05 June 2016

ပီအေရုံးမှ မိတ်ဆွေများ - ၁

၂၀၁၄ ဒီဇင်ဘာ နယူးယောက်က စတယ်လာကုမ္ဗဏီမှာ အလုပ်ရတော့ ၃၆လမ်းက ရုံးချုပ်မှာ ၁ လလောက်ပဲ နေရတယ်။ ပြီးတော့ ကလိုင်းရင့် ဂရမ်းစင်ထရယ်နား ၄၄ လမ်းက အမ်တီအေ မတ်ထရိုနော့ရုံးကို ရောက်သွားတယ်။ နယူးယောက်မှာ အမ်တီအေကို မသိတဲ့သူမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယူးယော့ကာတိုင်း အမ်တီအေ မြေအောက်ရထား၊ ဘတ်စ်ကားကို စီးရတာကိုး။ စီနီယာခဲတန်က ကိုယ့်တစ်ယောက်တည်း ပရောဂျက်တွေကို ကောင်းကောင်းထိန်းနိုင်တယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့တာ ၈ လပြီးလို့ အမ်တီအေ ပရောဂျက်အပ်ပြီးတဲ့အခါ ပရောဂျက်မန်နေဂျာ ပတ်ထရီရှာချန်နဲ့ကိုယ် ရုံးချုပ်ကို ပြန်ရတယ်။ ရုံးချုပ်မှာက မနက် ၉  နာရီကနေ ညနေ ၆ နာရီအထိ ရုံးတက်ရပြီး နေ့လည်ထမင်းစားချိန်ကို ၁ နာရီယူရတယ်။ ကလိုင်းရင့်ရုံးတွေမှာလို မနက် ၈ နာရီရုံးတက် ညနေ ၄ နာရီပြန် နေ့လည်ထမင်းစားချိန်ကို နာရီဝက်လောက်ပဲ ယူလို့မရဘူး။ နေ့လည်စာထမင်းစားပြီးရင် ၄၂လမ်း ဘရိုင်ယန်ပါ့ခ်ကို ပတ်ထရီရှာနဲ့ကိုယ်တို့လမ်းလျှောက်လေ့ရှိတယ်။ ရုံးမှာက လူသစ်တရုတ်တွေများ ကိုယ်ကလည်း ရုံးချုပ်မှာ နေရတဲ့အချိန်နည်းတော့ ရုံးကလူတွေကို သိပ်မသိဘူး။ ပတ်ထရီရှာချန်က ပီအေလို့အတိုကောက်ခေါ်တဲ့ THE PORT AUTHORITY OF NEW YORK & NEW JERSEY ကလိုင်းရင့်ရုံးမှာ ပရောဂျက်ရလို့ နယူးဂျာစီပြည်နယ် Newark မြို့မှာ အလုပ်ဆင်းသွားတော့ ကိုယ်တစ်ယောက်တည်း ပျင်းကျန်နေရစ်ခဲ့တာပေါ့။

ရုံးချုပ်မှာက မန်နေဂျာတွေများတော့ ဟိုလူကခိုင်း ဒီလူကခိုင်းနဲ့ ပရောဂျက် ၃ခုလောက်ကို တပြိုင်တည်းလုပ်ရတယ်။ နေရာကကျဉ်း၊ ကာထားတဲ့ဟာမရှိ၊ ကိုယ်ဘာကြည့်နေတာဆိုတာ အားလုံးကမြင်နိုင်ပြီး အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်က မကောင်းဘူး။ ပြီးတော့ စာသင်ကျောင်းတွေကို ကွန်ပျူတာတွေ လိုက်ဆင်တဲ့ တရုတ်တွေက ဝင်လာလိုက်၊ ထွက်သွားလိုက်၊ စကားကို အော်ကြီးဟစ်ကျယ်ပြောလိုက်နဲ့ ဆူညံနေတာပဲ။ နောက်တော့ နယူးဂျာဆီပြည်နယ် Newark မြို့ 2GateAway Center မှာရှိတဲ့ ပီအေရုံးမှာ အင်တာဗျူးသွားဖြေရတယ်။ မန်နေဂျာက ဒီဒီကား ပန်ချာပီအိန္ဒိယမ အရပ်ကငါးပေလောက်၊ ပုပုဝဝ၊ အသားညိုညို၊ မျက်ခုံးကောင်းကောင်း၊ ခန့်ခန့်ချောချော၊ စကားကို အမြဲတမ်းပြုံးပြီး ချိုချိုသာသာ ပြောတတ်တယ်။ ကိုယ်တို့လို ပရိုဂရမ်မာကနေ မန်နေဂျာဖြစ်လာတဲ့သူ၊ စကားပြောတာ ရှင်းလင်းပြတ်သားတယ်၊ အရမ်းတော်ပြီး ထက်မြက်တယ်။ အင်တာဗျူးတဲ့သူတွေက စတယ်လာရုံးကနေ ကလိုင်းရင့်ပီအေမှာ အလုပ်လုပ်နေတာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ယူနန်သူ တရုတ်မယန်း၊ အရင်တုန်းက စတယ်လာမှာအလုပ်လုပ်ခဲ့ပြီး အခုပီအေဝန်ထမ်းဖြစ်နေတဲ့ တရုတ်ကြီးလင်းမင်။ ပီအေရုံးမှာ အလုပ်ရတော့ ကိုယ်ကသိပ်မသွားချင်ဘူး ၁ နာရီခွဲတောင် ရထားစီးပြီး ရုံးတက်ရမှာဆိုတော့လေ။ ကိုယ့်အိမ်ကနေ 7 ရထားနှစ်ဘူတာစီးပြီး ဂျက်ဆင်ဟိုက်ဘူတာမှာ အမြန်ရထား F ကိုစီး။

