အိုင်အိုဝါသွား တောလား...

လွန်ခဲ့သော တနင်္ဂနွေနေ့က အိုင်အိုဝါစီးတီးဆီ အလည်အပတ် ရောက်ခဲ့ပါတယ်။ ခရီးဖြစ်လာပုံက ဆူနမ်တို့က ဖုန်းစင်းကဒ်(sim card) ဝယ်ချင်လို့၊ ဗီယက်နမ်အစားအစာဆိုတာ ရေလုံပြုတ်တင်မဟုတ်ဘဲ အရမ်းစားကောင်းတယ်ဆိုတာကို  မိုင်း(ဗီယက်နမ်မလေး)က ဗီယက်နမ်စားသောက်ဆိုင်မှာ သက်သေပြချင်လို့၊ ကားမောင်းလိုင်စင် ပူပူနွေးနွေး ရထားတဲ့သူတွေကလည်း မြို့ပြင်ထွက်မောင်းရင်း လိုင်စင်မရသေးတဲ့သူတွေကို ဆရာလုပ် အဲလေ..သင်ကြားပြသချင်လို့။

NUS Business School Canteen မှာ ဗီယက်နမ်စာ စားပြီးကတည်းက ဗီယက်နမ်စာဆိုတာ ဆားမပါ၊ ပေါ့ရွှတ်ရွှတ်၊ ရေလုံပြုတ်လို့ သိထားတာ။ မိုင်းစားနေတဲ့ ရေလုံပြုတ်တွေက ပိုပြီးသက်သေပြနေသလို။ ဗီယက်နမ်စာဆိုတာ tasteless လို့ စတိုင်း ဗီယက်နမ်စာ အရမ်းကောင်းကြောင်း မိုင်းက သက်သေပြချင်နေတာ။ သွားမဲ့နေ့မတိုင်ခင် မိုင်းက နေမကောင်းဖြစ်တော့  ဝါးတီးတပွဲလွတ်သွားတယ်...:D ။

စင်္ကာပူမှာဆိုရင် စင်းကဒ်ကို ထုတ်ပြီး တခြားဖုန်းမှာ ထည့်လို့ရပါတယ်။ စတိတ်မှာတော့ ဖုန်းကိုဖွင့်ပြီး စင်းကဒ်ရှာတာ မတွေ့ပါဘူး။ မကြိုက်လို့ ပြောင်းရင် နောက်ဖုန်းတလုံးပဲ။ ဖုန်းတလုံး ဖုန်းနံပါတ်တခု။ အသက်သာဆုံး unlimited ပလမ်က တလ ၄၀။ prepaid က ဒေါ်လာ ၃၀ဆို မိနစ် ၁၀၀၀ ရပါတယ်။ ၁လ၊ ၂လ၊ ၃လ အတွင်း မိနစ်တွေ သုံးလို့ရတာက လိုင်း(carrier)ပေါ်မူတည်ပါတယ်။ Gmail ကနေ ဖုန်းခေါ်လို့ရတော့ ဖုန်းဆိုတာ အင်တာနက် မသုံးတဲ့အခါမှ သုံးဖြစ်ပါတယ်။ ချွှေတာခြိုးခြံရတဲ့ ကျောင်းသားဘဝမှာ တလကို ၄၀ ဖုန်းအတွက်သုံးရတာ သိပ်များလွန်းပါတယ်။ prepaid ကလည်း သိတဲ့အတိုင်း အထွက်ရော၊ အဝင်ရော မိနစ်တွေ ဖြတ်တာပါ။ ဖုန်းခေါ်လို့ မကိုင်လည်း မိနစ်တွေ ဖြတ်တာပါ။ ဒီတော့လည်း "charge too much." အစား "eat too much"လို့ အမွန်းတင်လေ့ရှိပါတယ်။

