ကိုစကာရီကာသွား တောလား - ၂

၂၀၁၇ ခရစ်စမတ်မှာ ရာမားနဲ့ဂင်္ဂါ ဟန်းနီးမွန်း ဟာဝိုင်အီသွားတယ်။ ညအမှောင်ထဲမှာ ချော်ရည်ပူတွေ ပန်းထွက်လာတာ မီးရှုးမီးပန်းတွေ ဖောက်နေသလိုပဲ အရမ်းလှလို့ ဆူနမ်က ဟာဝိုင်အီကို သွားချင်တယ်။ ရာမားက နောက်တခါအတူသွားရအောင်လို့ ပြောပေမယ့် ဘယ်တော့မှန်းမသိဘူး။ ကိုယ်လည်း ဟာဝိုင်အီသွားချင်တယ် ဈေးကြီးပါ့ လေယာဉ်ခက ၈၀၀ အထက်။ တိုးရစ်တွေအလာများတယ့် နေရာဆိုတော့ ဈေးကြီးတာပေါ့။ မတ်လ ၁၇ စနေနေ့ မနက်စာ ဟိုတယ်က ကျွှေး ါတယ်။ လုံးတီးဆန်ကို ပဲအမည်းနဲ့ကြော်ထားတယ့် ထမင်းကြော်၊ ငှက်ပျောသီးကြော်၊ ဘိုစာတွေ။ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး အရမ်းစားကောင်းတယ်။ တိုးဂိုက်မလေးက လိုင်ချီးရာသီလို့ ပြောပေမယ့် လိုင်ချီးလည်းမတွေ့ဘူး။ လိုင်ချီးက ဒီလောက်ဈေးကြီးတာ ဘူဖေးဘယ်‌ကျွှေးပါ့မလဲ။ နေ့လည် ၁၁ နာရီကျတော့ တိုးဂိုက်ကလာခေါ်တယ် ဘန်ကားလေးနဲ့။ အိန္ဒိယနွှယ်ဖွား လင်မယားနဲ့ဆက်ကျော်သက်သား၊ ဆက်ကျော်သက်သမီး၊ ၇ နှစ်အရွယ်ကောင်လေးနဲ့ အမေရိကန်အမေ ၃ ယောက်၊ ကိုယ်တို့၂ ယောက်၊ အသက် ၆၀ ကျော်အရွယ် အမေရိကန်လင်မယား ၂ ယောက်ဝင်ခေါ်တယ်။ မနေ့ကတွေ့ခဲ့တယ့် ရေကာတာဘောင်ပေါ် ဖြတ်မောင်းတော့ ကိုစကာရီကာရဲ့ လျှပ်စစ်ဓာတ်အားအများစုကို ရေအားလျှပ်စစ်က ရတာပါတဲ့။ ကိုစကာရီကာနိုင်ငံရဲ့ ရာသီဥတုက ခန့်မှန်းရခက် အပြောင်းအလဲမြန်တာမို့ မိုးကာ၊ ထီး ယူလာခိုင်းတယ်။ ဒီနေ့သွားလည်မှာက ကြိုးတံတား ၅ ခု၊ ငှက်ကြည့်ကြမှာ ၂ နာရီလောက်ကြာမယ်။ နေလောင်ခံခရင်၊ နေကာမျက်မှန်မလိုဘူး၊ ၂ နာရီလောက် တောင်တက်တောင်ဆင်းရမှာဆိုတော့ လိုအပ်တယ့်ဖုန်း၊ ကင်မရာ၊ မိုးကာအင်္ကီျ၊ ရေဘူးလောက်ပဲသယ်ပြီး မလိုတာတွေ ကားပေါ်ထားခဲ့ပါ။ ဒရိုင်ဘာစောင့်နေမှာမို့ ပျောက်မှာစိတ်ပူစရာမလိုဘူး။ နေလောင်ခံခရမ် လိမ်းစရာမလိုဘူးလို့ပြောပေမယ့်  နေကတအားပူ ကိုယ့်အခြေအနေ ကိုယ်သိတော့ ၂ နာရီခြား နေလောင်ခံခရမ်လိမ်းတယ်။ တောင်ပေါ်ကနေ မြင်ရတယ့် ရှုခင်းက အင်မတန်လှတာပဲ။ Arenal မီးတောင်ကတော့ ထုံးစံအတိုင်း မြူတွေဝေ့ဆိုင်းလို့။ ဘယ်နေရာကြည့်ကြည့် တောတောင်ရေမြေတွေက သစ်ပင်တွေနဲ့ စိမ်းလန်းနေတာကို မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ။

လမ်းကကျဉ်းကျဉ်းလေး ကိုယ်တို့ရှေ့မှာ တိုးရစ်တအုပ်ကြီးရှိတော့ သူတို့ကျော်သွားအောင် စောင့်ခိုင်းတယ်။ တိုးဂိုက်က သူနဲ့မကွာရှိနေဖို့၊ သစ်ကိုင်း၊ သစ်ရွက်တွေကို သတိထားပြီးကိုင်ဖို့ သတိပေးတယ်။ တခါတုန်းက သူလက်နဲ့ မြွှေက လက်တထွာလောက်ပဲဝေးတယ်။ တိုးခရီးသည်တယောက်က သတိပေးလိုက်တယ့်အပြင် မြွှေကလည်း ရန်မမူတတ်တယ့် မြွှေဖြစ်နေလို့ တော်သေးတာတဲ့။ တို့တွေကို လန့်စေတာပေါ့လို့ပြောတော့ သတိထားဖို့ ပြောတာပါတယ့်။ ဒါကြောင့်  သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်တွေကို ကိုင်တော့မယ်ဆိုရင် သတိထားရတယ်။ လမ်းလျှောက်တယ့်အခါမှာလည်း ဘေးပတ်ဝန်းကျင်ကို သတိထားပြီး လျှောက်ရတယ်။ တိုးဂိုက်မှာ မှန်ပြောင်းအကြီးကြီးပါတယ်။ မှန်ပြောင်းကိုထောက်၊ ငှက်ရှာ၊ ငှက်တွေ့ရင် ဘာငှက်အမျိုးအစား၊ ဘာတွေထူးခြားလဲ၊ သူတို့ရဲ့အမူအကျင့်တွေကို ရှင်းပြပြီး တယောက်ပြီးတယောက် မှန်ပြောင်းကနေ ချောင်းကြည့်ရတယ်။ သာမန်မျက်စိနဲ့ဆို မတွေ့နိုင်တယ့် ငှက်တွေကို အနီးကပ်မြင်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ငှက်တွေရဲ့အရောင်အသွေးတွေကလည်း လှလိုက်တာ။ သြော် ... ဒါကြောင့် ငှက်ကြည့်ကြတာကိုး။ ငါးမျှားမလား၊ ငှက်ကြည့်မလားမေးရင် ငှက်ကြည့်မယ်။ တိုးဂိုက်ကို ကင်မရာတွေ ပေးကြပြီး မှန်ပြောင်းကနေ ဓာတ်ပုံရိုက်တယ်။ ကင်မရာနဲ့ဆို မှန်ပြောင်းကနေ ရိုက်ဖို့ခက်တယ်။ တနေရာရောက်တော့ တိုးအုပ်စု လမ်းဘေးကပ်ရပ်နေပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြလို့ ကြည့်လိုက်တော့ အရမ်းလှတယ့်ငှက်တကောင် လမ်းဘေးက လက်ကိုင်တန်းတွေပေါ်မှာ နားနေတာ။ မှန်ပြောင်းတောင် မလိုဘူး သာမန်မျက်စိနဲ့ မြင်နိုင်တယ် နီးနီးလေးကိုး။ နောက်တိုးအုပ်စုရောက်လာတော့ တိုးဂိုက်က ကိုယ်တို့ကို ဘေးကပ်ခိုင်းတယ်။ နောက်အုပ်စု မှန်ပြောင်းကနေကြည့်၊ ဓာတ်ပုံတွေရိုက်ပြီးပြီဆိုမှ ဆက်လျှောက်တော့ ငှက်က ပျံပြေးသွားတယ်။

ကြိုးတံတားနဲ့ ငှက်ကြည့်တဲ့နေရာ ဘာသာလေးမျိုးနဲ့ ရေးထားတယ်
အမြဲအုံ့မှိုင်းဝေသီနေတဲ့ Arenal မီးတောင်

တိုးဂိုက် တယောက်ကိုတယောက် ရိုင်းပင်ကူညီဖေးမ စောင့်ရှောက်ကြတာကို မြင်ရတာ အင်မတန်ကြည်နူးစရာကောင်းတာပဲ။ လင်းနို့တကောင်သစ်ပင်မှာကပ်နေတော့ တိုးဂိုက်တယောက်က ဓာတ်မီးထိုးပြ မှန်ပြောင်းကနေကြည့်။ ခုမှပဲ လင်းနို့ကို မျက်စိနဲ့တပ်အပ် မြင်ဖူးတော့တယ်။ လင်းနို့တွေဟာ တွဲလောင်းနေတတ်ပြီး ညဖက်အစာရှာတယ်။ အဲ့ဒါ ထောပတ်သီးပင်လို့ပြောလို့ ဓာတ်ပုံရိုက်လိုက်တယ် ကိုယ်အကြိုက်ဆုံး အသီးကိုး။ ကြိုးတံတားတွေမှာ အစောင့်တွေရှိပြီး ကြိုတံတားမှာ လမ်းလျှောက်ရတာ တလှုပ်လှုပ် တယမ်းယမ်းနဲ့ အသည်းယားစရာကောင်းတယ်။ အပြန်အလှန်ဓာတ်ပုံတွေရိုက်ကြ လှုပ်ခါနေတော့ ဖုန်းပြုတ်ကျမှာစိုး ဖုန်းပြုတ်ကျရင်တော့ ပြန်ရနိုင်ဖို့လမ်းမမြင်ဆုံးပြီ။ ဓာတ်ပုံရိုက်တာလည်း ခါယမ်းနေလို့ ဝါးတားတားပုံတွေများတယ်။ တနေရာရောက်တော့ မျောက်တွေတွေ့တယ်။ ပါးစပ်မဟကြနဲ့နော် တော်ကြာ မျောက်ချီးပါးစပ်ထဲ ကျနေဦးမယ်ပြောလို့ ပါးစပ်ကိုအမြန်ပိတ်။ မျောက်ချီး အင်္ကီျပေါ်ကျလို့ အမေရိကန်အစ်မကြီးက လပ်ကီးပဲဟေ့လို့ပြောလို့ ရယ်ကြသေးတယ်။ သူ့သားက ကျောပိုးအိတ်မေ့ကျန်ခဲ့လို့ ပြေးယူရတယ်။ မျောက်မကြီးက ဗိုက်ကြီးနဲ့ ကလေးက အတင်းကျောကုန်းပေါ် တွယ်တက်နေလို့ ဆွဲချနေတာတဲ့။ တွေ့လားသား မျောက်ကလေးတွေ သိပ်လိမ္မာတာပဲ အမေက သူ့အနားမှာနေဆို နေတယ် အမေစကားနားထောင်တယ်လို့ပြောလို့ ပြုံးကြသေးတယ်။ အံမယ် ဆူနမ်ကလည်း ငှက်တကောင်တွေ့လို့ ကိုယ်တို့ကို ပြနေသေးတယ်။ ကြိုးတံတားတခု အဆုံးနားမှာ စံပယ်ပန်းနံ့နဲ့တူတယ့်အပင်တွေ့လို့ အမေရိကန်အစ်မကြီးက ကိုယ်တို့ကိုပြလို့ မွှေးလိုက်ကြသေးတယ်။ အားပါး ... မွှေးလိုက်တာ အဲ့ဒီလိုအပင်မျိုး အိမ်မှာစိုက်ချင်တာ။ ခုတော့ အပင်မပြောနဲ့လူတောင် နေစရာမရှိဘူး။ ပုရွှက်ဆိတ်တွေ သစ်ရွက်တွေ သယ်နေတာတွေ့လို့ ဓာတ်ပုံရိုက်။ အိန္ဒိယနွှယ်ဖွားအစ်မကြီး ပုရွှက်ဆိတ်တွေ သစ်ရွက်လေးတွေ သယ်နေတာကို ဗွီဒီယိုရိုက်တာ ပိုကောင်းတယ်လို့ အကြံပေးလို့ ဗွီဒီယိုရိုက်။

ပုရွှက်ဆိတ်တွေထဲမှာ သစ်ရွက်တွေ သယ်နေကြတာ အထီးလား၊ အမလားလို့ တိုးဂိုက်ကိုမေးတော့ အမလို့ဖြေတယ်။ ဟင် ... အဲ့ဒါဆိုရင် အထီးတွေက ဘာလုပ်နေကြတုန်း ကိုယ်တို့ကို မျက်စိမှိတ်ပြပြီးမေးတော့ အယ်မလေး ရယ်လိုက်ရတာ။ သူ့အမျိုးသားက အထီးတွေက ဘာမှမလုပ်ဘူးဟေ့ ဧည့်ခန်းကုလားထိုင်မှာ ဘီကာထိုင်သောက်ပြီး တီဗွီကြည့်နေတယ်လို့ပြောတော့ ဝက်ဝက်ကွဲ ရယ်လိုက်ကြတာ။ အထီးတွေက မျိုးပွားတယ့်တာဝန်ပြီးရင် ၂ ပတ်လောက်ဆို သေသွားရော၊ ဘုရင်မက အနှစ် ၂၀ လောက်အထိ အသက်ရှင်တယ်။ သစ်ရွက်တွေသယ်တယ့်တာဝန်ကို အမတွေက လုပ်ဆောင်ပြီး သူတို့အသိုက်မှာ သစ်ရွက်တွေနဲ့ စိုက်ပျိုးရေးလုပ်တယ် အဲ့ဒီကနေ ရလာတယ့်အစားကို စားသောက်ကြတာလို့ တိုးဂိုက်က ရှင်းပြတယ်။ စိတ်ဝင်စားဖို့ကောင်းသား ဂူဂယ်မှာ ရှာဖွေဖတ်မယ်လို့ စိတ်ကူးထားပေမယ့် ခုထိမဖတ်ဖြစ်သေးဘူး။ အိန္ဒိယနွှယ်ဖွားမိသားစု ဘော့စတွန်နားမှာနေတာ မြန်မာပြည်ကဆိုတော့ သူတို့က အိန္ဒိယအနွှယ်တွေဆိုတော့ မြန်မာပြည်ကို သွားလည်ချင်တော။ documentary တခုကြည့်ရတယ် အဲ့ဒီမှာ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးတိုင်းပြည်လို့ ပြောတယ်။ မင်းကိုကြည့်တာနဲ့တင် မှန်တယ်ဆိုတာ သိလိုက်တယ်။ အရင်တုန်းက ဗီဇာခက်ပေမယ့် ခုဆိုဗီဇာလွှယ်သွားပြီ ဘုရားပုထိုးတွေ အများကြီးရှိတယ့် ပုဂံ၊ ရွှေတိဂုံ၊ အင်းလေး၊ တိုးရစ်ရာသီအကြောင်း ပြောခဲ့သေးတယ်။ သူတို့က ကိုစကာရီကာမှာ ၇ ရက်လောက်နေမှာ။ ဆူနမ်ဘွတ်တယ့် anywhere ဆိုဒ်မှာပဲ ဘွတ်တာတယ့်။ အမေရိကန်သားအမိ ၃ ယောက်ကတော့ ချီကာဂိုက ဆန်ဟိုဆေးက လာဖေါ်တူနာကို ကိုယ်တိုင်ကားမောင်းလာတာ ဂူဂယ်မတ်က မှားပြလို့ ၄ နာရီလောက် ကြာသွားတယ်တဲ့။ ဆူနမ်ကလည်း ကိုယ်တိုင်ကားမောင်းမလို့ စဉ်းစားသေးတယ်။ ဘလော့တွေ ဖတ်ကြည့်တော့ လမ်းကျဉ်းကျဉ်း၊ အကွေ့ကောက်များ၊ လမ်းညွှန်ထားတာတွေ စနစ်တကျမရှိလို့ မမောင်းသင့်ဘူးလို့ ရေးထားလို့ ကားမမောင်းဘူးလို့ ဆုံးဖြတ်လိုက်တာတယ့်။