၂၅ မိနစ်လောက်စီးပြီးတော့ ၃၄ လမ်းဘူတာမှာဆင်း။ ၃၃ လမ်းကနေ နယူးဂျာစီကို သွားမဲ့ PATH ရထားကို မိနစ် ၂၀ လောက်စီးပြီး ဂိတ်ဆုံး ဂျာနယ်စကွဲမှာဆင်းပြီး ဝေါထရိတ်စင်တာကနေ Newark ဆီသွားမဲ့ရထားစီး။ ရထားလေးဆင့်စီးပြီး ၁ နာရီခွဲကြာတော့ နယူးဂျာစီဖက်မှာ အိမ်ရှာရမလား စဉ်းစားသေးတယ်။ ဂျပန်အိမ်မှာက နေရတာ တော်တော်လေး အဆင်ပြေတော့ ရုံးတက်ရတာ ဝေးပေမဲ့ အိမ်မပြောင်းချင်တော့ဘူး။ အဆင်ပြေတဲ့ roommate ကောင်းကောင်းရဖို့ဆိုတာ ခက်လှပါဘိ။ စီနီယာခဲတန်ကလည်း ဝေးပေမဲ့ ကလိုင့်ရင့်ရုံးမှာ လုပ်ရတာကောင်းတယ် သွားသာသွားတဲ့။ ကိုယ့်ရှေ့ထိုင်တာက ဖိလစ်ပိုင်ကြီး အက်စတီမိတ်တာ နေသန်ဒီမေစစ်။ သူက စင်္ကာပူမှာလည်း နေခဲ့ဖူးတယ် ဒိုဘီဂါ့စ်ဘူတာကို သူတို့ဆောက်ခဲ့တာဆိုပဲ။ နေသန်မှာ ဟိုင်းစကူးတက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ စင်္ကာပူအကြောင်း၊ ဖိလစ်ပိုင်အကြောင်း၊ မြန်မာအကြောင်းပြောပြီး ကိုယ်နဲ့လေပေး အတော်ဖြောင့်တဲ့သူ။ ကိုယ့်အလုပ်ကလည်း အက်စတီမိတ်တာတွေနဲ့ တိုင်ပင်ဆွေးနွေးရတော့ ခင်နေတာပေါ့။ ကိုယ့်ဘေးမှာထိုင်တာက စတယ်လာရုံးက တရုတ်လေးရစ်ကီချန် တခါတလေ ရထားအတူစီးဖြစ်ရင် ရုံးကလူတွေအကြောင်း အတင်းတွေချတယ်။ ရစ်ကီချန်မှာက လေးနှစ်နဲ့တစ်နှစ်အရွယ် သမီးနှစ်ယောက်ရှိတယ်။ အငယ်ကလေးမှာ အရေပြား Asthma ရှိတယ် တကိုယ်လုံးယားလို့ ကုတ်နေရတာတဲ့။

autoimmune disorder disease ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါတွေ၊ ဘတ်တီးရီးယားတွေကို တိုက်ရမဲ့အစား ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါ။ လူးပက်စ်လိုမျိုးပဲ ဘာကြောင့်ဖြစ်မှန်း မသိသလို ကုသမပျောက်ကင်းနိုင်ဘူး၊ ဆေးသောက်ပြီးထိန်းလို့ရတယ်။ ရစ်ကီပြောပြတော့မှ အရေပြားအက်စ်တမာဆိုတာ ကြားဖူးတော့တယ်။ လင်းမင်နဲ့ရစ်ကီက ကွင်းကောလိပ်ထွက်တွေ။ ရစ်ကီအရှေ့မှာ ထိုင်တာက အက်စတီမိတ်တာ ကိုရီးယားကြီး ကင်ယောင်ကီ။ ကိုယ်က ကိုယ်သိတဲ့ ကိုရီးယားစကားတွေနဲ့ နှုတ်ဆက်တော့ ကိုရီယားစကား သင်ဖူးလားလို့မေးတယ်။ ဟင့်အင်း ကိုရီးယားရုပ်ရှင်တွေကြည့်ပြီး ကိုရီးယားစကား နည်းနည်းတတ်တာလို့ပြောတော့ အံ့တွေသြလို့။ ကိုယ်နဲ့ ကိုရီးယားရုပ်ရှင်၊ အစားအစာ၊ အိုပါးဂန်းဏန်းစတိုင် အကြောင်းပြောပြီး လေပေးဖြောင့်လေ့ရှိတယ်။ ဆိုးလ်မှာ ဂန်းနန်းရပ်ကွက်ဆိုတာ တကယ်ရှိသတဲ့။ ရှန်ဟိုင်းသား တရုတ်ကြီးလင်းမင်က စတယ်လာရုံးမှာ ၆နှစ်လုပ်ပြီး ပီအေဝန်ထမ်းဖြစ်လာတဲ့သူ ။ အတော်လေး သဘောကောင်းပြီး ကူညီတတ်တယ်။ ပီအေရုံးမှာ အိုင်ဒီကဒ်ရဖို့၊ ကွန်ပျူတာရဖို့က အတော်စောင့်ရတယ်။ နောက်တော့ မန်နေဂျာဒီဒီရဲ့ဘေးက မီတင်းခုံဝိုင်းမှာ ကွန်ပျူတာထားပေးပြီး ကိုယ့်ကိုထိုင်ခိုင်းတယ်။ မန်နေဂျာဘေးနားမှာ ထိုင်ရတာဆိုတော့ အနေကျုံ့တယ်။ ဒီဒီကလည်း မန်နေဂျာဆိုတော့ အစည်းအဝေးတက်နေရတာ များတယ်။ ဒီဒီက မိဘတွေနဲ့ အတူနေပြီး သားတစ်ယောက်ရှိတယ် အင်ဂျင်နီယာမေဂျာ တက်နေတယ်။ ဒီဒီက ရုံးကို ၂ နာရီလောက် ရထားစီးပြီး ရုံးတက်တယ်။

ဒီဒီရှေ့မှာထိုင်တာက ပီအေမှာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ စတယ်လာရုံးက မြန်မာပြည်နဲ့ နယ်ချင်းဆက်နေတဲ့ ယူနန်သူ တရုတ်မယန်း။ စကားပြောရင် အားနဲ့မာန်နဲ့ပြောတတ် ငြင်းခုန်တတ်ပြီး စိတ်ရင်းကောင်းပြီး ကူညီတတ်တယ်။ ညနေ ၄ နာရီ မန်နေဂျာတွေ ပြန်သွားရင် ကိုယ်က ယန်းဆီသွားပြီး စကားတွေပြောတယ်။ ကိုယ်နဲ့သက်တူရွယ်တူ၊ ကိုယ်နဲ့ဘေးချင်းကပ်ထိုင်၊ ကိုယ်မသိတာတွေ မေးမြန်းတိုင်ပင်ရတဲ့သူ ပီအေမှာ ကိုယ်အခင်ဆုံး သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ရုံးဆင်းရင် နှစ်ဘူတာလောက် ရထားအတူစီးဖြစ်ပြီး ခင်လာတဲ့သူက အသားညိုညို၊ အရပ်ငါးပေ၊ ခန္ဓာကိုယ်သေးသေးကွေးကွေးပေမဲ့ အမြဲသွက်လက်နေတဲ့ အက်စတီမိတ်တာ ဖိလစ်ပိုင်သူ လူစီတာ။ တလောက ရုတ်တရက် ဆုံးသွားလို့ လူစီတာဆိုတဲ့ပို့စ်တောင် ရေးဖြစ်သေးတယ်။ အက်စတီမိတ်တာ ဖိလစ်ပိုင်ကြီး မိုက်ကယ်က ဖိလစ်ပိုင်နဲ့တူလို့တဲ့ ဖိလစ်ပိုင်လားလို့ မေးလာတယ်။ မက်ဂမ်ဒါ အုမ်မာဂမ် (ကောင်းသော နံနက်ခင်းပါ) လို့ သင်ပေပြီး မိုက်ကယ်နဲ့ကိုယ် ဖိလစ်ပိုင်လို နှုတ်ဆက်လေ့ရှိကြတယ်။ နောက်တော့ မိုက်ကယ် ပင်စင်ယူသွားတယ်။ အိန္ဒိယတောင်ပိုင်းသား အုန်ကာ၊ ရီနာတို့နဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်။ ရီနာက သက်သက်လွှတ်သမား၊ ယိုးဒယားမှာ ၁၆ နှစ်လောက် နေခဲ့တော့ ယိုးဒယားစကားတတ်တယ်။ သူ့သမီးက SAT စာမေးပွဲဖြေဖို့ လုပ်နေတယ်။ ပရောဂျက်ကို ရှင်းပြဖို့ မန်နေဂျာဒီဒီ အကူအညီတောင်းတာက အက်စ်စတီမိတ်တာ ထိုင်ဝမ်သား ခရစ်ယာန်ဘာသာဝင် ဝမ်ချန်။

