်ဖြင့် သွေးအားနည်းကာ ချောင်းတဟွပ်ဟွပ် ဆိုးနေတတ်ပါတယ်။

ဗီယက်နမ်မှာ ဆိုင်ကယ်မောင်းခဲ့တဲ့ မိုင်းက အုပ်စုထဲမှာ ကားမောင်းလိုင်စင် အရင်ဆုံး ရပါတယ်။ နောက်တော့ ဆူနမ်နဲ့ ရာမားကို သင်ပေးတယ်။ ဆူနမ်နဲ့ ရာမား လိုင်စင်ရတော့ ဆူနမ်က စန်းထွန်းကို သင်ပေးတယ်။ လူပိန်ပေမဲ့ အသံကတော့ မပိန်ပါ။ စိတ်မထင်ရင် မထင်သလို တပြဲပြဲ အော်ဟစ်တတ်ပါတယ်။

ခရက်ဒစ်ကဒ်လည်း သူအရင်ဆုံး ရပါတယ်။ သူ့ ခရက်ဒစ်ကဒ်ကို အကြောင်းပြုပြီး ပါတီတွေ အတော်နွှဲလိုက်ရတယ်။ ခရစ်ဒစ်စကိုးမြှင့်အောင် သုံးပေးရတယ်ဆိုပြီး တို့တွေ ဝိုင်းညစ်ကြတော့ သူ့ခရက်ဒစ်လည်း လုံးပါးမပါးရုံတမယ်။ ၆နှစ်ကြာ ဒိတ်ခဲ့တဲ့ ဂရင်းကဒ်ပိုင်ရှင် သူ့ဘဲဘဲနဲ့ နှောင်နှစ်မှာ မင်္ဂလာဆောင်မှာမို့ စတိတ်မှာ အခြေချမဲ့သူပါ။ ပင်စင်ယူတဲ့အချိန်မှာတော့ ဗီယက်နမ်ကို ပြန်ပြီး ခေါင်းချဖို့ စိတ်ကူးထားသူပါ။ ဘာသာမဲ့ပေမဲ့ ဗုဒ္ဓဘာသာအယူရှိပြီး မင်္ဂလာဆောင်ပြီးရင်တော့ သူ့ဘဲဘဲ ဘာသာ ခရစ်ယာန်ကို ပြောင်းမဲ့သူပါ။ အိုဟိုင်းရိုးပြည်နယ်က အလုပ်ရလို့ အိုဟိုင်းရိုးကို တခါတည်း သွားသူပါ။

ဆူနမ်နဲ့ ရာမားကတော့ တက္ကသိုလ်နောက်ဆုံးနှစ်ကတည်းက အလုပ်ဝင်တော့လည်း အတူတူ ကျောင်းကို ရောက်လာတော့လည်း အတူတူ ကျောင်းကနေ ထွက်ခွာတော့လည်း အတူတူ။  မေရီလန်းက သူတို့ စီနီယာ အက်စ်စမီတာဆီသွားနေပြီး အင်တန်း အလုပ်ရှာ၊ Distance Education တက်ရမှာပါ။ အက်စ်စမီတာမန်ချေးက သူ့အိမ်မှာ အခန်းတခန်း၊ အစားအသောက်၊ လေယာဉ်လက်မှတ်က အစ အကုန်ခံပေးတာပါ။ သူတို့အကြောင်း သူ့နောက်လိုက်နေပုံများဆိုပြီး ပို့စ်ရေးဖူးပါတယ်။