သက်သာတဲ့ဖုန်းကျတော့လည်း ဖုန်းခေါ်ရုံသာရပြီး ကင်မရာတောင် မပါ။ လူဆိုတာလည်း ခက်သား။ ကိုယ်သုံးနေကျ ဖုန်းမှ ကိုင်ချင်တာလား။ ဒီလိုနဲ့ သက်သာရာကို ရှာဖွေတော့ T-Mobile မှာ စင်းကဒ်ထည့် သုံးလို့ရပြီး ဒေါ်လာ၃၀ ကို မိနစ် ၁၅၀၀တောင်ရ ၃လခံတဲ့ prepaid ကို တွေ့တော့ ဝယ်ဖို့ကြံစည်ပါတယ်။ ဒီလိုနဲ့ ၁နာရီလောက်မောင်းရတဲ့ အိုင်အိုဝါပြည်နယ်ရဲ့ ဆဋ္ဌမမြောက်အကြီးဆုံး အိုင်အိုဝါစီးတီးကို ခြေဆန့်ခဲ့ကြပါတော့တယ်။


လမ်းဘေးဝဲယာတလျှောက်  ပြောင်းဖူးစိုက်ခင်းတွေနဲ့ ရာသီဥတုကလည်း ဆောင်းဦးဝင်စဆိုတော့ အအေးမပိုဘဲ ခြေခင်းလက်ခင်း သာလှပါတယ်။ လမ်းတလျှောက် တွေ့တဲ့ ဆိုင်းဘုတ်တွေကို ကြည့်ပြီး  လိုင်စင်ရပြီးသားသူတွေက မရသေးတဲ့သူတွေကို စာမေးပွဲ စစ်သလိုမေး။ ဖြေတဲ့သူကလည်း ပေါက်ကရဖြေလိုက်၊ နွားစားကျက်ခင်းတွေနားဖြတ်ရင် နှာခေါင်းလေးတွေ ပိတ်လိုက်နဲ့ အိုင်အိုဝါစီးတီး ရွှေမြို့တော်ကြီးကို GPS အားကိုးနဲ့ ရောက်ခဲ့ပါတယ်။

Wal Mart ကို ရောက်တော့ စင်းကဒ်ကို အိုင်အိုဝါစီးတီးမှာ ဝယ်လို့မရပါဘူးတဲ့။ အိုင်အိုဝါပြည်နယ်ရဲ့ မြို့တော် ဒက်စ်မွိုင်း Des Monies မှာမှ ဝယ်လို့ရပါတယ်တဲ့။ အိုင်အိုဝါစီးတီးကနေ ဒက်စ်မွိုင်းကို ၂နာရီလောက် မောင်းရပါတယ်။ ရောက်တဲ့အတူတူ မထူးပါဘူးဆိုပြီး ဟိုကြည့်ဒီကြည့်။ Asian Market သွားမယ်ဆိုပြီး မြို့ထဲကို ဝင်တော့ နေဝသန်ညွှန်းတဲ့ နာမည်ကျော် အိုင်အိုဝါ တက္ကသိုလ်ကြီးကို ကားပေါ်ကနေပဲ ငေးခဲ့ရပါတယ်။ ကျောင်းပရဝုဏ်က တော်တော်ကျယ်ပါတယ်။ အဆောက်အဦးတွေက စနစ်တကျ၊ သစ်ပင်ပန်းမန်တွေ၊ ကျောင်းနားဖြတ်စီးဆင်းနေတဲ့ မြစ်နဲ့ နာမည်ကြီးလည်း ကြီးလောက်ပါပေတယ်။ ကားမောင်းရင်တောင် နာရီဝက်ကျော်လောက် မောင်းရမယ်။ Indiana Fort Wayne Purdue University ထက် အတော့်ကို ကျယ်ပါတယ်။


လူနာတင်ယဉ် ဥသြဆွဲပြီးလာတော့ ကြောက်ကြောက်လန့်လန့် လမ်းဘေးချရပ်။ လူနာတင်ယဉ်ကျော်သွားတော့ လမ်းကို ရုတ်တရတ် ကွေ့ချတော့ ကားက ပလက်ဖောင်းပေါ် ကျော်တက်သွားချိန်မှာ အော်လိုက်ကျတာ လက်ပံပင်ဇရက်အုပ် ကျသလို။ တလမ်းမောင်းကို မှားပြီး ဝင်ချသွားတော့ သူများအိမ် ကားပါကင်မှာ အသာလေးခပ်တည်တည်ဝင်ပြီး လမ်းကြောင်းပြန်တည့်။ မြို့ထဲမှာ ရှုတ်ရှပ်ခတ်နေတာ့ တောသားမြို့တက်တွေမှာ မျက်လုံးလေး ကလည်လည်။ အရေးထဲ GPS လမ်းညွှန်တဲ့အတိုင်း သွားရင်းက ကျော်သွားလို့ လမ်းတွေမွေ့။