သူ့အမျိုးသမီးနဲ့ ဘုရားကျောင်းမှာ တွေ့တာတဲ့ သားတစ်ယောက်ရှိတယ်။ ဝမ်က သဘောမနောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ်၊ သူနဲ့ဆို ကိုယ်တို့မှာ ပြောစရာတွေ မကုန်မခမ်းနိုင်အောင်ပဲ။ သူရဲ့ပထမဆုံးရုံးက ဝေါထရိတ်စင်တာ ၉ /၁၁ တုန်းက လူတွေ ဝေါထရိတ်စင်တာကနေ ခုန်ချတာကို မြင်ခဲ့ရတယ်။ အင်ဂျင်နီယာဋ္ဌာနရဲ့ အကြီးဆုံးဘော့စ်က အစည်းအဝေးရှိလို့ အပေါ်ဆုံးထပ်မှာ ရှိနေခဲ့တာ လေယာဉ်တိုက်ပြီးတော့ ပြန်မဆင်းလာနိုင်ခဲ့ဘူး။ သေဆုံးသွားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ခုထိပီအေရုံးမှာ ချိတ်ဆွဲထားတယ်။ ဝမ်က စားသောက်ဆိုင်တွေမှာ နေ့လည်စာသွားစားဖို့ ဦးဆောင်စီစဉ်လေ့ရှိတယ်။ နောက်တော့ ဟောင်ကောင်သား အက်စတီမိတ်တာ ဟင်နရီယုက အမ်တီအေမှာ ၇ နှစ်လုပ်ပြီး ပီအေကို ပြောင်းလာတယ်။ ဝမ်နဲ့ဟင်နရီက အဖွဲ့ကျတယ်။ နောက်အက်စတီမိတ်တာတွေကတော့ အိန္ဒိယတောင်ပိုင်းသားတွေဖြစ်တဲ့ ရမ်ဒီနဲ့ဗန်ကာတာရှ် ရမ်ဒီနဲ့ကိုယ်က သူ့ရဲ့ တစ်နှစ်အရွယ် သမီး၊ ဟိန္ဒူနတ်ဘုရားတွေ အကြောင်းပြောပြီး အဖွဲ့ကျတယ်။ အက်စတီမိတ်တာတွေရဲ့ဘော့စ်က Chief Estimator အရပ်ငါးပေ၊ လူကောင်သေးတဲ့ ရွန်မိုနာကို။ ရွန်က အတော်သဘောကောင်းတယ် စကားပြောတာလည်း ရှင်းလင်းတယ်။ ရွန်က ပရောဂျက်ကို ဒီလိုလုပ်ချင်တယ်၊ ဒီဒီက ဒီလိုလုပ်လို့ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။ တခြားဋ္ဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးကြတယ်။

အဲဒီရုံးမှာ ၆ လလောက်က ပရောဂျက်ကို လေ့လာရင်း၊ အစည်းအဝေးတွေတက်ရင်းနဲ့ လေ့လာသင်ယူရတယ်။ ကိုယ်က ပရိုဂရမ်းမင်း ကုတ်တင်း၊ စာရွက်စာတမ်းနိုင်ပေမဲ့ ကိုယ့်အားနည်းချက်က အစည်းအဝေးမှာ ပါဝင်ဆွေးနွေးတာ နည်းတယ်။ ကိုယ်လည်း ဒီရုံးရောက်မှ Meeting Summary Notes ရေးနည်း၊ Documents တွေရေးနည်း၊ မန်နေဂျာကို သတင်းပို့၊ တိုင်ပင်ဆွေးနွေးရတာ၊ အက်စတီမိတ်တာတွေက တောင်းဆိုတဲ့ဟာတွေကို မန်နေဂျာကို တင်ပြ၊ မန်နေဂျာက သဘောတူတော့မှ လုပ်ရမှယ်ဆိုတာ သိတော့တယ်။ တခါတုန်းက စီနီယာခဲတန် အက်စတီမိတ်တာတွေ ပြင်ခိုင်းသမျှပြင် ပြင်နေတာ ဒီဒီသိတော့ စိတ်ဆိုးလိုက်တာတဲ့။ ဒီဒီက ကိုယ့်ကို သဘောမကျဘူး ကိုယ် ဘာတွေလုပ်နေမှန်း သူမသိဘူး။ ကိုယ်ကလည်း ဒီဒီ့ကို သဘောမကျဘူး ကိုယ့်ကို ဘာမှမဆွေးနွေး၊ ညွှန်ကြားချက် မပေးလို့ တရုတ်မယန်းက ကိုယ်တို့နှစ်ယောက်ကြား ညှိနှိုင်းပေးတယ်။ နောက်တော့ ၁၁ ထပ်ကနေ ၁၇ ထပ်ကို ဒီဒီ၊ လင်းမင်း၊ ယန်း၊ ရုရှားကြီး ရူဒီ၊ ကိုယ်တို့ ပြောင်းရတယ်။ ရုရှားကြီးယူဒီက စတယ်လာမှာလုပ်တာ ၆ နှစ်လောက်ရှိပြီ ပီအေမှာလည်းကြာပြီ။ ၁၇ ထပ်ရောက်တော့မှ ကိုယ်လည်း ရူဒီနဲ့ခင်သွားတော့တယ်။ ရူဒီ မနက် ၇ နာရီရုံးတက်ပြီး ၄ နာရီရုံးဆင်းတယ်။ သူ့ရုရှားအသံထွက်ကို ကိုယ်တို့တွေ နားမလည်သလို သူကလည်း ကိုယ်တို့အေးရှန်းအသံထွက်ကို နားမလည်ဘူး။ တခါတလေ ဘော့စ်ရော့စာချိုကို သွားမေးပြီး ငြင်းခုန်တာကို ဆုံးဖြတ်ရတယ်။ ရူဒီမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီး ယောကျာ်းလေး ၃ ယောက်၊ မိန်းကလေး ၁ ယောက် ရှိတယ်။ သူနာပြုကောလိပ်တက်နေတဲ့ သမီးမိန်းကလေးကို အချစ်ဆုံးတဲ့။

ဆက်ပါဥ◌ီးမည်...
စန်းထွန်း
ဇွန် ၅၊ ၂၀၁၆။

01 June 2016

အိမ်လခတောင်းတဲ့ ဦးလေးကြီး ...