ဂျင်းပင်
တောလမ်းလေးကတောင် ကဗျာဆန်တယ်
တိုး၃စု စောင့်ကြည့်ခဲ့ရတဲ့ ငှက်

ဘုရား ... ဘုရား  တော်သေးတာပေါ့ ဆူနမ်သာ ကားမောင်းရင်  ၆ နာရီလောက် မောင်းရမယ်ထင်တယ်။ ဆူနမ်က ဂျီပီအက်စ်ပြသနာရှိတယ် လမ်းသွယ်လေးတွေများတယ့်လမ်းဆို ဆူနမ်ဒုက္ခရောက်ပြီ။ ဘေးကနေ  ညာကွေ့ဘယ်ကွေ့ ကူပြောပေးရတယ်။ စတိတ်မှာတောင် ဂျီပီအက်စ်နဲ့ လမ်းတွေမှားလို့ ကိုစကာရီကာမှာဆို ဘယ့်နှယ့်နေမလဲမသိဘူး။ ကနေဒါက စတိတ်နဲ့တူတော့ ကိစ္စမရှိပေမယ့် တခြားနိုင်ငံမှာဆိုရင် ကားမကောင်းတာ အကောင်းဆုံးပဲ။ ကြိုးတံတားမှာ လမ်းလျှောက်ရတာကို မကြိ ုက်ပေမယ့် တောင်တက်ဝါသနာပါတယ့်သူဆိုတော့ အပူပိုင်းဒေသသစ်တောအုပ်ထဲမှာ ငှက်ကြည့်ရတာကို သဘောကျတယ်။ ဒုတိယသွားမယ့်နေရာက ၁၅ မိနစ်အဝေးက ရေတံခွန်ပါ။ ရေကူးမယ့်သူတွေက ရေကူးဝတ်စုံ၊ ပုဝါတွေသယ်ဖို့ သယ်ပါတယ်။ နေလောင်ခံခရမ်၊ နေကာမျက်မှန်မလို၊ မိုးကာအင်္ကီျ၊ ထီး၊ ဖုန်း၊ ကင်မရာ၊ ရေဘူး လိုအပ်တာပဲသယ်ပြီး ကျန်တာတွေ ကားပေါ်ထားခဲ့ရပါတယ်။ လှေကားထစ် ၅၀၀ ဆင်း လှေကားထစ် ၅၀၀ ပြန်တက်ရမယ်ဆိုတော့ ဆူနမ်က စိတ်ပူတယ် ပြန်တက်နိုင်ပါ့မလား။ သူများတွေက မဆင်းခင် အဝတ်လဲခန်းမှာ ရေကူးဝတ်စုံလဲတယ်။ ကိုယ်တို့က ရေမကူးဘူးတော့ လဲစရာမလို။ ရေက အရမ်းအေးတော့ နာရီဝက်စိမ်နိုင်မှာ မဟုတ်ဘူး ဆယ်မိနစ်လောက်ပဲ စိမ်နိုင်မှာတယ့်။  မဆင်းခင် မတော်တဆ တစုံတရာဖြစ်ရင် တာဝန်မယူတာကို သိတယ်ဆိုတယ့် waiver လတ်မှတ်ထိုးရတယ်။ အဆင်း ၁၅ မိနစ်သာသာ ဆင်းရပါတယ် အတက်သမားတွေကို ရောက်တော့မယ် အားမလျှော့နဲ့ မင်း လုပ်နိုင်ပါတယ်လို့ အားပေးကြတယ်။ ရေတံခွန်ရေကျသံကို ကြားရတာနဲ့တင် ငြိမ်းအေးတာကို ခံစားရတယ်။ ရေတံခွန်စိမ့်စမ်းရှိတယ့်အရပ်ဆိုတော့ အေးစိမ့်နေတာပဲ။ ရေတွေ တဝေါဝေါထိုးကျနေတယ့် နေရာနားမှာ အန္တရာယ်များလို့ သတိနဲ့ကူးခိုင်းတယ်။ စိတ်အချရဆုံးက ရေတံခွန်ကနေ စီးဆင်းလာတယ့် စမ်းချောင်းမှာ ရေကူးတာ။ ရေတံခွန်မှာ နာရီဝက်အချိန်ပေးတယ် အတက် ၂၅ မိနစ် တကယ်လို့ တက်ရတာအချိန်ယူမယ်ဆိုရင် စောစောတက်။ ဆူနမ်က ရေတံခွန်နဲ့ဓာတ်ပုံရိုက်ပြီးတာနဲ့ ပြန်တက်တော့တယ်။

ကျောက်ဆောင်တခုပေါ်မှာထိုင် ခြေထောက်ကို စီးဆင်းနေတယ့်စမ်းရေထဲချ ခြေဖဝါးကို မြေကြီးထဲနှစ် earthing လုပ်တယ်။ အေးစိမ့်လာလို့ ဆယ်မိနစ်ပဲ စိမ်နိုင်တယ်။ အပေါ်ပြန်တက်တော့ တိုးဂိုက်က နင့်သူငယ်ချင်းရော သူလား တက်နှင့်ပြီ။ ၁၅ မိနစ်ပဲကြာတယ် တောင်ပေါ်ပြန်ရောက်တယ်။ တောင်ပေါ်ရောက်တော့ ပူအိုက်လိုက်တာ ချွှေးပေါက်ပေါက်ကျ။ တိုးဂိုက်က ဘာသာစကား ၄ မျိုး ပြောတတ်တယ် စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမာန်။ တက္ကသိုလ်မှာ အင်းဆက်ဘာသာဗေဒနဲ့ ဘွဲ့ရတာတယ့်။ တိုးဂိုက်စာမေးပွဲအောင်ပြီးရင် ၃ နှစ်တခါ လိုင်စင်သက်တမ်းတိုး စာမေးပွဲဖြေ။ ဒါကြောင့် တွေ့တယ့်တိုးဂိုက်တိုင်း ပရော်ဖက်ရှင်နယ်ဆန်တယ်။ တိုးဂိုက်က စတိတ်ကိုမရောက်ဖူးဘူး စတိတ်ကိုလာလည်မယ်ဆိုရင် ဗီဇာလိုတယ်။ အိမ်ထောင်မရှိတယ့်လူဆို ဗီဇာရဖို့ခက်တယ်။ သူ့တိုင်းပြည်ကို ချစ်တယ် စတိတ်မှာလည်း မနေနိုင်ဘူး အေးလို့တယ့်။ ကိုစကာရီကာကို အလာဆုံးက အမေရိကန်၊ ဒုတိယပြင်သစ်၊ ဂျာမန်၊ ဥရောပ အေးရှန်းသိပ်မတွေ့။ နေ့လည်စာကို တိုးက‌ကျွှေးတာ စားသောက်ဆိုင်မဟုတ်ဘူး အိမ်ဆိုင်လေး ။အဲယားကွန်းမရှိဘူး နယ်ကဆိုင်တွေနဲ့တူတယ် သန့်ရှင်းတယ်။ ကိုယ်စားဖူးသမျှ ကိုစကာရီကန်အစားအစာတွေထဲမှာ ဒီဆိုင်အကောင်းဆုံးပဲ။ နာနတ်သီးမကြိုက်တယ့်သူတောင် နာနတ်သီးဖျော်ရည်ကြိုက်တယ်။ ကိုစကာရီကာစတိုင် ထမင်းလုံးတီးနဲ့ပဲ၊ ငှက်ပျောက်သီး၊ အသားတမျိုး၊ tacol ပေါ်မှာ အရွက်သုတ် salad ။ ဗိုက်ဆာဆာနဲ့တီးတာ အကုန်ပြောင်။ အိန္ဒိယကလေးက ကားမူးလို့ မစားနိုင်ဘူး။ စားပြီးလို့ ဆိုင်ဘေးက ထိုင်ခုံ၊ ဒန်းလေးမှာထိုင်။ ငှက်ပျောသီး၊ နာနတ်သီး‌ကျွှေးထားလို့ လာစားတယ့် ငှက်လှလှလေးတွေကို ဓာတ်ပုံရိုက်။ ဘေးနားကချောင်းလေးမှာ ရေထဲထိုင်ဗင်ထိုးဆင်းနေကြတယ့် ကလေးတသိုက်ကိုမြင်တော့ ကိုယ်တို့ငယ်ငယ်တုန်းက ဟိုင်းကြီးချောင်းထဲ ထိုင်ဗင်ထိုးဆင်းကြတာကို သတိရမိသေးတယ်။ ချီကာဂိုမိသားစုက ကလေးက ကိုယ်စီးနေတယ့်ဒန်းကို စီးနေချင်လို့ ပေးလိုက်တော့ သူ့အစ်မက ပေးစရာမလိုဘူးတယ့်။

တိုးဂိုက်ရဲ့ မှန်ပြောင်းကနေတဆင့် ဖုန်းနဲ့ရိုက်တာ
လင်းနို့

ကလေးက ကိုယ့်ဖုန်းပြ ုတ်ကျတော့မယ်လို့ သတိပေးတယ်။ ဆူညံနေတယ့် သူတို့မောင်နှမကို သူ့အမေက သူများတွေ သဘာဝအလှကို ခံစားနေတာ၊ အေးချမ်းနေတာတွေကို အနှောင့်အယှက်မပေးနဲ့။ ကောင်းကောင်းမနေရင် သူတို့အဖေကို ပြန်ပြောမယ်လို့ ဆူနေတယ်။ လူယဉ်ကျေးတွေက အဲ့ဒီလို ကိုယ့်ကြောင့် သူတပါးအနှောင့်အယှက်ဖြစ်မှာစိုးတယ်။ ဆယ်ကျော်သက်မလေးက မနှစ်က Women march ချီတက်ပွဲအင်္ကီျဝတ်ထားလို့ ချီတက်ပွဲတက်သလားလို့မေးတော့ မတက်ဖြစ်ဘူး၊ သူ့သူငယ်ချင်းက လက်ဆောင်ပေးတာတယ့်။ သူက စာအုပ်တွေမှာ ပန်းချီဆွဲတယ့် သရုပ်ဖော်ပန်းချီဆရာ ဖြစ်ချင်တာတယ့်။ အမေရိကန်နိုင်ငံရဲ့ အလယ်တန်း၊ အထက်တန်း ပညာရေးစနစ်အကြောင်း မေးကြည့်တယ်။ ဆက်ကျော်သက်အရွယ်ကတည်းက ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ သိနေပြီ။ အာရှပညာသင်စနစ်အကြောင်း သူကလည်း ပြန်မေးတယ်။ ကိုယ်စတိတ်ကျောင်းကို ရောက်တော့မှ မေးခွန်းမေးတတ်လာတာလို့ပြောတော့ အိန္ဒိယအစ်မက သူလည်း ခုထက်ထိ မေးခွန်းမေးရမှာကို မရဲဖြစ်နေတုန်းတယ့် ။ အမေရိကန်လူကြီး ၂ ယောက်က ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒေရီဂိုမြို့မှာနေတာ။ သူ့သားက ဘော့စတွန်မှာနေတော့ ဘော့စတွန်ကိုသွားလည် ဘော့စတွန်ဦးထုပ်ဆောင်းထားတယ်။ ဟိုတယ်ပြန်ရောက်တော့ ဝရန်တာက ထိုင်ခုံမှာ ကျေးငှက်သံတွေနားထောင်ပြီးအိပ်။ ညနေစောင်း ရှယ်တယ်မခေါ်တော့ဘဲ တောင်ကုန်းကလေးအတိုင်း လမ်းလျှောက် ဓာတ်ပုံရိုက်။ တာဝါကောင်တာသွား တာဝါယူ ရေကူးဝတ်စုံလဲ ရေပူစမ်းတွေ လိုက်ကြည့်တော့ တကန်က ၉၀ ဖာရင်ဟိုက်။ အစပိုင်းက အတော်ပူပေမယ့် နောက်တော့ အပူလျော့သွားတယ်။ မနေ့တုန်းက စိမ်တယ့်ကန်းက ၇၈ ဖာရင်ဟိုက် ကြာတော့ အေးလာတယ်။ ဒီကန်က အေးမသွားဘူး ပူရင် အပေါ်ပြန်တက် အေးရင်အောက်ဆင်း။ ကိုစကာရီကာရဲ့ နေထွက်ချိန်က မနက် ၅ နာရီခွဲ နေဝင်ချိန်က ည ၅ နာရီခွဲ။ ရေပူစမ်းဘေးနားမှာ ငွေပန်းပင်လေးတွေ ပွင့်နေတော့ မွှေးလိုက်တာ။ ငွေပန်းပင် မတွေ့ရတာ အတော်ကြာပြီပဲ။

မနေ့က ရေပူစမ်းမှာ ၁ နာရီ၊ ဒီနေ့ ၂ နာရီ စိမ်တယ်။ ဆူနမ်က ည ၈ နာရီထိုးပြီ ည ၉  နာရီခွဲ စားသောက်ဆိုင်ပိတ်တော့မယ်လို့ ဆော်သြတော့မှ တက်တော့တယ်။ တာဝါကောင်တာမှာ ရေချိုး အဝတ်အစားလဲ စားသောက်ဆိုင်မှာ ညစာစားတော့ ဘူဖေးမစားတော့ဘူး ကော့စကာရီကာအစားအစာ ရမ်းသမ်းမှာကြတယ်။ နေ့လည်ကစားတယ့် ကော့စကာရီကာအစားအစာက အကောင်းဆုံးဖြစ်နေတော့ ဟိုတယ်ကဟာတွေ လိုက်မမှီဘူး။ ရေပူစမ်းမှာ ၂ နာရီလောက် စိမ်လိုက်တော့ ပင်ပန်းတာတွေ ပျောက်သွားပြီး လန်းဆန်းသွားတယ်။ ဆရာမကြီးဒေါ်ခင်နွှယ်ဝင်း ပြောတယ် ရေပူစမ်း၊ စမ်းချောင်း၊ မြစ်၊ ပင်လယ်မှာ ရေချိုးရင် အပန်းပြေတယ် လန်းဆန်းတယ်ဆိုတာအမှန်။ အိမ်မှာဆိုရင် ဆားဆိုဒါ၊ epsom sale နဲ့ ချိုးပါတဲ့။ အပြေးလေ့ကျင့်လို့ ခြေသလုံးနာရင် Dr.Teals epsom salt lotion လိမ်းရင် သက်သာတယ်လို့ ခံစားမိတယ်။ ဒီလိုရေပူစမ်း နယူးယောက်နားမှာရှိရင် သိပ်ကောင်းမှာပဲ တပတ်တခါ၊ တလတခါ စိမ်ချင်တယ်။ ကိုယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပေမယ့် ဆူနမ်က အိပ်မပျော် ရှူးခဏခဏ ထပေါက်နေတာ မနိုးဘူးလားတဲ့။ ဟင့်အင်း ပင်ပန်းတာရော၊ ရေပူစမ်းကြောင့်ထင်တယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စာမေးပွဲတွေနီးလာရင် စာမရသေးလို့ စိတ်ပူပြီး အိပ်မပျော်တာကလွဲရင် ကိုယ့်ဘဝမှာ အိပ်မပျော်တယ့်ရက်က ခပ်ရှားရှား စတိတ်မလာခင်အထိပေါ့။ စတိတ်ရောက်ကတည်းက စာမေးပွဲ၊ အလုပ်၊ ဗီဇာအတွက် စိတ်ပူရတာနဲ့ အိပ်မပျော်တော့တာ လုပက်စ်ဖြစ်တော့ပိုဆိုး။ insomia အသံ၊ အလင်းမြင်ရင် အိပ်လို့မရ၊ မကြီး အိပ်ယာထဲမှာ ဖုန်းပွတ်နေရင် အော်တော့တာ ဖုန်းပိတ်အိပ်။ အိပ်ခါနီး မက်ဂနီဆီယမ်သောက်အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ ကော်ဖီစိုက်ခင်း၊ ချောကလက်စက်ရုံ သွားလည်တယ့် အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၃၀၊ ၂၀၁၈။