အလာတုန်းက ဘူဖေးကို နင်းကန်စားမယ် ဗိုက်ကို ရှင်းထားဆိုပြီး ဆူနမ်က ဒိုင်ဂျင်း(အစာကြေဆေး) ဝေပါတယ်။ သူ့ဆေးက တကယ်အစွမ်းပြလာပြီ။ ညနေ၄နာရီ ထိုးပြီကိုး။ နောက်ဆုံး Asian Market မတွေ့လည်း HyBee မှာ ဘူဖေးဝင်စားမယ်ဆိုပြီး ဖုန်းလှမ်းဆက်ပြီး လိပ်စာလှမ်းတောင်းရပါတယ်။ လိပ်စာအတိအကျ ပေးတော့မှလည်း GPSက မှန်မှန်ကန်ကန် ညွှန်းပါတယ်။

ဒါလည်း လည်နေတုန်းပါပဲ။ မဖြစ်ချေဘူးဆိုပြီး ကားအကြီးတွေ ရပ်နားထားတဲ့ ကားပါကင်မှာ ရပ်ပြီး GPSကို ပြန် restart၊ ဖုန်းလှမ်းဆက်မေး။ ယောကျ်ားလေးတွေ အလုပ်များနေချိန်မှာ မိန်းကလေးတွေကလည်း အလုပ်ရှုပ်နေပါတယ်။ တယောက်တလှည့် ဓာတ်ပုံရိုက်၊ ဘေးကနေ ဆပ်ပြာပူဖောင်းလေးတွေ မှုတ်ပေး။ ဒါမှ ဓာတ်ပုံထဲမှာ ပန်းတွေနဲ့ဝေ အဲလေ...ပူဖောင်းလေးတွေ ဝေနေမှာကိုး။ လုံခြုံရေးအစောင့်က လာပြီး ဓာတ်ပုံရိုက်လို့ မရဘူးလို့ လာပြောပါတယ်။ စတိတ်မှာ အများပြည်သူသုံးနေရာတွေကို လုံခြုံရေးအရ ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ တခါတုန်းက ချီကာဂိုမှာ ကား စောင့်နေတုန်း ခပ်ပျင်းပျင်း ရှိတာနဲ့ နံရံပေါ်က ပန်းချီကားကို ဓာတ်ပုံရိုက်တော့ လုံခြုံရေးအစောင့် ရောက်လာပြီး ချက်ချင်း ဖျက်ခိုင်းဖူးတယ်။ သတိလာပေးတဲ့ လုံခြုံရေးအစောင့်ကိုလည်း အလွတ်မပေး လမ်းကြောင်းမေး။



နာရီဝက်လောက်ကြာတော့မှ Asian Market ကို ရောက်ပါတယ်။ ဒါတောင် GPS က မီးပွိုင့်ကို ဖြတ် ညာကွေ့ ညွှန်းတုန်း အမှန်က မီးပွိုင့်မရောက်ခင် ညာကွေ့လိုက်တာနဲ့ ရောက်ပြီ။ ဟိုဖက်ကားလမ်းကူးပြီး တရုတ်စာ ဘူဖေးစားကြမယ်။ ကားကို မယူတော့ဘူး လမ်းလျှောက်သွားမယ်ဆိုပြီး မီးပွိုင့်ကူးဖို့ စောင့်နေတာ ၁၅မိနစ်လောက် ရှိသွားပေမဲ့ လူကူးမီးလေးက လင်းမလာ။ မဖြစ်ချေဘူးဆိုပြီး ခလုတ်သွားနှိပ်တော့မှ လင်းလာလေရဲ့။ လူကူးမီးလေး လင်းလာချိန်မှာတော့ နိုင်ငံကြီးသားပီသစွာ ခေါင်းကို ၃၆၀ဒီဂရီ ပတ်ချာလည်အောင်ကြည့်ပြီး လမ်းကူး။ ဒီလိုနဲ့ မနက်စာနဲ့ ညနေစာကို ပေါင်းပြီး စားခဲ့ရပါတော့တယ်။