အိမ်ရှင်ဦးလေးကြီးက မနက် ၄ နာရီ အိပ်ယာက ထကတည်းက ဧည့်ခန်းထဲမှာ တီဗွီကြည့်တယ်။ ဧည့်ခန်းက ကိုယ့်အခန်းရှေ့ဆိုတော့ တခါတလေ ကြားရတယ်။ တခါတုန်းက ကိုယ့်ကို သမီးလေး အိမ်လခပေးပြီးပြီလားလို့ လာမေးလို့ ဒေါသထောင်းကနဲ ထွက်သွားတယ်။ မနေ့က ပေးပြီးပြီလို့ ပြောလိုက်တော့ စိတ်မရှိနဲ့နော် သမီးတွေ ပြောနေတာကြားလို့တဲ့။ ကိစ္စမရှိပါဘူးလို့ ပြောလိုက်ပေမဲ့ ဒေါသထွက်မိတာကတော့ အမှန်ပဲ။ (ကိုယ်ကလည်း အဲဒါလေး မေးတာလေးကို ဘာလို့ဒေါသထွက်မှန်းမသိ)။ မကြီးကို ပြောပြတော့ ဘာမှမဟုတ်တာလေးကို ဒေါသထွက်မနေနဲ့ မြန်မာလူကြီးတွေက အဲဒီလို ကိုယ်နဲ့မဆိုင်တာတွေ ဝင်,ဝင်ရှုပ်တတ်တယ်တဲ့။ အမေရိကန်မှာနေတဲ့ ငါးနှစ်အတွင်း ကိုယ်တခါမှ အိမ်မငှားဖူးဘူး။ အိမ်လခမှန်သမျှကို အိမ်ရှင်အစ်မတွေနဲ့ပဲ ပေးနေတာ တခါမှအဲဒီလို အိမ်လခပေးပြီးပြီလားလို့ အမေးမခံရဖူးဘူး။ အထူးသဖြင့် ယောကျ်ားတစ်ယောက်က မေးလာတာမျိုးပေါ့။ အရင်တုန်းကတော့ မနက်ရုံးသွားရင် ဧည့်ခန်းမှာထိုင်ပြီး တီဗွီကြည့်နေတဲ့ ဦးလေးကြီးကို သွားပြီဦးလေးရေလို့ နှုတ်ဆက်သေးတယ်။ ခုတော့ စိတ်ခုသွားလို့ နှုတ်ကိုမဆက်တော့ဘူး။ မီးဖိုချောင်မှာ ကိုယ်ပန်းကန်တွေ ဆေးကြောနေရင် အိမ်ရှင်ဦးလေးကြီးက ဝင်လာပြီး ထမင်းအိုးတည်တာတို့၊ ပန်းကန်ဆေးတာတို့၊ မိုက်ခရိုဝေ့စ် ဝင်နွှေးတာတို့လုပ်တယ်။

ဘာသဘောနဲ့မျှ မဟုတ်ပေမဲ့ ကိုယ်လုပ်နေတာကို ဝင်ရှုပ်တာမျိုး၊ ကိုယ်က စောင့်ရတာမျိုးကို စိတ်မရှည်တာ။ ကိုယ်က ဘယ်လောက်မှ ကြာတာလည်းမဟုတ် အိမ်ငှားမတင်ဖူးဘူးလား မသိဘူး။ ကိုယ်မကျေနပ်တာတွေကို  အသံကျယ်ကြီးနဲ့မကြီးကို ပြောပြနေတာကို ဧည့်ခန်းထဲကနေ (အိမ်ရှင်ဦးလေးကြီးက ညဖက်ဆိုရင် ဧည့်ခန်းထဲမှာအိပ်တယ်) ကြားတယ်နဲ့ တူပါရဲ့။ သူ ပန်းကန်ဆေးနေတုန်း ကိုယ် ဝင်လာရင် ကိုယ့်ကိုဦးစားပေးတော့တာပဲ။ ကိုယ်ကလည်း ရပါတယ်လို့ အားနာပါးနာလေးတောင် မပြောဘူး။ ရုံးမဆင်းခင် အိမ်သာဝင်ခဲ့ပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တာနဲ့ ရှုးပေါက်ချင်ပြီ။ အဲဒီအချိန်ဆို အိမ်ရှင်မိသားစုလေးယောက်က တန်းစီပြီး ရေချိုးခန်း ဝင်ကြတော့ ရေချိုးခန်းအိမ်သာ ဒုက္ခရောက်တယ်။ အိမ်ရှင်တွေနားတဲ့ တနင်္ဂနွေနေ့မျိုးဆို လူစုံတော့ ရေချိုးခန်းအိမ်သာကို ချောင်းနေရတယ်။ ကိုယ့်မွေးစားအစ်မနဲ့ ခင်လာတာ နှစ်နှစ်ကျော်ပြီ အသက်ဘယ်လောက်လဲ၊ ဘာလုပ်သလဲ၊ ဘယ်လောက်ရသလဲ၊ စီတီဇင်တွေလားလို့ ကိုယ်တခါမှ မမေးခဲ့ဘူး။ ကိုယ့်အသက်ကိုမေးပြီး အိမ်ထောင်မပြုသေးဘူးလား၊ လစာဘယ်လောက်ရသလဲ၊ ကိုယ့်မွေးစားအစ်မက ဘာလုပ်သလဲ၊ စီတီဇင်တွေလား၊ အဖေနဲ့ ဖုန်းပြောနေတာကိုကြားပြီး အဖေပါ နယူးယောက်ကို လာမှာလားလို့မေးတဲ့ သိပ်စပ်စုတတ်တဲ့ အန်တီကြီး၊ မဆိုင်တာတွေ ဝင်ရှုပ်တတ်တဲ့ အန်ကယ်ကြီး၊ ဒီအိမ်ရှင်လူကြီးတွေရဲ့ စရိုက်ကို မကြိုက်လို့ ရေရှည်နေဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်ကျန်းမာရေးကလည်း ကောင်းလာပြီ၊ မကြီးလည်း လာတော့မယ်ဆိုတော့ တိုက်ခန်းရှာနေတယ် မကြာခင် အိမ်ပြောင်းတော့မယ်။

စန်းထွန်း
ဇွန် ၁၊ ၂၀၁၆။

28 May 2016

စပ်စုတတ်သူများ ...