ကြိုးတံတားပေါ်မှာ
အရွက်နဲ့တူတဲ့ ပိုးကောင်
ငွေပန်း
ဟိုတယ်မှာစားတဲ့ မနက်စာဘူဖေး ကိုစကာရီကန်ကော်ဖီ သိပ်ကောင်းတယ်
အသီးတွေ အရမ်းအရသာရှိတယ်
စားဖူးသမျှထဲမှာ အကောင်းဆုံး ကော့စကာရီကန်စာ၊ နာနတ်သီးဖျော်ရည် အရမ်းကောင်းတယ်
ချစ်သူငယ်ချင်းဝေက ကုန်လားတဲ့ … အေး ကုန်တယ်… အဲ့ဒါကြောင့် နင် ဝနေတာတဲ့ :D
ဘယ်ဖက်စွန်းမှာ အနက်နဲ့အပြာရောင် ငှက်လေးတွေ့လား အရမ်းလှတယ်
ချောင်းထဲ ဒိုင်ဗင်ပစ်ရေကူးနေတဲ့ ကလေးတွေ
ရမ်းသမ်းမှာလိုက်တဲ့ ညစာ

ကိုစကာရီကာသွား တောလား - ၁

ဗုဒ္ဓဟူးနေ့ ည ၆ နာရီ မေရီလန်းကနေ ဘတ်စ်ကားစီးလာတဲ့ ဆူနမ် နယူးယောက်ပန်စတေရှင်ဘူတာကို ည ၁၀ နာရီ ၁၅ မိနစ်မှာ ရောက်လာပါတယ်။ လမ်းမှာ ဒယ်လဲဝဲယားပြည်နယ်က rest area မှာ အိမ်သာအတွက် ရပ်ပေးမယ်ထင်နေတာ မရပ်ပေးဘဲ ဘတ်စ်ကားက နယူးယောက်ကို တိုက်ရိုက်မောင်းလာလို့ လမ်း ၃၀ ရောက်တာနဲ့ ဆူနမ်က အိမ်သာမေးတော့တာပဲ။ ပန်စတေရှင်ဘူတာရုံမှာ အိမ်သာသွားရှာတော့ ပထမဆုံးတွေ့တဲ့အိမ်သာက Amtrak ခရီးသည်တွေအတွက် သီးသန့်နေရာ။ ဆူနမ်ကို ဝင်ခိုင်းပြီး ကိုယ်ကအပြင်မှာစောင့် တော်သေးတယ် လတ်မှတ်မပြခိုင်းလို့။ ဂျက်ဆင်ဟိုက်ဘူတာရောက်တော့ local ရထားစီးဖို့ဆင်းတော့ ရထားမောင်းသူက local ရထားမရှိဘူး  ဒီရထားနဲ့ forest hills ထိစီး။ အဲ့ဒီကနေ မန်ဟက်တန်ကိုသွားမယ့် local ရထားပြန်စီးတဲ့။ ဘူတာကနေ အိမ်အထိ လမ်းလျှောက်ရင် ၁၅ မိနစ် ဘတ်စ်ကား ၄ မှတ်တိုင်ပေပမယ့် ည ၁ နာရီဆိုတော့ ဘတ်စ်ကားစောင့်ရင် ကြာမယ် လမ်းပဲလျှောက်လိုက်တော့တယ်။ ဆူနမ်က uber ခေါ်လိုက်ရင် အကောင်းသား လမ်းမလျှောက်နိုင်တော့ဘူးတယ့်။ မီးတောင်မှာ hiking လုပ်မယ့်သူက  ၁၅ မိနစ်တောင် လမ်းမလျှောက်နိုင်ရင် ဘယ်လိုလုပ်တောင်တက်မလဲ ခု workout လုပ်တယ်လို့ သဘောထား။နယူးယောက်ကနေ တောင်ဖက်စူးစူး ကိုစကာရီကာနိုင်ငံကို တိုက်ရိုက်လေယာဉ်ရှိပေမယ့် ပနားမားနိုင်ငံကို ဝင်လည်ချင်လို့ ပနားမားမှာ ထရန်စစ်ထိုင်တယ့် ကိုပါလေကြောင်းကို ရွေးထားပါတယ်။ လေယာဉ်ခက ၅၀၀ ကျပါတယ်။ မတ် ၁၆ သောကြာနေ့မနက် ၂ နာရီလေယာဉ်ဆိုတော့ ကြသပတေးနေ့ည ၁၀ နာရီ အိမ်ကထွက်ရင် လေဆိပ်ကို ည ၁၁ နာရီခွဲလောက်ဆို ရောက်နိုင်ပေမယ့် ညဉ့်နက်သန်းခေါင်ဆိုရင် ရထားတွေက လမ်းကြောင်းပြောင်းတာတွေ၊ အချိန်နောက်ကျတာတွေ ဖြစ်နိုင်တော့ ကြသပတေးနေ့ ည ၈ နာရီလောက်အိမ်ကထွက် လေဆိပ်ကို ည ၁၀ နာရီလောက်ရောက်။ စောစောချက်ကင်ဝင်ပြီး လေဆိပ်မှာအိပ်မယ်လို့ စိတ်ကူးထားတယ်။

ကောင်းကင်ရထားစီးပြီး JFK Terminal 4 ရောက်တော့ ကိုပါလေကြောင်းလိုင်းချက်ကင် ကောင်တာကိုရှာတော့မတွေ့။ ဟိုမေးဒီမေး ထိုင်ဝမ်ကိုသွားမှာလား မဟုတ်ဘူး ကိုပါလေကြောင်းလိုင်း ရှာနေတာ ဒီမှာတန်းစီ။ ဟင် တရုတ်လေကြောင်းလိုင်းဘေးနားမှာ တန်းစီခိုင်းတယ် ကိုပါလေကြောင်းလိုင်းလို့လည်း မရေးထားဘူး။ ရှေ့ကတန်းစီနေတယ့်သူတွေကို မေးကြည့်တော့ ကိုပါလေကြောင်းလိုင်းတယ့်။ ထိုင်ဝမ်ကို သွားမှာလား ဟုတ်တယ် လာ ဝန်ထမ်းခေါ်တယ့်နောက်ကို မလိုက်ဘဲ ကိုယ်တို့တန်းစီနေတယ့်နေရာမှာ လာတန်းစီနေလို့ ဝန်ထမ်းက ပြန်လာခေါ်ရတော့ ကိုယ်တို့မှာ ပြုံးစိစိ။ အေးလေ တရုတ်လေကြောင်းလိုင်းနားမှာ တန်းစီနေတော့ တရုတ်လေကြောင်းလိုင်းလို့ ထင်မှာပေါ့ ခရီးသည်တွေအမှားမဟုတ်ဘူး။ ၁ နာရီလောက်ကြာတယ့်အထိ ဘာမှမထူးခြား လူတန်းကြီးက တဖြည်းဖြည်းရှည်လာပြီ။ ကိုယ်တန်းစီနေမယ် ဆူနမ်ကို တနေရာမှာသွားထိုင်ခိုင်း ချက်ကင်ဝင်ရတော့မယ်ဆိုရင် ဖုန်းခေါ်လိုက်မယ်လို့ပြောပေမယ့် ထိုင်ခုံမတွေ့တာနဲ့ ဆူနမ်က မသွားဘူး။ ၂ နာရီလောက် ခြေထောက်တောင့်အောင် တန်းစီပြီးတော့ ဂိတ်စဖွင့်တယ်။ Cathay လေကြောင်းလိုင်းဆို အစောကြီးဖွင့်တယ်။ လေယာဉ်ထွက်မယ့်အချိန်ထက် ၂ နာရီစောလာခိုင်းတာ ကိုယ်တို့က ၆ နာရီလောက် စောလာနေတာ ကိုယ်တို့အမှားပေါ့။ ဟမ်းကယ်ရီသယ်မလို့ဟာ သူတို့သတ်မှတ်ထားတယ့်ဟာထဲဝင်ရင် သယ်ခွင့်ပြုတယ်။ ဟမ်းကယ်ရီက ဝင်ဆန့်ပေမယ့် နည်းနည်းဖောင်းနေလို့ အဆုံးထိမဝင်လို့ ဟမ်းကယ်ရီလို့ မရတော့ဘူး ချက်ကင်လုပ်လိုက်ရတယ်။ မနေ့က GMA မှာ ခရီးသည်က အတင်းထိုးထည့်ပြီး ကြည့် ဆန့်တယ်တွေ့လား ဝန်ထမ်းက အတင်းထိုးသွင်းမှဝင်လို့ မဆန့်ဘူး ငြင်းခုန်ကြတယ့်သတင်းကို သတိရပြီး ပြုံးမိသေးတယ်။

Arenal  မီးတောင်၊ တိုးကား
မီးတောင်ကျောက်တွေကြောင့် အပင်အမြစ်တွေက မြေကြီးအောက်ကို မရောက်နိုင်လို့ မြေပြင်မှာပဲရှိနေတယ်

စောစောချက်ကင်ဝင်ပြီး အိပ်မယ်လို့ တွက်ထားတာ မှားသွားတယ်။ စတိတ်ထုံးစံအတိုင်း ဖိနပ်၊ ကုတ်အင်္ကီျ၊ ဖုန်း၊ ကင်မရာ အကုန်ထုတ်ပြီးစစ်။ ဆူနမ်က online waiver check in အင်တာနက်ကနေ ချက်ကင်လုပ်ရင် တန်းစီစရာမလိုဘူး မြန်တယ် တန်းစီစရာမလိုဘူး။ သူများတွေတန်းစီကြတာက လေယာဉ်ပေါ်မှာ ဟမ်းကမ်ရီအိတ်တွေသယ်မှာဆိုတော့ စောစောရောက်မှ သူတို့အိတ်တွေ ထားလို့ရမှာကိုး။ နယူးယောက်ကနေ ပနားမားကို ၄ နာရီခွဲ စီးရပါတယ်။ ကိုယ်ကတော့ လေယာဉ်ကောင်းကင်ကို တက်ပြီဆိုတာနဲ့ စာနည်းနည်းဖတ်၊ ဗွီဒီယိုနည်းနည်းကြည့်ပြီး အိပ်တော့တာပဲ။ အဖေက အိပ်ရေးဆတ်တယ့်သူ ခရီးသွားရင် ဘယ်တော့မှမအိပ်တတ်တော့ ပင်ပန်းတယ်။ အမေက ဟင်းမကောင်းလည်း စားဝင်တယ်၊ ဘယ်နေရာမဆို အိပ်ပျော်တယ့်သူ သိပ်ကံကောင်းတယ်။ ဆူနမ်က အိမ်သာခဏခဏသွားတယ့်သူဆိုတော့ လူသွားလမ်းနဲ့ကပ်လျက် ထိုင်ခုံယူတယ်။ နေ့လည်ဖက်ဆိုရင် ပြတင်းပေါက်နားကခုံကို ရွေးချင်ပေမယ့် ညဆိုတော့ ထိုင်ခုံမရွေးတော့ဘူး ဆူနမ်နဲ့ကပ်လျက်ထိုင်ခုံမှာ ထိုင်တယ်။ လေယာဉ်ပေါ်မှာ ‌ကျွှေးတယ့်အစားအစာတွေက မဆိုးဘူး။ စပိန်စကား၊ အင်္ဂလိပ်စကားပြောတယ်ဆိုပေမယ့် စပိန်လေသံတအားဝဲတော့ ဆူနမ်က နားကိုမလည်နိုင်ဘူးတယ့်။ ကိုယ်က စင်္ကာပူမှာနေခဲ့ဖူးလို့ထင်တယ် ဗီယက်နမ်သံဝဲဝဲ၊ စပိန်သံဝဲဝဲ နားလည်တယ်။ ပနားမားမှာ တနာရီထရန်စစ်ထိုင်တယ်။ ပနားမားလေဆိပ်လေးက သေးသေးလေး တာမင်နယ်တခုပဲရှိတယ်။ ပူအိုက်စိမ်းလန်းတယ့်ဒေသ စင်္ကာပူရာသီဥတုနဲ့တူတယ်။ ခရီးမသွားခင်တုန်းက ဝိုင်းရေ မင်းရဲ့လူဝီဗွီတွန်၊ ဂူချီအိတ်တွေယူခဲ့၊ ကိုယ်လည်း ဆေဗာတိုရေဖာရာဂယ်မိုအိတ် ယူခဲ့မယ် ပြီးရင် ရှိုးထုတ်ကြမယ်လို့ စိတ်ကူးထားတာ။ နောက်ဆုံးတော့ ကင်မရာသယ်မှာဆိုတော့ တောင်တက်ရင် လွယ်နေကြ deuter ကျောပိုးအိတ်ပဲ လွယ်ဖြစ်တော့တယ်။

ပနားမားကနေ ကိုစကာရီကိုနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့ကို ၁ နာရီ စီးရပါတယ်။ အင်မီဂရေးရှင်းဝင်တော့ ဘယ်ကိုသွားမှာလဲ တိုးဂိုက်လာကြိုမှာ လာဖေါ်တူနာကိုသွားမှာ ကော့စကာရီမှာ ၃ ရက်နေမှာ ဝဲကမ်းတူကော့စကာရီကာဆိုပြီး ရက် ၃၀ ဗီဇာပေးလိုက်ပါတယ်။ ဗီဇာလျှောက်ရမယ်ဆိုရင် ၅၂ ပေးရာမှာ။ အမေရိကန်နိုင်ငံသား၊ ဂရင်းကဒ်တွေက ဗီဇာမလို အမေရိကန်အလည်ဗီဇာ B2 ဗီဇာနဲ့တောင် လာလည်လို့ ရပါတယ်တယ့်။ လေဆိပ်အထွက် တက္ကစီနေရာမှာ တိုးဂိုက်က လာကြိုနေပါတယ်။ လာဖေါ်တူနာမြို့ကို ၂  နာရီခွဲ ၃ နာရီသာသာလောက် မောင်းရပါတယ်။ လမ်းတွေက ကျဉ်းကျဉ်းလေး၊ ကွေ့ကွေ့ကောက်ကောက်၊ ဘေးတလျှောက် အုန်းပင်၊ ငှက်ပျောပင်၊ အပူပိုင်းဒေသ အပင်တွေကို တွေ့ရတယ်။ ရာသီဥတု ၇၅ ဒီဂရီဖာရင်ဟိုက်။ ဘေးက စိုက်ခင်းတွေက နာနတ်သီး၊ ကြံ၊ ကော်ဖီစိုက်ခင်းတွေတယ့်။ သစ်ပင်တွေနဲ့ စိမ်းလန်းတယ့်တိုင်းပြည် ဘယ်နေရာကြည့်ကြည့် စိမ်းလန်းနေတာ မြင်ရတယ်။ အိမ်တွေက သေးသေးလေး အမှိုက်မရှိဘူး သန့်ရှင်းတယ်။ ခေါင်းမူးပြီး အိပ်ပျော်သွားတာ ဟိုတယ်ရောက်တော့မှ နိုးတော့တယ်။ နေ့လည် ၃ နာရီမှ ချက်ကင်ဝင်လို့ရမှာ ခုကနေ့လည် ၁၂ နာရီခွဲ ရေချိုးပြီးအနားယူချင်ပေမယ့် အခန်းမရသေးတော့ အဝတ်အစားလဲ လက်ကေ့အိတ်တွေကို ကောင်တာမှာအပ်။ wet barr မှာ နေ့လည်စာမှာတော့ အချိန်မရှိတော့လို့ take out လုပ် ဆူနမ့်ကို ကောင်တာမှာ သွားစောင့်ခိုင်း ကိုယ်ကနေ့လည်စာစောင့်။ ခဏကြာတော့ ဆူနမ်ပြန်လာတယ် ကောင်တာဆီသွားတယ့်လမ်းမှာ ပုတ်သင်ညို အစိမ်းရောင်တွေ့လို့ ကြောက်လို့ပြန်လာတာတယ့်။ ဟဲ့ အဲဒီပုတ်သင်ညိုတွေက လူတွေကို ဘာအန္တရာယ်မှ မပေးဘူး။ တချို့ဆို အိမ်မွေးတိရိစ္တာန်အဖြစ်တောင် မွေးကြတာ၊ နေ့လည်စာရပြီမို့ ကောင်တာဆီအတူပြန်။ ကောင်တာရောက်တော့ မီးတောင်သွားမယ့်တိုးက ရောက်နေပြီ။ တိုးဂိုက်မလေးက ငယ်ငယ်ချောချောလေး တောင်မတက်ဘဲ  ကားမောင်းပြီး ဗျူးပွိုင့်သွားကြည့်မလား၊ ၃ ကီလိုမီတာ တက်မလား၊ ၆ ကီလိုမီတာတက်မလားမေးတယ်။