ပြန်လမ်းမှာတော့ လိုင်စင်မရသေးတဲ့ ရာမားကို လေ့ကျင့်တဲ့အနေနဲ့ မောင်းခိုင်းတယ်။ နောက်ထိုင်ခုံက လူအကုန်လုံး ခါးပတ် ပတ်ရပါတော့တယ်။ ဗိုက်ကားအောင် စားသောက်ထားတော့ မျက်လုံးလေးစင်းနေတုန်း "ဝုန်း...ကလုန်း..."ဆိုတဲ့ အသံတွေကြောင့် လန့်နှိုးလာပြီး ဘာဖြစ်တာလဲ စပ်စုကြည့်တော့.... စတိတ်မှာ STOP ဆိုင်းတွေ့ရင် ကားကို လုံးဝရပ်ရတာပါ။ တယောက်တည်း ကားမောင်းတဲ့အခါ STOP ဆိုင်း မမြင်လို့ မရပ်တာမျိုး မဖြစ်ရလေအောင် လမ်းကို ခုလို   ဝုန်း...ကလုန်း. ဖြစ်အာင် လုပ်ထားပြီး ရှေ့မှာ STOP ဆိုင်း ရှိတယ်ဆိုတာ သတိပေးကာ ကားရပ်အောင် တမင်လုပ်ထားတာတဲ့။ တော်လိုက်တဲ့ အစိုးရ။ တို့ ရွှေပြည်ကြီးမှာလည်း ပုသိမ်ကို သွားတဲ့လမ်းမှာ STOP ဆိုင်း(ဝုန်း...ကလုန်း...)က များမှများ... :D ။ ရန်ကုန်ကနေ အထွက် ဗိုက်ကားအောင် စားသောက်ထားပေမဲ့ ပုသိမ်လည်းရောက်ရော ဗိုက်ကလေးကို ချောင်လို့။ အစာကြေတာများ ပြောပါတယ် အစာကြေဆေးတောင်မလို .... :D ။

အိုင်အိုဝါစီးတီးမှာ ၃ နာရီလောက် လမ်းမွေ့ဖူးတာနဲ့ တောသားတွေ ကြောက်လန့်ကာ ရွှေမြို့တော်ဒက်စ်မွိုင်းဆီကို မတက်ရဲတော့ပါကြောင်း....။

စန်းထွန်း
စက်တင်ဘာ ၁၁၊ ၂၀၁၁။

16 comments:

T T Sweet said...

GPS ကတော့ အဲ့လိုပဲ။ အသုံးကျသလို တစ်ခါတစ်လေလဲ တလွဲတွေ အရမ်းလုပ်တယ်။

ဆစ်ဒနီမှာလဲ လမ်းတွေမကောင်းလို့ အက်နေတာကို အပေါ်ကနေ ကတ္တာရာစေးလောင်းထားတာက ဖုထနေတာ ကားမောင်းရင်တ၀ုန်းဝုန်းပဲ။ ရောက်စကတော့ ကားအရှိန်လျော့အောင်တမင်လုပ်ထားတယ်ထင်တာ။

ပို့စ်တွေ စိတ်ဝင်စားစရာတွေ အများကြီးတွေ့တယ်။ လာဖတ်ဦးမယ်။

Mg Sai said...
This comment has been removed by the author.
Mg Sai said...