ရုံးတက်ရက်တွေဆို ကိုယ်အိမ်ပြန်ရောက်တဲ့အချိန် ည ၇ နာရီလောက်မှာ အိမ်ရှင်မိသားစုက ချက်ပြုတ်စားသောက်ပြီးနေပြီ။ ကိုယ်ကလည်း တခါတလေမှ ချက်ပြုတ်တတ်တော့ အိမ်ရှင်အန်တီကြီးနဲ့ မဆုံဖြစ်ဘူး။ ကြသပတေးနေ့ဆို ဟင်းချက်ရောင်းတဲ့ မြန်မာဆိုင်ကနေ ဟင်းနှစ်ပွဲမှာ တနင်္ဂနွေနေ့ နေ့လည်ဆို သွားယူ။ တနင်္ဂနွေနေ့ နေ့လည်မှာ ဟင်းချက်ဖို့ မပျင်းရင် ကိုယ်စားချင်တဲ့ အသီးအရွက်တွေကို ချက်ပြုတ်တဲ့အခါ အိမ်ရှင်အန်တီကြီးနဲ့ဆုံတယ်။ အသက်ဘယ်လောက်ရှိပြီလဲ ၃၃နှစ် အိမ်ထောင်မပြုသေးဘူးလား နေမှမကောင်းတာ (အမှန်က ရည်းစားမှ မရှိတာ) ဘယ်လိုလုပ် အိမ်ထောင်ပြုမလဲ။ အစ်မလုပ်တဲ့ဆူရှီဆိုင်က ကောင်မလေးဆို ၁၈ နှစ်နဲ့ အိမ်ထောင်ကျတာ ခုဆိုကလေးနှစ်ယောက်နဲ့။ (ဟင် ... ၁၈ နှစ်နဲ့ အိမ်ထောင်ပြုတယ်ဆိုတော့ တက္ကသိုလ်မတက်ဘူးနဲ့တူတယ်) ။ ကိုယ်တို့အိမ်မှာတော့ ဘွဲ့ရပြီးမှ  ၂၈ လောက်မှ အိမ်ထောင်ပြုတယ်။ သူငယ်ချင်းမရှိဘူးလား သူငယ်ချင်းတွေက မေရီလန်းမှာ မြန်မာသူငယ်ချင်း မရှိဘူး။ (ရည်းစားရှိလားလို့ မေးချင်တာ မကောင်းတတ်လို့ ဖြစ်ရမယ်)။ ကိုယ့်ဇာတိ၊ ကိုယ့်မိဘ၊ မောင်နှမတွေအကြောင်းတော့ ကိုယ်ပြောပြပါတယ်။ ကိုယ့်မွေးစားအစ်မက ဘာလုပ်လဲ၊ စီတီဇင်လား မေးလာတာကတော့ တော်တော်စပ်စုတာပဲ ကိုယ်သိပ်မသိဘူးလို့ ပြောလိုက်တယ်။ စိတ်ပေါက်ပေါက်နဲ့ ကိုယ်တို့ကျောင်းမှာ ပထမဆုံး သင်ရတဲ့ အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာအကြောင်း ပြောပြလိုက်တယ်။

အမေရိကန်တွေကို အသက်၊ အိမ်ထောင်ရှိလား၊ လစာဘယ်လောက်လဲလို့မေးတာ အရမ်းရိုင်းတယ်တဲ့။ သြော် ဟုတ်လား မြန်မာတွေကတော့ တွေ့တာနဲ့ အသက်၊ အိမ်ထောင်ရှိမရှိ၊ အလုပ်အကိုင်၊ လစာဘယ်လောက်လဲလို့ တန်းမေးကြတာပဲ။ မကြီးကို ပြောပြတော့ မသိဘူးလို့ ဖြေလိုက်တာမဟုတ်ဘူး အဲဒီလိုပြောတာကာမှ ရိုင်းတာတဲ့။ အိမ်ရှင်အန်တီကြီးက ကိုယ့်ကို စားစရာတွေ ပေးတယ်၊ အားမနာတတ်တဲ့ ကိုယ်ကလည်း စားချင်တာဆို ယူလေ့ရှိပြီး မစားချင်တာဆို အတင်းငြင်းတယ်။ သဘောမနောကောင်းတယ်၊ ကူညီတတ်တယ် ဆိုပေမဲ့ စပ်စုတာကို ကိုယ်မကြိုက်တာ။ ဂျပန်အိမ်မှာ နှစ်နှစ်ကျော်နေခဲ့တာ ဘယ်အလုပ်လုပ်လဲ၊ ဘယ်မှာလုပ်လဲ၊ လစာဘယ်လောက်ရသလဲလို့ သူတို့ကလည်း မမေးသလို ကိုယ်ကလည်း မမေးခဲ့ဘူး။ ဟိုင်း ဟောင်းအာယူ၊ လိုအပ်တာပဲပြောတယ်။ လစာမေးတာ ရိုင်းတာလို့ ပြောထားရက်သားနဲ့ လစာဘယ်လောက်ရလဲလို့ မေးလာတယ်။ ကိုယ်က ပြောလိုက်တယ် ပြောလို့မဖြစ်ဘူးလို့။ အစ်မတို့က မနာလိုမဖြစ်ပါဘူးတဲ့ သူ့အသိတစ်ယောက်ဆို တစ်နှစ်စာ ဘယ်နှစ်သောင်းရတာတဲ့။ အဲဒီလစာက တော်တော်များနေပြီ ကိုယ့်လစာ အဲဒီထက်များတယ်လို့။ ကိုယ် နယူးယောက်က အလုပ်အော်ဖာရတော့ နယူးယောက်မှာ အလုပ်လုပ်နေပြီဖြစ်တဲ့ ကိုယ့်ကျောင်းကစီနီယာကို လစာမေးဖူးတယ်။ ဒါကလည်း အလုပ်အော်ဖာက ကမ်းလှမ်းလာတဲ့လစာနဲ့ နယူးယောက်ကလစာ ချိန်ကြည့်ချင်လို့။

ကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့သူတွေက လစာမေးလာရင် ကိုယ်လိုလိုလားလား ပြောပြတယ်။ ကိုယ်နဲ့လည်းမခင် သိပ်စပ်စုတဲ့သူတွေ လစာမေးလာတာကို ကိုယ်မဖြေချင်ဆုံးဘဲ။ ကံကောင်းထောက်မလို့ ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ်ကလစာအများဆုံးရပေမဲ့ ကိုယ့်ထက်လစာများတဲ့သူတွေ တပုံကြီး။ ကိုယ့်ပတ်ဝန်းကျင်မှာ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်မဟုတ်ဘဲ လုပ်အားနဲ့လုပ်တဲ့သူတွေဆိုတော့ ဝင်ငွေနည်းတဲ့သူတွေလည်း အများကြီး။ အဖေက ကိုယ့်လစာကို သိပ်ကြွားချင်တာ လစာများတော့ အခွန်များများဆောင်ရတယ် အမြီးဖြတ်ခေါင်းဖြတ်နဲ့ ဘာမှကျန်တာမဟုတ်ဘူး။ အမေ့မောင် မင်းချေမိန်းမ ဒေါ်လေးကပြောတယ်တဲ့ ဒီလောက်လစာအများကြီးရတာ ထားစရာရှိတော့မှ မဟုတ်ဘူးတဲ့။ လစာများတယ်သာဆိုတာ ကိုယ်လား ကွန်ဒိုတိုက်ခန်းလည်း မဝယ်နိုင်၊ လုံးခြင်းအိမ်လည်း မဝယ်နိုင်သေးဘူ။ ကိုယ့်အိမ်ရှင်အန်တီကြီးက ကိုယ့်အသက် ဘယ်လောက်ရှိပြီလဲ၊ အိမ်ထောင်မပြုသေးဘူးလား၊ ကိုယ့်မွေးစားအစ်မအကြောင်း၊ ကိုယ့်လစာဘယ်လောက်ရလဲလို့မေးတယ်လို့ ဝိုင်းကိုပြောပြတော့ ဝိုင်းက နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး နင့်အပူ တပြားမှမပါဘူး None of your business လို့ပြောလိုက်။ အသက်၊ လစာမေးတာ ရိုင်းတယ်လို့ အိမ်ရှင်အန်တီကြီးကို သွားပြောတာ ငါ့အစ်မက ငါ့ကို ရိုင်းတယ်တဲ့။ ဝိုင်းက ရိုင်းသင့်တယ်ထင်လို့ ရိုင်းတာလို့ပြောလိုက်တဲ့။