သန့်စင်ခန်း ခြားနေတာတောင် အီရန်မနစ်ကူးခမျာ ရှေ့ခန်းကို ပြောင်းပြေးရလောက်အောင် လူကောင်သေးပေမဲ့ ရာမားရဲ့ရယ်သံက မသေးပါ။ ဟင်းချက်ကောင်းတဲ့ ရာမားချက်သမျှကို စားပြီး ဆူနမ်မှာ ပေါင်၂၀ တိုးလာပါတယ်။ ပြိုင်ချင်တဲ့ စိတ်ကလေးရှိပေမဲ့ သဘောမနောကောင်းသူပါ။ မသိတဲ့သူဆိုရင် စကားမပြောပေမဲ့ ခင်သွားရင်တော့ နားငြီးအောင် ပြောတတ်သူပါ။ အလှအပရေးရာ ကျွှမ်းကျင်သူမို့ မိုင်းနဲ့စန်းထွန်း အလှအပရေးရာမှန်သမျှ ရာမားဆီမှာ အကြံညဏ်တောင်းခံရတာပါ။  ချောမောပြီး ညဏ်ကောင်းတဲ့ ရာမားကို နီပေါကောင်လေးတိုင်းက ချိတ်ချင်ပေမဲ့ ဆူနမ်ရဲ့ဗလကို ကြောက်လို့ ငြိမ်နေရသဗျား။

အုပ်စုထဲမှာ အသက်အငယ်ဆုံးပေမဲ့ ဗလအကြီးဆုံး၊ အမကြီးတယောက်လို စောင့်ရှောက်တတ်တာက ဆူနမ်ပါ။ စိတ်ရင်းလည်း အတော်ကောင်းရှာပါတယ်။ သဘောကောင်းတော့ မိုင်းနဲ့ ရာမား ညစ်သမျှကို ခံရတာပါ။ ဘာလုပ်လုပ် စေ့စပ်သေချာစွာ လုပ်တတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူပါ။ ပေါင်၂၀တိုးလာလို့အာလူးကြော် မစားရဘူးဆိုပြီး ရာဇသံပေးထားတဲ့ ရာမားကြောင့် စန်းထွန်းအခန်းမှာ ခိုးကြောင်ခိုးဝှက် အာလူးကြော် လာတီးရတဲ့သူလေးပါ။

ဆူနမ်နဲ့ ရာမား ဒံပေါက်ချက်နည်းကို ယူကျူ့ကနေ ကြည့်ပြီး လက်တည့်စမ်းသမျှကို ကောင်းလိုက်တာ ကောင်းလိုက်တာလို့ ပြောပြီး မိုင်းနဲ့ စန်းထွန်း နှစ်ကောင်က ကပ်ကပ်တီးလေ့ရှိပါတယ်။ ငပျင်းနှစ်ကောင် မိုင်းနဲ့စန်းထွန်းကတော့ ချက်ဖို့ ပျင်းလို့ အပြုတ်တွေနဲ့ နှစ်ပါးသွားပေမဲ့ ဆူနမ်နဲ့ ရာမားကတော့ နေ့တိုင်းနီးပါး ချက်ပြုတ်ကြတာပါ။ ချက်ပြုတ်ရမှာ ပျင်းလာရင် အိန္ဒိယနဲ့ တရုတ်ဘူဖေး တဘူးစီ ဝယ်ပြီး အတူတူ စားတတ်ကြပါသေးတယ်။ ရာမားကော်ဖီဖျော်တာ ကောင်းတယ်ဆိုပြီး တို့တွေက ညာညာ ဖျော်ခိုင်းတတ်သေးတယ်။

တယောက်စိတ်ထားကို တယောက်သိပြီး တကယ့်ကို တသွေးတည်း တသားတည်း ရှိတာပါ။ သူငယ်ချင်းလို ညီအမလို  ရဲဘော်ရဲဖက်တွေလိုပါပဲ။ အဆောင်မနေဖူးတဲ့ စန်းထွန်းအတွက်တော့ ပထမဆုံး အဆောင်အတွေ့အကြုံပါ။ သူငယ်ချင်းကောင်းတွေရှိရင် အဆောင်နေကျောင်းသူဘဝက အတော့်ကို ပျော်ဖို့ကောင်းပါတယ်။