Business Canteen က ဗီယက်နမ်ဆိုင်မှာ အရသာရှိလွန်းတဲ့ ဟင်းတွေပေါမှပေါ အကိုကြီးရယ်။
ဝက်သား ကြက်ဥ မြစ်ချဉ်ဟင်း၊ ကြက်သား အစပ်ကြော်၊ ဝက်သားပြားကင် ကောင်းမှကောင်းဗျာ။
ကျွန်တော့မယ် အဲဆိုင်စားပြီးကတည်းက ဗီယက်နမ်စာကို အတော်ကြိုက်သွားတယ်။ :D

ဓာတ်ပုံရိုက်တယ်သာပြောတယ်၊ တစ်ပုံလောက်တော့ post ထဲထည့်ပါအုံးဗျ။
စာတွေချည်းဆိုတော့ ခပ်ရှင်းရှင်းကြီး ဖြစ်နေသလားလို့။

San San Htun said...

ဟေ ဟုတ်လား ညီလေးရ..အကိုကြီးမှာဖြင့် တခါစားပြီး လန်ထွက်သွားတာပဲ...
ပရိသတ်က တောင်းဆိုတော့လည်း ဓာတ်ပုံ ထည့်ရချီသေးတာပ...ခွိ..ခွိ... :D

TZH1985 said...

ဓါတ်ပုံ ထည့်ပါလို့ ထပ်ပြောမလို့ :P

နေ၀သန် said...

ဒါနဲ့များ အိုင်အိုဝါသွားတောလားလို့ အဘယ့်ကြောင့်တပ်ထားသနည်း. :P.. အိုင်အိုဝါစီးတီးက တောများလားလို့.. အဟဲ... ဒါနဲ့ လမ်းကြုံလို့ဝင်လာတယ်... ကျုပ်နာမည်နဲ့ကို တည့်တည့်တိုးရော... :D..

ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ဟုတ်တယ် အစ်ကိုကြီး ဓာတ်ပုံလေးတင်ပေးပါ..
ခိခိ
ဘယ်တုန်းက အစ်ကိုကြီးဖြစ်တွားပါလိမ့်
သိတောင် မသိလိုက်ဘူး။
ဓာတ်ပုံထည့်ဖို့တောင်းဆိုတာတော့ လက်ခံတယ်
မရောက်ဖူးတဲ့နေရာဆိုတော့ ပုံမမြင်ရဘဲ မှန်းဆကြည့်နေရတာ သိပ်မမိုက်ဘူး
နောက်ကို ပုံတွေများများထည့်နော်.

San San Htun said...

အကိုကြီးဖြစ်တာ ကြာပြီကော မချောရေ...NUS ဝင်ခွင့်ရတော့ ကျောင်းသွားတက်မဲ့ ကျောင်းသားအချင်းချင်း အီးမေးတွေပို့ ပြီး ဆက်သွယ်ကြတော့ ကိုကြီးဆိုပြီး အီးမေးပို့ လာတာက မောင်စိုင်း..(စန်းထွန်းဆိုတော့ ယောက်ျားလေးလို့  ထင်မှာပေါ့)...အသာလေးငြိမ်နေပြီး ညီလေးရေဆိုပြီး ပြန်လိုက်တယ်..ဂျီတော့မှာ အပ်တဲ့အထိ မသိသေးဘူး...မိန်းကလေးပုံတင်တာတာကို ကိုကြီးကောင်မလေးပုံတင်ထားတာလို့  ထင်နေတာတဲ့...ကျောင်းတက်တော့မှ ဘယ်လိုဖြစ်ပြီး မိန်းကလေးဖြစ်နေပါလိမ့်တဲ့..ဒီကတည်းက ကိုကြီး၊ ညီလေးဖြစ်သွားတော့တာပဲ..ဓာတ်ပုံက ဆူနမ့်ကင်မရာမှာ ..မရသေးလို့ ..ရတာနဲ့  တင်ပါ့မယ်...

Angelhlaing(May everybody be happy and healthy! said...

ဖြစ်ရမယ် ကိုစန်းထွန်း တစ်ယောက်ကတော့လေ...:P:P ဟုတ်တာပေါ့ စန်းထွန်းရယ် ဓါတ်ပုံလေးနဲ့ ဆိုတော့... သရေကျလို့ ပိုကောင်းတာပေါ့လို့နော် ....နောက်တစ်ခါမမေ့နဲ့ အုံး...:):)

ညိမ်းနိုင် said...