ဝိုင်းတို့ယူအန်ရုံးမှာ ဗီယက်နမ်တွေဆုံပြီး နေ့လည်စာစားကြတော့ အန်တီကြီးတစ်ယောက်က သက်လတ်ပိုင်းအရွယ် ကောင်မလေးတစ်ယောက်ကို လက်ညှိုးထိုးပြပြီး သူ့မှာကလေးနှစ်ယောက်နဲ့တဲ့။ ဆိုလိုချင်တာက အဲဒီကောင်မလေးက ဝိုင်းနဲ့သက်တူရွယ်တူ သူ့မှာ ကလေးနှစ်ယောက် ရနေပြီ ဝိုင်းက ဘာလုပ်နေတာလဲ‌ပေါ့။ ဝိုင်းတို့လို ဗီယက်နမ်မြောက်ပိုင်းသားတွေက စစ်ရှုံးတဲ့တောင်ပိုင်းသားတွေကို အထင်သေးတယ်။ တောင်ပိုင်းသားတွေကလည်း ဒင်းတို့ကြောင့် ငါတို့တိုင်းပြည်ကို စွန့်ပြေးရတာဆိုပြီး မြောက်ပိုင်းသားတွေကို မုန်းတယ်။ ရည်းစားမထားသေးဘူးလား၊ အိမ်ထောင်မပြုသေးဘူးလား၊ လစာဘယ်လောက်ရလဲ၊ ကလေးမယူသေးဘူးလား၊ နောက်ထပ်ကလေး ထပ်မယူဘူးလား၊ ကိုယ်နဲ့လည်းမဆိုင် နေရာတကာ သိပ်စပ်စုတဲ့ မေးခွန်းတွေမေးတဲ့သူတွေကို သိပ်အမြင်ကပ်တာပဲ။

စန်းထွန်း
မေ ၂၈၊ ၂၀၁၆။

25 May 2016

ရထားအတူတူ စီးကြသူများ ...

ကိုယ့်အိမ်ကနေ မနက် ၇ နာရီခွဲထွက် နှစ်ဘူတာအဝေးမှာ အမြန်ရထားပြောင်းစီး။ ၂၅ မိနစ်လောက် စီးပြီးရင် 34th Herald Station မှာ နယူးဂျာစီပြည်နယ် Journal Square ကိုသွားမဲ့ PATH ရထားပြောင်းစီး။ မနက် ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ်ဆို ဂျာနယ်စကွဲကိုသွားမဲ့ PATH  ရထားရဲ့ နောက်ဆုံးကနေရေရင် သုံးတွဲမြောက် ပထမဆုံး တံခါးပေါက်မှာ ကိုယ်ရပ်စောင့်နေလေ့ရှိတယ်။ Newport ဘူတာရောက်တဲ့အခါ ဆင်းပြီး Newark ကနေ World Trade Center ကိုသွားမဲ့ ရထားကိုပြောင်းစီး။ Newport ကနေ တဘူတာအဝေး ဝေါထရိတ်စင်တာ တဖက်ကမ်း Exchange Place ဘူတာက ကိုယ့်ကလိုင်းရင့်ရုံး ရှိတဲ့နေရာ။ တခြားအမြန်ရထားစီး ဝေါထရိတ်စင်တာမှာဆင်း ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဝေါထရိတ်စင်တာ WTC ကနေ နယူးဂျာဆီ Newark ကိုသွားတဲ့ ရထားစီးရင် တဘူတာပဲ စီးရတယ်။ ဝေါထရိတ်စင်တာဆိုတာကလည်း တိုးရစ်တွေ၊ လစ်ဘာတီ အစိမ်းရောင်ကြီး သရဖူကြီးဆောင်း၊ အစိမ်းရောင် အင်္ကီျဝတ်ပြီး လစ်ဘာတီခရူလက်မှတ် ရောင်းတဲ့သူတွေ၊ ရုံးတက်ရုံးဆင်းသူတွေနဲ့ အမြဲတင်းကြမ်းပြည့်နေတဲ့ နေရာဆိုတော့ တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ ဘာလို့ ရထားရဲ့ သုံးတွဲမြောက် ပထမဆုံးတံခါးပေါက်ကို ရွေးရတာလဲဆိုတော့ အဲဒီနေရာက ဓာတ်လှေကားကို သွားမဲ့လမ်းကို တည့်တည့်ကြီး ရောက်နေလို့ပါပဲ။

စက်လှေကားက အမြင့်ကြီးစီးရပြီး ရုံးနဲ့လည်း နည်းနည်းလေး ပိုဝေးသွားလို့ ဓာတ်လှေကားပဲ စီးလေ့ရှိတယ်။ အဲဒီရုံးမှာ အလုပ်ဆင်းတာ ၆ လလောက်ရှိပြီဆိုတော့ ကိုယ်နဲ့ရထား အတူတူစီးတဲ့သူတွေကို မျက်မှန်းတန်းမိနေပြီ။ ပခုံးကျော်တဲ့အထိရှည်တဲ့ ဆံပင်ဖွာလန်ကျဲကို နောက်မှာစုစည်းထားပြီး ငှက်လိုမျက်နှာ စုတ်ချွှန်းချွှန်း၊ မျက်မှန်တပ်ပြီး သားရေဘေးလွယ်အိတ် ကြီးကြီးလွယ်ထားတဲ့ လူလတ်ပိုင်းအရွယ် ဥရောပသားလို့ ထင်ရတဲ့လူတစ်ယောက်။ မနှစ်က ဟန့်ရဲ့ meet up အဖွဲ့နဲ့ စတေတန်အိုင်လန်မှာရှိတဲ့ ပထမဆုံး အမျိုးသမီး ဖိုတိုဂရပ်ဖာရဲ့အိမ်ပြတိုက်၊ ခံတပ်ကို သွားလည်တုန်းက လမ်းလျှောက်အဖွဲ့သားတွေ နာမည်၊ အလုပ်အကိုင်ပြောပြီး မိတ်ဆက်ကြတော့ အလုပ်အကိုင်က သိပ္ဗံပညာရှင်ဆိုလို့ မှတ်မိနေတာ နာမည်တော့ မမှတ်မိဘူး။ တွေ့တွေ့ချင်း အံ့သြသွားတယ် ပြီးတော့ မေးကြည့်ချင်တာ ဟန့်အဖွဲ့နဲ့စတေတန်အိုင်လန်ကို သွားဖူးလား၊ သိပ္ဗွံပညာရှင်လားလို့။ မှန်တယ်ဆိုရင် မှတ်ညဏ်ကောင်းတဲ့ ငါကွဆိုပြီး လက်ခမောင်းခတ်ဦးမယ်။ ဟိုင်း ဟောင်းအာယူလို့ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ ဒီတိုင်းပြည်ကိုရောက်တာ ငါးနှစ်လောက်ရှိနေပေမဲ့ ရောမရောက်ရင် ရောမလို မကျင့်နိုင်သေးတဲ့ကိုယ်က သိတဲ့သူဆို နှုတ်ဆက်ဖို့ ဝန်မလေးသလောက် မသိတဲ့သူကို ကိုယ်ကစပြီး နှုတ်ဆက်ရမှာ ဝန်လေးနေဆဲ။ အဲဒီသိပ္ဗံရှင်လို့ ကိုယ်ထင်နေတဲ့သူနဲ့ တခါတလေ ဘေးချင်ထိုင်ဖြစ်ပေမဲ့ သူကလည်း ကိုယ့်ကိုမကြည့် ကိုယ်ကလည်း သူ့ကိုမကြည့်။ သူကလည်း သူ့ဖုန်းနဲ့ အလုပ်များသလို ကိုယ်ကလည်း ကင်ဒယ်ထဲ ခေါင်းစိုက်နေလေရဲ့။