ကားမောင်းသင်တုန်း ထပ်ခါတလဲလဲ အမှားလုပ်တဲ့ စန်းထွန်းကို ဆူနမ်က စိတ်တိုလာပါတယ်။ ဆရာပဲ ညံ့နေလို့လားပေါ့။ မိုင်းက အော်ဟစ်ဖို့ ဆူနမ့်ကို အကြံပေးပါတယ်။ ဆူနမ်က ဘရိတ် ဘရိတ်လို့ အော်ဟစ်လိုက် စန်းထွန်းကလည်း ဒီမှာ ဒီမှာ ဘရိတ်နင်းထားတယ်လို့ ပြန်ဟစ်လိုက်။ ကမ္ဘောဒီယားက ဆမ်နမ်ချန်က ဂျူနီယာ တရုတ်‌ပေါင်၊ ကမ္ဘောဒီယား ချန်ထရီယာတို့ကို ကားမောင်းသင်ပေးပုံက ဒီလို။ လမ်းဖြတ်ကူးတဲ့ သူကို တွေ့ရင် တိုက်ပစ်လိုက်၊ အကွေ့မှာ မိန်းလမ်းမကြီးက ကားတွေ့ရင် ဝင်အောင်းလို့ အော်ဟစ်ပြီး သင်ပေးတာတဲ့။ ဆူနမ်က တော်သေးတာပေါ့။  နှစ်ကောင်သား အဟစ်ကောင်းတာ ဂျူနီယာယန်းဇိခမျာ ဆူနမ့်ကို ကြောက်ပြီး ကားမောင်းမသင်ခိုင်းတော့ပါဘူး။ တို့တွေအတွက်ကတော့ အချင်းချင်း အော်ဟစ်နေတာ ဘာမှ မဖြစ်ပေမဲ့ သူစိမ်းအမြင်မှာတော့ ထူးဆန်းနေမှာပေါ့။

မခင်တုန်းကတော့ တယောက်ပန်းကန် တယောက် မနှိုက်ပါဘူး။ ခင်လည်း ခင်ရော တယောက်ပန်းကန် တယောက်နှိုက်၊ မိုကာတခွက်ကို လေးယောက် ဝိုင်းသမ။ တယောက်ကို တယောက်နှိပ်ကွက်။ လွန်ခဲ့တဲ့ နှစ်ပတ်က ဆူနမ်က ပိုကာဒေါင်းနည်း သင်ပေးပါတယ်။ ပိုကာမဒေါင်းတတ်တဲ့ စန်းထွန်းကိုပါ သင်ပေးပြီး အမှတ်၁၀၀ ရတဲ့အထိ ဆော့ကြတာပါ။ လောင်းကစား လာဘ်မရှိတဲ့ စန်းထွန်းကတော့ အမြဲ စတုတ္တနေရာ လေးယောက်မှာ။ တခါက ပိုက်ဆံကြေးဆော့မယ်ဆိုပြီး ရှိသမျှ အကြွေတွေကို ယူပြီး ဆော့ကြလေရဲ့။ မိုင်းနဲ့စန်းထွန်းဆီက တကျပ်ကျော်ကို ဆူနမ်နဲ့ ရာမား သမသွားကတည်းက နောင်များ ပိုက်ဆံကြေးဆို စန်းထွန်းနဲ့ မိုင်းက နိုး။

ဘီယာကြိုက်တဲ့ ရာမားနဲ့ မိုင်းက ဈေးအပေါဆုံး ဘီယာနှစ်ဘူး၊ ခါးတာမကြိုက်တဲ့ ဆူနမ်နဲ့ စန်းထွန်းက ဝိုင်သောက်ပြီး ပါတီတခါတလေ နွှဲပါတယ်။ နည်းနည်းလေးသောက်ပြီး များများလေးမူးကာ အန်တတ်တဲ့ စန်းထွန်းကို ပါးစပ်ထဲ ဆားထည့်ပေး၊ ရေနွေးနွေးလေးထဲ သံပုရာသီးညှစ်ပြီးတိုက်၊ ဆေးတိုက်ရတာနဲ့ သူတို့ရဲ့ ဇရက်မင်း စည်းစိမ်ပျောက်။ နောင် စန်းထွန်းကို မတိုက်တော့ဘူး ပြောပေမဲ့ နည်းနည်းလေး မူလိုက်ရင် မိုင်းဆီက တငုံ၊ ရာမားအလစ်မှာ တငုံ ငုံလိုက်နဲ့။ မိုင်းနဲ့ ရာမားလောက်တောင် မသောက်ပဲနဲ့ စန်းထွန်း မူးတိုင်း ဆူနမ်က ပြိုင်သောက်ခိုင်းတဲ့ ရာမားနဲ့ မိုင်းကို ကြိမ်းတတ်လေရဲ့။