မီးတောင်ဆီသွားတဲ့လမ်း
သစ်ကုလားအုတ်
အပွင့်တွေ လေထဲပျံ့လွင့် မျိုးပွားပြီး တွေ့တဲ့အပင်မှာ ရှင်သန်ပေါက်ဖွားတဲ့ အပင်

ကိုယ်နဲ့ဝိုင်းပဲဆိုရင် ၆ ကီလိုမီတာတက်ဖြစ်မှာ ဆူနမ်က သူ့ဘာသာဆို တောင်မတက်ရတာကိုရွေးမှာ။ တောင်တက်ချင်တယ့်ကိုယ့်ကြောင့် ၃ ကီလိုမီတာကို ရွေးလိုက်တယ်။ ၃ ကီလိုမီတာ ၂ မိုင်လောက်ပဲရှိပြီး တောင်တက်တယ့်လမ်းကလည်း ခပ်ပြေပြေ သစ်ပင်တွေအုပ်ဆိုင်းနေတော့ မမောဘူး။ သစ်ပင်ပေါ်မှာ အဝါရောင်မြွှေကိုပြပြီး အဆိပ်ပြင်းတယ့်မြွေဆိုပြီး တိုးဂိုက်ကပြတယ်။ ကိုစကာရီကာနိုင်ငံမှာ အဆိပ်ပြင်းတယ့်မြွှေတွေ အတော်ပေါတယ်။ စိုက်ခင်းတွေမှာ မြေကိုက်လို့သေတာများတယ်။ လာဖေါ်တူနာ La Fortuna မြိ ု့ရောက်ခါနီး မီးတောင်ထိပ်မှာ မှိုင်းညှို့တယ့်မိုးတိမ်တွေ အုပ်ဆိုင်းနေတော့ မိုးရွာပြီလို့ထင်နေတာ ခုတော့နေသာလို့ မီးတောင်ကို ထင်ထင်ရှားရှား မြင်ရတယ်။ ကိုစကာရီကာရဲ့ ရာသီဥတုက ခန့်မှန်းလို့မရဘူး ရာသီဥတုခန့်မှန်းချက်ကလည်း မမှန်ဘူးတယ့်။ ကာရီဘီယံပင်လယ်ဖက်က ပူနွေးတယ့်လေတွေက အထက်ပိုင်းမှာရှိနေပြီး ပစိဖိတ်ဖက်ကအေးတယ့်လေတွေက အောက်ဖက်မှာရှိနေတာမို့ မိုးရွာချင်ချက်ချင်းရွာ၊ ပြီးရင်နေသာ။ ကိုစကာရီကာမှာ နေပူ၊ မိုးရွာ ရာသီဥတု ၂ မျိုးပဲရှိတယ် ဧပြီလကုန်ဆိုရင် မိုးစရွာပြီမို့ ခရီးသွား နည်းသွားပြီ။  အီကွေတာနဲ့နီးပြီး ပူနွေးစွတ်စိုတယ့်ရာသီဥတု စင်္ကာပူရာသီဥတုနဲ့တူတယ်။ ကိုစကာရီကာနိုင်ငံဟာ လူဦးရေငါးသန်းလောက်ရှိပြီး အကျယ်အဝန်းက အနောက်ဗာဂျီးနီးယားပြည်နယ်လောက် ကျယ်ပါတယ်။ လူဦးရေငါးသန်းမှာ ၄ သန်းက ကိုစကာရီကန်၊ ၁ သန်းက အိမ်နီးချင်းနီကွာရာကွာနိုင်ငံက ထွက်ပြေးပြောင်းရွှေ့လာတယ့် နီကွာရာကွာနိုင်ငံသားတွေ။ ကိုစကာရီကာမှာ အရင်တုန်းက စစ်အုပ်ချုပ်ရေးကျင့်သုံးခဲ့ပြီး နောက်တော့စစ်ခေါင်းဆောင်တွေက လက်နက်ကိုင်တာတွေစွန့်ပြီး ကျောင်းတွေမှာ ပညာသင်။ နိုင်ငံရဲ့ဘတ်ဂျက်တွေကို လက်နက်၊ စစ်တပ်မှာသုံးစွဲမယ့်အစား ပညာရေးဖက်မှာ မြှပ်နှံလိုက်တော့ ခုဆိုကိုစကာရီကာနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ စာတတ်မြောက်သူအများဆုံးရှိတယ့်နိုင်ငံ။ အဲ့ဒါကို ကိုစကာရီကာနိုင်ငံသားတွေက ဂုဏ်ယူကြတယ်။

အဲ့ဒီလိုကြားလိုက်တယ့်အခါ ရွှေပြည်ကြီးက ဘဘများနဲ့ ကွာလိုက်လေခြင်း။ မြန်မာပြည်သာ အဲ့ဒီလိုဖြစ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ တိုင်းပြည်ရဲ့အဓိကဝင်ငွေက သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုထုတ်ကုန်လုပ်ငန်းပါတယ့်။ ကိုစကာရီကာမှာ မီးတောင်တွေရှိပြီး အေရီနယ်မီးတောင်ဟာ ၁၉၆၈ မှာ ပေါက်ကွဲမှုဖြစ်ပြီးကတည်းက ချော်၊ ပြာတွေမထုတ်တော့ပေမယ့် လှုပ်ရှားနေသေးတယ့် မီးတောင်ပါ။ မီးတောင်ပေါက်ကွဲမှုဖြစ်တော့ ကိုယ်တို့ခုတောင်တက်နေတယ့်အခြမ်းမှာပဲ ချော်ပြာတွေစီးဆင်းပြီး တခြားဖက်တွေမှာ ချော်ပြာတွေမစီးဆင်းတော့ အဲ့ဒီဖက်တွေမှာ ခုထိစိုက်ပျိုးရေးတွေ လုပ်နေဆဲပါတယ့်။ ဒီဖက်မှာတော့ ချော်ပြာတွေရှိတော့ ဘာမှစိုက်ပျိုးလို့မရဘူး။ မိုးတွေရွာလို့ အဆိပ်အတောက်ဓာတ်တွေ မျောပါသွားတော့မှ အပင်တွေပြန်ပေါက်လာပေမယ့် မီးတောင်ကျောက်တွေရှိလို့ အမြစ်တွေက ဟိုးမြေကြီးအနက်ကြီးအထိ မထိုးဖောက်နိုင်တော့ ခဏလေးနဲ့သေတယ်။ တချို့အပင်တွေက အပွင့်တွေကို လေထဲပျံ့လွင့်စေပြီး တွေ့တယ်အပင်အကိုင်းတွေမှာ တွယ်ကပ်နေပြီး ရှင်သန်ဖောက်ဖွားကြတယ်။ ကိုယ့်ကင်မရာက ဖလပ်ရှပ်ထွက်လာလို့ တိုးဂိုက်က သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဖလပ်ရှပ်ပိတ်ထားပြီး ရိုက်သင့်တယ်လို့ပြောတယ်။ လမ်းခွဲလေးရောက်တော့ တက်ရတာ နည်းနည်းမတ်လာတယ်။ အဲ့ဒီကျောက်တုံးတွေက မီးတောင်ပေါက်တုန်းက ဆင်းလာတယ့် ကျောက်တုံးတွေတယ့်။ သစ်ခွပန်းတစ်ခုက တစ်နှစ်မှာတစ်ရက်ပဲ ပွင့်တယ်တယ့်။ မီးတောင်ထိပ်ကို ရှင်းရှင်းလင်းလင်းမြင်ရလို့ ကိုယ်တို့ကို ကံကောင်းတယ်တယ့်။ တစ်နှစ်လုံးမှာ ၁၄ ရက်လောက်ပဲ မီးတောင်ထိပ်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒီနေရာနေ ကျော်ပြီးဆက်သွားခွင့် မပြုဘူး လွန်ခဲ့တယ့်တလလောက်က နယ်သာလန်နိုင်ငံသား၂ ယောက် တောင်ထိပ်တက်တာ မတော်တဆမှုဖြစ်လို့ အရေးပေါ်ခေါ်ယူရတယ်။ တယောက်က ခါးထိသွားလို့ လမ်းလျှောက်နိုင်ပါ့မလားတောင် မသိဘူးတယ့်။

မီးတောင်ဆီလမ်း
မီးတောင်ဆီလမ်း
Arenal မီးတောင် ကံကောင်းလို့ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရတယ်
မီးတောင်က လှုပ်ရှားနေတုန်းဆိုတော့ ပညာရှင်တွေက အမြဲစောင့်ကြည့်နေပြီး တခုခုထူးခြားရင် လူတွေကိုပြောင်းရွှေ့ခိုင်းမှာဆိုတော့ ၁၉၆၈ ခုနှစ်ကလို  လူအသအပျောက်များမှာ မဟုတ်ဘူး။ အဲ့ဒီတုန်းက ဓာတ်ပုံတွေနဲ့ ရှင်းပြတယ်။ ၁၉၆၈ မီးတောင်ပေါက်ကွဲမှုဖြစ်တော့ နိုင်ငံခြားသားတွေ တစတစရောက်လာကြတယ်။ ကိုစကာရီကန်တွေက မီးတောင်မြေကနေ ထွက်ပြေးချင်နေတာ နိုင်ငံခြားသားတွေကြတော့ မီးတောင်ကို စိတ်ဝင်စားတယ်။ ဒီလိုနဲ့ ကိုစကာရီကန်တွေ အင်္ဂလိပ်စကားစတင်သင်ယူပြီး သဘာဝခရီးသွားလုပ်ငန်း စတင်ခဲ့ကြတယ်။ ဟိုးဖက်မှာမြင်ရတာက ကိုစကာရီကိုနိုင်ငံရဲ့ လူလုပ်ရေကာတာ အဲ့ဒီကန်ကနေ ရေအားလျှပ်စစ်ထုတ်ယူတာ။ ကိုစကာရီကန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားအများစုက ရေအားလျှပ်စစ်၊ လေရဟတ်ကနေရတာ။ ၂၀၂၀ ဆိုရင် တနိုင်ငံလုံးရဲ့လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ကနေ ရတော့မယ်။ ကိုယ်တို့ကို ဘာတွေလုပ်ကိုင်လဲမေးတော့ ကွန်ပျူတာဆော့ဝဲရေးတယ်။ တိုးဂိုက်မလေးက ၂၂ နှစ် အထက်တန်းကျောင်း မပြီးသေးဘူး အားတယ့်အချိန်မှာ တိုးဂိုက်လုပ်တာ။ သူဖြစ်ချင်တာက မြေနမူနာယူလာရင် ဓာတ်ခွဲစမ်းသပ်ပြီး ဘာအပင်တွေ စိုက်ပျိုးသင့်တယ်လို့ အကြံပေးတယ့် စိုက်ပျိုးရေးပညာရှင်။ ကိုယ့်အသက် ၂၂ နှစ်တုန်းကဆို ဘာဖြစ်ချင်မှန်း ဘာလုပ်ချင်မှန်း မသိဘူး။ ကိုစကာရီကာမှာ တစ်ဖ်ပေးစရာမလိုဘူး ၁၀ ရာခိုင်နှုန်းက ပါပြီးသားဆိုပေမယ့် တိုးဂိုက်မလေးက သေသေချာချာ ဂရုတစိုက်ရှင်းပြပေးလို့ တစ်ဖ်ပေးလိုက်တယ်။ ဟိုတယ်ကဝန်ထမ်းတွေက မီးတောင်ဆီသွားတယ်ဆို မြန်လှချည်လားတယ့်။ အခန်းရတော့ ရှယ်တယ်ဘတ်စ်ကားလေးက လိုက်ပို့တယ်။ အိပ်ယာက တခုတည်းဖြစ်နေလို့ ပြန်လဲတာ နာရီဝက်လောက် စောင့်လိုက်ရတယ်။ အဲဒီအခန်းကနေ မီးတောင်ကိုမြင်ရတယ့် ရှုခင်းက အင်မတန်လှတယ်။ ညစာကို အစက လာဖေါ်တူနာမြို့ထဲမှာ ညစာသွားမယ်လို့ စီစဉ်ထားတာ။ မြို့လယ်ကောင်က ငါးဘလောက်ပဲကျယ်ပြီး ဘာမှထူးထူးခြားခြားမရှိ။

ဟိုတယ်ကနေ လာဖေါ်တူနာမြို့လယ်ကောင်ကို မိနစ် ၂၀ လောက် တက္ကစီစီးသွားပြီး ညစာစားရမှာဆိုတော့ ဟိုတယ်ထဲမှာပဲစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရေချိုးခဏနားပြီး  ပင်ပန်းလို့ အခန်းရှေ့က ဝရန်တာမှာ ကျေးငှက်သံတွေ နားထောင်ပြီး အိပ်ပျော်သွားလိုက်တာ ဆူနမ်လာနှိုးမှပဲ နှိုးတော့တယ်။ ရှယ်တယ်ဘတ်စ်ခေါ် တာဝါကောင်တာမှာ တာဝါကီးပြလိုက်တာနဲ့ ပုဝါတွေရတယ်။ ရေပူစမ်းမှာ တနာရီလောက် ရေဝင်စိမ်ပြီး ဟိုတယ်ဝင်းထဲက စားသောက်ဆိုင်မှာ ညစာဘူဖေးစား။ဟိုတယ်မှာမတည်းဘဲ ရေပူစမ်းလာစိမ်တယ့်သူတွေရှိတာမို့ ကွဲပြားအောင် ဟိုတယ်နံပါတ်ပါတယ့် စက္ကူကွင်းလေးတွေ ပတ်ထားခိုင်းတယ်။ စားသောက်တာတွေကို ချက်ချင်းပေးလို့ရသလို အခန်းနံပါတ်ပြောပြီး ကျသင့်ငွေကို ဘေလ်ထဲထည့် check out လုပ်တော့မှ ရှင်းလို့ရတယ်။ ဆူနမ်က ဝိုင်း viator တိုးနဲ့သွားလို့ မီးတောင်ကို ရှင်းရှင်းလင်းလင်း မမြင်ရရင် ဒီဟိုတယ်လာပြီး မီးတောင်ကိုကြည့်လို့ရတယ်။ ဟိုတယ်က မီးတောင်အောက်ခြေမှာရှိနေတယ်။ ဝိုင်းက မီးတောင်ကို ရှင်းရှင်းလင်းလင်း မမြင်ရလို့ နောက်တခေါက် ထပ်လာမှာမဟုတ်ဘူး။ ဝိုင်းက တယောက်တည်းမို့လို့ ရေပူစမ်းမစိမ်တော့ဘူးလို့ ပြောနေတယ်။ ဒီဟိုတယ်မှာတည်းတယ့်သူတွေကဖရီး ဝိုင်းဒစ်စကောင့်ရောက်အောင် ဆူနမ်က သူပြောပေးမယ်တယ့်။ ဆူနမ် ဝိုင်းက အဲ့ဒီလို ဒီဟိုတယ်၊ ဒီရေပူစမ်းမှ မဟုတ်ဘူး သူက ခရီးထွက်တယ်ဆိုပြီးရော။ ဆူနမ့်လို တလခွဲလောက် ဘလော့တွေဖတ် research တွေလုပ် သေသေချာချာ စီစဉ်တယ့်သူမဟုတ်ဘူး။ ၃၊ ၄ ရက် ရှာဖွေမယ် trip advisor က ညွှန်းတယ့်တိုး ၃ ခုလောက်ဘွတ်၊ ဈေးသက်သာတယ့်ဟိုတယ်၊ လေယာဉ်ဘွတ် ready to go ပဲ။ ပင်ပန်းလို့ နှစ်နှစ်ခြိ ုက်ခြိ ုက် အိပ်ပျော်တယ်။ နောက်နေ့ သွားဖြစ်တယ့် ကြိုးတံတား၊ ရေတံခွန်အကြောင်းကတော့ အပိုင်း ၂ မှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မတ် ၂၆၊ ၂၀၁၈။
တစ်နှစ်မှာ တစ်ရက်ထဲသာ ပွင့်တဲ့သစ်ခွ
ကိုစကာရီကာမှာ အကြီးဆုံးရေကာတာ
ဟိုတယ်ကနေ မြင်ရတဲ့မီးတောင်
အဲ့ဒီသစ်ခွ မြန်မာပြည်မှာရှိတယ် ဒန်းစင်းလေဒီလို့ ခေါ်ကြတယ်
ချက်ခြင်း အဲ့ဒီလိုမြူတွေဝေ့လာပြီး မိုးရွာတယ်
အဆိပ်အရမ်းပြင်းတဲ့မြွေ

ခရီးသွားခြင်း အနုပညာ ...