ကိုကြီးစန်းထွန်းတို့အုပ်စုကတော့ဖြစ်ရမယ်...:P
ပြောမယ့်သာပြောရ အစပိုင်းတုန်းက ယောင်္ကျားလေးထင်
နေတာ...၊ဒါပေမယ့် ဘလော့ဂါတွေရဲ့နာမည်နဲ့ပတ်သက်
ရင် ကိုယ်တွေက ပါးနပ်ပြီးသား...၊ဒါကြောင့် မယုတ်မလွန်
စန်းထွန်းလို့ပဲသုံးတာ.....:)))နောက်တော့ စန်းထွန်းပို့
အဟောင်းလေးတွေပြန်ဖတ်ရင်း...၊ဒါ့ပုံတွေကိုပြန်ကြည့်
ရင်း ခွဲယူရတာကလား.....:)))
ဒါနဲ့ ဖုံးခတွေဈေးသက်သာတယ်နော်....၊ဒီမှာကတော့
စန်းထွန်းသိတဲ့အတိုင်း....၂၈ကျပ်တန်က မိနစ်၁၀၀လား
ရတာ..၊လိုင်းဖုန်းကလည်း မိနစ်၁၀၀ကို အနိမ့်ဆုံးပလန်
က ၃၀ပဲ....၊အဲ့မှာတော့ မိနစ်၁၀၀၀မှ ၃၀လားပေးရတာ
ရယ်....မိုက်တယ်...။

စံပယ်ချို said...

ဗီယက်နမ် စားသောက်ဆိုင်တွေမှာစား
ရင်အရမ်းကောင်းပါတယ်မြန်မာပါးစပ်နဲ့
ညီတယ်စားလို့ဖြစ်တယ်....
ကိုကြီးရေ...ဟီးဟီး
ရှင်ကတော့ယောက်င်္ကျာဲးဖစ်လိုက်မိန်းမဖြစ်
လိုက်နဲ့ ဟုတ်နေရောပဲ
တဂ်ထားတဲ့ဟာလဲရေးပေးပါဦးကိုကြီးရေ
မီးဖတ်ချင်လို့ပါနော်....
ချစ်တဲ့ လွမ်းတဲ့ jasmine

TZH1985 said...

ကျနော်တော့ တကယ်ယောက်ျားလေးထင်နေတာ ဟားဟား တော်သေး ကိုကြီးလို့ မခေါ်မိတာ

ကိုရင် said...

တောလားဆိုတော့ အဲဒီနေရာက တောထဲမှာ ရှိတာလား..:P
ရောက်သဗျာ..

သူကြီးမင်း (တုံးဖလား) said...

ဒီမှာကတော့ နိုင်ငံသေးလို့လား မသိ။ လမ်းမကောင်းတဲ့နေရာ တွေ့တွေ့ဖူးပေါင်။း))

စတိတ်ကိုတော့ ရောက်ဖူးချင်သား။

ပျော်ရွှင်ပါစေ ကို..အဲ..အမ (သို့မဟုတ်) ညီမလေး စန်းထွန်း။း))

ခင်မင်လျှက်

ဟန်ကြည် said...

ဓာတ်ပုံလေးတော့ထည့်ရေးပါကွယ်...ဦးဟန်ကြည်တောသားခမျာ စာလေးတွေဖတ်ကြည့်လိုက် မျက်စိမှိတ်ပြီးပုံဖော်ကြည့်လိုက်နဲ့ အလုပ်များလွန်းလို့ပါ...ဒီမှာတော့ ဖုန်းခေါ်ခ အ၀င်ကို ဖရီးရတော့ စတိတ်မှာထက်တောင် အဆင်ပြေနေတာသိရလို့ ကိုယ့်ဖာသာ ကျေနပ်ယူလိုက်ပါသဗျား...

ဓာတ်ပုံတွေတင်ရတာ မကြောက်ပါနဲ့လေ...ဦးဟန်ကြည်တို့က သရဲကားကြည့်နေကျဆိုတော့ တော်ရုံတန်ရုံလောက်တော့ မကြောက်တတ်ပါကြောင်း...း)

San San Htun said...

ဆရာဟန်ကြည်ရေ ကြွတ်တွေပါ ချောက်လို့ ရတယ်နော်... :D