ဈေးဝယ်ပြီးလို့ ဈေးခြင်းတောင်းထဲ စားလက်စ ရေခဲမုန့်အမှိုက်တွေထားတဲ့ ကျွှပ်ကျွှပ်အိတ်ကို မိုင်းက သိမ်းစရာမလိုဘူး သူတို့ သိမ်းလိမ့်မယ်၊ ဗီယက်နမ်မှာဆိုရင် အဲလိုတဲ့။ ဆူနမ်၊ ရာမားက ကျွှပ်ကျွှပ်အိတ်ကို ပြန်သိမ်းသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။ စန်းထွန်းကတော့ ကိုယ့်အမှိုက် ကိုယ်သိမ်းရမယ်ဆိုပြီး သွားသိမ်းပါတယ်။ "Vietnamese says no need. Nepali comments it should not be like that. Finally Burmese does the right thing." လို့ မိုင်းက ပြောလေ့ရှိပါတယ်။ မတူညီတဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကြားထဲက တူညီတာတခုတတော့ တယောက်ကိုတယောက် ရိုင်းပင်းကူညီစောင့်ရှောက်ကြတာပါ။


အခုတက်နေတဲ့ ဂျူနီယာထဲ ၃၆ ယောက်မှာ မိန်းကလေးဆိုလို့ ယန်းဇီတယောက်တည်း ပါပါတယ်။ တဦးတည်းသော သားသမီးတွေဖြစ်တဲ့ တရုတ်တွေက တယောက်တည်းနေတာ အကျင့်ပါနေပြီ။တရုတ်ကျောင်းသား တွေကလည်းများတော့ ယန်းဇီက သူတို့တွေနဲ့ လုံးနေတာပေါ့။

အမြဲတတွဲတွဲ လေးယောက်ကနေ ခုလို ၃ယောက်က တပြိုင်နက်တည်း ခွဲခွာသွားတော့ ကျန်နေတဲ့ စန်းထွန်းခမျာ တယောက်တည်း ယောင်ချာချာ။ စကားသံတွေ ဆိတ်သုဉ်း၊ ရယ်သံတွေ ခြောက်ကပ်ကာ အရာအားလုံး တိတ်ဆိတ်သွားသလို ခံစားရပါတယ်။ အရင်တုန်းကတော့ ဘာဖြစ်ဖြစ် ဆူနမ်၊ ရာမား၊ မိုင်းရှိတယ်ဆိုပြီး အားရှိပေမဲ့ ခုတော့ တယောက်တည်းဆိုတဲ့ အသိက အတော့်ကို ဝမ်းနည်းတာပါ။ စလုံးလို သေးတဲ့ နေရာမှာတောင် အိမ်နီးနီးလေးနေပြီး မတွေ့ဖြစ်တာ စတိတ်လို ကျယ်တဲ့ နေရာမှာတော့ နောင်တွေ့ဖို့ဆိုတာ အတော့်ကို ရေစက်ရှိမှပါ။ ကိုယ်တိုင်လည်း အင်တန်းဆင်းတဲ့အချိန် ဘယ်ဆီဘယ်ဝယ်ရောက်မယ်မသိ။

ပရောဂျက်တွေ ပိ၊ အိမ်စာတွေနဲ့ ဘီးစီး၊ အစားအသောက် မကောင်း၊ ရာသီဥတု အေးနဲ့ ပင်ပန်းလွန်းတဲ့ ကျောင်းသားဘဝမှာ ဆူနမ်၊ ရာမား၊ မိုင်းတို့ကြောင့် ပျော်ရွှင်ခဲ့ရတာပါ။ တယောက်အခက်အခဲကို ဝိုင်းကူဖြေရှင်း၊ စိတ်ဓာတ်ကျနေချိန်မှာ အားပေးနဲ့ အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာပါ။ တယောက်တည်း ရပ်တည်နိုင်အောင် စန်းထွန်းကလည်း ကြိုးစားရင်း၊ ဆူနမ်၊ ရာမားကလည်း အလုပ်ရအောင် ကြိုးစားရင်း၊ မိုင်းကလည်း အလုပ်အသစ်မှာ အဆင်ပြေအောင် ကြိုးစားရင်း ဒီနေ့မှာတော့ တို့တွေရဲ့ဘဝစာမျက်နှာသစ် တချက်ဖွင့်လိုက်ကြပါပြီ။

အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်နေတဲ့ မိုင်း၊ အမြဲ အားငယ်တတ်ပြီး  နီပေါက မိဘဆွေမျိုးတွေကို လွမ်းနေတတ်တဲ့ ရာမား၊ အိန္ဒိယမှာ ကြီးပြင်းခဲ့လို့  မကြိုက်တဲ့ နီပေါတချို့ ဓလေ့ထုံးစံတွေကို တော်လှန်ပုန်ကန်နေတဲ့ ဆူနမ်၊ အရာရာကို မိဘ၊ မကြီးကြောင့် လွယ်လွယ်ကူကူ ရခဲ့ပေမဲ့ စတိတ်ရောက်မှ အရာရာ ခက်ခဲနေလို့ လက်ပစ်ကူးနေတဲ့ စန်းထွန်း ။ တနေရာစီ ဝေးသွားပေမဲ့ စိတ်ထဲနီးနေပါတယ်။ ဆင်းရမဲ့ ဘူတာရောက်လို့ မိုင်း၊ ဆူနမ်၊ ရာမားတို့ ဆင်းသွားပေမဲ့ စန်းထွန်းတယောက်ကတော့ ဘဝရထားကြီးကို ဆက်စီးနေရင်း....

မိုင်း၊ စန်းထွန်း၊ ရာမား၊ ဆူနမ်တို့ Dashain ပွဲတော်မှာ ပဲပိကာ စက်ဆီ၊ ချောဆီ ထုတ်နေပုံ

စန်းထွန်း
အောက်တိုဘာ ၁၈၊ ၂၀၁၁။

14 comments:

Anonymous said...

မိစံတို့ငယ်ငယ်ကတော့
သူငယ်ချင်းတွေ..ခွဲခါနီးကျရင်
စောင်အုပ်ပြီး တစ်ယောက်တစ်ချက်ရိုက်ကြတယ်လေ
စန်းထွန်းကော..အဲလိုမလုပ်လိုက်ဘူးလား :P
အားမငယ်ပါနဲ့စန်းထွန်းရယ်
သုံးလပဲ ကျန်တော့တာမှုတ်လား?
ဒီလိုပဲ..ဟိုလှည့်..ဒီလှည့်နဲ့ပြီးသွားမှာပေါ့ကွယ်း)
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

စံပယ်ချို said...

လေးယောက်စလုံးတစ်ယောက်တစ်မျိုး
ချစ်ဖို့ကောင်းတယ် အဲပြုံးလေးတွေလဲ
ဖြူစင်နေတယ်နော်...
သိပ်မကြာတော့ပါဘူး၃လပဲဟုတ်လား
အားတင်းထားစမ်းပါ အချစ်လေးရေ..
အာဘွား

ညိမ်းနိုင် said...

ဒီပို့စ်လေးကတော့ ရှေ့ပိုင်းမှာ ရီပြုံးရပေမယ့် နောက်ပိုင်း
ကျတော့ အလွမ်းတွေ ဝေသီနေလိုက်တာ...။ဖြူစင်တဲ့
သူငယ်ချင်းသံယောဇဉ်လေးကို ခံစားရတယ် စန်းထွန်း
ရေ...၊ဘဝဆိုတာဒီလိုပါပဲ စန်းထွန်းရာ...၊ဆန်ဆုံစား ကံ
ကုန်သွားကြရသပေါ့....၊အင်း...ပြောမယ့်သာပြောရ ဒီလို
ဘဝမျိုးလေးကို ဘယ်တော့မှပြန်မရနိုင်တော့ဘူးနော်...။
စန်းထွန်းတို့ နောင်တစ်ချိန်ပြန်တွေကြရင် ရှေးဟောင်း
နှောင်းဖြစ်လေးတွေအဖြစ် ပြန်စမြုံပြန်စရာလေးတွေပေါ့။
ဘာပဲဖြစ်ဖြစ် အားတင်းထားစန်းထွန်းရေ....။

မြသွေးနီ said...