ကိုစကာရီကာ၊ ပနားမား ခရီးစဉ်ကို စတင်တဲ့သူက ဗီယက်နမ်မလေးဝိုင်းပါ။ ၂၀၁၇ စက်တင်ဘာလကုန် မန်မိုရီယမ်ဒေးပိတ်ရက် ကိုစကာရီကာ၊ ပနားမားကို သွားမလို့စီစဉ်ထားတာ ဝိုင်းရဲ့ယူအက်စ်ဗီဇာက ၆ လသက်တမ်းမရှိတော့လို့ မသွားဖြစ်လိုက်ဘူး။ ဝိုင်းက ယူအန်မှာ လုပ်နေတာ အလုပ်ဗီဇာက တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရတယ်။ ခရီးမသွားခင် ဗီဇာသက်တမ်း ၆ လ ရှိသေးရဲ့လားဆိုတာ မစစ်လိုက်ဘူးထင်တယ်။ ရာမားပြောသလို smart people make stupid mistakes ဆိုပါတော့။ ဘွတ်ကင်လုပ်ထားတဲ့ တိုးခရီး ၂ ခုက ပိုက်ဆံပြန်ပေးတယ် လေယာဉ်လတ်မှတ်ကလည်း ပိုက်ဆံပြန်ပေးတော့ တော်သေးတာပေါ့။ ကိုယ်က အဲဒီတုန်းက ဆူနမ်၊ ရာမားတို့ဆီ သွားလည်နေတာ။ ဝိုင်း နောက်တကြိမ်သွားလည်မလို့ စီစဉ်တော့ ကိုယ့်ကိုလိုက်မလားလို့ ခေါ်တယ်။ ကိုယ်က လိုက်မယ် ဆူနမ်၊ ရာမားတို့ကိုလည်း ခေါ်လို့ရလားဆိုတော့ ရတယ်တဲ့။ ရာမားက ဒီဇင်ဘာမှာ ဟာဝိုင်အီကို သွားထားလို့ မလိုက်တော့ဘူး။ ဆူနမ်က ဒီဇင်ဘာမှာ လန်ဒန်ကို သွားထားပေမယ့် စိတ်ဝင်စားတယ်တဲ့။ ဝိုင်းစီစဉ်ထားတာက ၄ ရက်ခရီး ကြသပတေးနေ့ ညဉ့်နက်သန်းခေါင်း လေယာဉ်စီး။ နောက်နေ့မနက်ရောက် မြိ ု့လည်ခေါင်က ဟိုတယ်မှာတည်း ဟိုဒီလျှောက်ကြည့်။ တိုး ၂ ခု ဘွတ် တိုးတွေက မြို့လည်ခေါင်က ဟိုတယ်တွေဆို လိုက်ခေါ်ပေးတယ်။ နောက်ဆုံးနေ့ မနက်စောစော ၁ နာရီဝေးတဲ့ ပနားမားကိုသွား ၁၀ နာရီ ထရန်စစ်ထိုင်နေတဲ့အချိန်အတွင်းမှာ ပနားမားတူးမြောင်းကိုသွားလည်။ ကိုစကာရီကာနဲ့ ပနားမားက ယူအက်စ်ဂရင်းကဒ်၊ စီတီဇင်တွေဆို ဗီဇာမလိုဘူး။ ဝိုင်းက နှစ်သစ်ကူးချိန် ဖေဖေါ်ဝါရီလမှာ ဗီယက်နမ်ကို ပြန်လေ့ရှိတယ်။ ဒီလိုနဲ့ ၃ ယောက် အဆင်ပြေတယ့်အချိန်ကို ရွေးလိုက်တော့ မတ် ၁၆ ကနေ ၁၉  အထိ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သောကြာ၊ တနင်္လာနေ့ခွင့်ယူ၊ တနင်္လာနေ့ ညဉ့်သန်းခေါင်မှ ပြန်ရောက်မှာမို့အင်္ဂါနေ့ကို နေ့တဝက် ဒါမှမဟုတ် တနေ့လုံးခွင့်ယူပြီး အနားယူ။

နယူးယောက်ကနေ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးကို လေယာဉ်တိုက်ရိုက်ရှိပေမယ့် ပနားမားကို ဝင်လည်ချင်လို့ ပနားမားမှာ ထရန်စစ်ထိုင်တယ်။ ၄ ရက် ၂ နိုင်ငံ လေယာဉ်လတ်မှတ် ၅၀၀၊ တိုး ၂ ခုက ၃၀၀၊ ဟိုတယ်၊ ပနားမားတိုး ၂၀၀၊ ဘာဘာညာညာ ၁၃၀၀ - ၁၅၀၀ ကုန်မယ်လို့ ခန့်မှန်းထားတယ်။ ဝိုင်းက မတ်လဆန်းမှာ မတ်ဒါကာစကာကို အရေးပေါ်သွားရဖို့ ဖြစ်လာတယ်။ ဝိုင်းပါအောင် ရက်ကို ရှေ့တိုးနောက်ဆုတ် ကြိုးစားကြသေးတယ်။ ရက်ပြောင်းရင် လေယာဉ်လတ်မှတ် ပြောင်းခ ၂၅၀၊ ပေါက်ဈေးခ၊ ဘာခညာခနဲ့ ၂ ဆနီးပါးလောက် ကျသွားတယ်။ ရက်ကလည်း ဘယ်လိုမှညှိလို့မရတာနဲ့ ဝိုင်းမပါဘဲ သတ်မှတ်ထားတဲ့ ရက်အတိုင်း သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဆူနမ်က ပရိုက်ဗိုက်တိုးတွေ စုံစမ်းပြီး ပရိုက်ဗိုက်တိုးနဲ့ သွားချင်တယ်။ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့လယ်ခေါင်က လုံခြုံစိတ်ချမှုမရှိဘူး မြို့လည်ခေါင်က ဟိုတယ်တွေဆီမှာ မတည်းနဲ့လို့ ဘလော့တွေကပြောတယ်တဲ့။ ညဖက်တယောက်တည်း လုံခြုံစိတ်ချမှုမရှိတဲ့နေရာသွားရင် ဘယ်နိုင်ငံရဲ့မြို့လယ်ခေါင်မှ လုံခြုံမှုမရှိဘူး။ ဝိုင်းက စပိန်စကားပြောတတ်တယ် ကိုယ်တို့က စပိန်စကားမတတ်ဘူး ပရိုက်ဗိုက်တိုးနဲ့မှ ကောင်းမှာ။ ကိုစကာရီကာနိုင်ငံကို လာလည်တဲ့လူတိုင်း စပိန်စကားမပြောတတ်ဘူး နိုင်ငံတကာက လာနေတာပဲဟာကို။ ပရိုက်ဗိုက်တိုးက ဈေးကြီးလိုက်တာ ၃ ရက်တည်းကို ၆၀၀ ကျော် ဈေးကြီးတယ်။ ဝိုင်းစီစဉ်သလိုပဲ သွားချင်တယ်။ viator တိုးတွေက ဆန်ဟိုဆေးမြို့ကနေ စထွက်တာ tourist attraction တွေက ဆန်ဟိုဆေးမြို့ကနေ ၃ ၊ ၄ နာရီဝေးတဲ့ မြို့တွေမှာ။ ဘာနဲ့တူသလဲဆိုတော့ မေရီလန်းကနေ  ၄ နာရီဝေးတဲ့  နယူးယောက်ကိုသွားလည် မေရီလန်းကိုပြန်လာ ကားပေါ်မှာ အချိန်ကုန်တယ်။ ကိစ္စမရှိဘူး ကယ်လီဖိုးနီးယားဖက်ကို သွားလည်တုန်းကဆို တနေ့ ၅ နာရီ ဘတ်စ်ကားပေါ်မှာ တနေရာနဲ့တနေရာ ဝေးတာကိုး။

ဆူနမ်က ကြိုးတံတားကိုသွားတဲ့ viator တိုးရှိရင် ကိုယ်စီစဉ်တာကို လက်ခံမယ်တဲ့။ viator tour မှာ ဆန်ဟိုဆေးမြို့ကနေ ကြိုးတံတားသွားတဲ့တိုးမရှိ ဆန်ဟိုဆေးမြို့ကနေ ၄ နာရီလောက်ဝေးတဲ့မြို့ကနေတော့ တိုးရှိတယ်။ ဆန်ဟိုဆေးမြို့ကနေ အဲ့ဒီမြို့ကိုသွားဖို့ ကိုယ်မစီစဉ်နိုင်ဘူး။ ကြည့် ပရိုက်ဗိုက်တိုးက စီစဉ်ပေးနိုင်တယ်။ သူ သွားချင်တဲ့နေရာတွေကို အချိန်တိုတိုနဲ့ သွားနိုင်တယ်၊ လူမပင်ပန်းဘူး၊ လုံခြုံစိတ်ချရတယ်၊ တည်းမယ့်ဟိုတယ်တွေကလည်း အကောင်းစား၊ ဟိုတယ်တွေမှာ ရေပူစမ်းပါတယ်။ ဆူနမ်က သူ့တိုးထက် သာတယ်ဆိုတာ လက်ခံလောက်အောင် ရှင်းပြနိုင်ရင် ကိုယ့်တိုးကို သူလိုက်မယ်တဲ့။ ဆူနမ့်ကို viator တိုးဆီပါလာအောင် ကိုယ်မဆွဲဆောင်နိုင်၊ ဆူနမ့်ကို နိုင်အောင်မပြောနိုင်။ ဆူနမ်က သူ့တိုးဒီလောက်ကောင်းတာ၊ သူ တလခွဲလောက် ပြင်ဆင်ထားရတဲ့တိုးကို ကိုယ်ဘာလို့လက်မခံနိုင်မှန်း နားမလည်နိုင်ဘူး။ ကိုယ်ကလည်း ဆူနမ် ဘာလို့ဈေးကြီးတဲ့ ပရိုက်ဗိုက်တိုးနဲ့ သွားချင်ရတာလည်း နားမလည်နိုင်ဘူး။ ဝိုင်းပါရင် အကောင်းသား ဒီမိုကရေစီနည်းနဲ့ ၂ မဲ ၁ မဲ နိုင်တယ်ဆိုပြီး ကိုယ့်တိုးကို ရွေးလိုက်လို့ရတယ်။ ဆူနမ်ဟာ အတော့်ကို ခေါင်းမာတာပဲ ကြိုးတံတားကို မသွားရရင် သေမှာကျနေတာပဲ။ လုံခြုံစိတ်ချမှုမရှိရင် ဝိုင်း တယောက်တည်းသွားဖို့ ဘယ်လိုလုပ် စီစဉ်မှာလဲ။ ဆူနမ်နဲ့ကိုယ် ငြင်းခုန်ရန်ဖြစ်အော်ဟစ် နောက်ဆုံးတော့ ဆူနမ့်တိုးကို လက်ခံလိုက်ရတော့တယ်။ စိတ်ထဲမှာတော့ မကျေမနပ်နဲ့ပေါ့ နောက်နောင် ဒင်းနဲ့ ဘယ်တော့မှ ခရီးမသွားဘူး။ ခုမှပဲ ဝိုင်းတန်ဖိုးကို နားလည်သဘောပေါက်တော့တယ်။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်ကို သွားလည်တော့ ဘားဟာဘားမြို့ ကမ်းနားက စားသောက်ဆိုင်မှာ နေ့လည်စာစားဖို့ တိုးဂိုက်ကညွှန်းလို့ သွားမေးတော့ ၂ နာရီ စောင့်ရမယ်တဲ့။ ဝိုင်းက တို့ဒီကိုလာတာ စားသောက်ဖို့မဟုတ်ဘူး ငါးဈေးက လော်စတာရိုးဝယ် နေ့လည်စာကို ခပ်သုတ်သုတ်စားပြီး လျှောက်ကြည့်ရအောင်တဲ့။

၂၀၁၈ မတ် ၁၀ တရုတ်တန်းမှာ ချစ်မကြီးမခိုင်နဲ့ ဆုံတုန်းက မခိုင်အမျိုးသား ဥ◌ီးရွှေကို ရိုက်ပေးထားတဲ့ ဓာတ်ပုံလေးကို သဘောကျလို့ မဆီမဆိုင် တင်ပါတယ်…ကင်မရာမန်းက lens အသစ်ကို စမ်းချင်နေတာ…ဒီကလည်း ဓာတ်ပုံသိပ်မရိုက်ချင်ရှာဘူး...

ကိုယ်နဲ့စိတ်တူကိုယ်တူ ဝါသနာတူ ခရီးသွားဖော်ကောင်းကောင်းရတယ်ဆိုတာ ကံကောင်းခြင်းတမျိုးပဲ။ ကိုယ် ဆူနမ့်ကို စိတ်တိုနေတယ်ဆိုတာ သူက နည်းနည်းလေးမှ မရိပ်မိဘူး။ ဆူနမ်က သူဘာလုပ်လုပ် ကိုယ်ကလန်ကဆန်လုပ်မယ်၊ ရန်ဖြစ်မယ်လို့ မှန်းထားတဲ့သူဆိုတော့ ကိုယ် သဘောမတူတာကို ခပ်အေးအေးပဲ။ ကိုယ့်မှာတော့ နောက်နောင် ဒင်းနဲ့ ဘယ်တော့မှ ခရီးမသွားတော့ဖူး၊ ကြိုးတံတားပေါ်မှာ လမ်းလျှောက်ရမှာ ကြောက်တယ်လို့ပြောရင် ကြိုးတံတားပေါ်ကနေ ဒင်းကို တွန်းချလိုက်မယ်လို့ ဝိုင်းကိုပြောပြီး ရယ်လိုက်ရတာ။ ဘွဲ့ယူတုန်းက သူ့မိဘတွေကို လာ့ဗီးဂတ်လိုက်ပို့တော့ တရုတ်တိုးစီးပြီးကတည်းက ဆူနမ်က တိုးတွေကို မကြိုက်တော့တာ။ တရုတ်တိုးကားတွေမှာ အိမ်သာပါပေမယ့် ၂ နာရီလောက်ဆို rest area တွေမှာ အိမ်သာအတွက် ရပ်ပေးတယ်။ ခင်သက်ထွေးဆူနမ်က rest area မရောက်ခင် ရှူးပေါက်ချင်လို့ အောင့်ထား၊ ကားရပ်ရော သူ့ခုံနေရာက နောက်ဆုံးခုံ လူကုန်အောင် စောင့်နေရင် ထွက်ကျလိမ့်မယ်။ မဖြစ်ချေဘူး excuse me ဆိုပြီး အိမ်သာအတင်းပြေးရတယ်တဲ့။ အဖေလည်း ကိုသက်ထွေး ဒါပေမဲ့ တခါမှ အဲ့ဒီလိုမဖြစ်ဘူး ရေသောက်တာကို လျှော့ရတာပေါ့တဲ့။ လူကြီးတွေတောင် တရုတ်တိုးကား စီးနိုင်ရဲ့သားနဲ့ ဆူနမ်ကမစီးနိုင်။ တရုတ်တိုးတွေက rush တော့ဖြစ်တယ် ကိုယ့်ကားလို စိတ်ကြိုက်စိမ်ပြေနပြေ နေလို့တော့ ဘယ်ရပါ့မလဲ။ ကားမမောင်းချင်တဲ့ ကိုယ်နဲ့ဝိုင်းနဲ့ကတော့ တိုးကားက အဆင်ပြေတယ်။ ဘယ်သူမှလည်း တနေရာတည်းမှာ ၄၊ ၅ နာရီ မနေချင်ပါဘူး။ viator တိုးတွေက တရုတ်တိုးတွေလို မဟုတ်ဘူး ဥရောပသားတွေစီးတာ ဈေးကြီးတယ်။ ကိုယ် ဗီလာဒဲဖီးယားကို သွားလည်တုန်းက viator နဲ့ တရုတ်ကားက ၇၅ ပဲ ပေးရတဲ့အချိန်မှာ viator တိုးက ၁၅၀။ ဥရောပသားတွေကြီးပဲ အာရှသားဆိုလို့ ကိုယ်နဲ့ အိန္ဒိယအဘိုးကြီးဒေါက်တာ ၂ ယောက်ပဲပါတယ်။