အသက်ငါးဆယ်နီးပါးလို့ ခန့်မှန်းထားတဲ့  ပွယောင်းယောင်း ဆံနွယ်ခွေခွေက ပခုံးအောက်နားကျကျ စာကြည့်မျက်မှန်တပ်ပြီး ဘေးလွယ်အိတ်လွယ်၊ အားကစားဖိနပ်စီး၊ ရုံးဝတ်စုံဝတ်ပြီး ကင်ဒယ်ဖတ်နေတတ်တဲ့ တရုတ်လူမျိုးလို့ ထင်ရတဲ့အန်တီကြီး။ မျက်နှာကို ဘာမှလိမ်းခြယ်ထားပုံ မရပေမဲ့ အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီကိုတော့ ခပ်ပါးပါးလေး ဆိုးလေ့ရှိတယ်။ တခါတလေ စကပ်အတိုဝတ်ထားရင် ခြေသလုံးတုတ်တုတ်ခဲခဲတွေကို မြင်ရလေ့ရှိတယ်။ ဆံပင်တိုကပ်ကပ်၊ နေလောင်ထားတဲ့ အသားအရေ၊ suit အပြည့်ဝတ်၊ ကျောပိုးအိတ်ကြီးလွယ်၊ တခါတလေမှာ GIANTS ဆိုတဲ့ အပြာရောင်တောက်တောက် မိုးကာအင်္ကီျဝတ်တဲ့ တင်းမာသုန်မှုန်တဲ့ မျက်နှာထားရှိတဲ့ အသက်ငါးဆယ်ကျော်လာက် ရှိပုံရတဲ့ အန်ကယ်ကြီး။ သူ့ရဲ့ကိုယ်အမူအယာ၊ လေသံကိုကြည့်ပြီး ဂျပန်လူမျိုးဖြစ်မယ်လို့ ခန့်မှန်းရတယ်။ အဲဒီအန်ကယ်ကြီးက လှေကားနှစ်ထပ်ကို ကျော်ပြီးတက်လေ့ရှိတယ်။ ခေါင်းမှာ အမည်းရောင် သံပုရာခွံဆောင်း၊ ဒူးလောက်အထိရှည်တဲ့ ကုတ်အင်္ကီျအနက်ကြီးဝတ်၊ ကျောပိုးအိတ်ကြီးလွယ်၊ တကိုယ်လုံး လှုပ်ယမ်းနေတတ်တဲ့ အသက်ငါးဆယ်နဲ့ ခြောက်ဆယ်ကြားလောက်ရှိမဲ့ ဆံပင်ဖြူတွေကြားထဲ အနက်ရောင်တွေ ရောစွက်နေတဲ့ ဂျူးအဘိုးကြီး။ ဒေါင်းဂျက်ကပ်ပါးပါး နက်ပြာရောင်ဂျက်ကပ် အမြဲလိုလိုဝတ်တတ်တဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် နေလောင်ထားတဲ့ အသားအရေ၊ ပိန်သွယ်တဲ့မျက်နှာ၊ နှာခေါင်းဘေးကနေ မေးစေ့အထိ သိသိထင်ရှားလွန်းတဲ့ ပါးပြင်အရေးအကြောင်းနဲ့ ဂျပန်လူမျိုးလို့ ယူဆရတဲ့ အသက်လေးဆယ်ကျော် အစ်ကိုကြီးတစ်ယောက်။ အရပ်ငါးပေးဆယ်လက်မအထက် ပိန်ပိန်ပါးပါး မျက်နှာတပ်ထားတဲ့ ကင်းဗတ်ဖိနပ်စီးပြီး ထိုင်ခုံနေရာရှိပေမဲ့ ဘယ်တော့မှမထိုင် အမြဲမတ်တပ်ရပ်ပြီး စာအုပ်အမြဲဖတ်လေ့ရှိတဲ့ အသက်သုံးဆယ်ကျော်လား လေးဆယ်ကျော်လား မှန်းဆလို့မရတဲ့ အိန္ဒိယလူမျိုးလို့ ယူဆရတဲ့သူတစ်ယောက်။

သူတို့ကို တစုတစည်းတည်း တွေ့ရတယ်ဆိုတာမျိုးက အင်မတန်ရှားတယ်။ တခါတလေ ကိုယ်ကစောရောက်လိုက်၊ နောက်ကျလိုက်ဆိုတော့ ရထားအတူတူ စီးကြသူ တစ်ယောက်မဟုတ် တစ်ယောက်ကိုတော့ တွေ့မိတယ်။ ဒါပေမဲ့ ကိုယ်တို့တွေ ဘယ်တော့မှ နှုတ်မဆက်ကြသလို မျက်မှန်းလည်း မတန်းမိကြဘူး။ ကိုယ့်ဘာသာ သိနေကြတယ် ဆိုပါတော့။ ခုတလော သူတို့အားလုံးကို မတွေ့ရတော့ ခွင့်ယူပြီး ခရီးတွေ သွားနေကြတာလား၊ အလုပ်ပြောင်းသွားတာလား၊ အငြိမ်းစားယူသွားပြီလားလို့ တွေးနေမိတယ်။ သူတို့နဲ့ကိုယ်ဟာ ဘယ်တော့မှ ပြုံးပြမနှုတ်ဆက်၊ နှုတ်ဆက်စကားလည်းမဆို၊ မျက်ဝန်းကြည့်လည်း မဆုံ၊ စိတ်ထဲကနေ သိနေကြတဲ့ ရထားအတူတူ စီးကြသူများသာ ဖြစ်သည်။

စန်းထွန်း
မေ ၂၅၊ ၂၀၁၆။

21 May 2016

ငြိမ်းအေးခြင်း ...