ချစ်ခင်တွယ်တာရတဲ့ သူငယ်ချင်းတွေရဲ့ သံယောဇဉ်က တကယ်ခိုင်မြဲလှပါတယ်။ ခွဲခွာရတဲ့အခါ ၀မးနည်းလို့ မဆုံးခံစားရပါတယ်။ ချစ်စရာသူငယ်ချင်းများရဲ့ သံယောဇဉ်ကို မြင်တွေ့ခွင့်ရလိုက်ပါတယ်။ ( စန်းထွန်းက ချစ်စရာလေး.. မြင်ဘူးသွားပြီ) :)

mstint said...

စန်းစန်းရဲ့ သူငယ်ချင်းတွေ နာမည်လေးတွေတောင် မကြာခနဖတ်ဖြစ်လို့ ရင်းနှီးနေပြီး)
ဘဝဆိုတာ ဒီလိုပဲပေါ့ကွယ်။ ဆုံဆည်းပြီးရင် ဝေးကွာကြရမှာ ဓမ္မတာပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

ငိုမနေနဲ့ဦးနော်။
တွေ့ဆုံခြင်းဟာ ခွဲခွါခြင်းရဲ့ နိဒါန်း ဖြစ်လေတော့ အခုလို ခွဲခွါသွားရတာ မဆန်းပါဘူး။ အတူနေတုန်း အချင်းချင်း နားလည်မှုရှိရှိနဲ့ အဆင်ပြေကြဖို့ဘဲ အရေးကြီးပါတယ်။

ဆိုရိုးစကားရှိတယ်။ ပြုံးနေတုန်း ခွဲတာ ကောင်းတယ်တဲ့။

ခင်မင်လျှက်

San San Htun said...

ငိုမနေနဲ့ ဦးနော်လို့  ပြောပေမဲ့ ထစ်ခနဲဆို မျက်ရည်ကအရင်ကျတတ်တဲ့ စန်းထွန်း ငိုပြီးနေပြီ တဂျီးမင်းရေ ။ စလုံးကနေ စတိတ်ကို ထွက်လာတုန်းက တခါ၊ ခုတခါ တော်တော် ဝမ်းနည်းတယ်။

ယောက္ခမဂျီး said...

စန်းထွန်းရေ ...
ကျောင်းပြီးလို့ ဘယ်ကို သွားမှာလဲ
တကယ်လို့များ အဆင်မပြေဘူးဆိုရင်
ယောက္ခမတို့ဆီ လာနေလို့ရတယ်နော်
သတိရလိုက်ပါ။

San San Htun said...

ယောက္ခမကြီးရေ သိုင်းကျူး...စိတ်သာချ လာလည်မှာ ခင်ဗျား...ယောက္ခမကြီးရဲ့  လက်ရာတွေကို ဘလော့ကနေပဲ သားရေတများများကျနေရတာ..လာလည်မှပဲ အပီဝါးတီးမှာ...း)

Angelhlaing(May everybody be happy and healthy! said...

အချိန်လေးကျန်သလောက်မှာ အမှတ်တရတွေ ချန်လို့ရသလောက် ချန်သာချန်ခဲ့ စန်းထွန်းရေ...နောက်ပြန်တွေးရင်းနဲ့ လွမ်းစရာတစ်သိမ့်သိမ့် လှပတဲ့ အတိတ်လေးတွေ အဖြစ်နဲ့ပေါ့....:)

မေသိမ့်သိမ့် ကျော် said...

သူငယ်ချင်းတွေ ခွဲရခါနီးပြီဟေ့ဆိုရင် ပိုချစ်လာတယ်။ ပိုတွဲမိလာတယ်။ ခွဲရတဲ့အခါ အရမ်းကိုခံစားရတယ်။

ခင်တဲ့
မေသိမ့်

ညီလင်းသစ် said...