ဝိုင်း မက်ဆီကိုသွားလည်တုန်းကလည်း viator တိုး အဆင်ပြေတယ်တဲ့။ ဝိုင်းက ကိုစကာရီကာက ဘာဖြစ်လို့လည်းမသိဘူး ၂ ခေါက်ရှိပြီ စီစဉ်တာပျက်တယ်။ မလျှော့သေးဘူး ဧပြီလလယ်ပြန်ရောက်ရင် ကိုစကာရီကာကို တတိယအခေါက် စီစဉ်ပြီးသွားလည်မလို့တဲ့။ good luck ! never give up ! လို့ ချီးယားလိုက်ကြသေးတယ်။ ကြာသပတေးနေ့ည ၁၀ နာရီခွဲ ဆူနမ်က ဂရင်းကဒ်ပေမယ့် မြန်မာနိုင်ငံသားဆိုရင် ကိုစကာရီကာဗီဇာလိုတယ်လို့ ဖိုရမ်မှာပြောနေတယ်။ ကိုစကာရီကာဆိုဒ်က update မလုပ်တာကြာပြီ ဖိုရမ်က မနှစ်က update လုပ်ထားတယ်။ ဗီဇာလိုတယ်ဆိုရင် တနင်္လာနေ့ ရုံးကနေခွင့်ယူပြီး ဗီဇာသွားလုပ်မယ်။ ကြသပတေးနေ့ညဉ့်နက်သန်းခေါင်သွားမှာ ၄ ရက်နဲ့ ဗီဇာရပါ့မလားနဲ့ စိတ်ပူရပြန်ပြီ။ သောကြာနေ့မနက် ရုံးမှာအလုပ်မလုပ်နိုင်ဘူး ဒီစီနဲ့နယူးယောက် ကိုစကာရီကာသံရုံးတွေကို ဖုန်းအဆက်မပြတ်ခေါ်ပေမယ့် မကိုင်ဘူး။ ချီကာဂိုသံရုံးကတော့ ကိုင်တယ် ပတ်စ်ပို့စ်နဲ့ဂရင်းကဒ်ကို ဓာတ်ပုံပို့ပေးပါတယ့်။ အကြံရပြီ စတိတ်မှာရှိတဲ့ ကိုစကာသံရုံးအကုန်လုံးကို အီးမေးလ်ပို့လိုက်တယ်။ နေ့လည်ကျတော့ မီယာမီသံရုံးက အီးမေးလ်ပြန်လာတယ် ဂရင်းကဒ် ၆ လသက်တမ်းရှိနေရင် ဗီဇာမလို တိုးရစ်အလည်ဗီဇာ B1 B2 နဲ့တောင် အလည်လာလို့ရတယ်။ နောက်ချီကာဂိုသံရုံး၊ လော့အိန်ဂျယ်လစ်သံရုံးတွေက အီးမေးလ်ပြန်လာတယ် ဗီဇာမလိုပါတဲ့။ ဒီစီနဲ့နယူးယောက်ကတော့ အတော်လေးကြာမှ ပြန်လာတယ်။ ကိုစကာရီကာကို ခရီးသွားမယ်လို့ အဖေ့ကိုပြောတော့ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုဦးတဲ့။ အဖေ သမီး အရက်မသောက်၊ ဆေးလိပ်မသောက်၊ ဘားလည်မသွား၊ ပိုက်ဆံအပိုမသုံး၊ ခရီးမှမသွားရင် ဘာမှအပန်းဖြေစရာမရှိဘူးလို့ ပြန်ပြောတော့ ဘာမှမပြောတော့ဘူး။

ကိုယ့်ကျတော့ ခရီးမသွားနဲ့ ပိုက်ဆံစု သူကျတော့ ဥရောပကို သွားချင်လို့တဲ့။ နောက်ကြုံမှ ဥရောပကိုမသွားနဲ့ အဖေရေ ပိုက်ဆံစုလို့ ပြောလိုက်ဦးမယ်။ မောင်မောင်ကလည်း စန်းထွန်း ခရီးသိပ်မသွားနဲ့ ပိုက်ဆံစုနဲ့။ နောက်မှမေးလိုက်ဦးမယ် နင့်မှာ ပိုက်ဆံစုပြီးသား ဘယ်နှစ်ပြားရှိလဲလို့။ အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး ရှာထားတာတွေ ဘာမှမသုံးမစား ခြစ်ကုတ်ပြီး မစုနိုင်ပါဘူးတော်။ ဘဝဆိုတာ တိုတိုလေး ကိုယ်လုပ်ချင်တာတွေ မလုပ်လိုက်ရဘဲ သေသွားခဲ့ရင် ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေကို နောက်ဘဝဆီလည်း သယ်သွားလို့မရဘူး။ ယောကျာ်းမယူသေးဘူးလား၊ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုလို့ပြောလို့သူတွေကို သိပ်အမြင်ကပ်တာပဲ။ ခရီးသွားတယ်ဆိုတာ ကျန်းမာရေးလည်းကောင်းမှ၊ ခရီးသွားဖို့ ပိုက်ဆံလည်းရှိဦးမှ၊ ခွင့်ကလည်း ရဦးမှ၊ ခရီးသွားမယ့်အဖော်လည်း ရှိဦးမှ။ ခရီးသွားရင် ရတဲ့အတွေ့အကြုံ၊ အတွေးအမြင်သစ်တွေက ဘာနဲ့မှ မလဲနိုင်ဘူး။ စတိတ်မှာ ၇ နှစ်နေပြီးမှ စတိတ်ပြင်ပထွက်တဲ့ ကိုယ့်ရဲ့ ရေခြားမြေခြား ပထမဆုံး နိုင်ငံရပ်ခြားခရီးဆိုပါတော့။ ခု ပို့စ်တင်တယ့်အချိန်ဆို ကိုစကာရီကာရဲ့ အထင်ကရဖြစ်တဲ့ မီးတောင်တက်တဲ့လမ်း၊ ကြိုးတံတား၊ ကော်ဖီစိုက်ခင်း၊ ပနားမားတူးမြောင်း ဘယ်နေရာများ ဆူနမ်နဲ့ကိုယ် နောင်ဂျိန်ချနေကြမလဲမသိ။ ပြန်လာမှပဲ ကိုစကာရီကာ၊ ပနားမားသွား တောလားပို့စ်တွေ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မတ် ၁၈၊ ၂၀၁၈။

ဘောလုံးပွဲကြည့်ခြင်း အနုပညာ ...

 


ဟိုင်းကြီးသားတွေက ဘောလုံးဝါသနာပါကြတယ် ဟိုင်းကြီးဘောလုံးအသင်းကလည်း ခြေကခပ်စွာစွာ။ ရွာနဲ့ရေတပ်ပြိုင်ပွဲနေ့ဆို ကျောင်းဘေးဘောလုံးကွင်းအပြည့် အားပေးကြတယ်။ ကိုယ်တို့ကလေးတွေက ဘောလုံးအကြောင်းလည်း ဘာမှနားမလည် တဟေးဟေးနဲ့ ကိုယ့်ရွာဆိုတော့ ကိုယ်အားမပေးရင် ဘယ်သူအားပေးမလဲနော့။ အဖေက ဘောလုံးပွဲကြည့်တာ အရမ်းဝါသနာပါပေမဲ့ ဘောလုံးကန်တာတော့ မတွေ့ဖူးဘူး ခြင်းခတ်တာတော့ တွေ့ဖူးတယ်။ 1996 အရှေ့တောင်အာရှဖလားဗိုလ်လုပွဲ မြန်မာနဲ့ထိုင်း သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ အောင်ကျော်ကျော်တို့ကိုတော့ မှတ်မိတယ်။ ဘောလုံးပွဲကြည့်ဖို့ ရန်ကုန်နဲ့ဟိုင်းကြီးအိမ်တွေမှာ စလောင်းတပ်တယ်။ ရန်ကုန်ကိုအဖေလာရင် ဘောလုံးပွဲကြည့်တယ် ကြည့်ပါစေ ကိုရီးယားကားလည်းမကြည့်။ သူ့မှာဖျော်ဖြေစရာဆိုလို့ ဘောလုံးပွဲပဲရှိတာ။ အဖေနဲ့ လုံးဝမတူတဲ့မောင်မောင်က ဘောလုံးမှာတော့ အဖေနဲ့သွားတူတယ်။ ဘောလုံးပွဲတွေအကြောင်း၊ ဘောလုံးသမားတွေအကြောင်း၊ ဘယ်အသင်းကနေ ဘယ်လောက်ကြေးနဲ့ ပြောင်းတာအကုန်သိတယ်။ ဘောလုံးလိုများ ကျောင်းစာမှာ ထူးချွှန်ရင်ကောင်းမယ်လို့ တွေးမိတယ်။ အိမ်မှာအပတ်စဉ်ထုတ် အားကစားစာစောင်၊ ဂျာနယ်တွေဝယ်တယ်။ မောင်မောင်က ဘောလုံးပွဲလောင်းပေမဲ့ အဖေက လုံးဝမလောင်းဘူး။ ကမ္ဘာ့ဖလားပွဲ ကွာတားဖိုင်နယ်လောက်ဆို ကိုယ်တို့ညီအစ်မတွေ လိုက်ကြည့်တယ်။ အဖေက သူဘောလုံးပွဲကြည့်ရင် သမီးတွေကိုနှိုးတတ်တယ်။ အမေက အဖေ့ကိုဆူတယ် သမီးတွေက စာကြည့်ပြီး ပင်ပန်းလို့အိပ်နေတာကို ဘောလုံးပွဲကြည့်ဖို့နှိုးတယ် အိပ်ရေးပျက်တော့မယ်။ ဘောလုံးပွဲကလည်း အဖော်လေးနဲ့ကြည့်မှ ပိုမြိုင်တာကိုး။ တက္ကသိုလ်တုန်းက သူငယ်ချင်းမော်လမြိုင်သူရဲ့ အဖေလည်း သူ့ကို ဘောလုံးပွဲအတူကြည့်ဖို့ နှိုးတယ်တဲ့။ ကိုယ်တို့လိုက်ကြည့်ရင် အဖေက ဘောလုံးစည်းကမ်းတွေ သင်ပြပေးတယ်။ အဖေက မန်ချက်စတာယူနိုက်တက်ပရိတ်သတ်။ သူ့အိမ်မက်က အို့ထရန်ဖို့ကွင်းထဲမှာ ဘောလုံးပွဲကြည့်ချင်တာ။ တနေ့ လိုက်ပို့ပေးမယ်လို့ ပြောထားတယ် ဘယ်တော့ဖြစ်လာမလဲတော့မသိ။ တနေ့မြို့ထဲကအပြန် ဘူတာရုံနားမှာ အားကစားဂျာစီတွေဝတ်လို့၊ မာဖလာ၊ အလံတွေထောင်၊ ကားတွေကလည်း ဟွန်းတွေတီး၊ သီချင်းတွေအော်ဆို၊ လတ်မှတ်မှောင်ခိုရောင်းတဲ့သူတွေနဲ့ ကြိတ်ကြိတ်တိုး။ အိမ်နားက red bull ကွင်းမှာ ဘာပွဲရှိလဲလို့ကြည့်လိုက်တော့ ဟူထူရပ်နဲ့ကိုစကာရီကာ ကိုပါဘောလုံးပွဲ။

မကြီးက အဖေ့ကိုလိုက်ပို့လိုက်ဆိုတော့ နောက်တပတ် အဲ့ဒီကွင်းမှာ ဘာစီလိုနာနဲ့ နာမည်မမှတ်မိတော့တဲ့ အသင်းတွေရှိတော့ လတ်မှတ်ဝယ်လိုက်တယ်။ ဈေးအပေါဆုံးက ၂၀ ဘာဘာညာညာနဲ့ ၃၀ လောက်ကျတယ်။ ဆူနမ့်ကိုပြောပြတော့ သူတို့လည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘာစီလိုနာကန်တဲ့ပွဲ သွားကြည့်မှာ လတ်မှတ်က ၂၀၀ ကျော်ပေးရတာ လွန်ခဲ့တဲ့ ၄လက ကြိုဝယ်ထားတာတဲ့။ နင့်ဟာ ၃၀ ပဲကျတော့ သက်သာလှချည်လား ပေးစမ်း နင့်ဘောလုံးပွဲသတင်းအချက်အလက်။ နင့်ပွဲက ဘောလုံးပွဲမှမဟုတ်ဘဲ ဘောလုံးလေ့ကျင့်တာကြီးကို။ ဘောလုံးကွင်းနားမှာ ဘာစီလိုနာအင်္ကီျဂျာစီတွေ ရောင်းနေလို့ မေးကြည့်တော့ ၁၀တဲ့။ ဘောလုံးကွင်းထဲဝင်ဖို့ စစ်ဆေးရေးဂိတ်ဖြတ်တော့ ရေဘူးသယ်လို့မရဘူး။ ဘေးကတယောက်ကတော့ ရေသန့်ဗူးအဖုံးကို လွှင့်ပစ်ပြီးဝင်ခိုင်းတယ် ဘယ့်နှယ့်ငါ့ကျတော့ ပစ်ခိုင်းပါလိမ့်။ ဆူနမ်ပြောတာ ဟုတ်တာပဲ ဘောလုံးပွဲမဟုတ်ဘူး ဘောလုံးလေ့ကျင့်တာ။ ဘာစီလိုနာအသင်းက မက်ဆီ၊ နေမာ၊ အနားရောက်လာရင် အော်ဟစ်အားပေးကြတာ ဝက်ဝက်ကွဲ။ နောက်တပတ် တော့တင်ဟမ်စပါးနဲ့ရိုးမားတဲ့ ကြည့်မလားအဖေ ကြည့်ရအောင် ဒီကွင်းမှာပဲလား ဟုတ်တယ်။ တော့တင်ဟမ်စပါးက ပရီးမီးယားလိခ်မှာ ဒုတိယ ရိုးမားကလည်း အီတလီစီးရီးအေမှာ ဒုတိယ ကြည့်ကောင်းမှာ။ လတ်မှတ်က ၄၀ ကျော်ကျပြီး နေရာထိုင်ခုံတွေ ရွေးခိုင်းတော့ မသိတာနဲ့ အကောင်းဆုံးလို့ညွှန်ပေးတဲ့ နေရာကို ရွေးလိုက်တယ်။ အဖေက ရေဆာလို့ ရေဘူးသွားဝယ်တော့ တဘူးကို ၅ ကျပ်ပေးရတယ်။ ဈေးကြီးလိုက်တာ အဖုံးကိုလွှင့်ပစ်ပြီးမှ ရေဘူးကိုပေးတယ်။ ရေဘူးအဖုံးပိတ်ပြီး ကွင်းထဲပစ်ပေါက်ရင် လူထိနိုင်တယ် အဖုံးဖွင့်ထားတဲ့ရေဘူးကို ကွင်းထဲပစ်ရင် အဝေးကြီးမရောက်နိုင်ဘူး အဲ့ဒါကြောင့်ဖြစ်မယ်လို့ အဖေက တွေးမိတယ်။ အဖေနဲ့အမေ ဗိုက်ဆာလို့ အာလူးကျော်ချိစ်ဖြန်းထားတာ ဝယ်‌ကျွှေးလိုက်တယ်။ ဘိုစာမကြိ ုက်တဲ့သူတွေ ဗိုက်ဆာတော့လည်း စားကြတာပဲ ဒါမှမစားရင် ဘာမှစားစရာမရှိဘူးကိုး။ လေ့ကျင့်ပြီးလို့ ကွင်းတပတ်ပတ်ပြေးတော့ အားလုံးကမတ်တပ်ရပ်ပြီး လက်ခုပ်တီးကြတယ်။ ကောင်မလေး ၃ ယောက်၊ ကလေးတယောက် တယောက်ပြီးတယောက် ကွင်းထဲဆင်းပြေးလို့ လုံခြုံရေးတွေကလိုက်ဖမ်း ကွင်းပေါ်ကလူတွေက တဟားဟားနဲ့ရယ်။