ဆေးခန်းပြဖို့ ချိန်းထားသည့်အချိန်က မနက် ၉  နာရီ။ အိမ်ကနေ ၄၅ မိနစ်သာသာ ဝေးသောခရီးမို့ မနက် ၈ နာရီလောက်မှထွက်လျှင် ရသော်လည်း ဘာမှလုပ်စရာ မရှိတော့သည်နှင့် ပုံမှန်အိမ်မှထွက်ချိန် မနက် ၇ နာရီခွဲလောက်တွင် မြို့ထဲသို့ ထွက်လာခဲ့သည်။ ခန့်မှန်းသည့်အတိုင်း ဆေးခန်းသို့ရောက်သောအခါ ဆေးခန်းက မဖွင့်သေး။ လက်မှနာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီခွဲတိတိ စောင့်ဆိုင်းရမည့် နာရီဝက်ကို ဘာလိုကုန်ဆုံးရမလဲလို့ စဉ်းစားကြည့်လိုက်သောအခါ လမ်းထိပ်က စတားဘာ့ခ်ကော်ဖီဆိုင်ကို ပြေးမြင်သည်။ အမြဲစည်ကား ဆူညံနေတတ်သော စတားဘာ့ခ်ကော်ဖီဆိုင်တွင် အေးအေးလူလူ စာထိုင်ဖတ်ဖို့၊ ကံကောင်းထောက်မ၍ လမ်းဘေးနားက ထိုင်ခုံ ရခဲ့လျှင် ဖြတ်သွားဖြတ်လာများကို ငေးကြည့်ရင်း အချိန်ဖြုန်းလို့ ရသော်လည်း ထိုင်ခုံရဖို့ဆိုသည်မှာ မသေချာပါ။ လမ်းတဖက်ခြမ်းကို ကြည့်လိုက်တော့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း တံခါးပိတ်ထားမလား ဖွင့်ထားမလား။ ဘုရားကျောင်းကန်ဆိုသည်မှာ အမြဲတံခါးဖွင့်ထားပေလိမ့်မည်ဟု ထင်ပါသည်။ လူတစ်ယောက်ဝင်သွားသည်ကို တွေ့လိုက်သည် ဒါဆို တံခါးဖွင့်ထားသည်နှင့်တူသည်။ တံခါးမဖွင့်ထားလျှင် လမ်းတပတ်လျှောက်မည် တံခါးဖွင့်ထားလျှင် ဘုရားကျောင်းကို ပတ်ကြည့်နေမည်။ တံခါးဖွင့်လိုက်သောအခါ ရောင်စုံမှန်ချပ်များဖြင့် ပုံဖော်ထားသောဘုရားရှိခိုးကျောင်း ပြတင်းပေါက်မှ ဖြာကျနေသော အလင်းတန်းကြောင့် ခန်းမတခုလုံး လင်းထိန်နေသည်။ မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးဆိုင်းများက တင့်တယ်လှသည်။ အဝင်တံခါးမဘေး လက်ဝဲဘက်ခြမ်းတွင် အမှတ်တရပစ္စည်း အရောင်းဆိုင်ရှိသည်။ လက်ယာဖက်ခြမ်းတွင် ဆီမီးပူဇော်ဖို့ ဖရောင်းတိုင်ခွက်များရှိသည်။ ဝတ်ပြုသူများက ဆီမီးပူဇော်ထားသည်မို့ ဆီမီးခွက်တော်တော်များများ ထိန်လင်းနေသည်။

အလယ်ခေါင်တွင် ရေထည့်ထားသည့် မုခ်ခွက်ကြီးရှိပြီး ရေတံလျောက်မှတဆင့် အောက်ဖက်သို့ တသွင်သွင် စီးဆင်းနေသည်။ ဝတ်ပြုသူများထိုင်သည့် သစ်သားထိုင်ခုံတန်းလျား ဘေးတဖက်တချက်ရှိ ပန်းချီကားများ၊ ရုပ်တုများ၊ သူတော်စင်များရှေ့တွင် ဒူးထောက်ဝတ်ပြုဖို့ နေရာရှိသည်။ ရှေ့ဆုံးထိုင်ခုံတွင် ဝတ်ပြုသူများ ရှိသလို အလယ်အစွန်ဖက် အကျဆုံးထိုင်ခုံတွင် ဆံပင်ရှည်များ မျက်နှာကိုဖုံးကာ ထိုင်လျက်ဝတ်ပြုနေသည်လား၊ အိပ်ပျော်နေသည်လား ခွဲခြားမသိနိုင်သော မိန်းကလေးနှစ်ယောက်တွေ့သည်။ နောက်ဖက်အကျဆုံး ထိုင်ခုံတွင်ထိုင်ပြီး လက်နှစ်ဖက်ကိုယှက်ကာ မျက်စိမှိတ်လိုက်သည်။ ထိုအခါ စမ်းရေစီးသံကို ကြားရသည် စောစောက တွေ့ခဲ့သော ရေမုခ်ခွက်မှ ဖြစ်ပါလိမ့်မည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားရသည်။ နှာသီးဝမှတဆင့် တိုးဝင်လာသောလေ၊ ထွက်ခွာသွားသောလေကို ခံစားမိသည်။ ခရစ်တော်ရှေ့ ဝိပသနာမှတ်နေသည့် ကိုယ့်အဖြစ်ကို ရယ်ချင်မိသွားသည်။ အိုး ဘယ်သူသိတာမှတ်လို့။ ဆိတ်ငြိမ်အေးခြမ်းခြင်းကြောင့် စိတ်ရောကိုယ်ပါ အနားရသောအခါ အိပ်ချင်လာသည်။ အိပ်ပျော်သွားလို့ မဖြစ်ပါဘူးလေ။ မျက်စိဖွင့်လိုက်ပြီး ဘေးဘီကိုကြည့်လိုက်သောအခါ ကိုယ့်လိုငြိမ်ငြိမ်သက်သက် ထိုင်နေသူ၊ လမ်းလျှောက်ကြည့်နေသူ အချို့ကို တွေ့ရသည်။ ကိုယ့်လို အချိန်ဖြုန်းချင်လို့ လာတာလား၊ ဆုတောင်းစရာရှိလို့ လာတာလား၊ ဘုရားကျောင်းကန် သွားဦးမှဟု တမင်သက်သက် အချိန်ပေးပြီး လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား၊ လမ်းမကြုံကြုံအောင် ဝင်လာတာလား။ ဘုရားကျောင်းကန်ဆိုသည်မှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ လာရောက်လာသူမှန်သမျှကို ဆိတ်ငြိမ်အေးချမ်းခြင်း ခံစားရစေသည်။ နာရီကြည့်လိုက်တော့ ၉  နာရီတီးရန် ငါးမိနစ်အလို ဆေးခန်းသွားသင့်ပြီ။ ဘုရားကျောင်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ၆၀ ဒီဂရီ ဖာရင်အိုက်အပူချိန်ကြောင့် အိုက်စပ်စပ်၊ တဝီဝီ မြည်နေသော ကားသံ၊ ပျားပန်းခပ်မျှ များပြားလှသော လူအုပ်ကြီးကို တွေ့လိုက်ရသောအခါ ပူလောင်ခြင်းကို ခံစားရသည်။ သြော် အပူတောထဲ ဝင်ရပြန်ဦးမည်။

စန်းထွန်း
မေ ၂၁၊ ၂၀၁၆။