သူငယ်ချင်း တစ်ယောက်စီရဲ့ အကြောင်းကို အသေးစိတ် ရေးထားလို့ ပေါ်လွင်တဲ့အပြင် အဆုံးမှာ ဓါတ်ပုံနဲ့ပါ တွဲကြည့်ရလို့ တကယ်ပဲ လိုက်ဖက်တဲ့ လေးယောက်ဆိုတာ သံသယ မရှိပါဘူး၊ ဒီလိုမျိုး ချစ်စရာ ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတာ အမြဲပဲ မသက်မသာနဲ့ ဝမ်းနည်းတတ်ကြတာ သဘာဝပါပဲ၊ အလွမ်းတွေ မှိန်ဖျော့ပြီး အမြန်ဆုံး အောင်မြင်ပါစေဗျာ။

Anonymous said...

http://www.eastwindburma.net/bur/index.php?option=com_content&view=article&id=969:2011-02-20-15-24-04&catid=71:2010-12-26-16-06-19&Itemid=415

မြေလျှိုးလို့ မိုးပျံဂူအောင်းလို့ နေသော်လည်း

အတိတ်ကံဆိုး ကြုံလာတိုးက

နွားခြေရာနောက် လှည်းဘီးလျှောက်သို့

လွတ်ရိုးထုံးစံမရှိပြန်ဘူး
ဆဒမ်ဟူစိန် ငူငူလေးထိုင်

သေနတ်ကိုင်လို့ သေနေတဲ့ ကဒါဖီပုံရိပ်
အတိတ်သင်ခန်းစာ မြင်အောင်ကြည့်ကြစမ်းပါ

လူမိုက်ဆိုတာ ဂျိုပါပြီးသားမို့

လွတ်စရာလမ်းမရှိ ကူသူလည်းနတ္ထိ

စမ်းစစ်ကြည့် အနိုင်ယူခြင်းရဲ့ နိဂုံး

အဆုံးသတ်မှာတော့ လူမိုက်ဆိုတာ

အရှုံးနဲ့ ပဲသေဆုံးရမှာပါ...

ဟန်ကြည် said...

ဘ၀ဆိုတာ ဒီလိုပါပဲလေ...တွေ့ကြဆုံကြ ခင်ကြချစ်ကြ ပြီးတော့ ခွဲခွာကြပါပဲ...အတူနေသူငယ်ချင်းတွေ။ စိတ်ရင်းချင်းသိပြီးသားသူငယ်ချင်းတွေနဲ့ ခွဲရကာစမှာ အနေခက်ပြီး ၀မ်းနည်းသလိုဖြစ်တတ်တာ သဘာဝပါ။ သူငယ်ချင်းအသစ်တွေကိုလည်း အဟောင်းတွေလောက် ပေါင်းလို့ကောင်းမယ်မထင်လို့ မပေါင်းချင်ပြန် သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံဖို့ကလည်း မလွယ်ပြန်ဆိုတော့ လောလောဆယ်အခိုက်အတန့်ဟာ အခက်ခဲဆုံးဖြစ်မယ်မှန်း မှန်းလို့ရပါရဲ့...တစ်ချိန်ချိန်မှာတော့လည်း အနည်ထိုင်သွားမှာပါလေ...ကျောင်းတုန်းက ခုနစ်နှစ်ကျော်တွဲခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းပြီးလို့ ခွဲရတော့လည်း ၀မ်းနည်းခဲ့ရတာပါပဲ...ဒါပေမယ့် တာဝန်တွေပိလာတော့လည်း သတိရတစ်ချက် မေ့တစ်ချက်ပေါ့လေ...တစ်ကယ်တော့ ငယ်ဘ၀၊ ကျောင်းသားဘ၀ဆိုတာ နောက်တစ်ခါပြန်မရနိုင်တော့တဲ့ အိပ်မက်တစ်ခုပါပဲ...

အစစ အဆင်ပြေပါစေဗျား...