အမေက သမီးသူငယ်ချင်းနီပေါမတွေ အနီရောင်အင်္ကီျဆင်တူ ဝတ်ထားတဲ့ဓာတ်ပုံ ဖေ့ဘွတ်မှာတက်လာတယ် ဘောလုံးပွဲသွားကြည့်နေပြီထင်တယ်။ ဆူနမ်က မန်ယူဂျာစီဝတ်ပြီး မန်ယူကိုအားပေးမလို့ဆိုပြီး ဘာစီလိုနာကစားတာကိုကြည့်ပြီး ဘာစီလိုနာကိုကြိုက်သွားလို့တဲ့ သစ္စာဖောက်မ …။ ဘောလုံးကွင်းမှာလွှင့်ပစ်ခဲ့ရတဲ့ အိုင်ခီရာကရေဘူးကို အဖေကနှမြောလို့တဲ့။ အဖေက စည်းကမ်းရှိတယ်၊ ပစ္စည်းပျောက်ခဲတယ်။ ဘတ်စ်ကားစီးနေတုန်း အိုင်ဖုန်းကို အင်္ကီျအိတ်ထဲထည့်တာ အိတ်ထဲမရောက်ဘဲ အပြင်ကိုကျသွားတာမသိလိုက်လို့ ပျောက်သွားတာ တော်တော့ကိုနှမြေတသ ယူကျုံးမရဖြစ်လို့ ကိုယ်တို့က ပြန်ဖျောင်းဖြရတယ်။ ဒီတခါတော့ နပ်သွားပြီ ဆိုင်ကရေဘူးဝယ်သွားတယ်။ စစ်ဆေးရေးဂိတ်ဖြတ်တော့ လုံခြုံရေးစောင့်က ရေဘူးကိုလွှင့်ပစ်လိုက်လို့ အမူအယာနဲ့ပြတယ်။ အဖေက ဒီမှာအဖုံးမပါဘူးလို့ အမူအယာနဲ့ပြတော့ အိုကေတဲ့။ အဖေ ရေဘူးအဖုံးကို လွှင့်ပစ်လိုက်တာလား ဘယ်ကသာ အိတ်ထဲထည့်ထားတာ မင်းတို့လည်သလောက်တော့ ငါကအပျော့ဆိုလို့ ရယ်လိုက်ရတာ အဖေကလူလည်။ ထိုင်ခုံနေရာကိုရှာတာ ကွင်းတပတ် ပတ်ဖြစ်သွားတယ်။ ကွင်းကတော်တော်ကျယ်တာနော် လူ ၆၀၀၀ ထောင်လောက်ဆန့်မယ် ဆောင်းဘောက်တွေကလည်း ကောင်းလိုက်တာ။ မီးကလည်း ထိန်ထိန်ညီး သုဝဏ္ဏကွင်းမှာဆို မီးဆိုင်းတိုင်ကြီးတွေရှိတယ် ဒီကွင်းကအသစ်ဆိုတော့ အဲ့ဒီလိုတိုင်တွေမရှိဘူး။ တီဗွီဖန်သားပြင်ကလည်း အကြီးကြီး ဒီ red bull ကွင်းဟာ အားကစားဂျာနယ်မှာ ခဏခဏပါတယ် နာမည်ကြီးပဲ။ တပတ်ကို ၂ ခါလောက်ပွဲရှိတယ် ကိုယ်က အမေရိကန်ဘေ့စ်ဘောကစားကြတယ် ထင်နေတာ။ အမေရိကန်တွေ ဘောလုံးပွဲမကြိုက်ဘူး အဖေ အမေရိကန်မှာ ဆူပါဘော၊ ဘေ့စ်ဘော၊ ဘတ်စ်ကတ်ဘောက နာမည်ပိုကြီးတယ်။ ထိုင်ခုံက ဒုတိယထပ် တော်တော်မြင့်တဲ့နေရာ အမေဆို တက်နေတုန်း မူးလာသလိုဖြစ်လို့တဲ့။ ဥရောပကနာမည်ကြီးအသင်းတွေ ချန်ပီယံလိခ်၊ ယူအီးဖက်အေ၊ ပြည်တွင်းပွဲတွေ ပြီးသွားတော့ အမေရိကန်မှာခြေစမ်းနေကြတာ။ အဲ့ဒီလိုခြေစမ်းကန်နေမှ စွမ်းရည်တွေလျော့မသွားမှာပေါ့။ ဖလားပွဲမဟုတ်တော့ အားသွန်ခွန်စိုက်ကန်ကြမယ် မထင်ဘူး ဟန်ပြလောက်ပဲ ကန်မယ်ထင်တယ်။

မထင်နဲ့သမီးရေ နာမည်ကြီးအသင်းတွေဆိုတော့ ဖလားမဟုတ်လည်း ဂုဏ်သိက္ခာအတွက် အကြိတ်အနယ်ကန်ကြလိမ့်မယ်။ အဖေ ဘယ်အသင်းအားပေးမလဲ အင်္ဂလန်လေ အင်္ဂလန်က တော့တင်ဟမ်စပါး  အားပေးမှာပေါ့။ ကိုယ်တို့တွေ ကမ္ဘာ့ဖလားပွဲကြည့်ရင် ၁၆ သင်းကနေ မတက်နိုင်မှန်းသိရက်သားနဲ့ အင်္ဂလန်မှ အင်္ဂလန်။ အင်္ဂလန်တသင်းလုံးက ပရီးမီယားလိခ်မှာ ကစားနေတဲ့သူတွေဆိုတော့ ဘော်ဒါတွေလိုပဲ အင်္ဂလန်တသင်းလုံးကို သိတယ်။ ကွာတားဖိုင်နယ်ကို အင်္ဂလန်ကို မတက်နိုင်တော့ဘူးဆိုမှ တခြားအသင်းရွေးတယ်။ မကြီးက အီတလီ ဘောလုံးဘယ်လို အကန်ကောင်းတယ်ဆိုတာ သိလို့မဟုတ်ဘူး တသင်းလုံးချောလို့။ ပထမပိုင်းမှာ ရိုးမားက တရိုးသွင်းပြီး ဦးဆောင်တယ် ပွဲကအကြိတ်အနိတ်ရှိတယ်။ ပထမပိုင်းပြီးတော့ ကွင်းအပြည့် အဖေက သမီးပြောတော့ အမေရိကန်တွေ ဘောလုံးပွဲမကြိုက်ဘူးဆို ခုတော့ဘယ်နှယ့်ရှိစ။ ဒုတိယပိုင်းမစခင် ၁၅ မိနစ်နားတော့ ကိုသက်ထွေးအဖေက အိမ်သာသွားတယ်။ အမေလိုက်မလားမေးတော့ ဟင့်အင်းတဲ့ အမြင့်တက်ဆင်းရတာကို ကြောက်နေတာနေမှာ လူကလည်းအရမ်းများတယ်။ ဒုတိယပိုင်းပွဲစချိန်အထိ အဖေရောက်မလာသေးလို့ ဖုန်းဆက်မေးလိုက်တော့ အိမ်သာမှတန်းစီနေတုန်း လာတော့မယ် လူအရမ်းများတယ်တဲ့။ အမေက အဖေ့ကိုစိတ်ပူနေတာ ခုံနေရာတွေ့ပါ့မလားလို့ အမေ အဖေက အမေ့လိုမဟုတ်ဘူး သူ့ဘာသာရောက်လာလိမ့်မယ်။ ဒုတိယပိုင်းမှာ စပါးကတဂိုးပြန်သွင်းတယ်။ သရေနဲ့ပြီးသွားမယ်ထင်နေတာ ပွဲပြီးခါနီး ၁၅ မိနစ်လောက်အလို တချို့လူတွေပြန်ကြတယ် ကားပိတ်တာကိုရှောင်ဖို့အတွက်။ ရိုးမားက ပြန်သွင်းတယ် စပါးက ခြေပဂိုးသွင်းတယ် ပွဲပြီးခါနီး တစ်မိနစ်အလိုမှာ ရိုးမားက တစ်ဂိုးထပ်သွင်းတယ်။ နောက်ဆုံး ၁၅ မိနစ်ဟာ ဟာခနဲ ဟင်ခနဲ ဟယ်ခနဲဖြစ်ရတဲ့အချိန်တွေပဲ။ ေစောစောပြန်တဲ့လူတွေတော့ တကယ့်ပွဲကောင်းကို လွတ်သွားတယ်။ နောက်နေ့ ယူကျူမှာ highlight တွေလာတော့ အဖေက စပါးပင်နယ်တီရသင့်ရဲ့သားနဲ့ မရတာ ဒိုင်ပေးသင့်တယ်လို့ ရှင်းပြတယ်။  ကိုယ့်မှာလည်း တီဗွီဝယ်ထားတာ အဖေတို့လာတော့မှပဲ တန်တော့တယ်။ ဒီတခေါက်စတိတ်ကိုလာရတာ အကောင်းဆုံးပဲ ဘောလုံးပွဲကြည့်ရလို့တဲ့။ နောက်တခေါက်လာရင် ဘောလုံးပွဲများများ လိုက်ပို့ဦးမှ။

စန်းထွန်း
မတ် ၁၅၊ ၂၀၁၈။

ဒီစီသွား တောလား ...

၂၀၁၇ ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ပိတ်ရက် တန်နက်စီပြည်နယ်ဖက် ၄ ရက်ခရီးသွားပြီးတော့ ၂ ပတ်အကြာမှာ ကယ်ပီတယ်ကို လိုက်ပို့မယ်လို့ပြောတော့ အဖေက ရောက်ပြီးသားလေတဲ့။ ကယ်ပီတယ်ကို အဝေးကနေ ဓာတ်ပုံရိုက်ခဲ့တာ ခုက အတွင်းဖက်ကို သွားလည်မှာ။ ကယ်ပီတယ်အတွင်းဖက်ကို သွားလည်တဲ့ တရုတ်တိုးတွေမရှိဘူး ကိုယ့်ဘာသာစီစဉ်ပြီး သွားရမှာ။ Capitol Visitor Center က တနင်္ဂနွေနေ့ပိတ်တော့ စနေနေ့သွားလည်မယ်။ အွန်လိုင်းကနေ reserve လုပ်လို့ရတယ် အနည်းဆုံး ၂ ပတ်၊ ၃ ပတ်လောက် ကြို reserve လုပ်ရတယ်။ reserve မလုပ်ဘဲ ဒီအတိုင်းဝင်သွားလို့လည်း ရပါတယ်  နာရီဝက်၊ ၄၅ မိနစ်လောက်တော့ စောင့်ရတယ်။ ၂၀၁၂ ခရစ်စမတ် မေရီလန်းမှာနေတဲ့ ဆူနမ်၊ ရာမားတို့ဆီ လာလည်တ ရာမား မနက်ရုံးသွားရင် ကိုယ့်ကိုဘူတာရုံမှာ ချပေးခဲ့တယ်။ ရထားစီးပြီး ဒီစီမြို့ထဲကို သွားလည် Library of Congress ကိုသွားလည်ပြီးတော့ ကယ်ပီတယ်ကိုသွားတာ လူတွေတန်းစီနေတာနဲ့ ဘာမှန်းမသိ ယောင်တောင်ပေါင်တောင် တန်းလိုက်စီပြီး ကယ်ပီတယ်အတွင်းကို ရောက်သွားတယ်။ reserve မလုပ်ထားတော့ ၄၅ မိနစ်လောက် စောင့်လိုက်ရတယ်။ ၂၀၁၇ ဧပြီ မကြီး၊ မခိုင်တို့နဲ့ သွားလည်တော့ နပ်သွားပြီ reserve လုပ်ပြီးမှသွားတယ်။ ရုံးအသစ်မှာ အလုပ်ဝင်တာ ၆လမပြည့်သေးတော့ ခွင့်ယူလို့မရသေးတော့ သောကြာနေ့ညဖက် ဝါရှင်တန်ဒီစီကို သွားရမယ်။ ကိုယ့်ဘာသာဆို ဈေးသက်သာတဲ့ ဘတ်စ်ကားနဲ့သွား ဘတ်စ်ကားက ၄ နာရီကျော်စီးရပြီး ည ၁၁ ခွဲ ၁၂ နာရီလောက်မှ ဒီစီရောက်တယ်။ အဖေ၊ အမေပါတော့ ဘတ်စ်ကားထက်ဈေးကြီးပေမယ့် လူသက်သာတဲ့ Amtrak ရထားစီးဖို့ ဆုံးဖြတ်လိုက်တယ်။ အမြန် Acela ရထားက ဒီစီကို ၂ နာရီခွဲလောက်ပဲ မောင်းတယ် ဈေးလည်းကြီးတယ်။ ဈေးနည်းနည်းသက်သာတဲ့ Amtrak က ၃ နာရီခွဲလောက် မောင်းရတယ်။ အဖေနဲ့အမေကို အိမ်နားကဘူတာရုံမှာ ၅ နာရီ ၄၅ မိနစ်ဆုံမယ်လို့ ချိန်းထားရင် နောက်ကျမှာစိတ်ပူတတ်တဲ့ အဖေကြောင့် စောစောရောက်နှင့်နေကြတယ်။ နယူးဂျာစီပြည်နယ် Newark ကနေ ည ၆ နာရီခွဲထွက်မဲ့ ရထားဟာ delay ဖြစ်လို့ တနာရီနောက်ကျပြီးမှ ရောက်လာတယ်။ စတိတ်ရောက်ပြီး ၇ နှစ်အကြာမှ ခရီးဝေးရထားစီးဖူးခြင်းပဲ။ ပုံမှန်က ဈေးသက်သာတဲ့ဘတ်စ်ကားနဲ့ သွားနေကြ။ ရထားက ကျယ်ကျယ်ဝန်းဝန်း သက်တော့သက်သာရှိတယ်။ အမေ့စကားအရအဆိုရင် ရထားနဲ့က ခန္ဓာကိုယ်လှုပ်တောင် မလှုပ်ဘူး။ 


ကယ်ပီတယ်အဆောက်အဦး အမိုးထိပ်က Statue of Freeman

ကိုသက်ထွေးအဖေက အိမ်သာဘယ်မှာဆိုတာ ရှာဖွေပြီးပြီ၊ တနာရီအတွင်း အိမ်သာသွားပြီးပြီ။ ပြီးတော့ ကိုယ့်ကိုပြောပြနေတယ် အိမ်သာမှာ မီးလင်းနေရင် အဲ့ဒါလူရှိတာ အတော်သန့်တယ်ဆိုပဲ။ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့ရပ်တယ်။ ညသန်းခေါင်မှာ ဝါရှင်တန်ဒီစီမြို့လယ်ကောင်က ယူနီယမ်စတေရှင်ကိုရောက်တယ်။ ဘူတာရုံကနေ ကယ်ပီတယ်ဘေးနား Hilton ဟိုတယ်ကို ၁၅ မိနစ်လောက်ပဲ လျှောက်ရတယ်။ late check in  ပြောထားတော့ အဆင်ပြေတယ် ဟိုတယ်က ကြီးလိုက်တာ။ ဟိုတယ်မှာ မနက်စာမပါပေမဲ့ အမေ့မှာ သယ်လာတဲ့ရိက္ခာတွေကအပြည့်။ အဖေ၊ အမေရှိရင် ဗိုက်အမြဲပြည့်နေတယ် အမေက စားကောင်းသောက်ဖွယ်လေးတွေ ဖွယ်ဖွယ်ရာရာချက်‌ကျွှေး။ အဖေက သမီး စားဆိုပြီး အတင်းထည့်ကျွှေး သူ့သမီး များများစားမှ ဝမ်းသာအားရဖြစ်တော့ ပိန်ဖို့လမ်းမမြင်။ ကယ်ပီတယ်အဝင် လုံခြုံရေး အင်မတန်တင်းကြပ်တယ်။ ဆီးနိတ်၊ ဟောက်စ်လွှတ်တော်တွေရှိတဲ့နေရာ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဆွေးနွှေးဆုံးဖြတ်တဲ့ နေရာဆိုတော့လည်း လုံခြုံရေးတင်းကျပ်ရမှာပေါ့။ reserved လုပ်ထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် နောက်ကျသွားပေးမဲ့လည်း အမြန်ဆုံးစီစဉ်ပေးပါတယ်။ ကွန်ကရက်မှာ ဆီးနိတ်၊ ဟောက်စ်တို့ရှိပြီး ဆီးနိတ်မှာတော့ ပြည်နယ်ဘယ်လောက်ပဲသေးသေးကြီးကြီး လွှတ်တော်အမတ် ၂ ယောက်ရှိပြီး ၆ နှစ်သက်တမ်းရှိပါတယ်။ ဟောက်စ်မှာတော့ ပြည်နယ်ရဲ့လူဦးရေအချိုးအစားအတိုင်း လူဦးရေများရင် house representative များမယ် ၂ နှစ်သက်တမ်း ရှိအါတယ်။ ဒီကယ်ပီတယ်ကနေ တိုင်းပြည်အတွက် အရေးပါတဲ့ဥပဒေတွေ ပြဌာန်းခဲ့ကြပါတယ်။ အမေရိကန်ပြည် တနေ့ပြန်လည်စည်းလုံးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်တွင်းစစ်ဖြစ်နေတုန်းတောင် ကယ်ပီတယ်တည်ဆောက်မှုကို သမ္မတအေဗရာဟမ်လင်ကွန်းက မရပ်ခဲ့ပါဘူး။ ကယ်ပီတယ်အကြောင်း ရှင်းပြတယ့် ၁၀ မိနစ်စာ ဗွီဒီယိုလေးက သိပ်အဓိပ္ဗာယ်ရှိပြီး ကြည့်လို့ကောင်းတယ်။ ပြီးတော့ နားကြပ်လေးတွေ လှမ်းယူပြီး တိုးဂိုက်တွေနောက်မှာတန်းစီ။ အဲဒီနေ့က လေ့လာရေးလာကြတဲ့ ကျောင်းသားတွေ အရမ်းများတယ်။


House Speaker Paul Ryan ရဲ့အခန်း‌ရှေ့
ပန်းချီပန်းပုတွေ အရမ်းခမ်းနားလှပတဲ့ Roundana
ကယ်ပီတယ်မောလ်၊ ပတ်တိုးမတ်မြစ်ကို မျက်နှာမူထားတဲ့ဖက်
သမ္မတကျမ်းသစ္စာကျိမ်ဆိုပွဲကို အဲ့ဒီမှာ ကျင်းပတယ်
ပထမဆုံးရောက်တဲ့နေရာက ကယ်ပီတယ်အုတ်မြစ်ချတဲ့နေရာ။ နယူးယောက်ကို မြို့တော်တည်ချင်ပေမဲ့ အင်္ဂလိပ်ရေတပ်က ဝင်တိုက်မှာစိုးလို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလားဒဲဖီးယားမြို့ကို မြို့တော်တည်ခဲ့ပါတယ်။ ဒီစီကို မေရီလန်း၊ ဗာဂျီးနီးယားပြည်နယ်တွေကနေ မြေတွေနည်းနည်းဖဲ့ပေးပြီး မြို့တော်ကို အသေအချာတည်ခဲ့ပါတယ်။ ကျွှန်တွေရဲ့လုပ်အားနဲ့ သဲကျောက်တွေသယ်ပြီး ကယ်ပီတယ်ကို တည်ဆောက်ခဲ့ပါတယ်။ လွတ်လပ်ရေးအဆောက်အဦးအတွက် ကျွှန်တွေကို အားတမခိုင်းစေတည်ဆောက်ခဲ့တယ်ဆိုတဲ့အချက်က အမည်းစွန်းစေတယ့်အချက်။ ဒီအခန်းထဲမှ ပန်းချီကားတွေက အင်မတန်လက်ရောက်မြောက်သလို အမေရိကန်သမိုင်းကြောင်းကို ဖော်ကျူးထားတယ်။ အဝိုင်းမိုးခုံးက ပန်းချီးလက်ရာတွေက ရောမလက်ရာဆန်တယ် ထုလုပ်သူက အီတလီကနေ အမေရိကန်ကိုပြောင်းရွှေ့အခြေချသူ။ အိန်ဂျယ်၃ယောက်ကြားက အမေရိကန်လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်။ Roundana ပတ်ပတ်လည် ပန်းချီကားတွေ ရေးဆွဲပြီးလို့ လွတ်နေတဲ့ ၁၆ ပေကို ဆက်ဆွဲဖို့ ခွင့်ပြုမိန့်ကို ၁၆ နှစ်စောင့်ခဲ့ရတယ်။ ပန်းချီပန်းပုလက်ရာတွေက အင်မတန်လက်ရာမြောက်ပါပေတယ်။ သမ္မတသေဆုံးရင်၊ စစ်ဖက်ဆိုင်ရာရာထူး အကြီးအကဲတွေကျဆုံးရင် ဒီခန်းမမှာ ဈာပနကျင်းပခွင့်ရှိပါတယ် ခုထိ ၃၃ ဦး ကျင်းပပြီးပြီ။ ဟိုဖက်ခန်းက ပန်းပုလက်ရာတွေကတော့ ပြည်နယ်တခုစီရဲ့ ထင်ရှားတဲ့သူတွေရဲ့ ပန်းပုလက်ရာတွေ။ ပန်းပုတခုချင်းစီမှာ ရာဇဝင်တခုစီရှိပါတယ်။ မသိတာရှိရင် လက်ထောင်မေးနိုင်ပါတယ်။ ကင်မရာသမားတွေတွေ့တော့ ဒီနေ့ကယ်ပီတယ်မှာ လူပိုစည်တယ် လွှတ်တော်မှာ အရေးကြီးတဲ့ဥပဒေတခုကို မဲခွဲဆုံးဖြတ်စရာရှိလို့တဲ့။ လူအရမ်းများတာမို့ ကိုယ့်အုပ်စုနဲ့ မခွဲမခွာနေဖို့၊ အိမ်သာသွားမယ်ဆိုရင် တိုးဂိုက်ကို အကြောင်းကြားပြီးမှာ သွားဖို့မှာကြားပါတယ်။ ကယ်ပီတယ်ကို ၃ ခေါက် ရောက်ပြီးတဲ့အချိန်မှာ သိလိုက်ရတာက တိုးဂိုက်တွေပြောတာ အတူတူပဲဆိုတာ။ တိုးပြီးတော့ နားကြပ်လေးတွေပြန်ပေး တိုးဂိုက်က ဒီနေ့ဗာမွန်ပြည်နယ်ကအမတ်တွေကို တွေ့ဆုံလို့ရတယ့် လတ်မှတ်ရှိတယ် အိုင်ဒီပြပြီး ယူနိုင်ပါတယ်လို့ အကြောင်းကြားတယ်။ ဗိုက်ဆာနေပြီမို့လို့ ကယ်ပီတယ်အောက်ဖက်က စားသောက်ဆိုင်ဆီ ပြေးကြတယ်။ အဲဒီများလည်း ကြိတ်ကြိတ်တိုး တနေ့တနေ့ အလည်လာတဲ့သူ ၈၀၀ ကျော်ရှိပါတယ်တဲ့။ အလည်လာတဲ့သူတွေထဲမှာ အာရှသားနည်းတယ်။ 


Library of Congress 
National Air &Space Museum
Washington Monument

ကယ်ပီတယ်ကနေ ကွန်ဂရက်စာကြည့်တိုက်ကို မြေအောက်လှိုက်ခေါင်းကနေ သွားလို့ရပါတယ်။ ကမ္ဘာပေါ်မှာ စာအုပ်စာတမ်းတွေ အများဆုံးစုဆောင်းထားတဲ့နေရာ။ အတွင်းဖက်မှာ ပြင်ဆင်ထားတာတွေက အင်မတန်လှတယ်။ ပြခန်းတွေ အကုန်လိုက်ကြည့်ဖို့ဆို တနေ့လောက်အချိန်ပေးရမယ်။ စာကြည့်ခန်းကို အပေါ်ခန်းကနေကြည့်ဖို့ တန်းစီကြတယ်။ စာကြည့်ခန်းမှာ မဟော်ဂနီရောင်ပရိဘောတွေက တဖိတ်ဖိတ်တောက်နေပြီး စာအုပ်အဖုံးတွေကလေည်း ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ အင်မတန်လှပခန့်ညားတယ်။ စာအုပ်တွေကို သုတေသနပြုနေတဲ့သူတွေကိုပဲ ငှားပါတယ်။ ကွန်ဂရက်စာကြည့်တိုက်ကနေ ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောလ်ကို မျက်နှာပြုနေတဲ့ ကယ်ပီတယ်နဲ့ ဓာတ်ပုံရိုက်တယ်။ အဲ့ဒီဖက်အခြမ်းက ပိုလှတယ် သမ္မတကျမ်းသစ္စာကျိမ်ဆိုတဲ့နေရာပေါ့။ ကယ်ပီတယ်ကနေ ပတ်တိုးမတ်မြစ်အထိကို ကယ်ပီတယ်မောလ်လို့ခေါ်ပြီး ဘေးတဖက်တချက်မှာ ပြတိုက်တွေ တစုတဝေးတည်း ရှိပါတယ်။ ပြတိုက်တွေက ဝင်ကြေးအခမဲ့ဖြစ်ပြီး ပြတိုက်တခု အနှံ့လည်ဖို့ဆိုရင် ၅ နာရီလောက် အချိန်ပေးရမယ်။ အာကာသသိပ္ဗံပြတိုက်ကို ဝင်လည်တော့ လကမ္ဘာကို ပထမဆုံးခြေချတဲ့ပြခန်း၊ အာကာသယာဉ်မှုးတွေ ဝတ်တဲ့ဝတ်စုံ၊ အသုံးပြုခဲ့တဲ့ယာဉ်၊ ဘယ်လိုလုပ်ဆောင်ခဲ့ကြတာတွေကို ပြသထားတာ အင်မတန်ကြည့်လို့ကောင်းတယ်။ ဝိုက်ညီနောင်ကနေ လေယာဉ်တွေတဆင့်ဆင့် တိုးတက်ပြောင်းလဲလာတွေ၊ အာကာသအကြောင်းအစုံအလင်ပြသထားလို့ အမြဲကြိတ်ကြိတ်တိုး။ တူတော်မောင်အတွက် အာကာသယာဉ်မှုးဝတ်စုံ၊ အာကာသယာဉ် ဝယ်ပေးရင်ကောင်းမလားလို့ အမေ့ကိုတိုင်ပင်ကြည့်တော့ မပေးနဲ့တဲ့။ ရထားစီးဖို့အဆင်မပြေဘူး လမ်းဘဲလျှောက်ရအောင်နော် ဝါရှင်တန်ကျောက်တိုင်၊ အိမ်ဖြူတော်ကိုသွားမှာ။ စမစ်ဆိုးနီးယန်းပြတိုက်နားမှာ ခဏနားကြပြီး ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင်နားကနေဖြတ်ပြီး ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ရေပန်းနားကို သွားမလို့ဟာ မသွားနိုင်တော့ဘူး အဝေးကနေပဲကြည့်မယ်တဲ့။ ဟိုမှာ တိုင်ဒယ်ဘေဆင်ရေကန် ချယ်ရီပွဲတော်က အဲ့ဒီမှာကျင်းပတာ။ ရေကန်ပတ်ပတ်လည် ဂျပန်ပြည်က ချစ်ကြည်ရေးလက်ဆောင်ပေးထားတဲ့ ချယ်ရီပင်တွေ စိုက်ထားတယ်။ ချယ်ရီပွဲတော်က ကိုယ့်ဓာတ်ပုံတွေကြည့်ပြီး အဖေက ချယ်ရီပွဲတော်ချိန် လာလည်ချင်တယ်။ ဟိုးမှာ လင်ကွန်းမန်မိုရီယမ် အဖေတို့ တိုးနဲ့လာတုန်းက ရောက်ဖူးတယ် မှတ်မိလား။ ဝါရှင်တန်မိုးနှုးမတ်နားမှာ ခဏနား သမ္မတအိမ်ဖြူတော်ရှေ့ ဓာတ်ပုံရိုက်။ 


အိမ်ဖြူ‌တော်ရှေ့
National Museum of Natural History
National Museum of National History

သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်းက ပန်းခြံလေးမှာ ထိုင်နားတော့မှ စာကြည့်မျက်မှန် မရှိတော့မှန်း သတိထားမိတယ်။ စမတ်ဆိုးနီးယန်းပြတိုက်နား နားတုန်းက ကျကျန်ခဲ့တာဖြစ်ရမယ်။ နမော်နမဲ့နိုင်လေခြင်း ကိုယ်ဟာ ပစ္စည်းအမြဲမေ့ကျန်တတ်တဲ့သူမဟုတ်ဘူ ။ မျက်မှန်က ၂၀၁၂ ကန်တက်ကီမှာ လုပ်ခဲ့တာဆိုတော့ ၅ နှစ်ရှိပြီ ကိုယ်ကြိုက်တဲ့ တစ်ဖနီမျက်မှန်လေး။ ညနေစာ တရုတ်တန်းမှာ သွားစားမယ် မိနစ် ၂၀ လောက် လျှောက်နိုင်သေးတယ်မလား။ နားနားပြီး လျှောက်ကြတာပေါ့ တရုတ်တန်းရောက်တော့ ဒီစီမှာအလုပ်လုပ်တုန်းက ကိုယ်သွားစားနေကြဆိုင်ကို ခေါ်သွားတယ်။ ကန်စွန်းရွက်ကြော် အင်မတန်ကောင်းတာတော့ မှတ်မိတယ်။ ဟိုတယ်ကို ၁၅ မိနစ်လောက်ပြန်လျှောက် ရေမိုးချိုးပြီးတာနဲ့ ပစ်လဲတော့တာပဲ။ အဖေက ဒီနေ့လမ်းလျှောက်တာ ၆ မိုင်မကဘူးတဲ့ အဖေတို့ လျှောက်နိုင်သားပဲ ဘယ်လိုလဲအဖေ ကယ်ပီတယ်လှလား အယ်မလေး ကြီးကျယ်ခမ်းနားပါပေတယ် အပြင်ကနေကြည့်တော့ ဒီလောက်သားနားမယ်မထင်ဘူး အတွင်းမှာ တကယ်လှတာပဲ။ ဒီနေ့တော့ အတော်ပင်ပန်းသွားပြီ။ မနက်ဖြန်မနက် ၈ နာရီခွဲလောက် ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောကိုသွား အမျိုးသားအနုပညာပြတိုက်ရှေ့သွားတော့ ဘယ်သူမှမရှိဘူ။ ဖွင့်ချိန်က ၁၀ နာရီတဲ့ ဘေးက အမျိုးသာသမိုင်းပြတိုက်ဆီသွားတော့ လူတန်းကြီးက အရှည်ကြီး။ တကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါကောင်တွေကို ရုပ်ကြွတွေနဲ့ ပြထားတာ အင်မတန်အသက်ဝင်သွားတာပဲ။ ကလေးတွေကို လိုက်ပြတာများတယ်။ အဖေက သူ့မြေးကို သတိရနေတယ် ဘုန်းသန့်ခေါင်သာဆိုရင် ဘယ်လောက်အားပါလိုက်မလဲ။ အဖေ တိရစ္ဆာန်ရုံလိုက်ပြပေးလို့ မြေးဖြစ်သူက ဘိုးဘိုး တိရစ္ဆာန်ရုံလိုက်ပို့ပေးဖို့  ပူစာတော့တာပဲ။ ၁၁ နာရီခွဲလောက်ကျတော့ ဟိုတယ်ဆီပြန်ပြီး check out လုပ် ဆယ်မိနစ်လောက်ဝေးတဲ့ ယူနီယမ်ဘူတာရုံက Roti mediterarian ဆိုင်မှာ နေ့လည်စာစားတော့ အဖေတို့ ကြိုက်ကြတယ်။ Chipolet မက်ဆီကန်အစားအစာကျတော့ သိပ်မကြိုက်ကြဘူး။ နေ့လည် ၂ နာရီ ဘတ်စ်ကားက ၁၅ မိနစ်လောက် နောက်ကျပြီးမှထွက်တယ်။ နယူးဂျာစီကို ၄ နာရီကျော်လောက် မောင်းရတယ်။ ကယ်ပီတယ်နဲ့ အဝေးကနေပဲ ဓာတ်ပုံရိုက်ကြပေမဲ့ ခုတော့ အတွင်းထိ ရောက်ဖူးသွားကြပြီ။ သဘောကျတယ်ဆိုတော့လည်း လိုက်ပို့ရကျိုးနပ်တာပေါ့လေ။ အခွင့်ကြံကြိုက်ရင် ကယ်ပီတယ်အတွင်းဖက်ဆီ ဝင်လည်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

စန်းထွန်း
မတ် ၁၁၊ ၂၀၁၈။